မသေမျိုးကို သယ်ဆောင်ခြင်း —- တဲ့။ 

စကားလုံးက လှလိုက်တာ။ တကယ်တော့ ဒီစကားလုံးကို Country Roads စာအုပ်တိုက်က ကိုဇော်သက်ဆီက ရတာပါ။ 

သူ က ကျနော့်ကို ပြောတယ်။ 

“အစ်ကို … ကျနော် စာအုပ်တွေ ပြန်လုပ်ချင်ပြီ” တဲ့။ 

စာအုပ်ထုတ်ဝေရေးနဲ့ပတ်သက်ရင်၊ ကျနော်က အမြဲတမ်း နောက်မတွန့်တမ်း အားပေးသူ။ ချဗျာ… ချကွာ… ဆိုတဲ့ စကားက ခပ်များများ။ 

တိုင်းပြည်အကျပ်အတည်းကျရောက်နေသော်လည်း၊ ဒို့ဟာ လုပ်သင့်တာတွေ လုပ်နေရမယ် ဆိုတာမျိုး ကျနော် ပြောဖြစ်တယ်။ ဒေါ်လာစျေးတက်တယ်၊ ဒီတော့ စက္ကူစျေးကလည်း အလွန်အမင်း အဆမတန်။ ခေတ်ပျက် တော့ လူတွေက စားဝတ်နေရေး မချောင်လည်ကြတော့ဘူး။ စီးပွားရေးလည်း မကောင်းတော့ဘူး။ ပြီးတော့ နေ့စဉ် တွေ့သမျှ မြင်သမျှ အာရုံတွေက အနိဋ္ဌာရုံတွေချည်းပဲ။ ဒီတော့ စာအုပ်ဝယ်ဖို့ ပိုက်ဆံ မသုံးနိုင်ကြတော့ သလို၊ (တချို့လည်း သုံးချင်စိတ်မရှိကြတော့)၊ စိတ်မှာလည်း စိတ်ကျတာ၊ စိတ်ပျက်တာ၊ မျှော်လင့်ချက်မဲ့တာ တွေ ဖြစ်လာတော့ — စာအုပ်ကို တော်ရုံ ကောက်မကိုင်ဖြစ်ကြတော့။ 

စာကို အငမ်းမရ ဖတ်ကြတယ်ဆိုတဲ့ ကျနော့်အသိုင်းအဝိုင်းထဲက ငယ်ရွယ်နုပျိုတဲ့ ကောင်ကလေး၊ ကောင်မလေး တွေတောင် – 

ဒါတွေ ဖတ်လည်း ဘာထူးမှာလဲ ဆရာရယ်….၊ ဘာမှလည်း လုပ်လို့ မရ။ ပစ္စုပ္ပန်တောင် မသေချာ၊ အနာဂတ်ဆို ပို ဝေးရောပေါ့…. ဆိုပြီး စိတ်ပျက်ငြီးငွေ့ပြီး စာအုပ်တွေကို ပစ်ထားလိုက်ပြီ ဆိုတာတွေ တွေ့နေရလို့ စိတ်မကောင်းဖြစ်ရတယ်။ 

တိုင်းပြည်မှာ အထွေထွေ အကျပ်အတည်း ကြုံနေတာတောင်မှ ကျနော်ဟာ စာပေအတွက် စဉ်ဆက်မပြတ် အားထုတ်မှုကို လုပ်ခဲ့ပါတယ်။ ကိုဇော်သက်ပြောသလို – မသေမျိုးကို သယ်ဆောင်ဖို့ပေါ့။ 

ကိုဇော်သက်က အခုလို ပြောတယ်။ 

  • စာ​ရေးခဲ့တဲ့လူ​တွေကကျ သူတို့သာ​သေသွားတယ်၊ သူတို့ရဲ့အ​တွေးအ​ခေါ်​၊ ယုံကြည်မှုတွေက လက်ဆင့်ကမ်း ကျန်ခဲ့တယ်။ လူက​သေမျိုး​ပေမယ့် အ​တွေးအ​ခေါ်၊ ယုံကြည်မှုက မ​သေမျိုးပဲ။ စာအုပ်ထုတ်​ဝေခြင်းက မ​သေမျိုးကို သယ်​ဆောင်ခြင်းဖြစ်တယ်။

ကျနော်တို့ အနာဂတ်က မသေချာပါဘူး။ ပစ္စုပ္ပန်ကလည်း မရေရာပါဘူး။ ငါဟာ ဘယ်အချိန် သေဆုံးသွား မလဲ မသိနိုင်ပါ။ ဒါ့ကြောင့် ငါသေသွားခဲ့သည်ရှိသော် — ငါ့ရဲ့ တမန်တော်တွေကနေတစ်ဆင့် လူ့အဖွဲ့အစည်း ကို အကျိုးပြုနိုင်ဖို့၊ စာအုပ်တွေကို ငါ့ကိုယ်စား အလုပ်တွေ လုပ်ခိုင်းထားဖို့ လိုတယ် မဟုတ်လား။ အခုလည်း အလုပ်တွေ အဆက်မပြတ် လုပ်နေပါတယ်။ ကိုယ်လုပ်သမျှ အလုပ်တိုင်းဟာ လူ့အဖွဲ့အစည်းရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ် အကြောင်းကောင်းတွေ ဖန်တီးဖို့ ကျေးဇူးပြုပါစေ ဆိုတဲ့စိတ်ကို မွေးပါတယ်။ 

ထို့နောက် ကျနော့် မိတ်ဆွေ တချို့ကို ကျနော် အမြဲ ပြောဖြစ်ခဲ့တဲ့ စကားလေး တစ်ခု ပြောချင်တယ်။ 

  • ကမ္ဘာစစ်ကြီး ဖြစ်နေစဉ်အတွင်းမှာ ၊ 
  • မိုးကုတ်ဆရာတော်ကြီးဟာ မိုးကုတ်မြို့က ဘော်ပဒန်းရွာလေးက ဂူကလေးမှာ ရဟန်းအလုပ်ကို ပြီးမြောက်ခဲ့တယ်၊ ရဟန်းကိစ္စကို ပြီးစီးခဲ့တယ်။ 
  • ကမ္ဘာစစ်ကြီး ဖြစ်နေစဉ်အတွင်းမှာ ၊ 
  • မဟာဂန္ဓာရုံဆရာတော်ကြီးဟာ မန္တလေး အမရပူရ တောင်မြို့ ၊ တောင်သမန်အင်းဇောင်းလေးမှာ၊ ကျမ်းစာ အရေးမပျက်ခဲ့ဘူး။ 
  • ကမ္ဘာစစ်ကြီးအပြီး၊ မြန်မာပြည်လွတ်လပ်ရေးရချိန်ကာလလည်း ရောက်ရော။ 
  • မြန်မာပြည်ရဲ့ ပရိယတ္တိသာသနာကို စွမ်းစွမ်းတမံ သယ်ပိုးထမ်းရွက်သူက မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဟူ၍ဖြစ်လာတယ်။ 
  • မြန်မာပြည်ရဲ့ ပဋိပတ္တိသာသနာကို ကျယ်ပြန့်စွာ ထမ်းရွက်နိုင်ခဲ့သူက မိုးကုတ်ဆရာတော် ဦးဝိမလ ဖြစ်လာခဲ့ပါတယ်။ 
  • လွတ်လပ်ပြီးခေတ် မြန်မာပြည်ရဲ့ ပရိယတ္တိနဲ့ ပဋိပတ္တိသာသနာဟာ ဒီဆရာတော်ကြီး နှစ်ပါးရဲ့ ကျေးဇူး ယခုအချိန်ထိ ကင်းလွတ်နေတာ မရှိဘူး။ 

ဒါဟာ ကိုယ်လုပ်ရမယ့် အလုပ်အပေါ် ဆင်ခြေဆင်လက်ပေးမနေဘဲ၊ တစိုက်မတ်မတ် ကိုယ့်အလုပ်ကို ကိုယ် ပီပီပြင်ပြင် လုပ်သွားခဲ့သူတွေရဲ့ သာဓကဖြစ်ပါတယ်။ 

ကိုယ့်အလုပ်ကို ကိုယ်ပီပီပြင်ပြင် လုပ်နေတဲ့သူတွေပဲ – လူ့အဖွဲ့အစည်းကို အမှန်တကယ် ကျေးဇူးပြုနိုင် လို့ ကျနော် ခံယူတယ်။ ကိုယ်ဟာ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာ ကြည့်ပါ။ ကိုယ့်နေရာကို သိရင် ကိုယ်လုပ်ရမယ့်အလုပ်ကို သိပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကို မဆိုင်းမတွဘဲ ပီပီပြင်ပြင် ဖြစ်ဖြစ် မြောက်မြောက် တစိုက်မတ်မတ် ကိစ္စပြီးအောင် လုပ်ပါ။ 

ဘဝရဲ့ အနိမ့်အမြင့် အတက်အကျ အကွေ့အကောက် ခရီးရှည်ကြီးမှာ ဘဝမှာ မထိုးရသေးတဲ့ ဂီယာတွေကို ရှာဖွေနိုင်ကြပါစေ။ ထို့နောက် ခရီးပေါက်အောင် လျှောက်နိုင်ကြပါစေ။ ချီးမွှမ်းကဲ့ရဲ့မှုတွေအပေါ်မှာ မသာယာဘဲ၊ စိတ်ပျက်အားလျော့မနေဘဲ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို တစိုက်မတ်မတ် လုပ်နိုင်ကြပါစေ။ 

မင်းသေ့ 

ည ၈း၄၆

၁၄ ၊ ဩဂုတ်၊ ၂၀၂၂။

Previous post ဘယ်လို ရေးမှာလဲ
Next post စကားလုံးတွေကို ချစ်လို့