စာရေးဆရာဟာ သူ့နှလုံးသားကို မညာရဘူး။ မညာသင့်ဘူး။ ကိုယ့်နှလုံးသားကို ညာရင် စာရေးဆရာဟာ စာကောင်း မရေးနိုင်ဘူး။ ကိုယ့်ခံစားချက်ကို ကိုယ်လိမ်ညာထားတဲ့ စာဟာ စာဖတ်သူ ရင်ထဲထိ မရောက်နိုင်ဘူး။ နှလုံးသားကို မညာရဘူးဆိုတာ ဘာကို ပြောတာလဲ။

တော်စတွိုင်း၏ စကား

အီလျာအာရင်ဘတ်က တော်စတွိုင်း ပြောတဲ့စကားကို ပြန် ပြောပြဖူးတယ်။ “ခင်ဗျားကိုယ်တိုင် စိတ်မဝင်စားတဲ့ အကြောင်းအရာကို ဘယ်တော့မှ မရေးပါနဲ့” တဲ့။ တော်စတွိုင်း က အဲသည်လို ပြောဖူးတယ်။ ကိုယ်တိုင်ထိတွေ့ ခံစားမှု မရှိဘဲနဲ့ သူများတကာတိုက်တွန်းလို့ဖြစ်ဖြစ်၊ ဂျာနယ်တိုက် က အယ်ဒီတာက “အော်ဒါ” ပေးလို့ပဲ ဖြစ်ဖြစ် မရေးပါနဲ့။ အဲသည်လိုမျိုး တိုက်တွန်းချက်မျိုးဟာ ထုတ်ဝေသူဆီကလည်း လာနိုင်တယ်။ စာနယ်ဇင်း အယ်ဒီတာ တစ်ယောက်ယောက်ဆီကနေလည်း လာနိုင်တယ်။ သို့မဟုတ် စာဖတ်သူ လူထုဆီကလည်း လာနိုင်တယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ တိုက်တွန်း နိုးဆော်နေပါစေ၊ ခင်ဗျား ကိုယ်တိုင် ထိတွေ့ခံစားမှု မရှိဘဲနဲ့ စက်ရုံမှာ ကုန်ပစ္စည်းမှာပြီး ထုတ်သလို ထုတ်တဲ့ စာပေမျိုးဟာ၊ ဖြစ်ညစ်ရေးလို့ စာတစ်ပုဒ်၊ စာတစ်အုပ်တော့ ထွက်ချင် ထွက်လာလိမ့်မယ်။ ဒါပေမယ့် စာဖတ်သူရဲ့ နှလုံးသားနဲ့ ဦးနှောက်ဆီကို ထိုးဖောက် စိမ့်ဝင်ပျံ့နှံ့နိုင်တဲ့အထိ သတ္တိကြီးမှာ မဟုတ်ဘူး။ သေးနုပ်နေလိမ့်မယ်။ သိမ်ဖျင်းနေလိမ့်မယ်။ မည်ကာမတ္တသဘော သက်သက်မျှပဲ ဖြစ်နေလိမ့်မယ်။ ဒီတော့ စာရေးဆရာဟာ နှလုံးသားကို မညာရဘူး၊ မလိမ်ရဘူး။

ကိုယ့်စိတ်ထဲမှာ တကယ်စိတ်မဝင်စားတဲ့ အရာကို လုပ်ယူပြီး ရေးနေတာမျိုးကို စာဖတ်တဲ့သူက သိတယ်။ ဒါဟာ စာရေးဆရာ တမင်လုပ်ယူပြီး ရေးနေတာလို့၊ သူ့ အသွေးအသားက ဖတ်နေရင်း ခံစားမိနေလိမ့်မယ်။ ဒါကို သတိ ထားမိတဲ့အခါ စာဖတ်သမားက ထုတ်ပြောချင်မှ ထုတ်ပြောလိမ့်မယ်၊ များသောအားဖြင့် ကြိတ်ပြီး သိမ်းထားတတ် တာများတယ်။ ဒါပေမယ့် စာဖတ်သမားရဲ့ နှလုံးသားကတော့ မှတ်ချက်ချလိုက်ပြီးပြီ။ ဒီစာရေးဆရာက ဘယ်လိုမျိုး ရေးလေ့ရှိတယ်… ဆိုတာမျိုး။

စာပေယုံကြည်မှု တည်ဆောက်ခြင်း

စာရေးဆရာဟာ စာဖတ်သူနဲ့ ယုံကြည်မှု တည်ဆောက်ရပါလိမ့်မယ်။ စာရေးဆရာဟာ သူ့နှလုံးသားကို သူ လိမ်ညာပြီး ရေးသားဖန်တီးထားတဲ့စာတွေကို ဖြန့်ချိတဲ့အခါ၊ စာရေးဆရာနဲ့ စာဖတ်သူအကြား ယုံကြည်မှု စည်းက ပျက်သွားတယ်။ ချက်ချင်း မပြတ်ဘူးဆိုရင်တောင် မခိုင်တော့ဘူး။ ယုံကြည်မှုဆိုတာ ကြိုးဟာ ဆံချည်မျှင်လို သေးငယ်တဲ့ ကြိုးပေါင်းများစွာနဲ့ ကျစ်ထားတဲ့ ကြိုးတစ်ခေါင်းလိုပဲ။ တဖြည်းဖြည်းချင်း သေးသေးသေးသေးလေး တွေက ပြတ်တောက်သွားတဲ့အခါ၊ နောက်ဆုံး ပြန်ဆက်လို့ မလွယ်လောက်အောင်အထိ ပြတ်ဆဲသွားတတ်တယ်။ အဲဒီ့အခါ စာဖတ်သမားဟာ အဲသည့်စာရေးဆရာကို ဘယ်တော့မှ မယုံကြည်တော့ဘူး။ သူ ဘယ်လောက်ပဲ ကောင်း အောင် ပြင်ဆင်ရေးသားသည်ဖြစ်စေ သိပ်ခွင့်မလွှတ်နိုင်တော့ဘူး။ ရာသက်ပန် နှုတ်ဆက်ပစ်လိုက်တတ်ကြတယ်။

တော်စတွိုင်းက ထပ်ပြောသေးတယ်။

  • ကိုယ်စိတ်ဝင်စားတာ၊ ကိုယ်ခံစားထိတွေ့တာ၊ ကိုယ့်စိတ်ကို လှုပ်ရှားခံစားခြင်း မပြုနိုင်တာကို ရေးတဲ့ စာရေးဆရာရဲ့ စာပေဟာ စာဖတ်သူရဲ့ စိတ်ကိုလည်း မလှုပ်ရှားစေနိုင်ဘူး။ ခံစားထိတွေ့အောင်လည်း မစွမ်းဆောင်နိုင်ဘူး။

စာဖတ်သူကိုလည်း လိမ်ညာခြင်း မြောက်တယ်

ကိုယ် တကယ်စိတ်မဝင်စားတာကို ဟန်လုပ်ပြီး၊ လုပ်ယူပြီး ရေးတာဟာ ကိုယ့်နှလုံးသားကို လိမ်ညာတာပဲ။ ကိုယ် တကယ် မခံစားမိတာ၊ ကိုယ်တကယ် မထိတွေ့မိတာကို တမင်လုပ်ယူပြီး ရေးတာဟာ ကိုယ့်နှလုံးသားကို လိမ်ညာ တာပဲ။ ကိုယ့်စိတ်ကို တကယ် မလှုပ်ရှားစေဘဲနဲ့ လှုပ်ရှားစေသယောင် လုပ်ယူပြီး ရေးတာဟာ ကိုယ့်နှလုံးသားကို ကိုယ် ညာတာပဲ။ ဒီလို ရေးလေ့ရှိတဲ့ စာရေးဆရာဟာ ကိုယ့်နှလုံးသားကို ကိုယ်ညာသလို၊ စာဖတ်သူကိုလည်း လိမ်ညာတာနဲ့ အတူတူပဲ။ ဒီတော့ အညာခံရတဲ့ စာဖတ်သူဟာ စာရေးဆရာကို မကြည်ညိုနိုင်တာ၊ မလေးစားနိုင် တာ၊ စာရေးဆရာရေးတဲ့ စာပေကို မစွဲငြိနိုင်တာဟာ မဆန်းပါဘူး။

ဒါ့ကြောင့် စာရေးဆရာဟာ ရသစာပေကို ရေးသည်ဖြစ်စေ၊ သုတစာပေကို ရေးသားသည်ဖြစ်စေ ကိုယ်တကယ် မသိ၊ ကိုယ်တကယ် မခံစားမိ၊ ကိုယ်တကယ် နားမလည်၊ ကိုယ်တကယ် စိတ်မဝင်စားတဲ့ အရာတွေကို ဝင်ငွေ အလို့ငှာသော်လည်းကောင်း၊ “ဂတိ”တစ်ခုခုကြောင့်သော်လည်းကောင်း၊ တိုက်တွန်းမှု အကြံပြုမှု ဖိအားပေးမှု တစ်ခုခုကြောင့်သော်လည်းကောင်း မရေးသင့်ဘူး၊ မရေးအပ်ဘူး။

ဒါနဲ့ပတ်သက်ပြီး အီလျာအာရင်ဘတ်ဟာ တိတိကျကျ ပြောခဲ့ဖူးတယ်။

  • စာရေးဆရာဟာ အတ္တအမြင် ရှိရမယ်။ သူ့ကို ဘယ်လို စာပေမျိုး ရေးပါလို့ လာပြီး ကုန်ပစ္စည်းမှာသလို “အော်ဒါ” ပေးတာမျိုးကို မတုန်မလှုပ်ဘဲ ကြံ့ကြံ့ခံနိုင်သူ ဖြစ်ရမယ်။ စာဖတ်သူဟာ စာရေးဆရာရဲ့ အာလျ ပြင်းပြမှုနဲ့ မဟုတ်ဘဲ၊ မဂ္ဂဇင်းတိုက် သို့မဟုတ် အယ်ဒီတာအဖွဲ့ရဲ့ “အော်ဒါ” ပေးချက်အရ ရေးတဲ့စာပေမျိုး ကို မကြိုက်ဘူး။

ကျနော့် အကြောင်း

ကျနော်က ဆောင်းပါးတွေ အများဆုံးရေးလေ့ရှိပါတယ်။ နိုင်ငံရေးဆောင်းပါး၊ စာပေဆောင်းပါး၊ လူမှုဝေဖန်ချက် ဆောင်းပါး၊ သမိုင်းနောက်ခံဆောင်းပါး၊ အတွေးအမြင်ဆောင်းပါး…. အစရှိသဖြင့်၊ ဆောင်းပါးတွေကို အများဆုံး ရေးပါတယ်။ ဆောင်းပါးတွေ ရေးတဲ့အခါ၊ ကျနော်ဟာ ကျနော့် နှလုံးသားကို လိမ်ညာပြီး ရေးလေ့ မရှိဘူး။ ကျနော် တကယ် ပြောချင်တာကို ချရေးတယ်။ ကျနော် မပြောချင်တာကို ချမရေးဘူး။ ရင်ထဲရှိတာကို ပြောချင်လို့ စာရေး တာသာ ဖြစ်တယ်။ တကယ် ရင်ထဲမှာ လှိုင်လှိုက်လှဲလှဲ ခံစားမိတဲ့ အရာတွေကို ရေးရတာ ကျနော် ခံတွင်းလိုက် တယ်။

ဆောင်းပါးတွေ ရေးတဲ့အခါ ကျနော် တကယ်မသိတဲ့ အကြောင်းအရာကို “ရွှီးပြီး” “တတ်ယောင်ကားလုပ်ပြီး” ရေးရတာကို ရှက်တယ်။ အဲသည်လို ရေးမိရင်လည်း အဲသည့်ဆောင်းပါးကို နှစ်ခါ ပြန်မကြည့်ချင်ဘူး။ ဆောင်းပါး တစ်ပုဒ် ဖြစ်သွားပေမယ့်၊ အဲသည့်ဆောင်းပါးကို ကြည့်ပြီး လူက ကိုယ့်စိတ်ကို ကိုယ်မလုံဘူး။ ကိုယ့်ကိုယ်ကို ရှက် တယ်။ ဒါ့ကြောင့် ကျနော်ဟာ ကိုယ်စိတ်ထဲ မရှိဘဲနဲ့ ဆောင်းပါးတွေ မရေးတတ်ဘူး။ ကိုယ်တကယ် စိတ်ရှိမှ အဲသည့်အကြောင်းကို ဆောင်းပါးအဖြစ် ကျနော် ရေးတယ်။

ကိုယ့်ကိုယ်ကိုလည်း ပြန် သတိပေးနေရတယ်။ “ကိုယ့်ကိုယ်ကို မညာကြေး” “ကိုယ့်နှလုံးသားကို မလိမ်ကြေး”။ ဒါမှလည်း စာကောင်းတွေ ထွက်မယ် မဟုတ်လား။ စာကောင်းတွေ ရေးနိုင်ဖို့၊ စာရေးဆရာဟာ ကိုယ့်နှလုံးသားကို ကိုယ် မလိမ်ရပါ၊ မညာရပါ။ ဒါ့ကြောင့် စာရေးဆရာဟာ ရိုးသားမှု ရှိရမယ်လို့ ပြောတာ ဖြစ်လိမ့်မယ်။

မင်းသေ့

နံနက် ၁း၄၃

၁၊ မတ်၊ ၂၀၂၂။

စာညွှန်း – မြသန်းတင့်၊ သူ့လက်ရာ သူ့အယူအဆ သူ့စာပေ သူ့အတွေးအမြင်၊ လရိပ်မွန်စာပေ၊ ၂၀၂၂။

Previous post ပေါင်းပင်တွေကို ရှင်းပစ်ပါ
Next post ဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါ