အမျိုးသားရေးဝါဒရဲ့ အနက်သဘောက ဘာလဲ။

အမျိုးသားရေးဝါဒဟာ – မျိုးနွယ်တူ၊ ဘာသာစကားတူ၊ ဓလေ့ယဉ်ကျေးမှုတူ စတာတွေအပေါ်မှာ အခြေခံပြီး နိုင်ငံရေးအရ သိုင်းဝိုင်းတည်ဆောက်ထားတဲ့ အုပ်စုဖြစ်တယ်။ သွေးတူမှ တို့အမျိုးဖြစ်တယ်။ ဘာသာစကားတူမှ တို့အမျိုးဖြစ်တယ်။ ဓလေ့ယဉ်ကျေးမှုတူမှ တို့အမျိုးဖြစ်တယ်လို့ ခံယူတယ်။ ဒီနေရာမှာ ဘာသာရေး (ကိုးကွယ် ယုံကြည်မှု)နဲ့ပတ်သက်ပြီး တူဖို့လည်း လိုတယ်လို့ ပြင်းပြင်းထန်ထန် ခံယူတဲ့၊ အမျိုးသားရေးဝါဒီတွေလည်း ရှိသေး တယ်။ ကိုးကွယ်ရာ ဘာသာမတူရင်၊ ရန်သူစာရင်းသွင်းလိုက်တဲ့ အစွန်းရောက်အမျိုးသားရေးဝါဒမျိုး။

အမျိုးသားရေးဝါဒနဲ့ပတ်သက်ပြီး ၁၉၉၅ ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ်၊ တိုင်းမ်မဂ္ဂဇင်းက ဆောင်းပါးတစ်ပုဒ်ကို (ဆရာ) မြသန်းတင့်က ဘာသာပြန်ခဲ့ဖူးတယ်။ အမျိုးသားရေးဝါဒ ဘာမှားသလဲ။

မြသန်းတင့်

အမျိုးသားရေးဝါဒနှင့် လူမျိုးစုံဝါဒ – ဆောင်းပါးမှ

ရည်ညွှန်း။          ။ The State of Belonging by Micheal Lgnatieff

အမျိုးသားရေးဝါဒရဲ့သဘောအနက်မှာ၊ ကိုယ့်လူမျိုးဟာ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ နေထိုင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါဝင်တယ်။ ကိုယ့်လူမျိုးကို ကိုယ့်လူမျိုးကပဲ အုပ်ချုပ်ရမယ်။ တခြားသောလူမျိုးက လာရောက် အုပ်ချုပ် တာမျိုးကို အလိုမရှိ။ ဒါကို ဒီဘက်ခေတ်မှာ ခေတ်စကားလုံးနဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” လို့ အနက်ယူပြီး သုံးနှုန်း တယ်။ ကိုယ့်လူမျိုးကို တိုင်းတပါးက အုပ်ချုပ်ခွင့် မရှိစေရဆိုတဲ့သဘောအနက်ဟာ မှားသလား။ မမှားပါဘူး။ သို့သော်လည်း လွန်လွန်ကျူးကျူးအစွန်းရောက်ပြီး၊ ကိုယ့်လူမျိုးဟာ တခြားသောလူမျိုးတွေနဲ့ ရောနှောမနေနိုင်လို့ ငြင်းဆန်တဲ့ကိစ္စဟာ အမှားကြီး မှားတယ်။ ဒါကို မြသန်းတင့်ရဲ့ ဘာသာပြန်ဆောင်းပါးမှာ ထောက်ပြထားတယ်။

ဖြစ်စဉ်ကို နားလည်ရန်

လူမျိုးတိုင်းမှာ ကိုယ်ပိုင်နိုင်ငံ မရှိနိုင်ပါ။ လူမျိုးဆိုတဲ့ အနက်သဘောကိုယ်က နိုင်ငံရေးအရ တည်ဆောက်ထားတဲ့ အစုအဖွဲ့သာ ဖြစ်တယ်၊ လူမှုရေးအရတည်ဆောက်ထားတဲ့ အစုအဖွဲ့သာဖြစ်တယ်၊ ယဉ်ကျေးမှုအရ တည်ဆောက် ထားတဲ့ အစုအဖွဲ့သာ ဖြစ်တယ်။ တစ်နည်းအားဖြင့်… စတိုရီတစ်ခုကို ယုံမှတ်စွဲမြဲအောင် ဖန်တီးထားနိုင်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုသာ ဖြစ်တယ်။ သွေးမနှောတဲ့လူမျိုးဆိုတာ မရှိတဲ့။

လူမျိုးအားလုံးဟာ အရေပြားအသားအရောင်အရသာ ကွဲပြားလိမ့်မယ်။ စပါးစေ့တစ်ထောက်စာလောက်သာ ရှိတဲ့ အရေပြားရဲ့အောက်မှာ၊ လူသားအားလုံးဟာ သွေးနှောတွေ ချည်းပဲ။ ဒါကို မနုဿဗေဒပညာကို ကောင်းကောင်း လေ့လာဖူးသူတွေ နားလည်နိုင်လိမ့်မယ်။ လူသားဖြစ်တည်မှုသမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာထား ဖူးရင် သိနိုင်တယ်။ လူတွေဟာ ပညတ်ကမ္ဘာထဲမှာ နေနေတဲ့သူတွေဖြစ်တယ်ဆိုတဲ့ အဆိုဟာ သိပ်မှန်တာပဲ။ လူ အုပ်စုနဲ့ လူ့အဖွဲ့အစည်းတွေဟာ ယဉ်ကျေးမှုအရ၊ ဓလေ့ထုံးတမ်းအရ၊ ကိုးကွယ်ယုံကြည်မှုအရ၊ နိုင်ငံရေးအရ၊ ဘာသာစကားအရ၊ စနစ်အရသာ စည်းနှောင်ထားခြင်းခံနေရတာ။ လူသားမျိုးနွယ်ကြီးတစ်ခုလုံးရဲ့ ကြန်အင် လက္ခဏာကို သိမြင်နိုင်စွမ်း မရှိဘူး။

မျိုးကောင်း မျိုးသန့်ဝါဒီ

လူမျိုးတိုင်းဟာ သီးခြားနိုင်ငံ မရှိနိုင်ဘူး။ လူမျိုးဖြစ်တိုင်းသာ သီးခြားနိုင်ငံဖြစ်ရိုးမှန်ရင် ကမ္ဘာကြီးဟာ ဗြဲလရမ်းကြီး ဖြစ်သွားလိမ့်မယ်။ သို့သော်လည်း တချို့သောလူမျိုးအုပ်စုတွေက ကိုယ်ပိုင်နိုင်ငံလိုချင်တယ်။ ဒီ့အတွက် ကြိုးစား ရုန်းကန် တိုက်ခိုက်ကြတယ်။ ပိုဆိုးတာက – “Ethnic Cleansing” လို့ခေါ်တဲ့ မျိုးသန့်ရမယ်ဆိုတဲ့ အယူအဆ။ အစွန်းရောက်အမျိုးသားရေးဝါဒမှာ၊ မျိုးကောင်းရမယ်၊ မျိုးသန့်ရမယ်ဆိုတဲ့ အယူအဆဟာ ကြီးကြီးမားမား ရှိခဲ့ တယ်။ လူရယ်လို့ ဖြစ်လာရင်၊ တန်းတူရည်တူဖြစ်ချင်တာ သဘာဝပဲ။ ဒါဟာ အပြစ်လို့ ဆိုဖွယ်ရာ မရှိသေး။ သို့ သော်လည်း ငါတို့ဟာ သူတို့ထက် ပိုကြီးမြတ်တယ်လို့ ယူမှတ်တဲ့စိတ်ကတော့ ပဋိပက္ခတွေကို ပိုလို့ ဖြစ်လာစေခဲ့ တယ်။ သတ်ဖြတ်မှုတွေကို ပိုဖြစ်လာစေခဲ့တယ်။ ဒီဥပမာကို ဂျာမနီနိုင်ငံက အမျိုးသားရေးဂျာမန်တွေနဲ့ ဂျူးတွေ အကြားက ပြဿနာက ထင်ထင်ရှားရှား မီးမောင်းထိုးပြနေတယ်။

မဟာဝါဒ

အမျိုးသားရေးဝါဒဟာ လွန်လွန်ကျူးကျူး ထိုးထွက်လာရင်၊ “မဟာလူမျိုးကြီးဝါဒ” အဖြစ် ပေါ်လာတယ်။ မိမိကိုယ် ကို တခြားသူတွေထက် သာလွန်တယ်လို့ စွဲမှတ်ထားတဲ့ အစွဲစိတ်။ ဒါကို “မက်ဂလိုသိုင်းမီးယား” လို့ အမှတ်သရုပ် နိုင်ငံရေး စာအုပ်က အနက်ဖွင့်တယ်။ လူချင်းတူတူ သူချင်းမျှမျှ ရှင်သန်နေလိုခြင်းဟာ လူ့အခြေခံဗီဇစိတ်ဖြစ်တယ်။ ဒီတော့ လူအုပ်စုတွေထဲမှာ တစ်ဆင့်နှိမ့်ခံထားရတဲ့ လူမျိုးတွေက တန်းတူညီမျှမှုကို လိုချင်တယ်။ တန်းတူညီမျှမှု အတွက် တိုက်ပွဲဝင်တယ်၊ တော်လှန်တယ်။ တန်းတူညီမှုကို လိုအပ်လို့ ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်ခြင်းဟာ သဘာဝကျတဲ့တော်လှန်မှုဖြစ်တယ်။ သို့သော်လည်း မဟာလူမျိုးကြီးဝါဒနဲ့ လူမျိုးတစ်မျိုး အပေါ်မှာ လွှမ်းမိုးဗိုလ်ကျဖို့၊ ဖိနှိပ်တဲ့ စစ်ပွဲကတော့ မဖြစ်သင့်။ အတ္တလွန်ကဲတဲ့စိတ်သာဖြစ်တယ်။

အမျိုးသားရေး အချင်းချင်း

မဟာလူမျိုးကြီးဝါဒဟာ အမျိုးသားရေးဝါဒမှာ အခြေခံပြီး ထွက်လာတဲ့ဝါဒပဲ။ လူတိုင်းက ငါတို့ကို အထက်တန်းလွှာ အဖြစ် အသိအမှတ်ပြုရမယ်ဆိုတဲ့ စိတ်ဓာတ်ခံကနေ လာတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ငါတို့ မဟုတ်တဲ့ တခြား သူတွေကို အောက်တန်းလွှာတွေလို့ မြင်တယ်။ ဒီလိုနဲ့ ဗိုလ်ကျစိုးမိုးမှုဟာ တဖြည်းဖြည်း ဝက်အူရစ်တင်းလာတယ်။ ဒါကို ခုခံတော်လှန်ဖို့ စုစည်းပေးတဲ့စိတ်ကလည်း အမျိုးသားရေးဝါဒပဲ။ ဒီတော့ လူမျိုးစုအခြေခံတဲ့ တော်လှန်ရေး တွေ အားလုံးလိုလိုဟာ အမျိုးသားရေးဝါဒ အချင်းချင်း ပွတ်တိုက်၊ တွန်းတိုးမိတဲ့ ပဋိပက္ခတွေ အဖြစ် တွေ့မြင်နေ ရတယ်။ တနည်းအားဖြင့် အမျိုးသားရေးဝါဒကြီးနဲ့ အမျိုးသားရေးဝါဒလေးအကြား ပဋိပက္ခအဖြစ် တွေ့နေရတယ်။

လူ့အဖွဲ့အစည်းအတွင်းမှာ၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ စိတ်အားမထည့်ကြရင် ပဋိပက္ခတွေနဲ့ ဒင်းကြမ်းပြည့်နေမှ ပဲ။ တော်လှန်ရေးအောင်လို့ ကိုယ့်လူမျိုးကို ကိုယ့်လူမျိုးထဲကပဲ အုပ်ချုပ်နိုင်သည်ဖြစ်စေ၊ သန့်စင်သောမျိုးနွယ်စု ဖြစ်ချင်တဲ့ အမျိုးသားရေးဝါဒတွေ ရှိနေသေးရင် လူ့အဖွဲ့အစည်းက ဘယ်တော့မှ မငြိမ်းချမ်းနိုင်၊ မတည်ငြိမ်နိုင်ပါ။

ဒီတော့ …

စတဲ့ အမျိုးသားရေးစိတ်ကို ကြီးမားကျယ်ပြန့်စေပြီး၊

မြသန်းတင့်ရဲ့ ဘာသာပြန်ဆောင်းပါးမှာ ပါတဲ့ အချက်ကို သဘောထားအမြင်ကျယ်ကျယ်နဲ့ နားလည်နိုင်ကြဖို့သာ ဖြစ်ပါတယ်။

မင်းသေ့

ညနေ ၅း၂၅

၄၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post စာရိတ္တပြန်လည်တည့်မတ်ရေးနှင့် ဘုန်းကြီးသံဃာများ၏ အခန်းကဏ္ဍ
Next post အနည်ထိုင်ချိန်မှာ မင်းရောက်လာ