စခရင်နဲ့ စက္ကူပေါ်က ရာခိုင်နှုန်းများ

၂၀၂၁ ခုနှစ် ၊ အောက်တိုဘာ (၁၃)။ လွန်ခဲ့သော (၆) လကျော်လောက်က၊ “စာဖတ်သူ စစ်တမ်း” တစ်ခု ကျနော် ကောက်ခံခဲ့ပါတယ်။ မေးခွန်းအားလုံးကို ဖြေဆိုတဲ့သူ စုစုပေါင်း (၆၆၇) ယောက် ရှိပါတယ်။ ‘စာဖတ်သူစစ်တမ်း’ မှာ မေးတဲ့ မေးခွန်း နံပါတ် (၆) နဲ့ (၉) အတွက် တွေ့ရှိချက်တချို့ကို တင်ပြချင်တယ်။

မင်းသေ့စာတွေကို ဘယ်နေရာကနေ ဖတ်ဖြစ်ပါသလဲ။

ဒီမေးခွန်းဟာ လူတွေ ဘယ်ပလက်ဖောင်းပေါ်မှာ စာဖတ်ခြင်းကို ပိုလုပ်ဖြစ်လဲဆိုတာကို သိချင်လို့ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း ကျနော့်စာတွေကို ဘယ်ပလက်ဖောင်းပေါ် ဦးစားပေးတင်ပြရမလဲဆိုတာကိုလည်း သိချင်လို့ ဖြစ်ပါတယ်။

၁။ စာဖတ်သူတွေဟာ မင်းသေ့ရဲ့ အသံထွက်ဆောင်းပါးတွေနဲ့ အကျွမ်းဝင်မှု အင်မတန်နည်းလွန်းတာကို တွေ့ရပါတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း အသံထွက်ဆောင်းပါးတွေ ထုတ်လုပ်နိုင်မှု အင်မတန် နည်းလွန်းလှတယ်။ supply side ဘက်က နည်းလို့ စားသုံးသူ နည်းတာလို့ မှတ်ချက်ပြုနိုင်ပါတယ်။ ဖြေဆိုသူပေါင်း (၆၆၀) ကျော်မှာ (၀.၃) % သာ အသံထွက်ဆောင်းပါးတွေကို အာရုံစိုက်ကြတယ်လို့ တွက်ဆနိုင်ပါတယ်။

၂။ ဒီနေ့ခေတ်မှာ လူအတော်များများက စာအုပ်နဲ့သာ စာကို ဖတ်တော့တာ မဟုတ်တော့ဘူး။ အင်တာနက် အွန်လိုင်းပေါ်ကနေ စာတွေ ပိုဖတ်ဖြစ်ကြတယ်ဆိုတာကို စစ်တမ်းအရ ပြတ်ပြတ်သားသား သိလိုက်ရပါတယ်။ ဖြေဆိုသူပေါင်း (၆၆၀) ကျော်မှာ (၄.၂) % သာ စာအုပ်အပေါ်မှာ သီးသန့် အာရုံစိုက်နိုင်တော့တယ်။ စာအုပ်လည်း ဖတ်တယ်၊ အွန်လိုင်းပေါ်မှာလည်း စာဖတ်ဖြစ်တယ်ဆိုတဲ့ စာဖတ်သူ အချိုးဟာ (၂၈) % ရှိပါတယ်။ ခေတ်ကာလ ပြောင်းလဲမှုကြောင့် လူတွေရဲ့ စာဖတ်ဓလေ့ စာဖတ်ခြင်း အပြုအမူ သိသိသာသာပြောင်းလဲလာတဲ့ သဘောပါ။ အဲသည့်အထဲမှာ အွန်လိုင်းပေါ်မှာပဲ ဖတ်ဖြစ်တယ် ဆိုတဲ့ လူအုပ်စုဟာ အများဆုံး ဖြစ်ပါတယ်။ အဲသည့် ပမာဏဟာ (၆၇) % လောက်ကို ရှိပါတယ်။ စာဖတ်သူတွေ အားလုံးရဲ့ (၃) ပုံပုံရင် (၂) ပုံနီးပါးလောက်က အွန်လိုင်းမှာ စာပိုဖတ် ကြတယ်ဆိုတာ တွက်ဆနိုင်ပါတယ်။

နောက်ထပ် နံပါတ် (၉) မေးခွန်းမှာတော့ အွန်းလိုင်းပေါ်မှာ စာပိုဖတ်ဖြစ်တဲ့ စာဖတ်သူတွေ စာအုပ်ကိုရော ဝယ်ဖတ် ဖြစ်ရဲ့လား ဆိုတာကို မေးတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဘာ့ကြောင့်ဆိုတဲ့ တွေ့ရှိချက်ကိုပါ သိချင်လို့ ဒီမေးခွန်းကို မေးမြန်းခဲ့ပါတယ်။

မင်းသေ့စာအုပ်တွေ ဝယ်ဖတ်ဖြစ်ပါသလား။

၃။ မင်းသေ့စာအုပ်တွေကို အွန်လိုင်းမှာပဲ အများစု ဖတ်ဖြစ်ကြပြီး၊ စာအုပ်ဝယ်မဖတ်ဖြစ်သူတွေဟာ (၆၅) % လောက် ရှိတာကို တွေ့ရပါတယ်။ အဲသည့်အထဲမှာ လုံးဝ ဝယ်မဖတ်ဖြစ်တဲ့သူက (၄၄) % ဖြစ်ပြီး၊ ဝယ်ချင်ပေမယ့် ဝယ်ယူဖို့ မလွယ်ကူတာ၊ ဝယ်ယူဖို့ ခက်ခဲနေတဲ့သူ ပမာဏဟာ (၂၁) % ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေဆီက ငှားရမ်း ဖတ်ရှုဖြစ်တဲ့သူကတော့ (၆) % ရှိတာ တွေ့ရပါတယ်။

အနှစ်ချုပ် ကောက်ချက် နှင့် မှတ်ချက်

စာဖတ်သူ စစ်တမ်း မေးခွန်း (၆) နဲ့ (၉) ပါ တွေ့ရှိချက်အရ၊ မင်းသေ့ စာတွေကို အွန်လိုင်းမှာပဲ အမြဲတမ်း အားပြုဖတ် တဲ့သူ အရေအတွက်ဟာ (၇၀) % နီးပါး ရှိတယ်လို့ ကောက်ချက်ဆွဲလို့ ရပါတယ်။ (၇၀) % ဆိုတာ အင်မတန် များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။

ဒါဟာ အောက်ပါ အချက်တွေကြောင့် ဖြစ်နိုင်တယ်။

(က) ကျနော်ဟာ လူမှု – နိုင်ငံရေးနဲ့ စာပေရေးရာတွေကို ရေးသားတာများပါတယ်။ လူမှု – နိုင်ငံရေး ဆောင်းပါးတွေကို ရေးတဲ့အခါ သမိုင်းဆိုင်ရာနဲ့ မျက်မှောက်ရေးရာဆောင်းပါးတွေ အရေးများပါတယ်။ ဆောင်းပါးတွေ ဖြစ်ခြင်းကြောင့် စာဖတ်သူ ပြည်သူကို တိုက်ရိုက် မက်ဆေ့ပေးရတယ်၊ စဉ်းစားဆင်ခြင်နိုင် ဖွယ်ရာ ပေးရတယ်။ တတ်နိုင်သရွေ့ ခေတ်ကို ထင်ဟပ်စေတဲ့ ဆောင်းပါးတွေ ရေးရတာမို့၊ ရေးပြီးပြီးချင်း စာဖတ်သူ ဖတ်နိုင်ဖို့ အွန်လိုင်းပေါ် တင်ပေးရပါတယ်။ အဲသည်လို တင်ပေးမှလည်း တိုက်ရိုက်စားသုံးနိုင် မယ်၊ လျင်လျင်မြန်မြန် စားသုံးနိုင်မယ်။ အထူးသဖြင့် တည်ဆဲအခြေအနေနဲ့ ထင်ဟပ်တဲ့ စာတွေ ရေးတာ မို့ စာတွေဟာ သိုးသွားလို့ မရဘူး။ ဒီ့အတွက် အင်တာနက် အွန်လိုင်းရှိတာ သိပ်ကောင်းတယ်။ ဒီပလက် ဖောင်းကို သုံးပြီးတော့ စာဖတ်သူ လူထုကို ကျေးဇူးပြုရတာ သိပ် အကျိုးများတယ်။

(ခ) ကျနော့် မိတ်ဆွေ တချို့က အကြံပေးဖူးတယ်။ ရေးသမျှ စာတိုင်းကို အွန်လိုင်းပေါ် မတင်ပါနဲ့လား…တဲ့။ စာအုပ်ထဲမှာပဲ ဖတ်ကြပစေပေါ့…လို့ အကြံပေးဖူးတယ်။ ကျနော်က ကျနော် ရေးသမျှ စာတွေရဲ့ (၉၅) % ကို အွန်လိုင်းပေါ်မှာ တင်ပေးပါတယ်။ အကြောင်းကတော့ လူများများ ဖတ်စေချင်လို့ ဖြစ်ပါတယ်။ စာအုပ်ဝယ်တာ မဝယ်တာ အပထား၊ ဖတ်ဖြစ်ဖို့ဟာ လိုရင်း ဖြစ်ပါတယ်။ အဲသည့်အထဲမှာ တစိမ့်စိမ့်ဖတ်ချင်သူကတော့ ဝယ်ကြပစေပေါ့။ သို့သော် စာဖတ်သူလူထု ဖတ်ရှုရ အလှမ်း မီဖို့၊ များများ ဖတ်နိုင်ဖို့၊ လွတ်လွတ်လပ်လပ် ဖတ်နိုင်ဖို့၊ တစ်အုပ် မဖတ်ဖြစ်ပေမယ့် တစ်ပုဒ်တစ်လေ ဖတ် ဖြစ်ရင်ကို အကျိုးများမယ်လို့ ခံယူလို့ အွန်လိုင်းပေါ်မှာ ရေးသမျှစာတွေကို အကန့်အသတ် မရှိ၊ အချုပ် အနှောင် မရှိ ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

(ဂ) ကျနော့်ရဲ့ ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်တွေရဲ့ ပုံနှိပ်မှတ်တမ်းမှာတောင် “ဤစာအုပ်ကိုပြည်သူ့ထံကို ဖြန့်ချိပြီးဖြစ်၍ ပြည်သူက ပိုင်ပါသည်၊ လွတ်လပ်စွာ ကောက်နုတ်ကူးယူဖော်ပြနိုင်ပါသည်၊ စာရေးဆရာ အား (တကူးတက) ခွင့်ပြုချက်တောင်းရန် မလို” လို့ ပြတ်ပြတ်သားသား ရေးသားဖော်ပြပြီး ပုံနှိပ်ထားပြီး ဖြစ်ပါတယ်။ ဒီ့အတွက် အွန်လိုင်းမှာ “ကော်ပီ” (copy) ကူးပြီး ပြန်ဖော်ပြတာ၊ မျှဝေဖို့ ခွင့်တောင်းတာ၊ “ကျနော်တို့ page မှာ တင်ချင်လို့ ခွင့်ပြုပေးပါ” “ဒီစာလေး ယူသုံးချင်လို့ ခွင့်ပြုပေးပါ” ဆိုတဲ့ တောင်းဆို ချက်တွေကို “တကူးတက ခွင့်ပြုချက်တောင်းရန် မလို” ဆိုတဲ့ ပြတ်သားရှင်းလင်းတဲ့ သတင်းစကားနဲ့ ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။

စာပေဝေသန္တရာ

ဒါ့ကြောင့်လည်း ဤသို့သော အကြောင်းအခြင်းအရာတွေကြောင့် ကျနော် မင်းသေ့ရဲ့ (ပျင်းစရာကောင်း) (တချို့ ဦးနှောက်ခြောက်စရာကောင်း) တဲ့ စာတွေ ဖြစ်စေကာမူ လူအများအပြားဟာ အွန်လိုင်းပေါ်မှာ ဖတ်ပျော်ကြတယ် လို့ ထင်ပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ်အွန်လိုင်း ပလက်ဖောင်းရဲ့ အားသာချက်ပါပဲ။ စာအုပ် ရောင်းရသည် ဖြစ်စေ မရောင်းရသည် ဖြစ်စေ။ မင်းသေ့ စာတွေဟာ သူတို့ ဖုန်းထဲမှာ၊ သူတို့ ကွန်ပြူတာထဲမှာ၊ သူတို့ ဖုန်းမှတ်စုထဲမှာ ဖတ်ဖြစ်တယ်ဆိုရင်ကို မြန်မာ့လူ့အဖွဲ့အစည်းအတွက် အတော် အကျိုးများနေပြီလို့ မှတ်ယူပါတယ်။ တချို့လည်း စာအုပ်ဝယ်ရတာ ခက်ခဲတဲ့အခါ အုပ်လိုက် ဖတ်နိုင်ဖို့ မင်းသေ့ ဝက်ဆိုဒ် (www.minthayt.com) မှာလည်း စာအုပ်တွေ အခမဲ့ ဒေါင်းလုတ်ဆွဲလို့ရအောင် အားလုံးနီးပါး တင်ပေးထားပါကြောင်း…..။

မင်းသေ့

ည ၈း၃၀

၂၈၊ ဧပြီ၊ ၂၀၂၂။

Previous post တေဇာစန်း (သို့မဟုတ်) နွေဦးနိဒါန်း
Next post ရွေးချယ်နိုင်ခွင့် မရှိတဲ့ဘဝ