ဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါ၊ လူနှစ်ယောက်၊ ထီးတစ်လက်ပါရမယ်လို့ ပြောချင်ပါတယ်။ ဒါက ဥပမာပေးတာပါ။ ပထမ လူတစ်ယောက်ကတော့၊ အချက်အလက်ဖြစ်ပါတယ်။ အချက်အလက်ကို အကြောင်းရပ်လို့လည်း မြင်နိုင်ပါ တယ်။ အကြောင်းအရာတစ်ခုခုကို ရေးဖို့အတွက်၊ အဲသည့်အကြောင်းအရာကို ညွှန်းဆိုနိုင်တဲ့ ထိုက်သင့်တဲ့ အချက်အလက်ကို ထည့်သွင်းရေးသားရပါလိမ့်မယ်။ ဆောင်းပါးရေးတဲ့အခါ နောက်ထပ်ပါသင့်တဲ့ ဒုတိယလူ တစ်ယောက်ကတော့၊ သုံးသပ်ဝေဖန်မှုပဲ ဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ဟာ တစ်ခုခုကို ဆောင်ယူပြီး လက်ဆင့် ကမ်း လူကြုံပါးလိုက်တဲ့သဘောအနက်ဖြစ်လို့၊ ပေးလိုက်သူမှာ တစ်ခုခုထည့်ဝင်ထားရပါလိမ့်မယ်။ တချို့ကလည်း အချက်အလက်ကို ထည့်ပေးတယ်။ တချို့ကလည်း အမြင်သုံးသပ်ချက်ကို ထည့်ပေးတယ်။ ဘယ်လိုပဲ ထည့်ပေး ထည့်ပေး၊ ဘယ်အရာကိုပဲ ထည့်ပေး ထည့်ပေး၊ နောက်ဆုံးမှာ ဆောင်းပါးကို ဒဿနအတွေးအခေါ်တစ်ခုခု အုပ်မိုး ပေးလိုက်ရတာပဲ ဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်မှာ ရေးသူ အခြေစိုက်ထားတဲ့ ဒဿနတစ်ခုခု ရှိစမြဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲသည့်ဒဿနကို ထီးလို့ တင်စားပြောချင်ပါတယ်။

ဆောင်းပါးတစ်ပုဒ်ရဲ့ အင်္ဂါရပ်

ဒါ့ကြောင့် ဆောင်းပါးတစ်ပုဒ်မှာ အခြေခံအားဖြင့် အင်္ဂါရပ် (၃) ရပ်နဲ့ ပြည့်စုံနေသင့်တယ်။

ဆောင်းပါးတစ်ပုဒ်မှာ ….

  • (၁) အချက်အလက်ပါဝင်ရမယ်။
  • (၂) သုံးသပ်ဝေဖန်ချက် ပါဝင်ရမယ်။
  • (၃) ဒဿနအတွေးအခေါ် တစ်ခုခု အုပ်မိုးလွှမ်းခြုံပေးနိုင်ရမယ်။

ဒါကို ဥပမာအားဖြင့် လူနှစ်ယောက်စလုံးဟာ ထီးရဲ့ အရိပ်အောက်မှာ ရှိနေရလိမ့်မယ်လို့ ပြောရမှာ ဖြစ်ပါတယ်။  ဒါမှ ခိုင်မာကျစ်လစ်ပြီး အဆက်အစပ်ရှိတဲ့၊ ဗလုံးဗထွေးမနိုင်တဲ့၊ ဖွာလန်ကျဲပြီး ဟိုတစ်စ ဒီတစ်စ ဖြစ်မနေတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ ရောက်တက်ရာရာ​တွေ လျှောက်ရောက်သွား နိုင်ပါတယ်။ ဆောင်းပါးတစ်ပုဒ်မှာ ထည့်သွင်းတဲ့ အချက်အလက်ဟာ၊ ဆောင်းပါးတစ်ခုလုံးက ဆိုလိုညွှန်းဆိုချင်တဲ့ အကြောင်း အရာနဲ့ သက်ဆိုင်တဲ့ အချက်အလက် တွေသာ ဖြစ်သင့်တယ်၊ ဖြစ်ရမယ်။ ဖြစ်ဖို့ လိုတယ်။ ဆောင်းပါးမှာ ဝေဖန် သုံးသပ်ထားတဲ့ ဆန်းစစ်ချက်အမြင် ရှုဒေါင့်သည်လည်း၊ ဆောင်းပါးတစ်ခုလုံးမှာ ထည့်သွင်းမြှုပ်နှံထားတဲ့ အချက်အလက်တွေနဲ့ လိုက်ဖက်ညီတဲ့ သုံးသပ်ဝေဖန်ချက်မျိုးပဲ ဖြစ်ရမယ်၊ ဖြစ်သင့်တယ်၊ ဖြစ်ဖို့လိုတယ်။

မြှုပ်နှံထည့်သွင်းရေးသားထားတဲ့ အချက်အလက်တွေက တခြား။ ကိုယ်ဝေဖန်သုံးသပ်လိုက်တဲ့ အမြင်ရှုဒေါင့်က တခြားဖြစ်လို့ မရပါဘူး။ အချက်အလက်နဲ့ ဝေဖန်သုံးသပ်ချက်ဟာ အဟပ်ညီရပါမယ်၊ ဆက်စပ်မှု ရှိရပါမယ်။ ဒါပေမယ့် လူချင်းသာ တူကောင်း တူမယ်၊ အဝတ်အစားနဲ့ ဟန်ပန်ကွဲသလိုတော့ ရှိနေပါလိမ့်မယ်။ အချက်အလက် နဲ့ သုံးသပ်ဝေဖန်မှုဟာ တကွဲတပြားစီ မဖြစ်ရဘူး။ ဆက်စပ်မှု ရှိရမယ်။ လူချင်းဟာ အမွှာနှစ်ယောက်လို ထပ်တူကျ နေရပါလိမ့်မယ်။ သို့သော် အဝတ်အစားတော့ တူချင်မှ တူမှာပေါ့။ ဟန်ပန်တော့ တူချင်မှ တူမှာပေါ့။ စိတ်နေ သဘောထားကတော့ ထပ်တူကျချင်မှ ကျမှာပေါ့။

သမ, မျှတ ပါစေ

ဆောင်းပါးရှင်တွေရဲ့ ဆောင်းပါးတွေကို လေ့လာကြည့်ပြီး၊ ရေးသူဟာ အချက်အလက်တင်ပြမှုမှာ အားသာသလား၊ သို့မဟုတ် ဝေဖန်သုံးသပ်မှုမှာ အားသာသလားဆိုတာကို ဝေခွဲနိုင်ပါတယ်။ တချို့ကလည်း အချက်အလက်နဲ့ ဝေဖန်သုံးသပ်မှုဟာ မျှတတယ်၊ လိုက်လျောညီထွေရှိတာတွေ့ ရတယ်။ ဆောင်းပါးရေးတဲ့သူတွေဟာ ကိုယ့်အား သာချက်နဲ့ ကိုယ် ဖြစ်ပါတယ်။ တချို့က အချက်အလက်တွေကို အမြောက်အမြား ဝေဝေဆာဆာ ရေးသားတင်ပြ တာကို အားသန်တယ်။ တချို့ကလည်း အချက်အလက်ကို လိုသလောက်သာ တင်ပြပြီးတော့၊ သုံးသပ်ဝေဖန်မှုကို အသားပေးရေးသားတာတွေ ရှိတယ်။ တချို့ကလည်း အချက်အလက်ကိုလည်း မများလွန်း၊ သုံးသပ်ဝေဖန်မှုကို လည်း ချင့်ချင့်ချိန်ချိန် လုပ်တတ်ကြတယ်။ တစ်ခုနဲ့ တစ်ခု မတူပါဘူး။

ရှောင်သင့်တာတွေ

သတိထားရမှာကတော့၊ ဆောင်းပါးတစ်ပုဒ်ထဲမှာ အချက်အလက်တွေချည်းပဲ ပြွတ်သိပ်ထည့်သွင်းရေးသားတာမျိုး မလုပ်သင့်ပါ။ ဘာအကြောင်းအချက်မှ ရှေ့က တင်ပြထားတာမရှိဘဲ၊ အစပထမနိဒါန်း စာပိုဒ်မှာပဲ ဇွတ်အတင်း သုံးသပ်ဝေဖန်လိုက်တာ၊ ကောက်ချက်ချလိုက်တာမျိုးကို ရှောင်ကြဉ်ဖို့ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်သင့်ဘူးလို့ ထင်ပါ တယ်။ ဆောင်းပါးတစ်ပုဒ်ဟာ သုတေသနဆန်ဆန် တင်ပြပုံမျိုးဖြစ်ဖို့၊ အစကနဦးမှာပဲ “အနုမာနမှန်းဆချက်” (တနည်း) “အဆိုတစ်ခု” ကို ကနဦးကြိုတင် တင်ပြထားပြီး၊ နောက်မှ အချက်အလက်နဲ့ တစ်ကွက်ချင်း ထောက်ပြီး ဖြည်ထုတ်ရှင်းလင်းရေးသားတဲ့ ဆောင်းပါးမျိုးလည်း ရှိတတ်ပါတယ်။ အဲသည်လို ဆောင်းပါးမျိုးမှာတော့၊ အစ ကနဦးမှာပဲ အနုမာနမှန်းဆချက်တစ်ခု (သို့မဟုတ်) အဆိုတစ်ခုကို ကြိုတင် တင်ပြရေးသားဖော်ပြတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဆောင်းပါးမျိုး မဟုတ်ဘဲ၊ သာမန်အားဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားတဲ့အခါ၊ ဆောင်းပါးရဲ့ ပထမအပိုဒ်မှာပဲ ဇွတ်အတင်းဝေဖန်ကောက်ချက်ချလိုက်တာမျိုးဟာ၊ ဆောင်းပါးတစ်ပုဒ်ကို ကိုးယို့ကားယားကြီး ဖြစ်နိုင်စေတယ်။ ဒီတော့ ဒီလိုမျိုးရေးတာကို ရှောင်ဖို့ ဖြစ်ပါတယ်။

လွတ်လပ်စွာ ရေးပါတော့

ဒီလို အခြေခံ ရှောင်သင့်တာတွေကို သိထားပြီးရင်တော့၊ ကျန်တာကို လွတ်လပ်စွာ ရေးနိုင်ပါတယ်။ အရေးအသား မှာလည်း လွတ်လပ်စွာ ရေးနိုင်တယ်။ စကားလုံး အသုံးအနှုန်းမှာလည်း လွတ်လပ်စွာ ကွန့်မြူးတီထွင်နိုင်တယ်။ ခေါင်းစဉ်တိုပေးတဲ့အခါမှာလည်း လိုသလို သုံးနှုန်းနိုင်တယ်။ အချီကို လွတ်လပ်စွာ ရေးချနိုင်သလို၊ အချ ကိုလည်း လွတ်လပ်စွာ နိဂုံးချုပ် ရေးသားနိုင်ပါတယ်။ ဘယ်လိုအရာနဲ့ ချီရမယ်၊ ဘယ်လိုအရာနဲ့ အဆုံးသပ်ရမယ်ဆိုတာကို မပြောလိုပါ။ လွတ်လပ်စွာ ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်သာဖြစ်သင့်ပါတယ်။ ဒါမှလည်း ကောင်းမွန်နိုင်ပါတယ်။

ဒဿနတစ်ခု ခြုံငုံအုပ်မိုးပေးပါ                       

နောက်ဆုံးမှာတော့ ဆောင်းပါးရေးသူဟာ ကိုယ်ရေးတဲ့ဆောင်းပါးတစ်ပုဒ်မှာ အတွေးအခေါ်၊ ဒဿနတစ်ခုခုကို ပေးလိုက်နိုင်ဖို့ လိုပါတယ်။ ဒါကတော့ အပိုဆုလို့ ပြောလို့ ရနိုင်ပါလိမ့်မယ်။ ဆောင်းပါးရေးသူတိုင်းဟာ ဆောင်းပါး တိုင်းမှာ ဒဿနကို ထည့်သွင်းမြှုပ်နှံ အုပ်မိုး မပေးနိုင်ကြပါ။ ဒါပေမယ့် ဆောင်းပါးရေးသူဟာ အတွေးအခေါ် ဒဿန တစ်ခုခုကို လွှမ်းခြုံအုပ်မိုးပြီး ဆောင်းပါးကို ခြုံငုံပေးဖို့ လိုပါတယ်။ ဒါမှလည်း ဆောင်းပါးထဲမှာ ထည့်သွင်းထားတဲ့ အချက်အလက်နဲ့ သုံးသပ်ချက်ဟာ ဘယ်အတွေးအခေါ်၊ ဒဿနတန်ဖိုးကို အခြေခံသလဲဆိုတာ ကောင်းကောင်း သိမြင်ရရှိနိုင်ပါလိမ့်မယ်။

တကယ့်ဆောင်းပါးရှင်

ဒဿနတစ်ခုကို မြှုပ်နှံအုပ်မိုးပေးလိုက်နိုင်ခြင်းဟာ ဆောင်းပါးရှင်ရဲ့ ဉာဏ်အမြော်အမြင် ဖြစ်ပြီး၊ ဆောင်းပါးထဲက အရေးအသားနဲ့ အသုံးအနှုန်းဟန်မှာ အနုပညာထည့်နိုင်ခြင်းဟာ ဆောင်းပါးရှင်ရဲ့ နှလုံးသားခံစားမှုနက်နဲခြင်း ဖြစ်ပါတယ်။ ဆောင်းပါးထဲက အချက်အလက်တင်ပြမှုဟာ ဆောင်းပါးရှင်ရဲ့ ဗဟုသုတနဲ့ လေ့လာနိုင်စွမ်းကို ပြနေသလို၊ ဆောင်းပါးထဲက သုံးသပ်ဝေဖန်မှုဟာ ဆောင်းပါးရှင်ရဲ့ စူးရှထက်မြက်တဲ့ အတွေးအခေါ်ကို ပြသနေပါ လိမ့်မယ်။

ဒါဟာ ဆောင်းပါးရေးနေတဲ့ ကလောင်ရှင်ပေါက်စတွေအတွက် ကျနော့် လက်ကမ်းစကားတချို့ ဖြစ်ပါတယ်။

မင်းသေ့

နံနက် ဝး၄၆

၁၊ မတ်၊ ၂၀၂၂။

Previous post မလိမ်ပါနဲ့ စာရေးဆရာ
Next post ကလောင်တစ်ချောင်း၏ ရင့်ကျက်မှု