၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့မှာ စတင်လိုက်တဲ့ ရက္ခိုင်အမျိုးသားတော်လှန်ရေး လှုပ်ရှားမှု တစ်လျှောက်လုံး ကို ကြည့်ရင်၊ ရက္ခိုင်တော်လှန်ရေးသမားတွေဟာ – သိပ်လက်တွေ့ကျကျ စဉ်းစားလုပ်ဆောင်တဲ့သူတွေ ဖြစ်တယ် ဆိုတာ သိသာထင်ရှားတယ်။ နိုင်ငံရေးနယ်မှာတော့ လက်တွေ့ကျတာကို Realist လို့လည်း သုံးတယ်၊ Pragmatic ဖြစ်တယ်လို့လည်း သုံးနှုန်းတယ်။ 

အနက်ဖွင့်ဆိုချက် 

ရီယယ်လစ် (realist) ဆိုတာ ဘာလဲ။ ရီကယ်လစ်ဆိုတာ – လက်တွေ့ အခြေအနေ၊ လက်ရှိ အရှိတရားကို ပယ်ရှားသူ မဟုတ်ဘူး။ အရှိတရားကို ပကတိအတိုင်းမြင်အောင်ကြည့်တယ်။ အရှိတရားနားလည်ပြီး လက်တွေ့ ကျကျ ဖြစ်နိုင်ချေ ရှိတာက စလုပ်တာကို ခေါ်တယ်။ နိုင်ငံရေးမှာ – the art of possible ဆိုတဲ့ စကားရှိပါတယ်။ ဒါဟာ ရီယယ်လစ်အထိုင်နဲ့ ပြောတဲ့ စကားပါ။ ဖြစ်နိုင်ချေရှိတာကို လုပ်တာနိုင်ငံရေး – ဆိုတဲ့ အယူအဆ။ Pragmatic ဆိုတာလည်း ဒီလိုသဘောပါပဲ။ လက်တွေ့သမားကို ဆိုလိုတာ။ လက်တွေ့သမားဆိုလို့ သီအိုရီကို ပယ်ရှားတယ်လို့ မထင်စေလို။ သီအိုရီကို ပယ်ရှားသူ မဟုတ်ဘူး။ သီအိုရီတွေအပေါ်မှာ အလုပ်မဖြစ်၊ ရလဒ် မထွက်ဘဲ စကားများနေတာထက် – လက်တွေ့အလုပ်သမားဒေါင့်ကနေ ကြည့်တဲ့သဘောကို ဆိုတာ။ လက်တွေ့ အားဖြင့်လည်း ကာယကံမြောက်လုပ်ဆောင်တယ်။ အခြေအနေအဖြစ်အပျက်ကိုလည်း အရှိပကတိက ဘာဖြစ် နေသလဲဆိုတာကို နက်နက်နဲနဲ မြင်အောင် ကြည့်တယ်။ ဒါကို pragmatic လို့ ပြောတာပါ။ 

နိုင်ငံရေးနယ်က ရီယယ်လစ်သမားတွေဟာ — 

  • (၁) ကိုယ် ဘာလိုချင်သလဲဆိုတာကို တိတိကျကျ သိတယ်။ 
  • (၂) လက်တွေ့အခြေအနေမှာ ဘာဖြစ်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်တယ်။ 
  • (၃) ကိုယ့်အားသာချက်က ဘာ၊ ကိုယ့်အားနည်းချက်က ဘာဆိုတာကို သိတယ်။ 
  • (၄) ကိုယ်လုပ်နိုင်တာ ဘာလဲဆိုတာကို ပြတ်ပြတ်သားသားသိတယ်။ 
  • (၅) ကိုယ်ဘာကို မလုပ်နိုင်သေးဘူးလဲဆိုတာကို ထင်ထင်ရှားရှား သိတယ်။ 
  • (၆) လောလောဆယ် ဖြစ်နိုင်ချေရှိတာ ဘာလဲဆိုတာကို သိတယ်။ 
  • (၇) ရေတို ဖြစ်နိုင်တာက ဘာလဲ – ရေရှည်မှ ဖြစ်နိုင်တာက ဘာလဲဆိုတာကို ကွဲကွဲပြားပြားသိတယ်။ 
  • (၈) ဘယ်သူက ဘာလိုချင်တာလဲဆိုတာကို နားလည်တယ်။ 
  • (၉) ဘယ်သူက ဘာကို ခါးသီးမုန်းတီးတယ်ဆိုတာကို နားလည်တယ်။ 
  • (၁၀) ဘယ်သူတွေဆီမှာ ဘာအကျိုးစီးပွားရှိတယ်ဆိုတာကို သိတယ်။ 
  • (၁၁) ပြိုင်ဘက်နဲ့ ရန်သူတွေဆီက အားသာချက်တွေက ဘာတွေလဲ ဆိုတာ သိတယ်။ 
  • (၁၂) ပြိုင်ဘက်နဲ့ ရန်သူတွေဆီက အားနည်းချက်တွေက ဘာတွေလဲ ဆိုတာ သိတယ်။ 
  • (၁၃) ပန်းတိုင်နဲ့ နည်းနာကို ခွဲခြားနားလည်တယ်။ 
  • (၁၄) အနုနည်းနဲ့ အကြမ်းနည်းတို့ရဲ့  အသုံးဝင်ပုံကို ပိုင်းပိုင်းဖြတ်ဖြတ် နားလည်တယ်။ 
  • (၁၅) ယခု လုပ်ရမှာက ဘာ၊ နောင်မှ လုပ်ရမှာက ဘာဆိုတဲ့ ကောင်းကောင်းသိနားလည်ထားတယ်။ 

ချုပ်လိုက်ရင် – အခြေအနေ အချိန်အခါနဲ့ အတိုင်းအရှည်ကို သိတယ်၊ အကန့်အသတ်ကို နားလည်ပြီး လက်တွေ့ကျကျ ကိုယ်လိုချင်တာကို အနုနည်းနဲ့ဖြစ်ဖြစ် အကြမ်းနည်းနဲ့ပဲ ဖြစ်ဖြစ် သင့်တော်သလို အသုံးချပြီး ကြိုးစားရယူတယ်ဆိုတာကို တွေ့ရတယ်။ 

ဒါဟာ ရီယယ်လစ်သမားတွေမှာ တွေ့ရတဲ့ ဝိသေသလက္ခဏာ တချို့ဖြစ်ပါတယ်။  

ကိုးကားချက် တချို့

၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့ ၊ ရက္ခိုင့်တပ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ – ဧရာဝတီသတင်းဌာနက ရေးသားတဲ့ သတင်းကောက်နှုတ်ချက်ကို၊ ကိုးကားပြီး တင်ပြချင်ပါတယ်။ 

  • ကျနော်တို့ အလုပ် လုပ်တဲ့ အချိန်၊ မဖြစ်နိုင်တဲ့ ကတိတွေနဲ့ ပြည်သူကို နှစ်သိမ့်ပြီးတော့ ကျနော်တို့ မပေးချင်ဘူး။ လက်တွေ့ကျတဲ့ တော်လှန်ရေးကို ဆောင်ရွက်နေတာ ဖြစ်တယ်။ အဲဒီအတွက်နဲ့ ဘယ်နှခုနှစ်မှာ လွတ်လပ်ရေး ရတော့မယ်။ ဘယ်နှစ်ခုနှစ်မှာ ဘယ်လို ဖြစ်တော့မယ်ဆိုပြီး ပြောနေမယ့်အစား ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေပေါ် မှာ တော်လှန်ရေးကို မြန်နိုင်သမျှ မြန်အောင် ဘယ်လို အဆုံးသတ်မယ်။ ဘယ်လို အောင်ပွဲခံမယ် ဆိုပြီးတော့ ကြိုးစားနေတာပဲ ရှိတယ်။ အဲဒီအတွက်နဲ့ နှစ်ကာလကို အတိအကျ ပြောလို့ မရဘူး” (ခိုင်သုခ၊ ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ၊ ၂၀၂၂ ဩဂုတ် ၁၁) 

အဖြစ်သနစ် 

မြန်မာ့နွေဦးတော်လှန်ရေးကာလမှာ – ဗမာနိုင်ငံရေးသမားတွေဟာ၊ တော်လှန်ရေးကို ရွေးကောက်ပွဲ မဲဆွယ် သလို စည်းရုံးလှုံ့ဆော်နေတာတွေ တွေ့ခဲ့ရပါတယ်။ တွေ့နေရဆဲလည်း ဖြစ်ပါတယ်။ ဗမာတွေအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွှဲနေသလို လုပ်နေတာကို ပြည်သူအများစုက သတိမထားမိပါ။ သို့သော် ပညာတတ်လူနည်းစုကတော့ ရိပ်စားမိဟန်တူပါတယ်။ သို့သော်လည်း ပေါ်ပြူလစ်ယဉ်ကျေးမှုထွန်းကားနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ – နှုန်းစံတွေနဲ့ စကားလုံး ဝေါဟာရတွေ အကြား ဝဲလည်လိုက်နေတာကို၊ လူထုထံ ပေါက်အောင် ပြောနိုင်သူ မရှိပါဘူး။ ဒီလို ဖြစ်နေတဲ့ ဖြစ်စဉ်ထဲမှာ၊ ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေဟာ ရက္ခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် လက်တွေ့ကျကျ ရှုမြင် ဖြတ်သန်းတာကို တွေ့ရပါတယ်။ ယခင်ကလည်း တွေ့ခဲ့ရတယ်၊ ယခုလည်း တွေ့ရ တယ်၊ နောင်လည်း တွေ့ရလိမ့်အုံးမယ်လို့ ယူဆတယ်။ 

အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးဟာ စစ်ရေးရလဒ်နဲ့ သက်သေပြရတာဖြစ်ပါတယ်။ ရက္ခိုင်တော် လှန်ရေးခေါင်းဆောင်တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ပြတ်ပြတ်သားသားလျှောက်လှမ်းမယ်လို့ ဆုံးဖြတ်ပြီး နောက်ပိုင်း လက်တွေ့နိုင်ငံရေးမှာ လက်တွေ့ကျကျ စဉ်းစားတာ၊ လက်တွေ့ကျကျ လုပ်ဆောင် တာကို ထင်ထင်ရှားရှားတွေ့ခဲ့ရပါတယ်။ 

လူထုကို ကျုံးသွင်းတာမျိုး မလုပ်

ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခရဲ့ ပြောကြားချက်ကို လေ့လာကြည့်ရင် – ရက္ခိုင်တော်လှန် ရေးခေါင်းဆောင်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးကောက်ပွဲ မဲဆွယ်သလို မလုပ်ဘူးဆိုတာ ထင်ရှား တာယ်။ ထိုနည်းလည်းကောင်းပဲ၊ မျှော်လင့်ချက်အတု (False Hope) တွေနဲ့ ရက္ခိုင်လူထုကို မလှည့်စားဘူး ဆိုတာ သိသာထင်ရှားတယ်။ ဘယ်နှခုနှစ်မှာ လွတ်လပ်ရေးရမယ်၊ ဘယ်နှခုနှစ်မှာ ဘာဖြစ်မယ်ဆိုပြီး လူထုကို မျှော်လင့်ချက်အတုတွေနဲ့ ကျုံးသွင်းဆွဲဆောင်တာ မရှိဘူးလို့ ပြောနိုင်တယ်။ ဒါပေမယ့် သူတို့ ပြောနိုင်တာက – ဖြစ်ပေါ်လာတဲ့ အခြေအနေ အပြောင်းအလဲအပေါ်မှာ တော်လှန်ရေးကို မြန်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် ဘယ်လို ကြိုးစားလုပ်ဆောင်မယ် — ဆိုတာမျိုး ခံယူထားတာတွေ့ရတယ်။ ဘယ်တော့ တော်လှန်ရေးပြီးမယ်လို့ နှစ်ကာလအတိအကျနဲ့ လျှာအရိုးမရှိတိုင်း လျှောက်ပြောတာ မပါဘူး။ ဒါဟာ ရက္ခိုင်တော်လှန်ရေးသမားတွေနဲ့ ဗမာတော်လှန်ရေးသမားအမည်ခံ ဗမာနိုင်ငံရေးသမားတွေ အကြား ကွာခြားချက်ဖြစ်တယ်။ 

စစ်နိုင်ရေးလမ်းစဉ် 

  • “တော်လှန်ရေးတခု ဆင်နွှဲပြီးတော့ တိုင်းပြည်တခု အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လုပ်နေတာ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ဘယ်တော့ အဆုံးသတ်မလဲ ဆိုတာထက်၊ စစ်ကို မနိုင်နိုင်အောင် တိုက်မယ်။ ဘယ်လောက်ကြာကြာ ဆက်လက်ပြီးတော့ တိုက်ပွဲ ဝင်သွားမယ်ဆိုတဲ့ အဲဒီသန္တိဌာန်မျိုး ကို ချပြီးတော့ ကျနော်တို့ အားလုံး ညီညီညွတ်ညွန်နဲ့ အသက်ခန္ဓာ တည်မြဲနေသ၍ တိုက်ပွဲဝင် အလုပ်လုပ်သွားမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ အလုပ်လုပ်ဖို့ လိုတယ်လို့  ပြောကြားလိုပါတယ်” (ခိုင်သုခ၊ ၂၀၂၂ ဩဂုတ် ၁၁) 

ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နှလုံးသားထဲမှာ – စစ်ရေးရလဒ်ထွက်အောင် လက်တွေ့ကျကျ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ယတိပြတ် သံန္ဒိဋ္ဌာန် ချထားပြီးသား ဖြစ်ဟန်တူတယ်။ ဒါ့ကြောင့် စစ်ကို မနိုင့်နိုင်အောင် တိုက်မယ် ဆိုတဲ့ ပြောကြားချက်ကိုလည်း တွေ့ရတယ်။ စစ်ရေးခေါင်းဆောင်တွေဟာ စစ်ကို အခြေပြုစဉ်းစားတယ်လို့ စောဒက တက်ချင်ရင် တက်နိုင်ပါတယ်။ သို့သော်လည်း လက်တွေ့အခင်းအကျင်း မှာလည်း ၊ စစ်အင်အားကြီးမှသာလျှင် နိုင်ငံရေးအရ စကားပြောတဲ့အခါ လူရာသွင်းခံရတာကို သမိုင်း အတွေ့အကြုံတွေအရ ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေက နားလည်ထားပြီးဖြစ်ဟန်တူတယ်။

ရီယယ်လစ်ကမ္ဘာ 

တကယ်တော့ နှုန်းစံတွေကို ဘယ်လောက်ပဲ ကျယ်လောင်စွာ ပြောနေ ပြောနေ၊ ကမ္ဘာ့နိုင်ငံရေးမှာရော၊ မြန်မာ့နိုင်ငံရေးမှာရော ရီယယ်လစ်အခင်းအကျင်းကနေ မလွတ်ကင်းပါဘူး။ လက်တွေ့နိုင်ငံရေးမှာ လက်တွေ့ကျကျ လုပ်ကြတာ ထုံးစံပါပဲ။ လက်တွေ့နိုင်ငံရေးမှာ လက်တွေ့ကျကျ မလုပ်တာက ဗမာနိုင်ငံရေးသမား (တနည်း) ဗမာနီတွေ ဖြစ်နေတာတွေ့ရပါတယ်။ ရက္ခိုင်တော်လှန်ရေးသမားတွေက တော့၊ စစ်ရေးကို စစ်ရေးလို ပီပီပြင်ပြင် စဉ်းစား လုပ်ဆောင်တာကို တွေ့ရတယ်။ ဒီလို ပြောလို့၊ စစ်ရေးက သာလျှင် အခရာ – နိုင်ငံရေးဟာ ဘောင်မဝင်ဘူးလို့ ဆိုလိုတာ မဟုတ်။ ရက္ခိုင်တော်လှန်ရေးသမားတွေ အနေနဲ့ နိုင်ငံရေးစကားတွေ ပြောရင်လည်း – လက်တွေ့နိုင်ငံရေးကနေ ကင်းလွတ်မနေတာတွေ့ရပြန်တယ်။ 

အထူးသဖြင့် စကားလုံးဝေါဟာရတွေနဲ့  ပတ်လည်ရိုက်ပြီး ဝဲလည်လိုက်ကာ တစ်ဦးကို တစ်ဦး ပတ်လိမ်ညာ မှိုင်းတိုက် နေတဲ့ နိုင်ငံရေးကစားပွဲမှာ – ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေက မပါဝင်ချင်ဘူးဆိုတာ သိသာထင်ရှားတယ်။ ဗမာ့နိုင်ငံရေးကစားပွဲတွေမှာတော့ – စကားလုံးဝေါဟာရတွေနဲ့ ဝဲလည်လိုက်နေပြီး၊ အဖြေလည်း မထွက်၊ အီလည်လိုက် မျောနေပြီး နိုင်ငံရေးသံသရာဝဲဩဃထဲမှာ ကျင်လည်ကျက်စားနေရ တာကို တွေ့ခဲ့ရပါတယ်၊ တွေ့နေရပါတယ်၊ ထပ်မံ တွေ့မြင်ရပါလိမ့်အုံးမယ်။ 

ရက္ခိုင်ရီယယ်လစ်တွေ

ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေကို ရီယယ်လစ်တွေလို့ ပြောလို့ နေရာတကာ အကျိုးစီးပွား အခြေပြု စဉ်းစားနေတယ်လို့ မတွက်စေလို။ ရီယယ်လစ်ဇင်ရဲ့ သဘောအနက်မှာ – ဟေဂယ်ပြောတဲ့ ဒဿနဟာ အလွန် ထင်ရှားတယ် မဟုတ်လား။ 

  • ထာဝရ ရန်သူ မရှိ၊ 
  • ထာဝရ မိတ်ဆွေ မရှိ၊ 
  • ထာဝရ အကျိုးစီးပွားသာ ရှိ — ဆိုတဲ့ စကားဖြစ်ပါတယ်။ 

ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေဟာ – သူတို့ရဲ့ ရက္ခိုင်တော်လှန်ရေးကို လူထုနဲ့ အစေးကပ်အောင် အိုင်ဒီယော်လိုဂျီတစ်ခု တည်ထောင်ထားနိုင်တာတွေ့ရပါတယ်။ ဒါကလည်း အသစ်တော့ မဟုတ်ပါ။ ရှိပြီး သား တည်ဆဲ အိုင်ဒီယော်လိုဂျီကို — ပြန်လည်ထုပ်ပိုးစီစဉ်ထားတဲ့ အိုင်ဒီယော်လိုဂျီပဲဖြစ်ပါတယ်။ ဒါကို – ရက္ခိတလမ်းစဉ်လို့ လူသိများပါတယ်။ ဒါဟာ ရက္ခိုင်အမျိုးသားရေးဝါဒအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးအယူ ဝါဒဖြစ်တာကိုတွေ့ရပါတယ်။ အမျိုးသားရေးစိတ် ထက်သန်ပြင်းပြတဲ့ ရက္ခိုင်လူထုအပေါ်မှာ ရက္ခိတ လမ်းစဉ်နဲ့ အိုင်ဒီယော်လိုဂျီ အစေးကပ်မှုကို တည်ဆောက်ထားနိုင်တာတွေ့ရပါတယ်။ 

ရက္ခိုင်တော်လှန်ရေးဟာ – ရက္ခိုင်အမျိုးသားအကျိုးစီးပွားအထိုင်ပေါ်ကနေ ခြေကုတ်မြဲမြဲ လျှောက်လှမ်းနေ တာကို တွေ့နေရပါတယ်။ လက်ရှိ နိုင်ငံရေးအခင်းအကျင်းထဲမှာ – ရက္ခိုင်အမျိုးသားအကျိုးစီးပွားနဲ့ မိတ်ဖက်ဖြစ်ရင် လက်တွဲလုပ်ဆောင်မယ်၊ ရက္ခိုင်တို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ဆန့်ကျင်ဖီလာဖြစ်ရင် တော်လှန်တိုက်ထုတ်မယ် ဆိုတဲ့ မူကို ကိုင်စွဲထားတာတွေ့ရပါတယ်။ ဒါ့ကြောင့် ကစားပွဲအထိုင်တွေဟာ အကျိုးစီးပွားအထိုင်တွေပေါ် မူတည်ပြီး ရွှေ့လျားပြောင်းလဲဖြစ်တည်နေတယ်လို့ ယူဆနိုင်ပါတယ်။ 

ရီယယ်လစ်ကမ္ဘာမှာ – ရီယယ်လစ်တွေကသာလျှင် ရှင်ကျန်ထမြောက်နိုင်စမြဲပါ။ 

မင်းသေ့ 

နံနက် ဝး၅၈ 

၁၅၊ ဩဂုတ်၊ ၂၀၂၂။

Previous post စကားလုံးတွေကို ချစ်လို့
Next post နိုင်ငံရေးပထဝီဝင်