ကျနော် ဘာလို့ စာရေးဆရာဖြစ်လာသလဲဆိုတာကို မေးရင် – စကားလုံးတွေကို ချစ်လို့ပါပဲ လို့ အရိုးဆုံး ဖြေချင် တယ်။ စကားလုံးတွေအပေါ် ကိုယ့်ရဲ့ စွဲလမ်းတပ်မက်မှုကို တဖြည်းဖြည်း သတိထားကြည့်တယ်။ ဝေါဟာရ တစ် လုံး၊ စကားလုံးတစ်ခုကို အမှုမဲ့ အမှတ်မဲ့ မထားဘဲ – ဂရုတစိုက် စဉ်းစားတတ်တဲ့သဘာဝဟာ ကျနော့်ဆီမှာ ကိန်း ဝပ်နေတာ ကြာပြီ။ ကြာညောင်းလှပြီ။ စကားလုံးတွေအပေါ် ကျနော့်ရဲ့ သိနားလည်ချင်တဲ့စိတ်ဟာ ရပ်မသွားဘူး။ တစ်နေ့တခြား တိုးလို့သာ တိုးလာတယ်။ လျော့သွားတယ်လို့ မတွေ့ရဘူး။ ပိုဖတ်မိ၊ ပိုလေ့လာမိလေလေ၊ ပိုသိချင် ပိုနားလည်ချင်လာလေလေပဲ။ ပိုသိချင် ပိုနားလည်ချင်လာလေလေ၊ ပိုပြီး စူးစမ်းရှာဖွေ မိလာလေလေပါ ပဲ။ 

ကျနော့် မိတ်ဆွေ တချို့က ကျနော့်ကို မကြာခဏ မှတ်ချက်ပေးဖူးတယ်။ “ကိုမင်းသေ့က စကားလုံးဝေါဟာရ သိပ်ကြွယ်သတဲ့”။ ကျနော့် စိတ်ထဲမှာတော့ ဝန်ခံလိုက်ပါတယ်။ ကျနော်က စကားလုံးတွေကို ချစ်တာကိုး။ 

စကားလုံးတွေအပေါ် ကျနော့်ရဲ့ စွဲလမ်းတပ်မက်မှုက လျော့မသွားပါ။ အထူးသဖြင့် နိုင်ငံရေးနဲ့ ဆိုင်တဲ့စကားလုံး တွေကို ကျနော် အထူးစိတ်ဝင်စားတယ်။ နောက်ထပ် ပြောရရင် နိုင်ငံရေးသိပ္ပံနယ်က စကားလုံးတွေပေါ့။ နိုင်ငံရေး နယ်က စကားလုံးတွေနဲ့ မတင်းတိမ်တော့တဲ့အခါ၊ လူမှုသိပ္ပံနယ်က စကားလုံးတွေကို ကျနော် ထပ်မံ စားသုံးမိတယ်။ လူမှုသိပ္ပံနဲ့ နှီးနွှယ်ပြီး သမိုင်းဆိုင်ရာ စကားလုံးတွေ တွေ့လာတယ်။ လူမှုသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံရဲ့ ဆက်စပ်ရပ်ဝန်းကြီးက အကျယ်ကြီးပဲ။ ကူးခတ်လို့ ကောင်းလိုက်တာ။ ဒါတောင် နိုင်ငံတကာတက္ကသိုလ်မှာ စနစ်တကျသင်ယူခဲ့ရတာ မဟုတ်ဘူး။ ကိုယ့်ဘာသာလေ့လာဆည်းပူးရတာ။ ကိုယ်တိုင်ရှာပညာနဲ့ ကျနော်ဟာ အကျွမ်းဝင်နေပြီ ထင်ပါရဲ့။ 

ကိုယ့်ကိုယ်ပိုင်အသိထဲမှာ – တကယ်နားမလည်ဘူးဆိုရင်၊ စာမရေးချင်ဘူး။ ပြန်မပြောပြချင်ဘူး။ ကျနော် နိုင်ငံရေးစာသင်လာတာ (၈) နှစ်ကျော်ပြီ။ နိုင်ငံရေးဆောင်းပါးတွေ ရေးလာတာ (၇) နှစ်ကျော်ပြီ။ စာပေ ပလက်ဖောင်းပေါ် လျှောက်နေတာ (၅) နှစ်ပြည့်ပြီ။ အခုအချိန်ထိ လူမှုသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံနယ်ထဲက စကားလုံး ဝေါဟာရတွေက ကျနော့်အတွက် လေ့လာလို့ မကုန်၊ သင်ယူလို့ မကုန်။ ထပ်ပြီး လေ့လာချင်စိတ်သာ တိုးလာ တယ်။ ဒီစကားလုံးတွေကို ငါ ဘယ်လို အမိဖမ်းရမလဲဆိုတာ ရင်ခုန်စရာ ကောင်းတယ်။ ဝေါဟာရတစ်ခု၊ စကားလုံးတစ်လုံးရဲ့ နောက်ကွယ်က အနှစ်အသားနဲ့ အနက်အဓိပ္ပာယ်ကို နားလည်အောင်လုပ်ရတာ ရင်ခုန်စရာ ကောင်းတယ်။ ကိုယ်တပ်မက်တဲ့ ချစ်သူရည်းစားတစ်ယောက်နဲ့ တွေ့ထိရသလိုကို ရင်ခုန်စရာကောင်းတယ်။ 

အခုတော့ — စာတွေ တရပ်စပ်ရေးနေရတဲ့ အခြေအနေ၊ ရေးနေဖြစ်တဲ့ အခြေအနေ၊ ရေးနေနိုင်တဲ့ အခြေအနေ ကို ရောက်လာပြီ။ စကားလုံးတွေကို ကိုယ်တိုင် အသုံးချရတဲ့ နေရာမှာ ရောက်နေပြီ။ စကားလုံးတွေက အခုထိ ကျနော့်ကို ဆွဲဆောင်နေတုန်းပဲ။ စကားလုံးတစ်လုံးကို တော်ရုံ အဓိပ္ပာယ်သိမှုလောက်နဲ့ပဲ ကျနော် မတင်းတိမ် တတ်ပါ။ နောက်ထပ် ဘာအနက်သဘောရှိတယ်ဆိုတာ စူးစမ်းကြည့်တယ်၊ ရှာဖွေကြည့်တယ်၊ လေ့လာကြည့် တယ်။ 

စကားလုံးတစ်လုံးရဲ့ နောက်ကွယ်က အနက်သဘောကို သိနားလည်ရုံနဲ့ အားမရသေးဘူး။ အဲသည့် စကားလုံးဟာ ဘယ်လောက် ဩဇာအာဏာရှိတယ်ဆိုတာတောင် ကျနော် စိတ်ဝင်တစား ရှိတယ်။ စကားလုံးတွေရဲ့ လွှမ်းမိုး သက်ရောက်မှုက လူ့အဖွဲ့အစည်းကို ဘယ်လို ပုံဖော်ထုဆစ်နေသလဲဆိုတာကို သတိထားစောင့်ကြည့်တယ်။ 

  • ဘယ်စကားလုံးဟာ ဘာ့ကြောင့် ပေါ်လာသလဲ။ 
  • ဘယ်စကားလုံးဟာ ဘယ်လို ပေါ်လာသလဲ။ 
  • ဘယ်စကားလုံးကို ဘယ်နေရာမှာ သုံးတာလဲ။ 
  • ဘယ်စကားလုံးမှာ ဘာသက်ရောက်မှု ရှိသလဲ။ 
  • ဘယ်စကားလုံးဟာ ဘယ်လောက် ဩဇာတိက္ကမကြီးမားသလဲ။ 

စတာတွေကို ကျနော် ထိုင်စဉ်းစားနေလေ့ရှိတယ်။ ဒီအကြောင်းခြင်းရာတွေဟာ ကျနော့်ခေါင်းထဲမှာ အလိုလို ဝင်လာနေတာပဲ။ စာအုပ်တစ်အုပ်ဖတ်နေရင်း စကားလုံးတွေက ကျနော့် နှလုံးသားကို နှိုးဆွနေတယ်။ ကျနော့် ဦးနှောက်ကို ထိုးဆွပေးနေတယ်။ တချို့စကားလုံးတွေဟာ ကျနော့် သွေးကို ဆူပွက်စေတယ်။ 

သတင်းစာဆရာဆိုတာ – ကလောင်နဲ့ တိုင်းပြည်ကို အုပ်ချုပ်တာ …. ဆိုတဲ့ စကားကို ဖတ်ဖူးတယ်။ ဂျာနယ်ကျော် ဦးချစ်မောင်အကြောင်း ရေးထားတဲ့ စာအုပ်ထဲက ထင်ပါရဲ့။ ဒီနေရာမှာ – ကလောင်လို့ မသုံးချင် ဘူး။ စကားလုံးတွေလို့ သုံးချင်တယ်။ စကားလုံးတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ ရတယ်… ဆိုတာ။ 

ဒါဟာ ဗိုလ်ကျစိုးမိုးချင်တဲ့ မင်းစိုးရာဇာစရိုက်လို့ မထင်စေလိုပါဘူး။ လူ့အဖွဲ့အစည်း တစ်ခုလုံး လည်ပတ်တဲ့အခါ ဘာသာစကားနဲ့ ဆက်သွယ်ချိတ်ဆက်ပြီး လည်ပတ်နေကြတာ မဟုတ်လား။ သမိုင်းကျမ်းအစောင်စောင်ကို လှန်တဲ့အခါ၊ ဘာသာစကားရဲ့ အရေးပါပုံကို သိလာလိမ့်မယ်။ လူသားသမိုင်းဇာတ်ကြောင်းကြီးတစ်ခုလုံးကို လေ့လာကြည့်တဲ့အခါ၊ လူတွေ တစ်ယောက်ကို တစ်ယောက် တိတိကျကျ ကျယ်ကျယ်ပြန့်ပြန့် အများအပြား ဆက်သွယ်နိုင်တဲ့ ဘာသာစကားတွေ တဖြည်းဖြည်းချင်း ဖြစ်ထွန်းလာတာနဲ့ အမျှ၊ ယဉ်ကျေးမှုသမိုင်းလည်း တဖြည်းဖြည်း တဆစ်ချိုးပြောင်းလဲလာရတာပဲ မဟုတ်လား။ ဘာသာစကားရဲ့ အရေးပါမှုဟာ — လူသားသမိုင်း မှာ၊ လူတွေ မီးကို ရှာဖွေတွေ့ရှိသကဲ့သို့ ထူးခြားတဲ့ တစ်ဆစ်ချိုး အပြောင်းအလဲကို ဖြစ်စေခဲ့တယ်။ 

သမိုင်းဇာတ်ကြောင်းတစ်လျှောက်လုံးကို လေ့လာတဲ့အခါ၊ ၁၅ ရာစုခေတ်မှာ ပေါ်တဲ့ ဂူတင်ဘတ်ရဲ့ ပုံနှိပ်စက်ဟာ ယဉ်ကျေးမှုသမိုင်းကြီးရဲ့ အဓိက တစ်ဆစ်ချိုး အပြောင်းအလဲဖြစ်ခဲ့တယ် မဟုတ်လား။ စကားလုံးတွေကို အပျံ့ ကျယ်အောင် ဖြန့်ကျက်နိုင်ခြင်းဟာ လူသားသမိုင်းမှာ ဘယ်လောက် အရေးပါ အရာရောက်ခဲ့သလဲ။ စဉ်းစားသာ ကြည့်။ 

ကျနော့်အတွက်တော့ လေ့လာကျက်စားစရာ ဘာသာစကားကွင်းပြင် (၃) ခု ရှိနေပါတယ်။ မြန်မာ – ပါဠိ နဲ့ အင်္ဂလိပ် ဖြစ်ပါတယ်။ နယ်ပယ်အားဖြင့် နိုင်ငံရေး – လူမှုဗေဒ နဲ့ သမိုင်း နယ်တို့ ဖြစ်ပါတယ်။ 

စကားလုံးတွေကနေ တစ်ဆင့် ဝါကျတွေဆီကို တိုးလို့ တက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဝေါဟာရတွေရဲ့ အနှစ်အသားနဲ့ social construction တွေကို ဘယ်လို လုပ်သလဲဆိုတာဟာ ကျနော် စိတ်ဝင်တစားတိုးဝင်နေတဲ့ လက်ရှိ ပစ္စုပ္ပန် ဖြစ်နေပါတယ်။ 

မင်းသေ့ 

နံနက် ၄း၀၈ 

၁၅ ဩဂုတ် ၂၀၂၂။

Previous post မသေမျိုးကို သယ်ဆောင်ခြင်း
Next post ရက္ခိုင်ရီယယ်လစ်များ