သမိုင်းဖြစ်ရပ်တိုင်းမှာ သူ့တန်ဖိုးနဲ့ သူ ရှိနေပါတယ်။ ဝေဖန်ဆန်းစစ်တာနဲ့ ပြစ်တင်မောင်းမဲတာဟာ မတူပါ။ ဒါကို နားလည်ဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးသမိုင်းထဲမှာ လူထုလှုပ်ရှားမှုသမိုင်းတွေ ရှိပါတယ်။ လူထုလှုပ်ရှားမှုတိုင်းဟာ အဲသည့်ခေတ်က လူ့အဖွဲ့အစည်းရဲ့ အရွေ့ကို တစ်စုံတစ်ရာ တွန်းအားပေးနိုင်ခဲ့တာချည်း ဖြစ်ပါတယ်။ အလွန် အမင်း အရွေ့တစ်ခုကို ရောက်သွားခြင်း၊ သို့တည်းမဟုတ် အတော်အတန်လောက်သာ ရွေ့ခဲ့ခြင်းနဲ့ အချက်ပေး သတိချပ်နိုင်စေဖို့လောက်က ဖြစ်ခဲ့စေခြင်း စသည်ဖြင့် အမျိုးမျိုး ဖြစ်တတ်ပါတယ်။ ၁၉၈၈ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ လူမှုအုံကြွမှု၊ ဒီမိုကရေစီတော်လှန်ရေးဟာ ခရီးဆုံးပန်းတိုင်ထိ မရောက်ခဲ့သည့်တိုင် အရွေ့အတော်များများထိ တွန်း နိုင်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ စစ်အေးခေတ်ကာလနိဂုံးမှာ မြန်မာပြည်ဟာ လိုက်ပါနိုင်ခဲ့သူ ဖြစ်တယ်လို့ ပြောနိုင် ပါတယ်။

အခြေအနေတွေဟာ မတူပါ။ ၁၉၈၈ ခုနှစ်က အခြေအနေနဲ့ ၂၀၂၁ ခုနှစ်က အခြေအနေဟာ မတူပါ။ ကမ္ဘာ့နိုင်ငံရေး အခြေအနေမှာလည်း မတူပါ။ အိုင်တီနဲ့ နည်းပညာတွေ အပြန့်ကျယ်မှုမှာလည်း မတူပါ။ လူထုရဲ့ အသိရေချိန်မှာ လည်း အတော်ကွာခြားလှပါတယ်။ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ အကြားမှာ အာဏာရှင်ဖြုတ်ချရေး အတွက် ဦးစားပေးဆွဲကိုင်ခဲ့တဲ့ လမ်းစဉ်လည်း မတူပါ။

ကာလ – ဒေသ – ပယောဂ

၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလမ်းစဉ်ကသာ အဓိက ဆွဲကိုင်ချက်ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားတချို့က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သည့်တိုင်၊ လက်နက်ကိုင်လမ်းစဉ်ဟာ လူထုနဲ့ တစ်သားတည်းမဖြစ်တည်နိုင်ခဲ့ကြပါ။ ဒီမိုကရေစီရေးဦးဆောင်လှုပ်ရှားတဲ့ နိုင်ငံရေးအင်အားစုအသီးသီး ဟာ လက်နက်ကိုင်လမ်းစဉ်ရဲ့ ဘေးထွက်ဆိုးကျိုးကို နားလည်ခဲ့ကြသလို၊ လူထုကို အထိနာမှု နည်းတဲ့ နိုင်ငံရေး လမ်းစဉ်ကို ဇွဲသန်သန်နဲ့ လျှောက်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း ရွေးကောက်ပွဲနည်းနာကို ယုံကြည်ခဲ့တယ်။ လက်နက်မကိုင်ရဘဲ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရင် အကောင်းဆုံးလို့ ထင်မြင်ယူဆခဲ့ကြဟန်တူတယ်။

သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တန်ပြန်လှုပ်ရှားတဲ့ လူထုအုံကြွမှုမှာ၊ အကြမ်းမဖက်အာဏာဖီဆန် ရေးနည်းလမ်းရော၊ လက်နက်ကိုင်လမ်းစဉ်ပါ ပူးတွဲပါဝင်လာတာတွေ့ရတယ်။ တဖြည်းဖြည်းနဲ့ လက်နက်ကိုင် လမ်းစဉ်ဟာ အခရာဖြစ်လာတယ်။ အဓိက ဖြစ်လာတယ်။ လူထုဟာ မြန်မာစစ်တပ်က ခင်းပေးမယ့် ရွေးကောက်ပွဲ လမ်းစဉ်ကို အယုံအကြည် မရှိတော့ဘူး။ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းတာတွေကိုလည်း အလိုမရှိတော့ဘူး။ အဖြေ ဟာ ရှင်းလင်းပြတ်သားပြီးဖြစ်လို့ အကျိုးစီးပွားအရ လက်မလွှတ်ချင်ဘဲ၊ ပြဿနာအသစ်တွေ ဖန်တီးတဲ့ မြန်မာ စစ်တပ်ကိုသာ အမြစ်ဖြုတ် အပြတ်တိုက်ချင်နေတော့တယ်။ တစ်ဖက်ကကြည့်ရင်လည်း၊ သမိုင်းသင်ခန်းစာတွေကို လူထုဟာ အတော်အတန် ကြေညက်ထားတာတွေ့နိုင်တယ်။ လူထုဟာ စစ်အစိုးရအဆက်ဆက်ရဲ့ လှည့်ကွက်တွေ ကို သိနားလည်နေကြတယ်။ နိုင်ငံရေးစကားလုံးတွေကို သုံးပြီး လူထုကို ကျောသပ်ရင်သပ်လုပ်တာတွေ ယနေ့ အခြေအနေမှာ လုပ်လို့ မရတော့ဘူး။ ဒါ့ကြောင့်လည်း “၈၈ တုန်းက အချိုးတွေ ၂၁ မှာ လာမချိုးနဲ့” လို့ ပြောနေကြ တာ ဖြစ်တယ်။

တန်ဖိုး မမဲ့ခဲ့

တကယ်တော့ ၁၉၈၈ လူထုဒီမိုကရေစီရေးလှုပ်ရှားမှုဟာ ခရီးဆုံးပန်းတိုင်ထိ မရောက်ခဲ့ပေမယ့်၊ တန်ဖိုး မဲ့တာ မဟုတ်ပါဘူး။ ကျရှုံးခဲ့တာလည်း မဟုတ်ပါဘူး။ တစ်စုံတစ်ရာ အောင်မြင်မှု ရှိခဲ့ပါတယ်။ ဆွေးမြေ့နေတဲ့ အာဏာရှင် ယန္တရားဟောင်းကြီးကို ဖြိုချနိုင်ခဲ့တယ်။ လူထုဟာ ဒီမိုကရေစီကို ဗဟိုပြု အာရုံထားနိုင်အောင် လုပ်နိုင်ခဲ့တယ်။ စစ်အစိုးရကို အစဉ်တစိုက် အတိုက်အခံပြု ကိုင်လှုပ်နိုင်အောင် လုပ်နိုင်တဲ့ ပင်မနိုင်ငံရေးအင်အားစုကို စုဖွဲ့ထားနိုင် ခဲ့တယ်။ နယ်ပယ်အသီးသီးက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို မွေးဖွားသန့်စင်ပေးနိုင်ခဲ့တယ်။ အနာဂတ် မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အပံ့ဖြစ်စေမယ့် ပညာရှင်တွေကို ပြည်တွင်းကနေ ဆွဲထုတ် မွေးမြူထား နိုင်တဲ့ အခင်းအကျင်းမျိုးကို ရခဲ့တယ်။ ဒါပေမယ့် ၁၉၈၈ လူထုလှုပ်ရှားမှုဟာ မြို့ကြီးပြကြီးတွေမှာ အဓိက ဖြစ်ခဲ့တာ ပါ။ တောကြိုအုံကြားအထိတော့ မဖြစ်ခဲ့ပါဘူး။ လူမျိုးစုတွေ ခြေကုတ်ယူရာ စစ်ဒေသအသီးသီးမှာလည်း ဒီမိုကရေစီသံ သိပ် မပွက် မညံခဲ့ပါဘူး။

ဒင်းပြည့်ကျပ်ပြည့် လှုပ်ရှားမှု

ယခု လက်ရှိ ၂၀၂၁ – ၂၂ အခြေအနေမှာတော့ တောကြိုအုံကြားအထိပါ လူထုလှုပ်ရှားမှု ရှိနေတာတွေ့ရပါတယ်။ ပြည်မတင်မက တောင်တန်းဒေသ၊ ကမ်းရိုးတန်းဒေသတွေပါမကျန် လူထုလှုပ်ရှားမှု ရှိနေတာတွေ့ရပါတယ်။ လူထု ဟာ ဒီမိုကရေစီလောက်မှာတင် မရပ်တန့်တော့ဘဲ ဖက်ဒရယ်အဆင့်ထိ နိုင်ငံလုံးချီ ဗဟိုချက်ထားနိုင်တာတွေ့ရပါ တယ်။ အဲသည့်ထဲက တချို့သော လူမျိုးစုတွေဆိုရင် နိုင်ငံသစ်တည်ထောင်ဖို့အထိ မျှော်မှန်းချက်ထားနိုင်တဲ့အထိ၊ အကျပ်အတည်းကြားမှာ အခွင့်အလမ်းတွေ ဖန်တီးနိုင်တာတွေ့ရပါတယ်။ လွတ်လပ်ခွင့်ဟာ မြန်မာပြည်အတွက် အဓိက လိုအပ်ချက်ဖြစ်နေပါတယ်။

  • နိုင်ငံရေးအရ လွတ်လပ်ခြင်း၊
  • စီရင်ပိုင်ခွင့်အရ လွတ်လပ်ခြင်း၊
  • စီးပွားရေးအရ လွတ်လပ်ခြင်း၊
  • အတွေးအခေါ်အရ လွတ်လပ်ခြင်း၊

စတဲ့ လွတ်လပ်မှုတွေဟာ ပြည်သူလူထုအဓိက ဆာလောင်မွတ်သိပ်နေတဲ့အရာ ဖြစ်နေတယ်။

ကျားကျား မီးယပ် စစ်တပ်

မြန်မာစစ်တပ်ဟာ အကျဘက်ကို ထိုးဆင်းနေပြီ။ ဂုဏ်သိက္ခာအရလည်း ထိုးကျလာတယ်။ ကူသူကယ်သူ မရှိလောက်တဲ့အထိ မြန်မာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာဟာ ထိုးကျဆင်းနေပြီ။ စစ်တပ်အသိုင်းအဝိုင်းထဲက လူတစ်စုကတော့ “ကျားကျား မီးယပ်” လိုသဘော၊ ဖင်ပိတ်ပြီး ဇွတ်အတင်း ဖာနေတုန်း။ သို့သော်လည်း စစ်တပ်အသိုင်းအဝိုင်းထဲမှာတောင် နှုတ်ဆိတ်နေသူ အများစုကို တွေ့နေရပြီဖြစ်တယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဖြစ်နေသူတွေ တစ်ပုံကြီး ရှိနေပါတယ်။ သို့သော်လည်း အင်စတီကျူးရှင်းကြီးတစ်ခုလုံးနဲ့ ဆိုင်နေတဲ့ကိစ္စဆိုတော့၊ တစ်ကိုယ်တော် ဖောက်ထွက် ပြောဆိုတာမျိုး မလုပ်ကြ။ အနည်းစုထဲက အနည်းဆုံးလောက်သာ ဖော်ထုတ်ပြောဆိုကြတယ်။ သိနေပေမယ့် အများစုကတော့ ရေလိုက်ငါးလိုက်နဲ့ အလိုက်သင့်သာ မျှောလိုက်နေတာတွေ များနေတာတွေ့ရတယ်။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကျင့်ပျက်မှုနဲ့ ကိုယ်ကျိုးစီးပွားတွေကို တပ်အသိုင်းအဝိုင်းက လူတွေ အသိဆုံးဖြစ်ပါတယ်။

အထူးသဖြင့် အရာရှိ၊ အရာခံအဆင့်တွေက သိနားလည်ကြပါတယ်။ သူတို့ကို အုပ်စုအရ ထိန်းချုပ်ထားတာတွေ ရှိလို့၊ သိပေမယ့် မပြောဝံ့ဘူး၊ မပြောသာဘူး၊ ပြောလို့လည်း ဘာမှ မထူးဘူး။ ဒီတော့ အတော်များများဟာ ခပ်မဆိတ် နေကြတာများတယ်။ မြန်မာစစ်တပ်ဟာ ရုပ်ပိုင်းဆိုင်ရာ အကောင်အထည်သာ ကြီးမားလာခဲ့တယ်။ စစ်ရေးစစ်သွေးအရ နိမ့်ကျလာတယ်။ ကျဆင်းလာတယ်။ စိတ်ဓာတ်အရလည်း သိမ်ဖျင်းလာတယ်။ အကျင့်ပျက် ခြစားမှုကလည်း ထိပ်ပိုင်းစစ်ဗိုလ်သက်သက်မျှသာ မဟုတ်တော့။ အောက်ခြေစစ်သားအထိ လှိုက်စားပျက်စီးလာ တယ်။ ဒီအခြေအနေကို တပ်တွင်းအသိုင်းအဝိုင်းက လူတွေပါ ကောင်းကောင်းနားလည်နေကြတယ်။ ဒါပေမယ့် ချွန်ထွက်တာမျိုး မဖြစ်လိုတော့ အတော်များများက သိုသိုသိပ်သိပ်နဲ့သာ အလိုက်သင့်နေကြတာတွေ့ရတယ်။ ဒါဟာ လက်ရှိ အခြေအနေဖြစ်ပါတယ်။

မင်းသေ့

နေ့လယ် ၁၂း၂၆

၂၄၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post ပြောက်ကျားတော်လှန်သူလူထု၏ အခန်းကဏ္ဍကို နားလည်ပါ
Next post ဆောင်းပါးများနောက်ကွယ်က