အကျပ်အတည်းကြားမှာ တတ်နိုင်သရွေ့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားကြရမယ်လို့ ထင်ပါတယ်။ လူတွေ ကြည့်ရတာ စိတ်တွေ ကစဉ်ကလျားဖြစ်နေတာ သိပ် သိသာလွန်းနေတယ်။ လူတွေဟာ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ကိုယ်ပြောတဲ့အရာတွေ မညီမညွတ်ဖြစ်နေရုံတင်မကဘူး၊ သိပ်မကြာခင်က ပြုမူပြောဆိုလိုက်တဲ့ အရာနဲ့ အခုပြောနေ လုပ်နေတဲ့အရာဟာ ဖီလာဆန့်ကျင်ဘက်လို ဖြစ်နေတာတွေ့ရတယ်။ ရှေ့နောက် မညီဘူး။ လူဟာ အမြဲတမ်းလိုလိုတော့ ရှေ့နောက် ဘယ်ညီနိုင်မပါ့မလဲ။ သို့သော်လည်း ဒါက ကိုယ့်ကိုယ်ကို ဖြေတွေးနဲ့ ဖော့တွေးတာဖြစ်တယ်။ ကျနော်တို့တွေ ကိုယ်၌က သိပ်ပေါ့လျော့နေတဲ့သူတွေဖြစ်နေလား မသိ။ 

လူအတော်များများကို ကြည့်လိုက်ရင် ဝမ်းနည်းပူဆွေးနေမယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာကြည့်ရင်လည်း မြူးတူးပျော်ပါးတွေနေတာကို တွေ့နေရတာပဲ။ လူတွေဟာ ဒီလိုပဲ ဒွန်တွဲဖြစ်နေကြသလားလို့ မေးခွန်းထုတ်မိ တယ်။ ဟုတ်တယ်။ လူတွေရဲ့ သဘောကိုယ်၌က ဒီလိုပဲ။ 

တခါတရံလည်း ကြည့်ရင်း သိရင်း သံဝေဂ ရမိပါရဲ့….။ 

လူတွေဟာ ဖြစ်ပျက်ပြောင်းလဲတာ မြန်လိုက်တာနော်…. လို့ စိတ်ထဲ တိုးတိုးလေး ရေရွတ်မိတယ်။ 

လူတွေရဲ့ အတွေးတွေက ဒေါင်ချာဆိုင်းနေတယ် ထင်ပါ့။ 

ဘယ်လိုအရာတွေကို သူတို့ ကြုံတွေ့နေရတယ်၊ ဘယ်လိုအရာတွေကို သူတို့ ခံစားမိတယ်၊ ဘယ်လိုအရာတွေကို သူတို့ ခါးသီးတယ်ဆိုတာတွေကို မေ့မေ့ပျောက်ပျောက် ဖြစ်လွယ်လိုက်တာ။ တစ်ဖက်ကကြည့်ရင် မေ့မေ့ ပျောက်ပျောက်ဖြစ်သလိုနဲ့ တစ်ဖက်မှာကြည့်ပြန်ရင်လည်း ခံစားလွယ်၊ စာနာလွယ်၊ သနားလွယ်၊ ပူဆွေးလွယ်၊ ဝမ်းနည်းလွယ်၊ မုန်းတီးလွယ်လိုက်တာလို့လည်း တွေ့နေရပြန်တယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းတွင်းမှာ ဖြစ်နေ တဲ့ social pattern တွေလို့ပဲ မှတ်ယူလိုက်ရမလား။ 

ဒီအတိုင်းထားလိုက်ရင်တော့ ဒါတွေက ပြီးသွားမယ် ထင်ပါတယ်။ သဘာဝအတိုင်း လူတွေဟာ သူတို့ စိတ်လိုလက်ရရှိတာတွေကို ပြုမူပြောဆိုတွေးခေါ်တာတွေလို့ သတ်မှတ်လိုက်ရုံပေါ့။ မထူးပါဘူး။ သို့သော်…. ဒါတွေကို တွေ့နေ မြင်နေရတဲ့ ကျနော့်အတွက်တော့ တခါတရံ အတော်ရှော့ရတယ်။ စစ်ကို မကြုံဖူးတာလား၊ ပဋိပက္ခတောထဲ ဒင်းကြမ်းမဖြတ်သန်းခဲ့ဖူးလို့လား မသိ။ လူတွေရဲ့ အပြုအမူတွေဟာ ဒီ့နောက်ပိုင်း အတော် ထူးဆန်းလာတယ်။ 

အားလုံးကို ယေဘုယျခြုံကြည့်ရင် ပြထားတာတွေနဲ့ မြင်ရတာတွေက တခြားစီလို ဖြစ်နေတယ်။ တချို့က ပျော်နေတယ် ထင်ရပေမယ့် တကယ်တော့ သူတို့ အဆင်ပြေမနေကြဘူး။ တချို့ကိုတော့ အဆင်ပြေနေတယ်လို့ ထင်ရပေမယ့် တကယ်တော့ သူတို့ ဒုက္ခတွေ့နေကြတယ်။ တချို့လည်း ဘဝကြီးပျက်လုမတက် ငိုကြီးချက်မ ဖြစ်လို့….။ တချို့လည်း သုတ်ပိုး မထိန်းနိုင်လို့ ရွတတ ဖြစ်နေတာတွေလည်း တွေ့လို့ ကြုံလို့။ 

ဘယ်လိုလောကကြီးပါလိမ့်လို့ တွေးရင်း၊ တစ်စုံတစ်ခုကို ကျနော် အဖြေရှာနေမိတယ်။ “ပုထုဇ္ဇနော၊ ဥမ္မတ္တကော” လို့ ခဏ ခဏ ကြားဖူးနေတယ်။ ဒါပေမယ့် လောကကြီးမှာ အားလုံးဟာ တစ်မျိုးစီ ရူးနေကြတယ်ဆိုတာကို သိပ်လက်မခံချင်ဘူး။ အခု ပဋိပက္ခကာလအတွင်းမှ၊ ပိုပြီး နက်နက်နဲနဲ လက်ခံချင်သလို ဖြစ်လာတယ်။ လူတွေဟာ ကိုယ့်ဟာနဲ့ ကိုယ်တော့ ဟုတ်နေကြတာပဲ… လို့လည်း တွေးမိနေတယ်။ 

အကျပ်အတည်းကာလ ရှည်ကြာလာလေလေ၊ ကျနော့်တို့ရဲ့ စိတ်တွေဟာ ထိန်းမနိုင် သိမ်းမရနဲ့ ဦးတည်ရာမဲ့ လွင့်ပါးလာနေလေလေ လို့ ထင်နေရတယ်။ လူတွေ ကြည့်လိုက်ရင် ဘာလုပ်လို့ ဘာကိုင်နေမှန်း မသိဘူး။ ကိုယ်ဟာ ဘာ့ကြောင့် ရှင်သန်နေတယ်ဆိုတာလည်း သိပုံမရဘူး။ ကိုယ်ဟာ ဒီအလုပ်၊ ဒီအပြော၊ ဒီအတွေးကို ဘာ့ကြောင့် လုပ်နေ၊ ပြောနေ၊ တွေးနေတယ်ဆိုတာလည်း ကိုယ့်ကိုယ်ကို သတိထားမိကြဟန် မတူဘူး။ လူတွေ ကို ကြည့်လိုက်ရင် စိတ်လိုလက်ရာ ပြောချင်ရာ ပြောနေတယ်၊ လုပ်ချင်ရာ လုပ်နေတယ်၊ တွေးချင်ရာတွေးနေ တော့တာပါပဲ။ 

လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံပြောဆိုကြတယ်ဆိုရင်လည်း စိတ်က မငြိမ်ဘူး။ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ပဲ။ လုပ်နေတဲ့အလုပ်တွေ အားလုံးလိုလိုဟာ မတတ်သာလို့ လုပ်နေနေရသလို။ အားလုံးကို အဖြစ်လောက်ပဲ လုပ်ရင်း ပြီးနေကြတာလည်းတွေ့နေရတယ်။ ခွန်စိုက်အားစိုက် လုပ်တာ၊ တွန်းတွန်းတိုက်တိုက် လုပ်တာမျိုး သိပ်မတွေ့ရဘူး။ တချို့ကျတော့လည်း အလုပ်တွေတော့ ရှုပ်နေတာပဲ။ ဘာကိုမှ လက်စမသပ်နိုင် အောင် မပြီးနိုင် မစီးနိုင် ရှုပ်ထွေးနေတာပဲ။ တစ်ခုခုကို ကျကျနန အာရုံမစိုက်နိုင်တာတွေ ပိုဖြစ်လာနေတယ်။ စိတ်အာရုံက ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့။ တစ်ခုခုအပေးမှာ စွဲစွဲမြဲမြဲ မထားနိုင်ဘူး ဖြစ်နေကြတယ်။ 

ကျနော်တို့ဟာ အခုလို ပဋိပက္ခ အကျပ်အတည်းကာလမှာ၊ တတ်နိုင်သရွေ့ ကိုယ့်စိတ်နဲ့ ကိုယ့်အပြုအမူကို ပြန်ပြန် ကြည့်တတ်တဲ့ အကျင့်ကလေး သေချာ မွေးမြူရမယ် ထင်ပါတယ်။ အခုဟာက လူ့အဖွဲ့အစည်းနဲ့ နယ်ပယ်ကဏ္ဍတစ်ခုခုမှ ဦးဆောင်ဦးရွက်ပြုနေပါတယ်ဆိုတဲ့သူတွေ ကိုယ်၌က စိတ်ထင်ရာတွေ ပြော၊ စိတ်ထင်ရာတွေ လျှောက်လုပ်နေတယ်လို့ ခံစားမိနေတယ်။ သူတို့မှာ ပြတ်သားရှင်းလင်းတိကျတဲ့အခြေအနေမျိုး တွေ့မနေရဘူး။ 

လူတွေကို ကြည့်ရင် အတော်များများက သတိမကပ်နိုင်ကြတာတွေ့ရတယ်။ လူတွေဟာ မေ့လွယ် ပျောက်လွယ်ပဲ။ ဖြစ်လွယ်ပျက်လွယ်ပဲ။ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး။ ဒါကလည်း ခဏ ခဏ ။ ကျနော်တို့ လူ့အဖွဲ့အစည်းက စိတ်ဒဏ်ရာတွေနဲ့ ဖြတ်သန်းနေရတယ် ထင်တယ်။ ကျနော်တို့ ကိုယ်စီကိုယ်စီ လူတိုင်းစီမှာ စိတ်အနာတရတွေ ရှိနေတယ်။ ဒါတွေကို ကျနော်တို့ ကိုယ်တိုင် ကုစားဖို့လည်း မပြင်ဆင်မိကြဘူး။ ကျနော်တို့ ကိုယ်တိုင် ကိုယ့်ကိုယ်ကို ဘာဖြစ်နေတယ်ဆိုတာတောင် ပြန်မကြည့်မိကြဘူး ဖြစ်နေတယ်။ ဆိုးလိုက်တာ။ ဆိုးလိုက်တာ….။ 

မင်းသေ့ 

နံနက် ၃း၀၅ 

၂၁ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post ဇဝေဇဝါတိုင်းပြည် 
Next post အဟောသိကံ မဖြစ်ပါဘူး