ရွေးချယ်နိုင်ခွင့် မရှိတဲ့ဘဝ

  • ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင် ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ လူအဆင့်မှာ မရှိတော့ပါဘူး။ (ဦးဇောတိက၊ လွတ်လပ်သောစိတ်၊ ၂၀၀၆ ၊ စာ ၇၈)

လွတ်လပ်သောစိတ် စာအုပ်ဟာ ကျနော့်ဘဝရဲ့ ရာခိုင်နှုန်းအတော်များများကို လွှမ်းမိုးပြုပြင်ခဲ့တဲ့ စာအုပ်ဖြစ်ပါ တယ်။ လွတ်လပ်မှုနဲ့ ဆက်စပ်တွေးခေါ်ရတဲ့ ရွေးချယ်ခွင့်ဆိုတာကို ကျနော် ရှာဖွေခဲ့တယ်။

  • ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း…တဲ့။
  • ရွေးချယ်တာကို မလုပ်ရင်….တဲ့။
  • လူ့အဆင့်မှာ မရှိတော့ဘူး….တဲ့။

နံပါတ် (၁) ရွေးချယ်နိုင်တဲ့အခွင့်အလမ်း ဆိုတာ ဝန်းကျင်နဲ့ သက်ဆိုင်ပါတယ်။ ကျနော်တို့ တွေးလေ့ရှိတာက “ငါဟာ ရွေးချယ်နိုင်တဲ့ ဝန်းကျင်မှာ ရှိနေသလား” ဆိုတာကိုပါ။ သို့သော်လည်း “ရွေးချယ်လို့ရတဲ့ ဝန်းကျင်ကို ငါ ကိုယ်တိုင် ဖန်တီးတည်ဆောက်မယ်” လို့တော့ သိပ် မတွေးဖြစ်ကြပါဘူး။ အခြေအနေက ရွေးချယ်ခွင့် မပေးရင်၊ ကျနော်တို့ဟာ တည်ဆဲနေရာမှာပဲ နေထိုင်ဖို့ စိတ်ကူးကြလေ့ရှိတယ်။ ရွေးချယ်ခွင့် မရှိတဲ့ ဝန်းကျင်ကို ရွေးချယ်ခွင့်ရှိတဲ့ဝန်းကျင်ဖြစ်အောင် ဖန်တီးမယ်ဆိုတဲ့ စိတ်သဘောထား ပါးလျကြတယ်။

အကယ်၍ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း ရှိလာရင်ရော….၊ ကျနော်တို့ ရွေးရဲမလား။

နံပါတ်(၂) ရွေးချယ်တာကို လုပ်/ မလုပ်ခြင်း ဟာ ကျနော်တို့ ကိုယ်တိုင်နဲ့ သက်ဆိုင်နေပါတယ်။ လူအတော်များများ က ရွေးချယ်စရာ ရှိတာကိုတောင် မရွေးရဲဘူး။ ဘာလို့လဲ။ သူတို့ကို ဘယ်အရာက တုပ်နှောင်ထားလို့လဲ။

လူတွေထဲမှာ လွတ်လပ်မှု မရှိတဲ့ ဘဝတွေ မြောက်မြားစွာ ရှိနေပါတယ်။ လူအတော်များများကို လေ့လာကြည့်ရင် တစ်ခုမဟုတ် တစ်ခုနဲ့ တုပ်နှောင်ခြင်း ခံထားရတယ်။ တချို့ကလည်း ‘မလွန်ဆန်နိုင်တဲ့ တာဝန် ဝတ္တရား’ တွေလို့ အကြောင်းပြကြတယ်။ တချို့ကလည်း ‘စားဝတ်နေရေး’ အတွက်ပါလို့ ဆင်ခြေပေးကြတယ်။ တချို့ကလည်း ‘ပြောင်းလဲလိုက်ရင် ဒီ့ထက်ပိုခက်ခဲမှာပေါ့’ လို့ ပြောကြပြန်တယ်။ တချို့ကလည်း “အများလုပ်သလို လိုက်လုပ်ရတာပဲ၊ သူများတွေလည်း ဒီလိုပဲ လုပ်တာ” လို့ အကြောင်းပြပြန်တယ်။ လူတွေမှာ ဆင်ခြေတွေကတော့ ဘယ်တော့မှ ကုန်မယ် မထင်ပါဘူး။

သိမြင်နားလည်မှု တစ်ခု

လူ့လောကဝန်းကျင်ထဲကို ကာလအတိုင်းအတာတစ်ခုထိ တိုးဝင်ဖြတ်သန်းပြီးတဲ့အချိန်မှာ၊ ကျနော် သိလိုက်ရတာ ရှိတယ်။

  • “လူတွေဟာ ရွေးချယ်ခွင့်ကိုလည်း မဖန်တီးနိုင်ဘူး။ ရွေးချယ်ခွင့် ရှိရင်လည်း မရွေးရဲကြဘူး” ဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ လူဖြစ်နေပါလျက်နဲ့ လူဖြစ်ရှုံးကြတယ်။

ဒီနေ့ခေတ် လူငယ်တွေကတော့ လူကြီးတွေထက် ပို ရွေးချယ်ရဲတယ်၊ ပိုရွေးချယ်နိုင်တဲ့ ဝန်းကျင်ကိုလည်း ပိုအလို ရှိတယ်။ အသက်အားဖြင့် အိုမင်းသွားတဲ့ လူကြီးပိုင်းမှာတော့ မရွေးချယ်ရဲတော့ဘဲ၊ တည်ဆဲနေရာမှာ “ပိုနေမြဲ ကျားနေမြဲ” နေရတာကို သဘောကျလေ့ရှိတယ်။

လူဆိုတာ အသက်အားဖြင့် ကြီးပြင်းလာလေလေ၊ အထွေထွေသော တုပ်နှောင်မှုတွေ ကြားမှာ နစ်ဝင်လာလေလေ ဆိုတာ မှန်မလား မသိဘူး။ ဒါ မှန်နိုင်ပါတယ်။ အထူးသဖြင့် ဌာနဆိုင်ရာ အလုပ်တွေကို လုပ်နေတဲ့ လူကြီးအတော် များများမှာ ရုန်းထွက်ဖို့ ခက်တာတွေ့ရတယ်။ သူတို့ဟာ ရွေးချယ်ခွင့်ကိုလည်း ဖန်တီးနိုင်စွမ်း မရှိတော့ဘူး။ ရွေးချယ်ခွင့်ရှိလာရင်လည်း မရွေးချယ်ရဲတော့ဘူး။ တည်ဆဲနေရာမှာ ကျောက်ချနေထိုင်ရတာ သူတို့အတွက် လုံခြုံ တယ်လို့ သူတို့ ထင်တယ်။

ဒါတွေ ဖြစ်နိုင်

မရွေးချယ်ရဲတဲ့ အကြောင်းရင်းဇာစ်မြစ်တွေထဲမှာ အောက်ပါအချက်တွေ ပါဝင်နိုင်တယ်။

  • ရာထူးဌာနန္တရမှာ တွယ်ကပ်နေတာ။
  • ပိုနေမြဲ ကျားနေမြဲကိုပဲ အလိုရှိတာ။
  • တည်ငြိမ်မှုကိုပဲ အလိုရှိတာ။
  • တည်ဆဲအနေအထားလေး ပျက်ယွင်းသွားမှာ ကြောက်တာ။
  • ပြောင်းလဲလိုက်လို့ လှုပ်ခပ်သွားမှာ သူတို့ ကြောက်တယ်။
  • တည်ဆဲနေရာက သက်သောင့်သက်သာ ရှိနေတာ။
  • မစွန့်စားချင်တော့ဘူး။
  • ဘဝမှာ သိပ်များများစားစားလည်း မျှော်လင့်ချက် မထားတော့ဘူး။

အထူးသဖြင့် ဌာနဆိုင်ရာအလုပ်တွေ လုပ်တဲ့သူတွေထဲမှာ အသက်အရွယ်ကြီးရင့်လာလေလေ၊ သူတို့ဟာ ပြောင်းလဲ ဖို့ ပိုတွန့်ဆုတ်လာလေလေပါပဲ။ ဥပမာ – စစ်ဘက်ဆိုင်ရာဌာနလို ရာထူးအဆင့်တွေ ရှိတဲ့လူကြီးတွေမှာ ပိုလို့ မရွေးချယ်ရဲတာ ထုံးစံပဲ။ သူတို့မှာ ရာထူး၊ အကြောက်တရား၊ ဝိုင်းကြီးချုပ်၊ ပြစ်မှုပြစ်ဒဏ်၊ လုပ်ပိုင်ခွင့်၊ အာဏာ၊ ဝါဒမှိုင်း၊ ဟုတ်ယောင်ထင်မှု၊ ကိုယ်ကျိုးစီးပွား၊ ပိုင်ဆိုင်မှု၊ မိသားစုလုံခြုံရေး စတဲ့ အရာတွေက ရုန်းမထွက်နိုင်အောင် တုပ်နှောင်ထားကြတယ်။ ဒီအထဲမှာ အင်မတန်နည်းပါးသော အနည်းစုထဲက လူကြီးပိုင်းတချို့ကတော့ ရွေးချယ်ရဲတာကို တွေ့ရတယ်။ ဒါပေမယ့် အင်မတန်မှ နည်းပါးသော အရေအတွက် သက်သက်မျှသာပါပဲ။

မင်းသေ့

နံနက် ၉း၃၉

၂၈၊ ဧပြီ၊ ၂၀၂၂။  

Previous post စခရင်နဲ့ စက္ကူပေါ်က ရာခိုင်နှုန်းများ
Next post ဖက်ဒရယ်အတွက် ကြိုပြင်ရမယ့် ပထဝီစီးပွားရေး