“ကျနော့် ဆောင်းပါးတွေ ဖတ်ဖြစ်ခဲ့သည်ရှိသော်…” ဆိုတဲ့ အတွေးနောက်မှာ၊ ကျနော့်သဘောထားဆန္ဒ တချို့ ကိန်းဝပ်နေတာ ရှိတယ်။ အဲဒါကို နည်းနည်းလေး ပြောချင်ပါတယ်။ ဒီသဘောထားဟာ ကျနော် ကိုယ်တိုင်လည်း လက်တွေ့ကျင့်သုံးခဲ့တဲ့၊ ကျင့်သုံးနေတဲ့၊ နောင်လည်း ကျင့်သုံးလိမ့်အုံးမယ့် သဘောထားဖြစ်ပါတယ်။ အဲဒါကတော့

  • ဆောင်းပါးကို ကျော်ကြည့်နိုင်စွမ်း၊
  • စာကိုကျော်ကြည့်နိုင်စွမ်း၊
  • စာရေးသူကို ကျော်ကြည့်နိုင်စွမ်း၊
  • စာအုပ်ကို ကျော်ကြည့်နိုင်စွမ်း၊
  • စာရေးဆရာကို ကျော်ကြည့်နိုင်စွမ်း၊

ဖြစ်ပါတယ်။

ကျနော်ဟာ နိုင်ငံရေးဆောင်းပါးတွေ ရေးသလို၊ နိုင်ငံရေးစာသင်တဲ့အလုပ်ကိုလည်း လုပ်ပါတယ်။ ကျနော် သင်တဲ့ နိုင်ငံရေးသင်တန်းတွေမှာ၊ တက်တဲ့ လူငယ်တွေကို ကျနော် သင်တာထက် ပိုမြင်နိုင်စွမ်း ရှိစေဖို့ ကျနော် အမြဲတမ်း ဆန္ဒရှိခဲ့တယ်။ ဒီလို ဖြစ်အောင်လည်း ကျနော် ကြိုးစားပြီး သင်တယ်။ ကျနော် သင်တာတွေနဲ့ပဲ မတင်းတိမ်ဖို့လည်း အမြဲ တိုက်တွန်းနှိုးဆော်တယ်။ စာသင်ရင်းလည်း အညွှန်းတွေ ပေးသွားတတ်တယ်။ ဘာသာရပ်ဆိုင်ရာ အညွှန်း၊ စာအုပ်အညွှန်း၊ သမိုင်းအညွှန်း စသည်ဖြင့် ကျနော် ထည့်ပြီး ပြောတယ်။

  • “ဘာတွေကို ဖတ်ကွ”
  • “ဘယ်လို ဖတ်ကွ”
  • “ဘယ်အကြောင်းအရာတွေကို လေ့လာကွ”
  • “ဘယ်ခေတ်ကို လေ့လာကွ”
  • “ဘယ်ဘာသာရပ်နဲ့ နှီးနွှယ်တယ်ကွ”
  • “အဲဒါကို ဆက်လိုက်ကွ”
  • “အခြေခံသဘောတရားကို ကျေညက်အောင် လိုက်ကွ”
  • “မျှဖတ်ကွ၊ ဘက်အစုံက ရေးထားတာတွေ ဖတ်ကွ”
  • “နိုင်ငံတကာကဟာတွေလည်း ဖတ်နိုင်အောင် လုပ်ကြ”
  • “ပြည်တွင်းကလူတွေ ရေးတာလည်း ဘောင်မဝင်ဘူးလို့ မထင်ကြနဲ့ကွ”

စသည်ဖြင့် ကျနော်ဟာ စာသင်ရင်း၊ ဆော်ဩ။ ဆော်ဩရင်း စာသင်လေ့ရှိတယ်။ သတိလေးပေးတယ်။ တွန်းပေး တတ်တာတွေလည်း ရှိတယ်။ ရှေ့က ဦးဆောင်ခေါ်ပြတာတွေလည်း ရှိတယ်။​ နောက်ပြီးတော့၊ အသိဉာဏ်တစ်ခု မွေးဖွားဖို့ဆိုတာ မီးဖွားသလိုပဲ၊ လက်သည်ချည်းပဲ အားကိုးလို့ မရဘူး၊ ညစ်အားလေးလည်း ပေးမှကွ။ ဒီတော့ ဆရာ့ကိုချည်းပဲ အားမကိုးနဲ့၊ ဖတ်သင့်ဖတ်ထိုက်တာတွေ ရှာဖတ်ကွ။ ဘယ်ဟာတွေ ရှိတယ်။ ဘယ်မှာ ရှိတတ် တယ်။ စာအုပ်ထဲမှာ ဘယ်လို၊ အင်တာနက်မှာ ဘယ်ကဲ့သို့။ ပြည်ပ ပညာရှင်​တွေက ဘာသဘောရှိတယ်၊ ပြည်တွင်း ကတော့ ဘယ်လို ဘယ်ကဲ့သို့….။ စတာတွေကို ရေပတ်မဝင်အောင် ကျနော် ပြောဟောနေတတ်တယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းမိန့်မှာခဲ့တဲ့ ပညာရဲ့ တန်ဖိုးဆိုတာ contribution ဘယ်လောက် လုပ်နိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်ဆိုတဲ့ စကား ကျနော် အမြဲတမ်း စွဲနေတယ်။

ဒီတော့ လိုချင်သူတွေ့ရင်၊ တကယ် စိတ်ဝင်စားတယ်လို့ ယူဆပြီး မေးမြန်းလာရင် ကျနော် ရေလွှတ်ခရားလို့ တရပ် ဟော ပြောပြနေတတ်တယ်။ ဒီတော့ စာသင်ချိန်တွေဟာ ပေးထားတာထက် အချိန်လွန်သွားတာတွေဟာ ကျနော့် မှာ ရိုးတောင် နေပါပြီ။

အခု ဆောင်းပါးတွေ ရေးနေဖြစ်တော့လည်း ထိုနည်းလည်းကောင်းပဲ။

  • ရေးခွင့်ရတုန်း ရေးမှကွ။
  • ရေးချင်စိတ်ရှိတုန်း ရေးမှကွ။
  • ရေးနိုင်တော့ ရေးမှကွ။
  • အချိန်ရှိတုန်း ရေးမှကွ။
  • ကျန်းမာတုန်းရေးမှကွ။
  • ဖတ်ခွင့်ရနေတုန်း ရေးထားမှကွ။

ဆိုတာတွေဟာ ကျနော့်စိတ်ထဲကို အမြဲလိုလို ကိန်းဝပ်နေတယ်။ ဒီလိုနဲ့ ကျနော်ဟာ ကိုယ့်အတွေးစတွေကို အလဟဿမဖြစ်စေဘဲ ၊ အမြဲတမ်း ကောက်ယူဖမ်းဆုပ်နိုင်ဖို့ ကြိုးစားတယ်။ ကောက်ယူဖမ်းဆုပ်မိတာတွေကို လည်း အတွေးထဲမှာတင် မပျောက်သွားအောင် မှတ်တမ်းတင်ဖို့၊ အက္ခရာအနေနဲ့ ဖော်ပြနိုင်ဖို့ ကာယကံမြောက် ကျနော် အမြဲ အားထုတ်တယ်။ ဒီလို အားထုတ်တဲ့အခါမှာလည်း၊ ငါ့ဆောင်းပါးကို ဖတ်မိတဲ့အခါ၊

  • ငါ ညွှန်းတာထက် ပိုလွန် သိကြစေကွ၊
  • ငါ ရေးထာထက် ပိုတွေးနိုင်ကြစေကွ၊
  • ငါ ကြည့်မြင်ပြတဲ့ ဒေါင့်ထက် ပိုမြင်ကြပါစေကွ၊
  • ငါ ထားတဲ့သဘောထားထက် ပိုကျယ်ပြန့်ကြစေကွ၊
  • ငါ တို့ထိတဲ့ ဗဟုသုတထက် ပိုလွန်သိနိုင်ပါစေကွ၊

ဆိုတာမျိုး ကျနော် အမြဲ ဆန္ဒ ရှိတယ်။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း အမြဲ နှလုံးသွင်းမိတာတွေ ရှိတယ်။

ငါက စာရေးတဲ့သူမို့၊ သူတို့ကို အစ ဆွဲထုတ်ပေးတာသာ ဖြစ်တယ်။ သူတို့ အတွေးစကို ဆွဲထုတ်ပေးတာ၊ ဆွဲဆန့်ပေးတာသာ ဖြစ်တယ်။ သူတို့ အတွေးတွေက ငါ့ထက်တောင် ကျယ်ပြန့် နက်နဲချင် နက်နဲနေမှာ။ ငါ့ ဆောင်းပါးဟာ ဦးနှောက်ကို ဆွပေးတဲ့သဘော၊ အတွေးကို ဆွပေးတဲ့သဘော၊ သူတို့ကို လက်တို့ သတိပေးတဲ့ သဘောလောက်သာ ဖြစ်တယ်။ တကယ်တော့ သူတို့မှာ ရှိထားပြီးသားအရာတွေ ဒီအချိန်မှာ ပေါ်လာအောင် ငါက စာရေးခြင်းနဲ့ ဆွပေးတာသာ ဖြစ်တယ်။ သူတို့ သိမြင်မှုက ငါ့ထက် အများကြီး ပိုကောင်း ပိုလိမ့်မယ်။ ဒီတော့ အတွေးနဲ့ ဦးနှောက်ကို စီရင်ချက်ဖို့ မကြိုးစားနဲ့။ အဖြေဟာ သူတို့ လက်ထဲမှာ။ ငါက နံဘေးက ကူပေးသူ သက်သက်မျှသာ…. လို့ ကျနော် အမြဲ တွေးတယ်။

ဒါဟာ ကျနော်ရေးတဲ့စာတွေနောက်ကွယ်က သဘောထားတချို့ပါ။

မင်းသေ့

ည ၉း၅၂

၂၂၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post ၈၈ – ၂၁  / ယခင် – ယခု
Next post မြန်မာပြည်ဆိုသည်မှာ