ကွန်ဖက်ဒရေးရှင်းဆိုတာဘာလဲ။ ဒါကို အတတ်နိုင်ဆုံး အလွယ်တကူ အရှင်းလင်းဆုံး ပုံစံနဲ့ ရှင်းလင်းဖို့ ရည်ရွယ် ပါတယ်။ ကွန်ဖက်ဒရေးရှင်းဆိုတာ – အင်္ဂလိပ်ဝေါဟာရ “Confederation” ဆိုတဲ့ စကားလုံးကို တိုက်ရိုက် အသံ ဖလှယ်ပြီး ယူထားတာဖြစ်ပါတယ်။ Democracy ဆိုတာကို အသံထွက်အတိုင်းရေးတဲ့ “ဒီမိုကရေစီ” ဆိုတဲ့ အခေါ်အဝေါ်လို အသံထွက်အတိုင်း ပြောတာ၊ ရေးတာဖြစ်တယ်။ 

လူအတော်များများဟာ ကွန်ဖက်ဒရေးရှင်းနဲ့ ဖက်ဒရယ်ဆိုတာကို ကွဲကွဲပြားပြား နားမလည်ကြဘူး။ ဖက်ဒရယ် ဆိုတဲ့ အခြေခံသဘောကို နားလည်ရင် ကွန်ဖက်ဒရေးရှင်းကို နားလည်ဖို့ မခက်ဘူး။ ကွန်ဖက်ဒရေးရှင်းဆိုတာကို နားလည်ရင်လည်း ဖက်ဒရယ်ဆိုတာကို နားလည်ဖို့ မခက်ဘူး။ ဒါပေမယ့် နှစ်မျိုးစလုံးကို ဂဃနဏ နားမလည်ရင် တော့ ပိုရှုပ်ကုန်မယ်။ 

ကွန်ဖက်ဒရေးရှင်းဆိုတာ ဘာလဲ 

ကွန်ဖက်ဒရေးရှင်းဆိုတာကို အနက်သဘော တစ်ခုချင်းစီနဲ့ ရှင်းလင်းနိုင်ပါတယ်။ 

မဟာမိတ်သဘော။ ကွန်ဖက်ဒရေးရှင်းဆိုတဲ့ အနက်မှာ – မဟာမိတ်သဘော ဆိုတာကို တွေ့ရတယ်။ မဟာမိတ်ဆိုတဲ့သဘောက တန်းတူညီမျှမှု ရှိတယ်၊ တစ်တန်းတစ်စားတည်းဖြစ်တယ်၊ ရေပြင်ညီသဘောဖြစ် တယ်၊ မိတ်ဖက်သဘောဖြစ်တယ်။ ဘယ်သူက ဘယ်သူ့အပေါ်ကိုမှ လွှမ်းမိုးချုပ်ကိုင်တာမျိုး၊ ဗိုလ်ကျစိုးမိုးတာ မျိုး မရှိဘူး။ သီးခြားလွတ်လပ်သော အချုပ်အခြာအာဏာတွေ ကိုယ်စီရှိတယ်။ ဒါဟာ ကွန်ဖက်ဒရေးရှင်းရဲ့ အနက်သဘောတွေထဲက တစ်ခုဖြစ်တယ်။ 

သဟာရစုဖွဲ့မှု။ ကွန်ဖက်ဒရေးရှင်းဆိုတဲ့ အနက်မှာ – သဟာရစုဖွဲ့မှုသဘောကို တွေ့ရတယ်။ သဟာရ စုဖွဲ့မှုဆိုတာ ဘုံအကျိုးစီးပွားအပေါ်မှာ အခြေခံခြင်းဖြစ်တယ်။ သီးခြားလွတ်လပ်မှုရှိတဲ့ အုပ်စုတွေအတွင်းမှာ ဘုံအကျိုးစီးပွားတစ်ခုအပေါ်မှာ ရပ်ခံပြီး စုစည်းထားခြင်းဖြစ်တယ်၊ စုဖွဲ့ထားခြင်းဖြစ်တယ်၊ ဖွဲ့စည်းထားခြင်းဖြစ် တယ်။ ဒီနေရာမှာ အရေးကြီးတာက ဘယ်အရာဟာ ၎င်းအုပ်စုတွေအတွက် common ground ဖြစ်မလဲဆိုတာ ဟာ သိပ်အရေးကြီးတယ်။ ဘုံတူညီချက် အများအပြားအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်ခံထားနိုင်ရင် သဟာရစုဖွဲ့မှုဟာ ခိုင်မြဲတဲ့သဘောရှိမယ်။ ဘုံတူညီချက် နဲ့ ဘုံအကျိုးစီးပွားတွေ ခပ်နည်းနည်းနဲ့ ခပ်ကျဉ်းကျဉ်းပဲ ရှိနေရင် သဟာရ စုဖွဲ့မှုဟာ လျော့ရွဲမယ်၊ မခိုင်မာဘူး၊ အချိန်မရွေး ပျက်ယွင်းသွားနိုင်တယ်။ သဟာရစုဖွဲ့မှုကို ဘယ်လို စုဖွဲ့မလဲ ဆိုတာဟာ သိပ်အရေးကြီးတဲ့ စဉ်းစားချက်ဖြစ်လာလိမ့်မယ်။ 

အတူယှဉ်တွဲနေထိုင်ရေး။ ကွန်ဖက်ဒရေးရှင်းဆိုတဲ့ အနက်မှာ – အတူယှဉ်တွဲနေထိုင်ရေးသဘောကို တွေ့ရတယ်။ ဒီနေရာမှာ “အတူယှဉ်တွဲ” ဆိုတဲ့ စကားလုံးကို နားလည်ပါ။ “အတူပေါင်းစည်း” မဟုတ်ပါ။ ကွန်ဖက်ဒရေးရှင်းနိုင်ငံမှာ – လွတ်လပ်သောအချုပ်အခြာအာဏာရှိတဲ့ ပြည်နယ်တွေ အတူယှဉ်တွဲစုဖွဲ့ထားတဲ့ ပုံစံ ကို တွေ့ရတယ်။ ပြည်နယ်တွေမှာ သီးခြားအချုပ်အခြာအာဏာတွေ ရှိတယ်။ ဒီအချုပ်အခြာအာဏာတွေကို ဗဟို အစိုးရ/နိုင်ငံတော်အစိုးရက အလွယ်တကူဝင်ရောက်စွက်ဖက်လို့ မရဘူး။ ပြည်နယ်တွေဟာ ဗဟိုချုပ်ကိုင်မှု ကနေ သီးခြားကင်းလွတ်နေတယ်၊ သီးခြားလွတ်ထွက်နေတယ်။ ပြည်နယ်တွေမှာလည်း ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိနေတယ်။ ပြည်နယ်အချင်းချင်း ဘုံအကျိုးစီးပွားတစ်ခုကြောင့် အတူယှဉ်တွဲနေ ထိုင်နေတာသာ ဖြစ်တယ်။ တစ်ယောက်ယောက်က ၊ တစ်ဦးဦးက၊ (တနည်း) ပြည်နယ်တစ်ခုခုက ထဖောက်ရင် သီးခြားခွဲထွက်နေထိုင်လိုက – သီးခြားခွဲထွက်ခွင့် အပြည့်ရှိနေတာ တွေ့ရတယ်။ 

ဗဟိုချုပ်ကိုင်မှုမှ ကင်းလွတ်နေခြင်း။ ကွန်ဖက်ဒရေးရှင်းဆိုတဲ့ အနက်မှာ – ဗဟိုချုပ်ကိုင်မှုကနေ သီးခြား ကင်းလွတ်နေတဲ့သဘောကို တွေ့ရတယ်။ ဗဟိုအစိုးရက ပြည်နယ်အစိုးရကို ခြယ်လှယ်လို့ မရဘူး။ ချုပ်ကိုင်လို့ မရဘူး။ ညှိနှိုင်းဆောင်ရွက်ခွင့်သာ ရှိတယ်။ ညှိနှိုင်းဆောင်ရွက်ခွင့်ဆိုတာမှာလည်း  – ပြည်နယ်အစိုးရမှာ bargaining power ပို ရှိတယ်။ ဗဟိုအစိုးရမှာ သိပ် မရှိ။ ဗဟိုအစိုးရက သဘာပတိသဘောလောက်သာ၊ moderator role လောက်မှာသာ ရှိတယ်၊ ဒိုင်လူကြီးသဘောမျိုး၊ စည်းကျပ်ဒိုင် သဘောမျိုးသာရှိတယ်။ ဒါတောင်မှ သဘာပတိနဲ့ ဒိုင်လူကြီးကို အထူးအာဏာကုန်လွှဲအပ်ထားတာမျိုး မဟုတ်။ တခါတရံ ကွန်ဖက်ဒရေး ရှင်းနိုင်ငံတွေမှာ ရှိတဲ့ ဗဟိုအစိုးရဆိုတာမျိုးဟာ ရုပ်ပြသဘောမျိုးသာ ရှိနေတတ်တယ်။ ဗဟိုအစိုးရ အားမကောင်းတဲ့ ပုံစံမျိုး။ ဗဟိုအစိုးရ အားကောင်းခွင့်ရှိတဲ့ ပုံစံမျိုး မဟုတ်။ ဒါ့ကြောင့် တချို့က ကွန်ဖက်ဒရေး ရှင်းဆိုတာကို လျော့ရဲသော ဖွဲ့စည်းပုံစနစ် လို့ အနက်ပြန်ကြတာဖြစ်တယ်။ ကွန်ဖက်ဒရေးရှင်းစနစ်မှာ ဗဟိုရဲ့ ချုပ်ကိုင်ရေးလက်တံတွေ ဘယ်မှ ထားခွင့်မပေးတဲ့ ပုံစံကို တွေ့ရတယ်။ 

အနှစ်ချုပ် 

ကွန်ဖက်ဒရေးရှင်းနဲ့ပတ်သက်ပြီး အနက်တူ ဝေါဟာရ စကားလုံးတွေ ရှိပါသေးတယ်။ လောလောဆယ် ဒီအချက် လေးချက်နဲ့ နိဂုံးချုပ်ပါအုံးမယ်။ ကွန်ဖက်ဒရေးရှင်းဆိုတဲ့ အနက်မှာ – မဟာမိတ်သဘော စုဖွဲ့မှုကို တွေ့ရတယ်၊ ဘုံတူညီချက်တစ်ခုမှာ ရပ်ခံ စုဖွဲ့တဲ့ – သဟာရစုဖွဲ့မှုပုံစံကို တွေ့ရတယ်။ ရေပြင်ညီသဘော တန်းတူစုဖွဲ့ထားတဲ့ အတူယှဉ်တွဲနေထိုင်ရေး အသွင်အပြင်ကို တွေ့ရတယ်။ ဗဟိုချုပ်ကိုင်မှုကနေ သီးခြားကင်းလွတ်နေတဲ့ ပြည်နယ် အချုပ်အခြာအာဏာပိုင်မှုတွေကို တွေ့ရတယ်။ ပြည်နယ်တွေဟာ တချို့နေရာတွေမှာ ဗဟိုအစိုးရထက်တောင် လုပ်ပိုင်ခွင့်အာဏာ ပိုလွန်နေတာမျိုးကို ကွန်ဖက်ဒရေးရှင်းစနစ်မှာ တွေ့ရတယ်။ 

မင်းသေ့ 

နံနက် ၇း ၄၆ 

၁၂ ၊ ဩဂုတ်၊ ၂၀၂၂။

Previous post နိုင်ငံရေးပထဝီဝင် 
Next post ကွန်ဖက်ဒရေးရှင်းအာဂျင်ဒါ နဲ့ ရက္ခိုင်

2 thoughts on “ကွန်ဖက်ဒရေးရှင်းဆိုတာ ဘာလဲ

Comments are closed.