• အနည်ထိုင်ချိန်မှာ မင်းရောက်လာ…
  • တေးရေး – စိုင်းခမ်းလိတ်
  • တေးဆို – စိုင်းထီးဆိုင်

တကယ်တော့ သီချင်းတွေကို အနက် မဖွင့်ချင်ပါ။ ဖွင့်စရာလည်း လိုမယ် မထင်ပါ။ ကိုယ့်ခံစားချက်နဲ့ ကိုယ်။ ကိုယ့် နှလုံးသားနဲ့ ကိုယ်။ ကိုယ့်ဓာတ်ခံနဲ့ ကိုယ်။ ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့။ အခုလည်း စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ဆိုထားတဲ့ သီချင်း တစ်ပုဒ်။ သီချင်းကို နားထောင်ပြီး ပြုံးချင်သလိုလို၊ ဝမ်းနည်းမိသလိုလို။

ဘာ့ကြောင့်ပါလိမ့်…..

  • ကျနော်တို့ ယောက်ျားတွေ အတော်များများ
  • (သို့မဟုတ်)
  • ယောက်ျားတွေထဲက တချို့
  • ကြုံဖူးကြလိမ့်မယ် ထင်ပါတယ်
  • ဘာပါလိမ့်….

ဒီလိုပါ။ “အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီ” ဆိုတာလိုမျိုးပေါ့။ “ပစ်ကွင်းသာပေမယ့် ပစ်စရာ ကျည်မရှိတော့ တဲ့ အခါမျိုး” ဖြစ်မှာပေါ့။ “မုတ်ဆိတ် ပျားစွဲပေမယ့် ပျားဖွတ်ခွင့်မရတဲ့ အခါမျိုး” ပေါ့။ “အခွင့်အရေးရပေမယ့် အခွင့် အရေးကို နာနာကျင်ကျင်နဲ့ လက်လွှတ်လိုက်ရတဲ့အခါမျိုး” ပေါ့။ ဒါဟာ ဘယ်လို အခြေအနေတွေမှာ ဖြစ်တတ် သလဲ။ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

သို့သော်လည်း ဒီနေရာမှာတော့ – ရွှေသမင်ငယ်ဟာ ကိုယ့်ပစ်ကွင်းမှာ တည့်တည့်ပြီး လာရပ်ပေမယ့်၊ ကျည်ဆံကုန် ယမ်းကုန်နေတဲ့ သေနတ်စုတ်ကို ပိုင်ဆိုင်ထားတဲ့ မုဆိုးအို တစ်ယောက်အကြောင်း။

သီချင်းနာမည်က – အနည်ထိုင်ချိန်မှာ မင်းရောက်လာ….တဲ့။

သီချင်းရဲ့ အစမှာ အခုလို စတယ်။                                      

  • လမိုက်ညရဲ့ သန်းခေါင်မှာ
  • အို…ဇာတာရယ် စန်းထ,လာ …
  • ကြယ်ကြွေချိန်မှာ ဆုတောင်းတာ
  • တစ်ထောင်မှာ တစ်ခါပြည့်တဲ့ပမာပါ….
  • ရွှေသမင်ငယ်လာ … ကိုယ့်ပစ်ကွင်းရဲ့ အလယ်မှာ ရပ်ရှာ….

တစ်ခုသောညရဲ့ သန်းခေါင်မှာ။ အင်မတန်ထခဲတဲ့ ဇာတာဟာ ထူးထူးခြားခြား သတ္တိစွမ်းတွေ ပြလာသတဲ့။ ကြယ်ကြွေချိန်မှာ ဆုတောင်းရင်တောင်၊ ကြယ်ကြွေတဲ့အချိန် ရှားရှားပါးပါး ဆုတောင်းရင်တောင်၊ အခါ တစ်ထောင် တိုက်တိုက်ဆိုင်ဆိုင် ဆုတောင်းပါမှ၊ တစ်ခါပဲ ပြည့်သလို…တဲ့။ အင်မတန်ကို ရှားရှားပါးပါး၊ ကြုံတောင့်ကြုံခဲ ကံဇာတာပါ့လား။ အို… ဘယ်လို ကံဇာတာမျိုး ထူးတာပါလိမ့်။

ရွှေသမင်ငယ်လေး၊ ကိုယ့်ပစ်ကွင်းရဲ့ အလယ်တည့်တည့်ကြီးမှာ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတယ်။ ကဲ… ဘယ်လိုလဲ။ ပစ်မလား။

သီချင်းရဲ့ ဒုတိယအပိုဒ်မှာ ထပ်ပြီး ဆက်တယ်။

  • စိတ်ကစွဲလည်း ရုပ်မဆောင်သာ …
  • ကျည်ဆံတွေ ကုန်… ယမ်းလည်း ကုန်…
  • အခွံသာကျန်တဲ့ သေနတ်စုတ်မှာ….
  • တာဝန်ကျေပြီး အနားယူရာ…
  • ရွှေသမင်ငယ်အလာ….
  • ကိုယ့်လိုမုဆိုးအိုမှာ မပစ်သာ….

တစ်သက်လုံး လေးကိုင်၊ သေနတ်ကိုင်ပြီး သားကောင်တွေ လိုက်လာတဲ့ မုဆိုး။ အခုတော့ အိုပြီ။ မစွမ်းနိုင်တော့ဘူး။ မုဆိုးဆိုတဲ့လူရဲ့ စိတ်မှာ၊ သားကောင်ကို တွေ့ရင် မယိုးမရွ သိပ်ဖြစ်လိမ့်မပေါ့။ သို့ပါသော်လည်း မုဆိုးအိုမှာ ပိုင်ထား တဲ့ သေနတ်မှာ ယမ်းလည်းကုန်ပြီ၊ ကျည်ဆံလည်း ကုန်ပြီ။ အခွံသာ ကျန်တော့တဲ့ သေနတ်စုတ်။ ပြောင်းသာ ရှိပြီး ပစ်လို့ မရတဲ့ ပြောင်း။ သေနတ် ပြောင်း။

မုဆိုးလည်း အိုပြီ။ သေနတ်ကလည်း စုတ်နေပြီ။ မုဆိုးခိုင်းစေရာ တစ်သက်လုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ သေနတ် က တာဝန်ကျေပြီး အနားယူနေပါပြီ။ မုဆိုးအိုကြီးရဲ့ တဲအိမ်နံရံမှာ ချိတ်ဆွဲထားတဲ့ သေနတ်ဟောင်းကြီး တစ်လက် လိုပေါ့။ သီချင်းရေးဆရာက သမင်ဟာ ရိုးရိုးသာမန် သမင်လို့ မဆိုလိုပါ။ ရွှေသမင်တဲ့။ ရွှေလို အဆင်းနဲ့ သိပ်လှမှာ ပေါ့။ သိပ်လှသလို၊ သိပ်ပျိုရွယ်တဲ့ သမင်ကလေး ဖြစ်မှာပေါ့။ သို့သော် …. ကိုယ့်လို မုဆိုးအို တစ်ယောက်အတွက် ရွှေသမင်ငယ်ဟာ ပစ်ကွင်းအလယ်တည့်တည့်မှာ လာရပ်နေရှာသော်လည်း၊ မပစ်သာပါတဲ့။ မပစ်သာပါတဲ့။

  • အနည်ထိုင်ချိန်မှာ မင်းရောက်လာ….
  • အင်မတန်မှပဲ ဝမ်းနည်းစရာ…

အနည်ထိုင်ချိန်ရောက်မှ မင်းရောက်လာခဲ့ပြီ။ ဒါဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းလှတယ်။ မင်းအတွက်လား… ငါ့အတွက်လား…။ သို့တည်းမဟုတ်…. တို့နှစ်ယောက်စလုံး အတွက်လား။

ဒီနေရာမှာ ဇာတ်လမ်းရဲ့ အထွဋ်အထိပ်က ပြီးသွားပါပြီ။ သို့သော် နိဂုံးမသပ်သေးပါဘူး။ မုဆိုးအိုခမြာ ဘယ်လို စိတ်ထားမျိုး၊ ဘယ်လို စိတ်ဓာတ်မျိုး၊ ဘယ်လို စိတ်နေသဘောထားမျိုး ကိန်းအောင်းနေပါသလဲ။

  • မြောက်စူးစူးသို့ သွားပါလား
  • ပဒေသာပင်တွေ ပေါက်ရောက်ရာ
  • လိုချင်တာတွေ ရှိတဲ့နေရာ
  • ရေကြည်ရာ မြက်နုရာရှာ
  • အပြန်မှာဝင်ရင် အဗန္ဓ သရက်သာ ယူခဲ့ပါ…..

မုဆိုးအိုက ရွှေသမင်ငယ်ကို လမ်းညွှန်လိုက်ပါတယ်။ မြောက်စူးစူးကို သွားပါလား…တဲ့။ ဒီမှာ မနေပါနဲ့..တဲ့။ အဲဒီမှာ ပဒေသာပင်တွေ ပေါက်သတဲ့။ လိုချင်တာတွေလည်း ရှိတယ်။ လိုရာ ယူနိုင်တဲ့နေရာဖြစ်ပါသတဲ့။ ရေကြည်ရာ မြက်နုရာကို ရှာပါ… ရွှေသမင်ငယ်လေးရယ်။ ဒီမုဆိုးအိုဆီမှာ မနေပါနဲ့။ ဒီမှာ ပဒေသာပင် မပေါက်ပါသတဲ့။ ရေလည်း မကြည်၊ မြက်လည်း မနုတော့ပါသတဲ့။ မြောက်စူးစူးကို သွားပြီး စိတ်လိုလက်ရ မြူးတူးပျော်ပါးပါလို့ ပြောလိုက်ပါတယ်။ ဒါပေမယ့်… မြောက်စူးစူးက ပဒေသာပင်တွေ ပေါက်တဲ့ဆီကနေ ပြန်လာခဲ့ရင်တော့ “အဗန္ဓ သရက်” ကိုတော့ ယူခဲ့ပါတဲ့။

  • အနည်ထိုင်ချိန်မှာ မင်းရောက်လာတာ…
  • အင်မတန်မှပဲ ဝမ်းနည်းစရာ…

မင်းသေ့

နေ့လယ် ၁၂း၁၅

၄၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post အမျိုးသားရေးဝါဒ နှင့် မဟာလူမျိုးကြီးစိတ်
Next post ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးနှင့် အားကစား