ကျနော်ဟာ စာရေးတဲ့အခါ၊ လက်ရှိဖြစ်ပျက်နေတဲ့ လူ့အဖွဲ့အစည်းအကြောင်းကို မြင်ကွင်းကျယ်ကျယ်နဲ့ ပိုမြင်နိုင် ဖို့ ဘယ်လို interpretation လုပ်ရမလဲ၊ ဘယ်လို အနက်ပြန်ရမလဲဆိုတာကို ခဏ ခဏ စဉ်းစားခန်းထုတ်လေ့ရှိပါ တယ်။ ဘာသာရေးဘက်ကနေ လှည့်ပြီး ရေးသားတယ်။ နိုင်ငံရေးဒေါင့်ကနေ ကြည့်ပြီး ရေးတယ်။ လူသားဒေါင့် ကနေ ရပ်ခံပြီး ရေးတယ်။ သင့်၏ မသင့်၏ ဆိုတဲ့ ဒေါင့်၊ ဖြစ်နိုင်ချေ ရှိ – မရှိ ဆိုတဲ့ ဒေါင့်တွေကို ကြည့်ပြီး ရေးလေ့ ရှိတယ်။ လူမှုအတွေးအခေါ်နဲ့ လူမှုဓလေ့တွေကို ဝေဖန်ဆန်းစစ်သလို၊ လူတစ်ဦးချင်းစီရဲ့ သဘာဝကိုလည်း ကြည့် မြင်ဖို့ ကျနော် မပျက်ကွက်ခဲ့ပါဘူး။ တစ်ဦးနဲ့ အများ။ တစ်စုနဲ့ တစ်ဖွဲ့။ တစ်နိုင်ငံလုံးနဲ့ ဒေသတစ်ခု။ စသည်ဖြင့် ကျနော် ချင့်ချိန်တွက်ဆလေ့ရှိပါတယ်။

နိုင်ငံရေးသမားတွေဟာ ဘယ်ဒေါင့်ကနေ ကြည့်မြင်လေ့ရှိသလဲ။ စီးပွားရေးသမားတွေက ဘယ်ဒေါင့်က ရှုမြင်သလဲ။ လက်နက်ဝါဒီတွေက ဘယ်လို သဘောထားအမြင်မျိုး ရှိသလဲ။ လူအုပ်စုငယ်တွေရဲ့ ခံစားချက်တွေက ဘယ်လိုလဲ။ လူအုပ်စုကြီးက ဘယ်လို ထင်မြင်သလဲ။ ဒါတွေကို လေ့လာစူးစမ်းရတာ စိတ်ဝင်စားစရာပါ။ အဖြေ တစ်မျိုးတည်း မရှိတဲ့ လွတ်လပ်သောသင်ရိုးညွှန်းတမ်းကြီးကို လေ့လာရသကဲ့သို့ ဖြစ်ပါတယ်။

ဖိတတ်တဲ့အကျင့်

ဒီနေ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အဆိုအမိန့်ကို ဖတ်မိပါတယ်။

  • သတ္တဝါတွေဟာ ကိုယ်က နိုင်ပြီဆိုရင် “ဖိ” နှိပ်စက်ကြတယ်၊ ဝိုင်းဖိ ကြတယ်။ ဒါက နည်းလမ်း မကျဘူး…တဲ့။

ဒါနဲ့ ဆက်စပ်ပြီး ဓမ္မဒူတဆရာတော်ရဲ့ ဓမ္မစာစုတစ်ခုကို သတိရတယ်။

  • ဂျို (ချို) ရှိတဲ့ သတ္တဝါက ဂျိုကို အားကိုးတယ်။
  • အသိဉာဏ်ရှိတဲ့ သတ္တဝါက အသိဉာဏ်ကို အားကိုးတယ်..တဲ့။

ဒါဟာ လူ့အဖွဲ့အစည်းရဲ့ ဖြစ်အင်ကို နားလည်ဖို့ ပြတ်လပ်နေတဲ့ ဆက်ထုံးတစ်ခုကို ဆက်ပေးလိုက်သလို ဖြစ်နေပါ တယ်။ မြန်မာပြည်မှာ လက်နက်ရှိတဲ့သူက လက်နက် အားကိုးပြီး အနိုင်ကျင့်တယ်၊ ဖိနှိပ်တယ်။ အုပ်စုကြီးတဲ့သူ ကလည်း ငါတို့က အုပ်စုကြီးတယ်ဆိုပြီး လူအုပ်နဲ့ ဖိတယ်။ တကယ်တော့ အတင်းအဓမ္မလုပ်တတ်တဲ့ အကျင့်ဟာ နှစ်ဖက်စလုံးမှာ တွေ့ရတယ်။ လက်နက်ရှိတဲ့သူကလည်း လက်နက်ကို အားကိုးပြီး ဖိနှိပ်တယ်။ အုပ်စုကြီးတဲ့သူ ကလည်း အုပ်စုအားနဲ့ ဖိတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက သာမန်ပြည်သူလူထုဟာ လူအုပ်ကြီးနဲ့လည်း အဖိခံရတယ်၊ လက်နက်နဲ့လည်း အဖိခံရတယ်။

အညံ့တွေ ကိုယ်စီနဲ့

မြန်မာ့နိုင်ငံရေးဖြတ်သန်းမှု သမိုင်းအရ၊ လက်နက်အရှိတဲ့အဖွဲ့ကလည်း အုပ်စုအားတောင့်အောင် နိုင်ငံရေးနည်းနဲ့ လုပ်လာတယ်။ နိုင်ငံရေးနယ်က လူကလည်း သူ့ဘက် အားရှိအောင် လက်နက်ကိုင်ဖို့ ကြိုးစားလာတယ်။ ဒါဟာ လူ့အဖွဲ့အစည်းအတွင်းမှာ၊ အဖိ အကြပ်ခံရခြင်းရဲ့ အကျိုးဆက်နှစ်ခုပဲ။ နှစ်ခုစလုံးမှာ အားနည်းချက် ရှိနေတယ်။ ဘယ်ဘက်ကမှ ရာနှုန်းပြည့် ခြောက်ပစ်ကင်းစင် သဲလဲစင် မဟုတ်ဘူး။ ဒါပေမယ့် အမှားအနည်းဆုံးဘက်ကို ရွေး ပြီး လူ့အဖွဲ့အစည်းက လိုက်ပါကြရတယ်။ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းရဲ့ ပေတံနဲ့ တွက်မယ်ဆိုရင်၊ ၇၀း၃၀ အချိုး၊ ၃၀း၇၀ အချိုးလို့ပဲ ပြောနိုင်တယ်။ လူ့အဖွဲ့အစည်းညံ့ထဲမှာ အားပြိုင်အုပ်စုတွေအားလုံးက ဆိုးကွက်ပိုင်းမှာ (၇၀) ချည်း ဖြစ်နေတဲ့အခါ ပြည်သူလူထုက ဘာကို ရွေးချယ်ရမလဲ။

ဥပမာလေး တစ်ခု

၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ၊ မဲဆွယ်စည်းရုံးရေးကာလလောက်က လူမှုကွန်ယက်မီဒီယာပေါ်မှာ စာလေးတစ်ခု ဖတ်လိုက်ရတယ်။ အဲသည့်တုန်းကလည်း အမေရိကန်​နိုင်ငံက သမ္မတ ရွေးကောက်ပွဲနဲ့ ရှေ့ဆင့်နောက်ဆင့် အချိန် လေး ထင်ပါတယ်။

  • အမေရိကန်မှာက KFC စားမလား၊ ဟန်ဘာဂါစားမလား ရွေးရတာ…။
  • မြန်မာပြည်မှာကတော့ ချီးစားမလား၊ ထမင်းကြမ်းစားမလား ရွေးရတာ…တဲ့။

ဒီလို စာလေး ဖတ်လိုက်ရတယ်။ ဒီဥပမာက အတော် ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။

အညံ့တွေထဲက ရွက်ကြမ်းရေကျို

မြန်မာပြည်သူလူထုဟာ အကောင်းတွေထဲက အကောင်းဆုံးကို ရွေးချယ်ခွင့် မရှိပါ။ အညံ့တွေထဲကမှ ရွက်ကြမ်းရေကျိုကို ရွေးရတာ ဖြစ်ပါတယ်။ ဒီတော့ အကောင်းဆုံးကြီး မဟုတ်တောင်မှ၊ အဆိုးဆုံးကြီး မဖြစ်မယ့်သူကို ရွေးရပါတယ်။ အကောင်းဆုံး မဖြစ်နိုင်တောင်မှ အညံ့ဆုံးမဖြစ်မယ့်သူကို ရွေးရပါတယ်။ လူမိုက်ထဲကမှ လူလိမ်ဆိုတော့ သူလိမ် ကိုယ်လိမ် တော်ပါသေးရဲ့ ဆိုပြီး လူမိုက်ကို မလိုချင်လို့၊ လူလိမ်ကို မရွေးချယ်ပဲ ရွေးရတဲ့ သဘောပါ။ တကယ်တော့ ပညာရှိ သူတော်ကောင်းတွေထဲက အကြီးမြတ်ဆုံးသူကို ရွေးချယ်ရတာ မဟုတ်ပါ။ ဆီထမင်းနဲ့ ဆိတ်သားဒန်ပေါက် မစားနိုင်ပါ။ KFC နဲ့ မက်ဒေါ်နယ်ဟန်ဘာကာလည်း အိပ်မက် မမက်နိုင်ပါ။ မြန်မာပြည်ထဲမှာပဲ ရှိနေတာ ဖြစ်တာကြောင့် ချီးမစားချင်တော့၊ ထမင်းကြမ်းနဲ့ ငရုပ်သီးဆားထောင်းဖြစ်လည်း ဒါပဲ ရွေးရတာပဲ။ ဒီသဘောပါပဲ။

ရွေးချယ်နိုင်စွမ်း ရှိသူဟာ ပါဝါရှိသူတဲ့။ မြန်မာပြည်မှာ၊ ရွေးချယ်နိုင်စရာ များများ မရှိပါ။ ရွေးချယ်ခွင့်လည်း များများ မရှိပါ။ ဒီတော့ ရွက်ကြမ်းရေကျိုနဲ့သာ တင်းတိမ်နေရပါတယ်။ နောက်ထပ် (၁၀) နှစ်လောက်အထိလည်း ရောင့်ရဲ တတ်တဲ့စိတ်နဲ့ ရွက်ကြမ်းရေကျိုအဆင့်နဲ့သာ လောဘ သပ်ထားရပါလိမ့်မယ်။

ဒီ့အတွက် …

  • ရောင့်ရဲတတ်အောင် ပြည်သူကို နားချဖို့၊
  • ဖြစ်လာသမျှ ငုံံ့ခံဖို့၊
  • အရှုံးပေး နှလုံးအေးတဲ့ဆေး၊
  • ရန်ကို ရန်ချင်း မတုံ့နင်းနဲ့လို့

ကောင်းကောင်း ဟောပြောနားချဖို့ ဘုန်းတော်ကြီးအင်အား (၄) သိန်း အသင့်ရှိနေပါတယ်။ ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး လူထုကို ဖိနှိပ်စော်ကားဖို့လည်း လက်နက်ကိုင်အကြမ်းဖက် အင်အား (၄) သိန်း ရှိထားပြီး ဖြစ်ပါတယ်။

ဗမာတွေ မပူနဲ့ ။

ဆောင်းဝင်တော့မယ်။

မင်းသေ့

ညနေ ၆း၂၀

၂၂၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post ဆောင်းပါးများနောက်ကွယ်က
Next post နိုင်ငံတစ်ခု မွေးဖွားခြင်း