ဘာလင်တံတိုင်းပြိုကျမှုဟာ ဆိုဗီယက်ယူနီယံပြိုကွဲခြင်းရဲ့ အမှတ်အသားစမှတ်ဖြစ်ခဲ့တယ်။ ဆိုဗီယက် ယူနီယံပြိုကွဲမှုဟာလည်း ကွန်မြူနစ်ဝါဒနိဂုံးချုပ်မှုရဲ့ ပြယုဂ်ဖြစ်ခဲ့တယ်။ ကမ္ဘာကြီးမှာ – အဲသည်လိုဆိုတော့ မြန်မာပြည်မှာရော ဘယ်လိုလဲ။ မြန်မာပြည်မှာလည်း – ဆိုရှယ်လစ်အတုကို ဖြိုချတဲ့ ပွဲကြီး မြို့တွေအပေါ် မှာ ဝှဲချီး ကျင်းပနေတယ်။ အဲဒါကို ၁၉၈၈ လူထုဒီမိုကရေစီတိုက်ပွဲလို့ ခေါ်တွင်တယ်။ ၈၈၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံ ဖြစ်နေဆဲကာလမှာတင်၊ ကွန်မြူနစ်ဝါဒ နိဂုံးချုပ်ဖို့ စိုင်းပြင်းနေခဲ့ကြတယ်။ 

၁၉၈၉ ခုနှစ် မတ်လ (၁၂) ရက် ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်တရုတ်တပ်တွေက – ဗမာနီကွန်မြူနစ်တွေကို ပုန်ကန်ဖို့ ပထမခြေလှမ်းစတင်လိုက်ကြတယ်။ ထို့နောက် နှစ်ရက်အကြာ မှာ ကိုးကန့်တရုတ်တပ်တွေဟာ မုံးကိုးကို သိမ်းပိုက်လိုက်တယ်။ ၎င်းပုန်ကန်မှုဟာ အရှေ့မြောက် ပိုင်း ဗကပ အခြေခံဒေသတွေကို အလျင်စလို ပြန့်နှံ့သွားတယ်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ ညသန်းခေါင်ကျော်။ တပ်မဟာ (၁၂) “ဝ”ရဲဘော် အများစုပါဝင်တဲ့ တပ်ဖွဲ့ဟာ – ဗမာပြည်ကွန်မြူနစ် ပါတီဌာနချုပ် ပန်ဆန်းကို ဝင်စီးလိုက်တယ်။ ဗမာနီကွန်မြူနစ်ခေါင်းဆောင်တွေကို တရုတ်ပြည်ထဲ မောင်းထုတ်လိုက်ကြတယ်။ 

ထို့နောက် အသံလွှင့်ရုံကနေ တစ်ဆင့် “ဗကပ၏ ကျဉ်းမြောင်းသော လူမျိုးစု ပေါ်လစီများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေညာချက် တစ်ခု ထွက်ပေါ်လာတယ်။ ၁၉၈၉ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ နောက်ထပ် ကြေညာချက်တစ်ခု ထွက်ပေါ်လာပြန်တယ်။ ၎င်းကြေညာချက်ထဲက ကောက်နုတ်ချက်တချို့က အခုလို။ 

  • ခေါင်းဆောင်တချို့ဟာ အာဏာကို အသေဖက်တွယ်ထားကြတယ်။ မှားယွင်းတဲ့ လမ်းစဉ်ကို ခေါင်းမာမာ ဆုပ်ကိုင်ထားကြတယ်။ ဒီလူတွေဟာ တကယ့်အရှိတရားနဲ့ ကင်းကွာနေကြတယ်။ ငါတကောဝါဒနဲ့ ဂိုဏ်းဂဏဝါဒ ကို ကျင့်သုံးနေကြတယ်။ ပြည်တွင်းပြည်ပ အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့၊ သရုပ်ခွဲ စိစစ်ဖို့ ပျက်ကွက်ခဲ့ကြတယ်။ တကယ့်အစစ်အမှန် ရုပ်အခြေအနေကို ဥပေက္ခာပြုထားကြတယ်။ လိမ်လုံး ညာလုံးတွေ၊ ဝါဒဖြန့်ချိရေးတွေနဲ့ ကျွန်တော်တို့ကို သူတို့ရဲ့ အယောင်ဆောင် တော်လှန်ရေးထဲ ဆွဲခေါ်ခဲ့ကြတယ်။ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ ရန်သူကို ဗလာချီအိုင်ဒီယော်လိုဂျီ ဆိုတာနဲ့ ဘယ်လိုလုပ် အနိုင်ယူမှာလဲ။ 
  • အတိတ်ကာလတစ်ခုမှာ ဗကပထဲက စိတ်ယုတ် စိတ်ပုပ်ရှိတဲ့ လူတစ်ဦးရဲ့ အာဏာလုပွဲနောက်လိုက်ခဲ့ရ တဲ့ ကျွန်တော်တို့ ဝဒေသ ပြည်သူလူထုကြီးရဲ့ ဘဝတွေ ဘာတွေ ဖြစ်ခဲ့ရသလဲ။ သိပ်ကို ကြမ်းတမ်းခက် ထန်ခဲ့ရတယ်။ အခွန်အကောက်တွေ တိုးကောက်ပြန်တော့ လူထုအတွက် ဝန်ထုပ်ဝန်ပိုးဟာ ပိုလေးလံ ကြီးမားခဲ့ရတယ်။ သိပ်ကို အန္တရာယ်ကြီးတဲ့ အခက်အခဲတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒီလို အနေအထားမျိုးမှာ လူထုအနေနဲ့ ပုန်ကန်ထကြွမှု အခြေအနေ တစ်ခုကို ဘယ်မှာ ရှောင်လို့ ရတော့မှာလဲ။ 

ဗမာပြည်ကွန်မြူနစ်ပါတီ နေထွက်ချိန် – နေဝင်ချိန် စာအုပ်ကို ရေးသားတဲ့ သတင်းစာဆရာ ဘာတဲလ်လစ်တနာ က သူ့စာအုပ်မှာ အခုလို နိဂုံးချုပ်လိုက်တယ်။ 

  • ဒီလိုနဲ့ ရန်ကုန်မြို့ ဘားလမ်းတိုက်ခန်းရှိ တိုက်ခန်းလေးတစ်ခုမှာ စတင်ဖွဲ့စည်းပြီး နှစ်ပေါင်း (၅၀) နီးပါး အကြာ၊ 
  • အစိုးရကို လက်နက်ကိုင်တိုက်ပွဲနဲ့ ဆန့်ကျင်တော်လှန်မယ်လို့ ဆုံးဖြတ်ချက်ချအပြီး နှစ်ပေါင်း (၄၁) နှစ် အကြာ၊ 
  • ကိုးကန့် ပုန်ကန်မှု စတင်ပြီး တစ်လအတွင်းမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီမှာ နိဂုံးကမ္ပတ် အဆုံးသတ် သွားခဲ့ရလေတော့သတည်း….။ 

မင်းသေ့ 

ည ၇း၃၀ 

၁၅ ၊ ဩဂုတ်၊ ၂၀၂၂။

Previous post ဓမ္မကို ဆန်းစစ်ခြင်း
Next post ဘယ်လို ရေးမှာလဲ