“လူတစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည်ကို သိချင်ရင်၊ သူ စိုက်တဲ့ ခြံမှာ ပေါင်းမထအောင် ဘယ်လောက် ရှင်းနိုင်သလဲ ဆိုတာကို ကြည့်နိုင်သတဲ့။” ကျနော်တို့ ကြိုးစားစိုက်ပျိုးတဲ့ အပင်တွေ အမြောက်အမြား ရှိပါလိမ့်မယ်။ သို့သော် လည်း၊ ကျနော်တို့ စိုက်တဲ့ခြံထဲမှာ ပေါင်းမြက်တွေ အပြိုင်းအရိုင်းနဲ့ မင်းမူနေတာများတယ်။ တကယ့်လက်တွေ့ မှာလည်း ဥယျာဉ်မှူးစိုက်လိုက်တဲ့အပင်တွေထက် အပိုဆာဒါး ပေါက်လာတဲ့ ပေါင်းပင်တွေက ပိုတယ် မဟုတ်လား။ ပေါင်းပင်တွေဟာ ဥယျာဉ်မှူးက တကူးတကစိုက်ပျိုးစရာ မလိုပဲ သူ့အလိုလိုပေါက်လာတတ်ကြတယ်။

ကျနော်တို့ ရည်ရွယ်ပြီး လုပ်နေတဲ့အလုပ်တွေမှာ၊ အလုပ်တွေကို ရှေ့မရောက်အောင်၊ အလုပ်တွေကို ကောင်းကောင်း မရှင်သန် မကြီးထွားနိုင်အောင် အပိုဆာဒါးတွေက လိုက်နှောက်ယှက်လေ့ရှိကြတယ်။ အထူးသဖြင့် ဥယျာဉ်မှူးစိုက်တဲ့အပင်တွေထက် မစိုက်ဘဲ ပေါက်လာတဲ့ ပေါင်းပင်တွေဟာ ကျနော်တို့ အလုပ်ကို ဒုက္ခပေးတာ များတယ်။ ပေါင်းပင်တွေဟာ ရှင်သန်လွယ်တယ်၊ ကြီးထွားလွယ်တယ်။ ကျနော်တို့ ရှင်သန်စေချင်တဲ့အပင်တွေဆီ က မြေဆီဩဇာတွေကို လုယူစားသုံးတယ်။ ပေါင်းပင်တွေဟာ သိပ်အမြစ်မတွယ်နိုင်သေးတဲ့ ကျနော်တို့ သစ်ပင် တွေကို မြေဆီနက်ထဲ တိုးမဝင်နိုင်အောင် နှောက်ယှက်ဟန့်တားနေတတ်ကြသေးတယ်။

ကျနော်တို့ အလုပ်တွေ လုပ်ဖြစ်ကြတဲ့အခါ၊ ကျနော်တို့ မစိုက်တဲ့ ပေါင်းပင်တွေကို ရှင်းရတာက အလုပ်တစ်ခုလို ဖြစ်လာတယ်။ ဘယ်ကနေ ဘယ်လို မျိုးပွားပေါက်ဖွားလာလဲ ကျနော်တို့ မသိဘူး။ ဒါပေမယ့် ပေါင်းပင်တွေကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ကျနော်တို့ ရှင်းရတယ်။ မြေဩဇာကျွေးတဲ့အခါမှာလည်း သူတို့က လုယူစားသုံးလို့၊ ကျနော်တို့ ရှင်သန်စေလိုတဲ့ အပင်တွေ ကောင်းကောင်း မကြီးထွားရဘူး။ ဒီတော့ ပေါင်းပင်တွေကို ရှင်းပစ်ရတယ်။ တခါတရံ ပေါင်းပင်တွေဟာ ကျနော်တို့ ချစိုက်ထားတဲ့ မျိုးစေ့တွေကို ဖုံးကွယ် အုပ်မိုးပစ်လိုက်သေးတယ်။ နောက်ထပ် ပေါင်းပင်တွေက လုပ်တတ်တာ တစ်ခု ရှိသေးတယ်။ အခြေရှုပ်အောင် လုပ်တတ်ကြတယ်။ ဒီတော့ ပေါင်းပင်တွေကို ခံတပ်လုပ်ပြီးတော့၊ မြွေတွေ ကင်းတွေက ကိန်းအောင်းနေသေးတယ်။ ဝန်းကျင်ကလည်း မှောင် နေတယ်၊ အလင်းရောင်လည်း မရှိဘူး။ ပေါင်းပင်တွေလည်း ထူပြောနေတယ်ဆိုရင် ကျနော်တို့ ခပ်ရဲရဲ မသွားဝံ့ဘူး။ မြွေပါးကင်းပါး ရှိတယ်။

ပေါင်းပင်တွေဟာ ကျနော်တို့ စိုက်ပျိုးတဲ့ အပင်တွေကို နှောက်ယှက်ရုံတင်မကဘူး၊ ကျနော်တို့ကို ဒုက္ခပေးမယ့် ကောင်တွေကိုလည်း မွေးမြူပေးတတ်သေးတယ်၊ အကာအကွယ်လုပ်ပေးတတ်သေးတယ်။ ဒီတော့ ပေါင်းပင်တွေ တောထမလာအောင် နိုင်နိုင်ရှင်းနိုင်မှ တော်ကာကျမယ်။ သို့မဟုတ်ရင်တော့ ပေါင်းပင်တွေကြောင့် စိုက်ထားတဲ့ အပင်တွေ ကြုံလှီနေလိမ့်မယ်။ ပေါင်းပင်တွေကို အကာအကွယ်ပြုပြီး မြွေတွေကင်းတွေက ကျနော်တို့ကို ဒုက္ခ ကောင်းကောင်းပေးလိမ့်မယ်။ ဒီတော့ ပေါင်းပင်တွေ ပေါက်မလာအောင် နိုင်နိုင်ရှင်းထားနိုင်မှ ကောင်းမယ်။ ဒါဟာ ကျနော်တို့ လုပ်တဲ့ အလုပ်မှာ ဘယ်လောက်လုပ်ရည်ကိုင်ရည်ရှိသလဲဆိုတာလည်း ပြနေတယ်။ ကျနော်တို့ စိုက်တဲ့ အပင် ဘယ်လောက်ကြီးထွားရှင်သန်နိုင်တယ်ဆိုတဲ့ အချက်တစ်ခုလည်း ဖြစ်နေလိမ့်မယ်။

မင်းသေ့

ညနေ ၆း၀၈

၂၊ မတ်၊ ၂၀၂၂။

Previous post နိုင်ငံရေးနှင့် အကျိုးစီးပွားမြေပုံ
Next post မလိမ်ပါနဲ့ စာရေးဆရာ