ရေးတာဟာ ပြောတာပဲ
ပြောတာကို ရေးနိုင်ရင် ဒါဟာ စာရေးတတ်တာပဲ
ရေးတဲ့အခါ ဘယ်လို ပြောမလဲ
ဝေ့မပြောနဲ့
ဝိုက်မပြောနဲ့
ဒဲ့ပြော
အပိုဆာဒါးတွေ မထည့်နဲ့
ဆက်စပ်တာကိုတော့ သိုင်းဝိုင်းပြောတတ်ရမယ်
သိုင်းဝိုင်းဆက်စပ်ပြောတာကို အပိုဆာဒါးတွေလို့ မထင်နဲ့
လိုရင် အနက်တူ အဖွင့်တူ အသွင်ကူ ဓာတ်ခံတူ နာမ်တွေ၊ နာမ်စားတွေ၊ နာမဝိသေသနတွေကို စီပြီး၊ စဉ်ပြီး၊ ဆက်ပြီး သုံးနိုင်တာပဲ။
ခင်ဗျားရဲ့ ဉာဏ် ချဲ့ရင် ချဲ့နိုင်သလောက် စာကို ကျယ်အောင် ရေးနိုင်တယ်။
စာကို ကျယ်အောင် ရေးတာနဲ့ ဖြန့်ရေးတာနဲ့ တူသလိုလိုနဲ့ မတူဘူး။ ကျယ်အောင် ချဲ့ရေးနိုင်တယ်၊ ခြုံငုံမိအောင် ဖြန့်ရေးနိုင်တယ်။
ဒါပေမယ့် မဆိုင်တာကို ဇွတ်အတင်း ဆွဲထည့်တာမျိုး မလုပ်နဲ့ ။ ဒါက ရုပ်ဆိုးတယ်။ ရုပ်ပျက်တယ်။
တချို့က စာရေးချင်တာ မဟုတ်ဘူး။
ငါ တတ်ကြောင်း၊ ငါ သိကြောင်း၊ ငါ ကျွမ်းကျင်ကြောင်း ပြချင်တာ။
ဒါက ပြလို့ ရပါတယ်။
ဒါပေမယ့် မရှိတာကို အရှိ မလုပ်နဲ့။ မဟုတ်တာကို မကြွားဝါနဲ့။
တတ်ယောင်ကား မလုပ်နဲ့။ ရောမချနဲ့ ။
ဟိတ်ကြီးဟန်ကြီး မလုပ်နဲ့။
ကိုယ်သိတာ၊ ကိုယ်တတ်တာ၊ ကိုယ်ကျွမ်းကျင်တာ ပြတာဟာ အပြစ် မဟုတ်ပေမယ့်၊ အရုပ်ဆိုးတယ်။
အဲသည့်ထက် ပိုဆိုးတာက – ပေါ်ပြူလာ သိပ်ဖြစ်ချင်တာပဲ။
စာဖတ်သူကို သိနားလည်စေချင်တဲ့ စေတနာထက် ကိုယ့်ကိုယ်လူထောက်ခံအောင် ပေါ်ပြူလာဖြစ်အောင် လုပ်တဲ့ ရေးနည်းက ပိုပြီး အရုပ်ဆိုးတယ်။ ဒါဟာ စာပေကို ဖျက်တဲ့ မာရ်နတ်ပဲ။ ဒါကို သတိမထားမိရင် စာရေးခြင်းအလုပ်နဲ့ လူ့အဖွဲ့အစည်းကို အကျိုးမပြုနိုင်ဘူး။ ကိုယ်ရေးတဲ့စာပေဟာ လူ့အဖွဲ့အစည်းမှာ အကျိုးဖြစ်ထွန်းသလောက် မဖြစ်ထွန်းဘူး။ ဖတ်ရတဲ့ စာကလည်း ဖတ်တငံ့ငံ့နဲ့ ဖြစ်နေမှာပဲ။