နာမည်ကအရင်းက တေဇာစန်း။ ကျနော်နဲ့ ၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ဆုံဖြစ်တယ်။ စဆုံဖြစ်တဲ့အချိန်တုန်းက မန္တလေး​၊ သူ စတည်းချတဲ့အိမ်မှာ။ ပထမဆုံးတွေ့လိုက်ရတာ စာအုပ်ပုံတွေကြားထဲမှာ။ စာအုပ်တွေက များလွန်းလို့ အိမ်အောက် တမံသလင်းပေါ်မှာပဲ ဟိုတစ်စ ဒီတစ်စ ပုံလျက်သား။ သူ့အစုနဲ့ သူတော့ ရှိတယ်။ စာအုပ်ပုံတွေ ကြားမှာ တမင်ခွေထိုင်နေ ထိုင်နေတဲ့သူက တေဇာစန်း။ ဝတ်ထားတာက ပုဆိုး အကွက်ကျဲကြီးနဲ့။ ရှေးခေတ်လူကြီး တွေ ဝတ်တဲ့ ပုဆိုးကြီးလိုလို။ အရောင်က သိပ်မထွက်။ မျက်မှန်ကိုင်း အမည်းကြီးနဲ့ စာဂျပိုး။ လူက သေးဖျောက်ဖျောက်။  ပိန်ပိန်။ ပုပု။ ဒါပေမယ့် အသံကတော့ အတော်ကျယ်တယ်။ တေဇာစန်းမှာ ဩဇာသံပါတဲ့ အသံ ရှိတယ်။ တေဇာစန်း အမေ ကတော့ အမြဲ ပြုံးရယ်နေတယ်။ သဘောကောင်း မနောကောင်း။ အဖြူထည်ဆန် တဲ့ သူတွေဆိုတာ ရင်ထဲမှာ တန်း ခံစားမိတယ်။ ဒါဟာ ကျနော်တို့ နှစ်ယောက် ဆုံတွေ့မှု ကနဦး အစ။

စာအုပ်ပုံကြားထဲက လူ

တေဇာစန်းက ကျနော့်ထက် (၃) နှစ်လောက်ကြီးတယ်။ လူက နှုတ်ခမ်းမွှေးတွေ ကျိုးတို့ကျဲတဲ ပေါက်တယ်။ နှုတ်ခမ်းတွေက ခပ်ထူထူ။ စကားပြောရင်တော့ ခပ်ပြတ်ပြတ်။ မျက်လုံးအကြည့်ကတော့ တစ်ခုခုကို စူးစူးနစ်နစ် ကြည့်သလိုမျိုး။ လူကောင်က သေးပါတယ်ဆိုမှ၊ ကျောပိုးအိတ် အလေးကြီး လွယ်ထားတဲ့လူ။ သူ့ ကျောပိုးအိတ်ထဲ မှာ စာအုပ်တစ်အုပ် မဟုတ် တစ်အုပ်ပါနေကျ။ အဲသည့် စာအုပ်က ကျောင်းစာအုပ် မဖြစ်ဖို့တော့ များတယ်။ လူကတော့ ပိုက်ဆံ သိပ် ရှိပုံမပေါ်။ သို့သော်လည်း ဆေးကျောင်းသား ဘဝ ရတဲ့ မုန့်ဖိုးကို စာအုပ်ချည်း လှိမ့်ဝယ်ပုံ ရတယ်။ ဒါ့ကြောင့် ပထမဆုံးတွေ့တွေ့ချင်း စာအုပ်ပုံထဲမှာ လူက မြုပ်နေတယ်။ ကျနော့်အထင် အဲသည့်တုန်းက သူ့ရဲ့ စာဖတ်သက်နဲ့ စာကြီးပေကြီးစားသုံးမှုက အထိုက်အလျောက် သက်တမ်းတစ်ခု ရှိနေပြီလို့ ထင်ရတယ်။

သူ့မိသားစု ကလေး

တေဇာစန်း အဖေက ဘုန်းကြီးလူထွက်။ ကျောင်းဆရာ။ ဝက်လက်မြို့က သူ့ရွာလေးမှာ၊ ကျောင်းဆရာလုပ်ရင်း ရိုးရိုးကုတ်ကုတ်နေတတ်တဲ့သူ။ မျက်နှာက အမြဲတမ်း ပြုံးရွှင်နေတယ်။ ကျနော်တို့နဲ့တွေ့ရင် အမြဲ ရယ်နေ၊ ပြုံးနေ တဲ့သူ။ တေဇာစန်း မိခင် ဖခင်တို့ရဲ့ မျက်နှာမှာ ကောက်သော၊ မှုန်သော၊ ဝါးသော အရိပ်အယောင် မရှိ။ ကြည်သော၊ ပြုံးသော၊ ရွှင်သော အရိပ်အယောင်ရှိတယ်။ လူတွေက လူချမ်းသာ မဟုတ်ပေမယ့် ရသမျှနဲ့ ကျေနပ်တင်းတိမ် ရောင့်ရဲပြီး ရှိတာနဲ့ လုံလောက်အောင် သုံးစွဲနိုင်သူတွေ။ ဘဝကို အေးအေး လူလူ ဖြတ်သန်းတယ်။ အငယ်ဆုံး သားဖြစ်သူ တေဇာစန်း ဆေးကျောင်းသားလေးကို ဆရာဝန် ဖြစ်ဖို့ မျှော်လင့်ချက် ထားတယ်။ မိသားစုက သူ့ပညာရေးအပေါ် မြုပ်နှံကြတယ်။ အဖေဖြစ်သူ ဦးစန်းမောင်က စာသိပ်ဖတ်တယ်။ တေဇာစန်းဟာ သူ့ဖခင်ဆီက စာဖတ်ပေဖတ်လေ့ရှိတဲ့ အမွေကို ကောင်းကောင်း ရရှိထားတဲ့ တစ်ဦးတည်းသောသူ။

ဝက်လက်မြို့ ရွှေအိုးရ

တေဇာစန်းတို့ ရွာကလေးက သိပ် မဖွံ့ဖြိုးပါဘူး။ မူးမြစ်ကမ်းနံဘေးမှာ မဟုတ်ပေမယ့်၊ မူးမြစ်ကမ်းနဲ့ မလှမ်းမကမ်း မှာ တည်ရှိတယ်။ ရွာထဲမှာ ကုက္ကိုပင်ကြီးတွေ အုပ်အုပ်မှိုင်းမှိုင်း။ မန်ကျည်းပင်ကြီးတွေ အပြိုင်းအရိုင်း။ သရက်ပင်ကြီးတွေ မြိုင်မြိုင်ဆိုင်ဆိုင်။ ရွာအပြင် ဘက်မှာ ထန်းပင်နဲ့ ယာတောတွေ ရှိတယ်။ လယ်စိုက်တာထက် ယာစိုက်တာ ပိုများမယ် ထင်တယ်။ ယာကန်သင်း ရိုးမှာ ထန်းပင်တွေ ပေါက်တယ်။ ထန်းပင်က ထန်းရည်ဟာ ထန်းရည်ချို အထွက်ကြမ်းတယ်။ သူတို့ ရွာက ယာကန်သင်းမှာ ရေဓာတ် ကိန်းအောင်းမှု မြင့်မားလို့ ဖြစ်မယ်။ ပဲ နှမ်း ငရုတ် ကြက်သွန် စိုက်တာအပြင် မာလကာနဲ့ သင်္ဘောတွေလည်း စိုက်တာ တွေ့ရတယ်။ တေဇာစန်းဖခင် ကျောင်းဆရာတာဝန် ထမ်းဆောင်တဲ့ ကျောင်းက သူ့အိမ်နဲ့ မနီးမဝေးမှာ။ အဲသည့်မူလတန်းကျောင်းကလေးက အနည်းငယ်ချို့ချို့တဲ့တဲ့။ သို့သော်လည်း ကျောင်းဝန်းဧရိယာကတော့ အတော်ကျယ်ကျယ်ဝန်းဝန်း ရှိတယ်။ တေဇာစန်းက အဲသည့် ကျောင်း ကလေးမှာပဲ ပညာရေးဘဝ စတင်ခဲ့ဟန် ရှိတယ်။

အညာသား တောသား

တေဇာစန်းတို့ ရွာကို ရောက်သွားတော့၊ ဒီလို ရွာသိမ်ရွာငယ်ကလေးကနေ ဆေးတက္ကသိုလ်ရောက်အောင် ကြိုးစား နိုင်ခဲ့တဲ့ တေဇာစန်းကိုရော၊ သူ့ မိခင် ဖခင်တို့ကိုရော အတော် ချီးကျူးမိတယ်။ တစ်ရွာလုံးက သူတို့ အမျိုးတွေ။ တေဇာစန်း ရွာပြန်ပြီဆိုရင် ရွာထဲက အုံးအုံးကျွက်ကျွက်။ တေဇာစန်းက သူ့ရွာပြန်ရင် သူ့အမျိုးအိမ်တွေ လျှောက် သွားလေ့ရှိတယ် ထင်တယ်။ သူ့ဝမ်းကွဲ ညီမတွေ၊ အစ်မတွေက ပျော်လို့ မဆုံး တပြုံးပြုံး။ ကျနော်တို့ သူ့ရွာလိုက်လာ တော့ စစနောက်နောက် ရယ်ရယ်မောမော၊ စားကြ သောက်ကြ။ မူလတန်းကျောင်း အနောက်ဘက်က သင်္ချိုင်း ဇရပ်ထဲတောင် သွားထိုင်ပြီး စကားတွေ ပြောဖြစ်ကြသေး။ ဒါဟာ သူ မွေးဖွားကြီးပြင်းရာ ဇာတိချက်မြုပ်ဒေသ။

တေဇာစန်းတို့ ရွာက ရွှေဘိုမန္တလေးကားလမ်းမကနေ ချိုးဆင်းသွားရင်တောင် အတော်လှမ်းတဲ့နေရာမှာ ရှိတယ်။ တခါတရံ ချောင်းရေတက်ရင် ရေကြီးလေ့ရှိသေးသတဲ့။ ရွာလမ်းတွေက မိုးတွင်းဆိုရင် ရွံ့တွေဗွက်တွေ အလိမ်းလိမ်း နဲ့။ အလယ်တန်း အထက်တန်းတက်တော့ တေဇာစန်းက သူ့ရွာထဲမှာ မတက်ရဘူး။ အတော်ဝေးဝေးမှာ ကျောင်း သွားတက်ခဲ့ရဟန် ရှိတယ်။ သူ့ရွာနဲ့ သူတက်တဲ့ကျောင်းက စက်ဘီးနဲ့ဆိုရင်တောင် အနည်းဆုံး နာရီဝက်ကျော် ကျော်လောက်သွားရတဲ့နေရာ ဖြစ်ဟန်တူတယ်။ ကလေးအထွာနဲ့ ခြေလျင်ဆိုရင်တော့ (၄၅) မိနစ်က အနည်းဆုံး ဖြစ်လိမ့်မယ်။ ထားတော့။

မြိုပြနဲ့ အလှမ်းကွာဝေးလွန်းတဲ့ ရွာလေးထဲက အညာသား၊ တောသားတစ်ယောက်က စာကြီးပေကြီး ကျမ်းကြီး ကျမ်းခိုင်တွေကို နှစ်နှစ်ခြိုက်ခြိုက် သဲကြီးမဲကြီး အငမ်းမရ တစိုက်မတ်မတ် ဖတ်ကျင့်ရှိခဲ့သူဆိုတာ သိပ် မယုံနိုင် စရာ။ ဒါပေမယ့် တေဇာစန်းနဲ့ တွေ့တော့ ကျနော် ယုံတယ်။ ဒီလူကတော့ တချိန်ကျရင် တကယ့်လူဖြစ်မယ်လို့ တွက်မိပါတယ်။ အခုလည်း တကယ် … တကယ့်လူ ဖြစ်နေပါပြီ။

စာပေနဲ့ နိုင်ငံရေးကို သူ အာရုံပိုကျတယ်

ဆေးကျောင်းရောက်တော့ သူ စာမေးပွဲ ကျတယ်။ အဲဒါ ကျနော်နဲ့ တူတယ်။ ကျနော်လည်း တက္ကသိုလ်မှာ စာမေးပွဲ ကျတယ်။ အကြောင်းကတော့ ဆေးပညာထက် စာအုပ်တွေကို သဲကြီးမဲကြီး စိတ်ဝင်စားလို့ ဖြစ်တယ်။ တေဇာစန်း ဆေးကျောင်းသားဖြစ်တော့၊ သူက ကျောင်းစာ သိပ် မလုပ်တော့ဘူး။ ပြင်ပစာပေတွေပဲ သဲကြီးမဲကြီး ဖတ်နေတဲ့သူ။ နိုင်ငံရေးကိုလည်း သူ စစိတ်ဝင်စားနေပြီ။ အဲသည့်တုန်းက မြန်မာပြည်မှာ နိုင်ငံရေးဖြေလျော့မှုတွေ စဖို့ စိုင်းပြင်းနေ တဲ့ကာလ။ ၂၀၁၁ -၂၀၁၂ ခုနှစ် ကာလတွေ။

မန္တလေးမှာ “ဗကသ” တွေ ပြန်ဖွဲ့ဖို့ အကြောင်းပြုပြီး ကျနော်တို့ ဆုံဖြစ်ကြတာ။ ကျနော်က နည်းပညာဘက်က။ သူက ဆေးကျောင်းဘက်က။ တကယ်တော့ ကျနော်က နည်းပညာတက္ကသိုလ်အတွက် “ဗကသ” ပြန်လည်ဖြစ် မြောက်ရေးမှာ ဦးဆောင်သူ မဟုတ်ပါဘူး။ ဦးဆောင်သူက ကျနော့် သူငယ်ချင်း ရဲခိုင်။ သူက တေဇာစန်းဆီကို ကျနော့်ကို ခေါ်သွားတာ။ “မင်းလို စာသမားတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်” ဆိုပြီး ကျနော်တို့ တေဇာစန်းအိမ် ကို မနက်ခင်း ၁၀ နာရီ ၁၁ နာရီလောက်မှာ ရောက်သွားတယ်။

ယုံကြည်ရာအသင်း သန္ဓေတည်

တေဇာစန်းနဲ့ မန္တလေးဆေးကျောင်းက သူ့သူငယ်ချင်းတွေ တစ်စုက ကျောင်းကန်တင်းလေးမှာ၊ အပတ်စဉ် စာအုပ် ဆွေးနွေးပွဲလေးတွေ စလုပ်နေပြီ။ နောက်တော့ ယခင် ထွန်းလှဟိုတယ်နေရာက မြမန္တလာစာကြည့်တိုက်လေးကို ပြောင်းရွေ့ စတည်းချကြတယ်။ ကျနော် ကိုယ်တိုင် အဲသည့် မြမန္တလာစာကြည့်တိုက်မှာ ကျောင်းပြီးတော့ စာကြည့် တိုက်မှူး အလုပ်ဝင်ဖြစ်ခဲ့တာ အဲဒါ၊ တေဇာစန်း ကောင်းမှု။ ဒီလိုနဲ့ ကျနော်တို့တတွေ ပေါင်းပြီး ယုံကြည်ရာ စာကြည့်တိုက်ကလေးကို တည်ထောင်ဖြစ်ခဲ့ကြတယ်။ ထို့နောက် စာကြည့်တိုက်လေး အဖြစ်မှ အသင်းအဖွဲ့ကြီး တစ်ခုအထိ ဖြစ်အောင် တွန်းတင်ပြီး သုတေသန အလုပ်နဲ့ နိုင်ငံရေးအလုပ်တွေကို လုပ်ဖြစ်ကြတဲ့အထိ လက်တွဲမိခဲ့ ကြတယ်။ ၂၀၁၈ – ၂၀၁၉ ခုနှစ်မှာ ကျနော် ရန်ကုန်ကို ပြောင်းပြီး သုတေသနအလုပ်နဲ့ စာပေအလုပ်လုပ်ဖြစ်တော့ တေဇာစန်းနဲ့ ဝေးသွားတယ်။

တေဇာစန်းနဲ့ ၂၀၁၂ ခုနှစ်လောက်မှာ စစတွေ့ချင်းပဲ၊ သူ့ဆီက စာအုပ်တွေ ငှားဖတ်ခဲ့ဖူးတာ တကယ့် အမှတ်တရပါ ပဲ။ ကျနော့်ကို သူ့စာအုပ်တွေ ရက်ရက်ရောရော ပေးငှားလို့လည်း ကျနော် ဝမ်းသာတယ်။ စိတ်ထဲမှာတော့ “ဒီလူ့မှာ တွန့်တိုတဲ့စိတ် မရှိဘူးပဲ” လို့ မှတ်ချက်ချခဲ့တယ်။

ရုပ်ပုံလွှာ အပိုင်းအစ

မန္တလေးဆေးကျောင်းသား တေဇာစန်း။

  • ဆရာဝန် မလုပ်ချင်သူ။
  • စာသမား၊ စာဂျပိုး။
  • ခေတ်ဟောင်းမြန်မာသမိုင်းကို အထူးပြုစိတ်ဝင်စားခဲ့သူ။
  • အချက်အလက် အမှတ်အသားကောင်းသူ။
  • သမိုင်းခုနှစ် သက္ကရာဇ်နဲ့တကွ မှတ်သားနိုင်တဲ့ဉာဏ်စွမ်းရှိသူ။
  • စာအုပ်တွေ ကြားထဲမှာ နေထိုင်သူ။
  • စာအုပ်တွေ ရာထောင်ချီ စုစည်းသူ။
  • မန္တလေး ခရိုင်ဗကသ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ဖူးသူ။
  • ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း တည်ထောင်သူ။

တေဇာစန်းမှာ နိုင်ငံရေးရည်မှန်းချက် ရှိဟန်တူတယ်။ သူ့ အသွေးအသားထဲမှာ နိုင်ငံရေးပိုးတွေ တရွရွ ယင်းထနေ တာ ကျနော် အကဲခတ်မိတယ်။ ဒါပေမယ့် ဒီလူက တကယ့်စာဖတ်ပေဖတ်။ ပညာရပ်ဆိုင်ရာတွေကိုလည်း အတော် လိုက်ထားတဲ့သူ။ အချက်အလက်ပိုင်းကို သူက သိပ်အားသန်တယ်။ သူသဲကြီးမဲကြီး ဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ ဒေါက်တာသန်းထွန်းရဲ့ စာအုပ်တွေက ထိပ်ဆုံးက။ တေဇာစန်းရဲ့ စာဖတ်ပုံက ဘယ်လောက်အထိ ရှိသလဲဆိုရင်၊ စစ်တုရင်ထိုးနည်း နိဿရည်းစာအုပ်အထိ သူက စုစည်းပြီး ဖတ်တဲ့သူ။

မြန်မာရနံ့ အပြည့်

တေဇာစန်းကို ကြည့်လိုက်ရင် တကယ့် အညာသား၊ တောသားပုံ အပြည့်ပေါက်တယ်။ ဒါတောင် ဒီလူက အမေရိကား ရောက်ပြီး ဂျော့ဒဘလျူဘွတ်ရှ်တို့ လင်မယားနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့သေးသတဲ့။ ပင်နီနဲ့ ပုဆိုးအကွက်ကြဲ ကြီးနဲ့ ဘုတ်ခ်ဖိနပ်စီးပြီး အမေရိကား ရောက်သွားသေးတဲ့သူ။ မြန်မာသီချင်းကြီးတွေ အကုန်နားထောင်တယ်။ တကယ့် ခရေဇီ။ လေဘာတီ မမြရင်တို့၊ မာမာအေးတို့၊ ကိုအံ့ကြီးတို့၊ သုမောင်တို့၊ ဝင်းဦးတို့တို့ ဆိုတဲ့သီချင်းတွေ အပြင်၊ နန်းတော်ရှေ့ဆရာတင်နဲ့ မြို့မငြိမ်းရေးတဲ့ သီချင်းအားလုံးလိုလို နားထောင်တဲ့သူ။ တကယ့် မြန်မာ့ဂန္တဝင် ဂီတကို အနှစ်အခြိုက်စားသုံးတဲ့သူ။ သီချင်းနားထောင်ရင်း ပါးစပ်ကလည်း အော်ကြီးဟစ်ကျယ် လိုက်ဆိုတတ်သေး တယ်။

တကယ့်လူ

တေဇာစန်းမှာ သူမတူတဲ့ အလေ့အထလေးတွေလည်း ရှိတယ်။ နံပါတ်တစ်။ တေဇာစန်းက အစားမမှန်ဘူး။ အအိပ် မမှန်ဘူး။ ညဆို ဉာဉ့်နက်သန်းခေါင်အထိ စာဖတ်တယ်။ မနက်စာ သိပ်စားလေ့ မရှိဘူး။ လူကမှ ပိန်ပါတယ်ဆိုနေမှ မနက်စာ စားကျင့် မရှိတော့၊ သူ့မှာ အစာအိမ် ဖြစ်မလိုလို ဖြစ်နေတယ်။ အစာလွန်ချိန်မှ စားတော့ စားပြီးသားတောင် ပြန် အန်လေ့ရှိခဲ့တယ်။ သူ့အိမ်ကတော့ သူ့ကို ဂရုစိုက်ရှာတယ်။ သူ့ကတော့ ကပစ်ကညစ် နေလွန်းတယ်။ သူ ဆေးကျောင်းသားဘဝ ကျော်လွန်ပြီး အချိန်အထိ အစားကို ဂရုတစိုက် မစားဘူး။ ဒီတော့ လူက ပျော့ဖတ်ဖတ်။ ဒါပေမယ့် အစည်းအဝေးတွေ လုပ်ရင်တော့၊ သူ့အသံက အရင်ဆုံး ကြားရတယ်။ လူကောင်သေး သလောက် အသံကျယ်တဲ့သူ။ မနက်ခင်း အိပ်ယာထရင် မျက်နှာသစ်ချင်မှ သစ်တယ်။ ကျနော့် အထင် မသစ်တာ များတယ်။ “ဟေ့လူ ခင်ဗျား သွားရောတိုက်ရဲ့လား…” လို့ ကျနော်တို့ ခဏ ခဏ မေးတယ်။ အဲသည်လို မေးရင် လူက စပ်ဖြဲဖြဲ။ “ဟဲ ဟဲ ဟဲ ဟဲ” လုပ်နေတယ်။ ရေလည်း သိပ်ချိုးလေ့ မရှိဘူး။ ကျနော်တို့က တွေ့ရင် ခပ်နောက်နောက် စတယ်။ “ဟေ့လူ ခင်ဗျား ဒီအင်္ကျီနဲ့ ဒီပုဆိုးကို ဘယ်နှရက်ရှိနေပြီလဲ” လို့ မေးရင်၊ “မပေသေးပါဘူး၊ မနံသေးပါဘူးဗျ” လို့ ပြန်ပြန် ပြောတတ်တယ်။ ဒါပေမယ့် သူ့ငယ်ချစ်ကလေးနဲ့ သွားချိန်းတွေ့ရင် တော့ ရေချိုးသွားလေ့ရှိတယ်လို့ ပြောပါ တယ်။ “အေးပေါ့… ဒါမှ ခင်ဗျားကို ဟိုက အကပ်ခံမပေါ့”

လူပုံကြည့်လိုက်ရင် တခါတရံ လူက ရယ်ကျဲကျဲလုပ်နေတတ်သေးတယ်။ တခါတရံ သူ့မုတ်ဆိတ်မွှေး ကျိုးတို့ကျဲတဲ ကို ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းလို အရှည်က ထားလိုက်သေးတယ်။ စကားပြောရင်း ဘာမှ မရှိတဲ့သူ့မုတ် ဆိတ်ကို လက်က သပ်နေလိုက်သေးတယ်။ ကျနော်တို့နဲ့ ခြင်းအတော် ခတ်ဖြစ်တယ်။ တေဇာစန်း ခြင်းခတ်ရင် ပုဆိုးကို ခါးတောင်း မြှောက်နေအောင် ကျိုက်တယ်။ တကယ့် ပရိုတွေ ခတ်သလို ခတ်တယ်။ ခြင်းခတ်နေရင်း ပါးစပ်ကလည်း “ဟာ… ဟင်” နဲ့ ဟိုအော် ဒီအော် အော်နေတတ်သေးတယ်။ ညနေပိုင်း ခြင်းခတ်ဖြစ်ရင် ကျနော်တို့ ခြင်းလုံးကို မမြင်ရတဲ့ အချိန်ထိ ခတ်ကြတယ်။ ခတ်ဖြစ်ကြတာက ဝိုင်းခြင်း။ အပြိုင်အနိုင်ကစားရတာ မဟုတ်ဘဲနဲ့ team work နဲ့ အပေးအယူမျှအောင် ကစားရတဲ့ ဝိုင်းခြင်း ခတ်ကြတာ။ ကျနော်က ခြင်းဝိုင်းမှာ အမြဲ အော်နေတတ် တာ ရှိတယ်။

  • “ကိုယ့်ကြောင့် ခြင်းမကျစေနဲ့”
  • “ကိုယ့်ကြောင့် ခြင်းမကျစေနဲ့”။

မှတ်ဉာဏ်ကြီးတယ် / စည်းစနစ်ကြီးတယ်

တေဇာစန်း မနက်စာ နေ့လယ်စာ အချိန် မှန်မှန် စားပြီး၊ ပုံမှန်ရေချိုး သွားတိုက်၊ သပ်သပ်ရပ်ရပ်ဖြစ်လာတာ။ သူ့ မိန်းမရပြီးတော့မှ လို့ ထင်ပါတယ်။ ဒီလူက သူ့ကိုယ်သိ သိပ်ဂရုမစိုက်ဘူး။ နေချင်သလို နေတယ်၊ သွားချင်သလို သွားနေတယ်။ ဒါပေမယ့် အလုပ်ကိုတော့ စည်းစနစ်တကျ လုပ်တတ်တယ်။ ကျနော်တို့ အစည်းအဝေးတွေမှာ၊ သူကပဲ သဘာပတိ။ သူကပဲ မှတ်တမ်းရေးသူ။ လက်ရေးကတော့ ဘုန်းကြီးကျောင်းသားလက်ရေးနဲ့ ဆရာဝန် လက်ရေးကို ပေါင်းထားတဲ့ ပုံမျိုး။ တေဇာစန်းလောက် ကျနော်က ညစ်ညစ်ပတ်ပတ် မနေတတ်ပေမယ့်၊ ကျနော့် ထက် စည်းစနစ်ကြီးတာကတော့ ကျနော် အခုထိ လိုက်လို့ မမှီသေးဘူး။ ကျနော့် အကျင့်က မှတ်တမ်းမှတ်ရာ သိပ် မထားတတ်ဘူး။ တေဇာစန်းကတော့ အမှတ်အသားလည်း သိပ်ကြီးသလို၊ အလုပ်လုပ်ရင် ဖြစ်ဖြစ် အလေ့အလာ အားထုတ်မှုမှာ ဖြစ်ဖြစ် တကယ် စနစ်တကျ ရှိတယ်။ သူ့ကွန်ပြူတာထဲမှာ ဓာတ်ပုံမှတ်တမ်း၊ စာအုပ်နဲ့ ဗီဒီယို မှတ်တမ်းတွေက အစ အားလုံး နှစ်အလိုက်၊ လအလိုက်၊  သူ့ကဏ္ဍအလိုက် အစီအရီ စနစ်တကျ ခွဲခြားထားတဲ့သူ။ ကျနော်ဆို အခုအချိန်အထိ ရောသပြွမ်းတွေ စုထည့်ထား၊ ပြုံထည့်ထားတယ်။ သူက အဲသည်လို မဟုတ်။

သူ့သမီးလေး မွေးတော့၊ ကလေးကို ပေးတဲ့ နာမည်ကို ကြည့်။ “လုံမလေး” တဲ့။ ဘယ်လောက် မြန်မာဆန်လိုက် သလဲ။ သူ့ဇနီးကလည်း ကျနော်တို့နဲ့ မိတ်ဆွေပဲ။ လူက ရိုးရိုး။ သဘောမနော ဖြူဖြူ။ အညာသူ အညာသားတွေရဲ့ ဓလေ့ထုံးစံ အပြည့်။ ဒီဆရာဝန် လင်မယား အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ။

မင်းသေ့

နံနက် ၃း၃၅

၂၉၊ ဧပြီ၊ ၂၀၂၂။

Previous post ဒီလိုလူ
Next post စခရင်နဲ့ စက္ကူပေါ်က ရာခိုင်နှုန်းများ