နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးလာမယ့် နိုင်ငံရေးပထဝီဝင် 

နိုင်ငံတည်ဆောက်ရေးနဲ့ပတ်သက်ရင်၊ သမိုင်းတွေ ပေါ်လစီတွေကို လူတွေက အပြောများတယ်။ ထို့နောက် အင်စတီကျူးရှင်းတွေအကြောင်း ပြောတယ်။ အင်စတီကျူးရှင်းလို့ ပြောတဲ့နေရာမှာ – လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေအကြောင်း အပြောများတယ်။ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးသိပ္ပံပညာရှင်တွေကတော့ ဒါတွေကို အပြောများမှာပေါ့။ ထပ်ပြီး ပြောရရင် ပထဝီနိုင်ငံရေးနဲ့ပတ်သက်ပြီး ပြောတာလည်း ရှိတယ်။ ဒါတွေ က လိုပါတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ လက်တွေ့ကျကျ တကယ်လုပ်ကြပြီဆိုရင် တကယ် နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် သိနားလည်ထားရမယ့် ဘာသာရပ်တွေ ရှိသေးတယ်။ အဲသည့်ထဲက လူပြော သူပြောမများတဲ့ အဓိက တစ်ခုကို ပြောချင်တယ်။ 

  • ပထဝီစီးပွားရေး။ နိုင်ငံရေးပထဝီဝင်။ 
  • ဒီအကြောင်းကို အထူး ပြောချင်တယ်။ 

ပထဝီစီးပွားရေးနဲ့ နိုင်ငံရေးပထဝီဝင်ဟာ တူသလိုလိုနဲ့ မတူပါဘူး။ ပထဝီနိုင်ငံရေးနဲ့ နိုင်ငံရေးပထဝီဝင်ကလည်း မတူပါဘူး။ ဒါကို ပထဝီသင်ဖူးတဲ့ ကျောင်းသားတွေ သိမယ်လို့ ယူဆတယ်။ ဒီနေရာမှာ ဘာသာရပ်သရုပ်ခွဲမှုကို မလုပ်ချင်ပါ။ လိုရင်းကို ပြောချင်ပါတယ်။ 

ငုပ်လျှိုးနေသော ဘာသာရပ်

ပထဝီစီးပွားရေးကို Geoeconomics လို့ ခေါ်တယ်။ နိုင်ငံရေးပထဝီဝင်ကို Political Geography လို့ ခေါ်တယ်။ ဒီဘာသာရပ်နဲ့ပတ်သက်ပြီး မြန်မာပြည်မှာ မဖြစ်ထွန်းဘူး။ ကျယ်ကျယ်ပြန့်ပြန့် ရေးသားပြောဆိုတာကို မတွေ့ရ ဘူး။ များများစားစားလည်း မရှိဘူး။ တက္ကသိုလ်အဝန်းအဝိုင်းမှာ ပို့ချသင်ကြားတာ ရှိကောင်းရှိမယ်။ ဒါတောင်မှ သင်တဲ့ တက္ကသိုလ်က ဆရာက ပြဋ္ဌာန်းသင်ရိုးစာကိုပဲ အခြေပြုသင်တာရှိမယ်။ နိုင်ငံ့အတွက်၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်သို့ဘယ်ပုံ အရေးကြီးတယ်၊ အသုံးဝင်တယ်ဆိုတာကို ကောင်းကောင်း သင်ကြား လိမ့်မယ်လို့ မထင်ဘူး။ 

လူကိစ္စ – မြေကိစ္စ 

နိုင်ငံတည်ဆောက်ရေးဆိုတာ နိုင်ငံ့စီးပွားရေးကို တည်ဆောက်ခြင်းဖြစ်တယ်လို့ ဒေါက်တာနေဝင်းမောင်က ရေးခဲ့ဖူးတယ်။ နိုင်ငံ့စီးပွားရေးကို တည်ဆောက်ဖို့အတွက် ကိုယ့်နိုင်ငံ့ရဲ့ ပထဝီကို နှောကျေအောင် သိရမယ်။ ဒါဟာ အထူးလိုအပ်တယ်။ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးလေ့လာသုံးသပ်သူအတော်များများဟာ သမိုင်းတွေ၊ အမှတ်အသားသရုပ်တွေ၊ အိုင်ဒီယော်လိုဂျီတွေ — စတာတွေပဲ အပြောများတယ်။ ဒါတွေကလည်း မလိုအပ်ဘူး လားဆိုတော့။ လိုအပ်တာပါပဲ။ ဒါပေမယ့် လူပြောသူပြောနည်းတာက – ပထဝီ အကြောင်း။ ပထဝီအကြောင်း ကို ဘယ်သူမှ ဇောင်းပေး မပြောဘူး။ တကယ်တော့ နိုင်ငံရေးဆိုတာ လူနဲ့ မြေကိစ္စပဲ။ Land and Man လို့ ပြော တယ် မဟုတ်လား။ 

ပထဝီစီးပွားရေး – နိုင်ငံရေးပထဝီဝင်

နိုင်ငံရေးပထဝီဝင်ဘာသာရပ်ဟာ ပထဝီဝင်ပညာရပ် (GEOGRAPHY) ရဲ့ အောက်က ဘာသာရပ်ခွဲ တစ်ခုဖြစ်ပါ တယ်။ ပထဝီစီးပွားရေးဆိုတာကလည်း — ခေတ်သစ်နိုင်ငံတော်တွေဟာ ကမ္ဘာကြီးနဲ့ ဘယ်လို စီးပွားရေးတွေကို ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင်တယ်၊ နိုင်ငံတကာကုန်သွယ်ရေးတွေကို ဘယ်လို နည်းဗျူဟာတွေ၊ ဘယ်လို မဟာဗျူဟာတွေနဲ့ လုပ်ဆောင်သလဲဆိုတာကို လေ့လာတာ ဖြစ်ပါတယ်။ ပထဝီစီးပွားရေးဟာ ပြင်ပကမ္ဘာကြီးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ နိုင်ငံ့စီးပွားရေးတည်ဆောက်မှု အခင်းအကျင်းအတွက် အထူးအရေးပါတဲ့ဘာသာရပ် ဖြစ်တယ်။ နိုင်ငံရေးပထဝီဝင်ကတော့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ သယံဇာတရင်းမြစ်တွေ၊ လူ့စွမ်းအားရင်းမြစ်တွေကို ဘယ်လိုနည်းဗျူဟာ၊ ဘယ်လိုမဟာဗျူဟာ၊ ဘယ်လိုပေါ်လစီမျိုးတွေ ချမှတ်ပြီး နိုင်ငံ့ စီးပွားရေးကို လုပ်ဆောင်ရမလဲဆိုတာနဲ့ အဓိက သက်ဆိုင်တယ်။ ထို့နောက် အိမ်နီးချင်းနိုင်ငံတွေမှာ ပထဝီ အနေအထားအရ အားသာတဲ့အချက်တွေက ဘာတွေလဲ၊ ကိုယ့်နိုင်ငံနဲ့ မိတ်ဖက်စီးပွားရေးလုပ်ဆောင်ရမှာတွေ က ဘယ်လိုတွေ လုပ်လို့ ရသလဲ၊ ဘယ်လို သယံဇာတနဲ့ လူ့စွမ်းအားရင်းမြစ်တွေ ရှိသလဲ၊ သူတို့ နိုင်ငံတွေနဲ့ ကိုယ့်နိုင်ငံ ထိစပ်ဒေသတွေမှာ လူတွေရဲ့ ပျံ့နှံ့နေထိုင်ပုံနဲ့ လုပ်ကိုင်စားသောက် ရောင်းဝယ်ဖောက်ကားကြပုံတွေ က ဘယ်လိုတွေဆိုတာကို လေ့လာတယ်။ 

ပထဝီဘာသာရပ်မှာ အဓိက အပိုင်း (၂) ပိုင်းရှိတယ်။ (၁) လူမှုပထဝီဝင် (Human Geography) နဲ့ ရုပ်ပိုင်းပထဝီဝင် (Physical Geography) ဆိုပြီး နှစ်ပိုင်း တွေ့ရတယ်။ နိုင်ငံရေးပထဝီဝင်ဟာ ဒီအပိုင်းနှစ်ပိုင်း စလုံးနဲ့ ဆက်စပ်နေတာပဲ။ နိုင်ငံရေးကိစ္စကို ချုပ်လိုက်ရင် – လူ့ကိစ္စ၊ မြေကိစ္စ၊ အာဏာကိစ္စ ။ ဒီသုံးချက်နဲ့ ချုပ် လို့ ရတာပဲ။ နိုင်ငံတွင်းက သယံဇာတတွေနဲ့ လူဦးရေ အနေအထားတွေကို လေ့လာဆန်းစစ်ပြီး နိုင်ငံ့စီးပွားရေးကို ဘယ်လို တည်ဆောက်မလဲဆိုတာကို လေ့လာတာဟာ နိုင်ငံရေးပထဝီဝင်ပါ။ 

ပထဝီစီးပွားရေးအမြင် 

နိုင်ငံတည်ဆောက်ရေးသမားဟာ – ပထဝီစီးပွားရေးအမြင် ရှိရမယ်။ နိုင်ငံရေးပထဝီဝင်ရဲ့ သဘောတရားကို အကြမ်းဖျင်း သိနားလည်ထားရမယ်။ တိုင်းပြည်စီးပွားရေးကို ကောင်းစွာထူထောင်နိုင်တဲ့ နိုင်ငံတွေကို ကြည့်ရင် ခေါင်းဆောင်တွေ အတော်များများမှာ – ပထဝီစီးပွားရေးအမြင် ရှိတာကို တွေ့ရတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ စီးပွားရေးကို ထိုးတင်ဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ – ပထဝီစီးပွားရေးအမြင်ဟာ ၊ စစ်ရေးအမြင်ကဲ့သို့ လည်းကောင်း၊ လုံခြုံရေးအမြင်ကဲ့သို့လည်းကောင်း၊ နိုင်ငံရေးအမြင်ကဲ့သို့လည်းကောင်း အထူးအရေးကြီးတယ်။ ထိုနည်းတူစွာပဲ နိုင်ငံတွင်းက သယံဇာတကို နေရာချထားတဲ့အခါ (resource allocation) လုပ်တဲ့နေရာမှာ၊ နိုင်ငံရေးပထဝီဝင်ကို ဘယ်လောက်နှံ့စပ်ကျွမ်းကျင်သလဲဆိုတာ သိပ်စကားပြောတယ်။ 

ပထဝီရေးအပေါ် နောကြေအောင် 

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ အတော်များများဟာ သမိုင်းတွေ သိပ်ပြောလွန်းတယ်။ ထိုနည်းလည်းကောင်း အမျိုးသားအမှတ်သရုပ်တွေကို သိပ် အပြောများလွန်းတယ်။ ဒါတွေက တိုင်းပြည်တည်ဆောက်ရေးမှာ လိုတာ မှန်ပေမယ့်၊ တကယ့်လက်တွေ့မှာ ပြည်သူလူထုအကျိုးခံစားရတာက တိုင်းပြည် စီးပွားရေး။ နိုင်ငံတည်ဆောက် ရေးသမားတစ်ယောက်ဟာ တိုင်းပြည်စီးပွားရေးကို ဆွဲမတင်နိုင်ရင် နိုင်ငံတည်ဆောက်ရေး အောင်မြင်တယ်လို့ လုံးဝ ပြောလို့ မရဘူး။ ပြည်သူလူထုကို ဗိုက်ဝအောင် မကျွေးနိုင်တဲ့ အစိုးရဟာ ဘယ်လိုလုပ် အုပ်ချုပ်စီမံမှု အောင်မြင်တယ်လို့ ပြောနိုင်မလဲ။ နိုင်ငံတည်ဆောက်ရေးဟာ နိုင်ငံ့စီးပွားရေးကို တည်ဆောက်ခြင်းဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေးကို တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေမှာ ပေါ်လစီအမြင် လက်တွေ့ကျကျ ဖြစ်ရမှာ ဖြစ်သလို၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသတွင်းက ပထဝီရေးရာ အချက်အလက်တွေအပေါ်မှာ လည်း နောကြေအောင် သိနားလည်ထားဖို့ လိုတယ်။ 

နိုင်ငံရေးပထဝီရဲ့ သဘော 

နိုင်ငံတွေအတွင်းက ပဋိပက္ခတွေကို ကြည့်ရင်လည်း သယံဇာတအပေါ်မှာ အခြေခံပြီး ပဋိပက္ခဖြစ်တာပဲ။ လုပ်ပိုင် ခွင့်တွေ၊ အာဏာတွေနဲ့ စီးပွားရေးအကျိုးအမြတ်တွေအပေါ်မှာ အခြေတည်ပြီး ပဋိပက္ခတွေ ဖြစ်တယ်။ မြန်မာ နိုင်ငံဟာ ဖက်ဒရယ်စနစ်ကို တကယ်အသက်သွင်းတော့မယ်ဆိုရင်၊ လက်တွေ့ကျကျ လုပ်ရမယ့် အပိုင်းတွေ ရှိ လာပြီ။ အဲသည့်အခါ နိုင်ငံရေးပထဝီရဲ့ သဘောဟာ အလွန်အရေးပါလာပြီ။ 

  • ဘယ်လူမျိုးတွေက ဘယ်လို ပျံ့နှံ့ နေထိုင်သလဲ။ 
  • သူတို့မှာ ဘယ်လို ယဉ်ကျေးမှုတွေ ရှိသလဲ။ 
  • ဘယ်ဒေသတွေမှာ ဘယ်လို သယံဇာတတွေ ရှိသလဲ။ 
  • ဒေသတွင်း စိုက်ပျိုးမြေဧကတွေက ဘယ်သို့ ဘယ်ပုံ ရှိသလဲ။ 
  • မြေပေါ် သယံဇာတတွေက ဘာတွေလဲ။ 
  • မြေအောက် သယံဇာတတွေက ဘာတွေလဲ။ 
  • ရောင်းဝယ်ဖောက်ကားဖို့ ကုန်ထုတ်လုပ်ရေးက ဘယ်လိုပုံစံ ရှိသလဲ။ 
  • မြေမျက်နှာသွင်ပြင်အနေအထားတွေရဲ့ ဖြန့်ကျက်တည်ရှိပုံက ဘယ်လိုလဲ။ 
  • ရာသီဥတု အခြေအနေနဲ့ မြစ်ချောင်းအင်းအိုင်တွေရဲ့ တည်ရှိမှုက ဘယ်လိုလဲ။ 
  • ပင်လယ်ကမ်းရိုးတန်း ရှိသလား။ 
  • မြစ်ဝကျွန်းပေါ်လား။ 
  • သဲကန္တာရလား။ 
  • ကုန်သွယ်စီးဆင်းသွားလာမှု လမ်းကြောင်းတွေ ဘယ်လို ရှိသလဲ။ 
  • သစ်တောနဲ့ စက်မှုကုန်ကြမ်းတွေက ဘာတွေလဲ။ 

စတာတွေဟာ — ပညာရှင်တွေရဲ့ အလုပ်ဖြစ်တယ်၊ နိုင်ငံရေးသမားနဲ့ မဆိုင်ဘူးလို့၊ နလပိန်းတုံးအမြင်ရှိတဲ့သူက ပြောမယ်။ ဒါ‌တွေ အသေးစိတ် သိစရာ မလိုဘူးလို့ ပြောကောင်းပြောမယ်။ ဒီလိုအဆန်ချောင်ဟာ အချောင်လိုက် တဲ့ နိုင်ငံရေးသမားပဲဖြစ်မယ်။ ဘယ်တော့မှ နိုင်ငံတည်ဆောက်ရေးမှာ သုံးလို့ မရနိုင်ဘူး။ တိုင်းပြည်ကို ပြုမယ့်သူ၊ နိုင်ငံကို တည်ဆောက်မယ့်သူ (တနည်း) နိုင်ငံရေးတည်ဆောက်ရေးသမားကတော့ ဒါတွေကို သိရမယ် ဒါတွေကို နားလည်ရမယ်။ ဒီသဘောတရားတွေကို အခြေခံအားဖြင့်လည်း သိနားလည်ရမယ်၊ ကြေကြေလည်လည်လည်း သိနားလည်ရမယ်။ ဒီလို လုပ်ဖို့လည်း သိပ် မခက်ဘူး။ 

မြန်မာပြည်ဟာ ဇီးရွက်လောက်ကလေး ရှိတာပါ။ မြန်မာပြည်ဟာ သိပ်ကျဉ်းပါတယ်။ အဲသည့်ထဲက ပြည်နယ်တစ်ခုဆိုရင် ပိုလို့ ကျဉ်းတာပေါ့။ ဘာလို့ လုပ်လို့ မရရမှာလဲ။ ဘာလို့ ကိုယ့်ဒေသတွင်းက ပထဝီစီးပွားရေး အချက်အလက်တွေနဲ့ နိုင်ငံရေးပထဝီဝင်အချက်အလက်တွေကို သိနားလည်အောင် လုပ်လို့ မရမှာလဲ။ လုပ်လို့ ရတာပေါ့။ သိပ်မခက်ပါဘူး။ 

ဒါတွေကို ကြိုသိနားလည်အောင် လေ့လာထားဖို့ လက်တို့ လိုက်ရပါကြောင်း…..။ 

မင်းသေ့ 

နံနက် ၁း၂၄ 

၁၄ ၊ ဩဂုတ်၊ ၂၀၂၂။

Previous post ရက္ခိုင်ရီယယ်လစ်များ 
Next post ကွန်ဖက်ဒရေးရှင်းဆိုတာ ဘာလဲ