စာရိတ္တပြန်လည်တည့်မတ်ရေးနှင့် ဘုန်းကြီးသံဃာများ၏ အခန်းကဏ္ဍ

  • စာရိတ္တမဏ္ဍိုင်ပြန်လည် တည့်မတ်ရေးမှာ၊ ဘုန်းကြီးသံဃာတွေက တာဝန်ရှိတာလား၊ ဝတ္တရားရှိတာလား။

အမျိုးသားရေးမှာ ကိုယ်ကျင့်တရား အခြေခံပါ။

ခေတ်ဆိုးခေတ်ကျပ်ခေတ်ပျက်ထဲမှာ ပထမဆုံးယိုယွင်းတာက ကိုယ်ကျင့်တရားပါ။ စားဝတ်နေရေး မပြေလည်တဲ့ အခါ၊ အခြေအနေအရ ဆိုတဲ့ ဆင်ခြေကိုကိုင်ဆွဲပြီး၊ ကျူးလွန်ခဲ့ကြတဲ့ မကောင်းမှုတွေနဲ့ စာရိတ္တယိုယွင်းမှုတွေ။ ခေတ်သစ်ကို ပြန်ရောက်ခဲ့ရင်တောင်၊ ခေတ်ပျက်ထဲမှာ ပျက်ခဲ့တဲ့ ကိုယ်ကျင့်တရားတွေကို နဂိုမူလထက် ကောင်း အောင် ပြုပြင်နိုင်ဖို့ ခဲယဉ်းလှတယ်။ မြေအုတ်တို့ နေရာမှာ၊ ကျောက်အုတ်တို့နဲ့ အစားထိုးလို့ ရနိုင်ပေမယ့် ပျက်ဆီး ခဲ့တဲ့ စာရိတ္တတွေကို ကျောက်အုတ်တွေအစားထိုးသလို အလွယ်တကူ အစားထိုးနိုင်ဖို့ မလွယ်ပါ။ တိုင်းပြည် ကသောင်းကနင်းဖြစ်နေတဲ့အချိန်မှာ၊ ကိုယ်ကျင့်သီလမြဲမြံခဲ့သူတွေရဲ့ သမိုင်းကို လူကြားသူကြားထဲ များများပြား ပြား ပျံ့နှံ့အောင် ပြန်လည် ဖော်ထုတ်ကြဖို့ ဖြစ်ပါတယ်။

ဘာသာရေးရဲ့ တာဝန်

လူ့အသိုင်းအဝိုင်းကောင်းတစ်ခုကို အုတ်မြစ်ခိုင်ခိုင်တည်ဆောက်နိုင်ဖို့၊ ကိုယ်ကျင့်တရားအုတ်မြစ်ကို ခိုင်ခိုင်မာမာ ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ နိုင်ငံရေးခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြည့်ရတဲ့ သူတွေ ဖြစ်ပြီး၊ ဘာသာရေးခေါင်းဆောင်တွေကတော့ လူထုရဲ့ကိုယ်ကျင့်တရားပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြည့်ပေး ရတဲ့သူတွေ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ၊ ကိုယ်ကျင့်အားဖြည့် တည့်မတ်ဖြောင့်မှန်တဲ့သူတွေ ဖြစ်ဖို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ သံဃာ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်။ သို့သော်လည်း မြန်မာပြည်မှာ ကြည့်ရင်၊ ဘာသာရေးခေါင်းဆောင်အတော်များများဟာ နိုင်ငံရေးပယောဂပူးဝင်နေတယ်။ ဘာသာရေးဟာ ကိုယ်ကျင့်တရား နဲ့ ကိုယ်ကျင့်သီလကို ဖြောင့်မတ်အောင်၊ တည့်မတ်အောင် ကျေးဇူးပြုနိုင်ရမှာ ဖြစ်တယ်။ ဘာသာရေးခေါင်းဆောင် တွေဟာ အုပ်စိုးသူလူတန်းစားရဲ့ လက်ကိုင်တုတ် မဖြစ်စေရဘူး။

လယ်ယာမြေကောင်း သဖွယ် ဖြစ်မှ

သံသရာက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကျင့်ကြံအားထုတ်နေတဲ့ သံဃာ့အဖွဲ့အစည်းဟာ အုပ်စိုးသူ မင်းရဲ့ ချီးမြှောက်ပူဇော်ကော်ရော်ခံရမှုမှာ သာယာမနေသင့်ဘူး။ လယ်ယာမြေကောင်းသဖွယ် ပြုကျင့်ရတဲ့ ဘာသာ ရေးအဖွဲ့အစည်းတွေဟာ – အဆိပ်မျိုးစေ့တွေကို ရှင်သန်ပေါက်ရောက်ခွင့် မပေးသင့်ဘူး။ တိုင်းပြည်နဲ့ လူ့အဖွဲ့ အစည်းရဲ့ ကိုယ်ကျင့်ကို လမ်းပြတည့်မတ်ရတဲ့ ဘာသာရေးခေါင်းဆောင်တွေ ကိုယ်တိုင်က ဘယ်အရာက ဓမ္မ၊ ဘယ်အရာက အဓမ္မ ဖြစ်တယ်လို့ သဲသဲကွဲကွဲ နားလည်သဘောပေါက်အောင် ရှေ့ဆောင်ရမယ့် လမ်းပြတွေဖြစ်ပါ တယ်။ ဒီလို ရှေ့ဆောင်လမ်းပြရမယ့်သူတွေ ကိုယ်၌က လမ်းပျောက်နေကြတဲ့အခါ၊ (သို့တည်းမဟုတ်) လမ်းမှား လိုက်နေတဲ့အခါ ဘယ်လိုလုပ် လူထုပရိသတ်က ဝပ်တွားကြည်ညိုချင်ပါတော့မလဲ။ ဘယ်လိုလုပ် လေးစားချင်ပါ တော့မလဲ။ ဓမ္မဒူတဆရာတော် အရှင် ဆေကိန္ဒရဲ့ တရားစာစုလေး တစ်ခုကို စွဲစွဲမြဲမြဲ အမှတ်ရနေမိတယ်။

  • “လေးစားထိုက်တဲ့သူရဲ့စကားကိုမှ နားထောင်ကြတာ…၊ ကိုယ့်စကား နားထောင်စေချင်ရင် လေးစား ထိုက်အောင်နေပေါ့…” တဲ့။

သိပ်ကောင်းတဲ့ စကားလေးမို့၊ ဆယ်ကျော်သက်အရွယ်ကတည်းက ဖတ်လာခဲ့တာ။ အခုထိ အမှတ်ရမိနေတုန်း။

ခေါင်က စပြီး လုံမှ

တိုင်းပြည်နဲ့ လူထုရဲ့ ကိုယ်ကျင့်တရားကို ရှေ့ကနေ မားမားမတ်မတ် တည့်မတ်ပေးရမယ့်၊ ဘာသာရေးခေါင်း ဆောင်တွေ ကိုယ်၌က ဓမ္မနဲ့ အဓမ္မဆိုတာကို ဝံ့ဝံ့ရဲရဲ မပြောရဲ၊ မဟောရဲမှတော့ လူ့အဖွဲ့အစည်းတစ်ခု ပျက်သုဉ်းခန်း ဆိုက်တာ မဆန်းပါဘူး။ ဘေးဆိုးကပ်ဆိုးရန်ဆိုးတွေ ဒင်းကြမ်း စုပြုံကျေးဇူးပြုပေတော့မပေါ့။ ဒီလို ကပ်ဆိုး ဘေးဆိုးထဲမှာ အများပြည်သူဟာ ဘယ်လိုလုပ် ကူရာ၊ ကယ်ရာကို ရှာတွေ့ပါတော့မလဲ။ ခေါင်က စပြီး လုံသင့်ပါပြီ။ ခေါင်က စပြီး လုံသင့်ပါပြီ။

ခေါင်ကစပြီး မလုံမှတော့၊ ပြုခဲ့သမျှ ဒါနအားလုံးဟာ အဟောသိကံ။ စိုက်ခဲ့သမျှ မျိုးစေ့တွေဟာ အပင်မပေါက်။ လယ်ယာမြေဟာ မကောင်းမှန်းမသိ၊ ကောင်းမှန်းမသိ။ မျိုးစေ့ကောင်းတွေလည်း ပါရဲ့။ မျိုးစေ့ညံ့တွေလည်း ပါရဲ့။ သိမ်တဲ့ဖျင်းတဲ့ မျိုးစေ့တွေလည်း ပါရဲ့။ စုန်းပြူးတွေလည်း ကြဲပက်ခဲ့ပေါ့။ မျိုးစေ့မမှန် ပင်မသန်လို့ ပြောကြသလို၊ မြေဆီမကောင်းတော့ ဖွံ့ဖွံ့ထွားထွား မရှိဘူးဆိုတာလည်း ဝန်ခံလိုက်စမ်းပါ။ နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်ကြရုံပေါ့။

အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံး

ပဒေသရာဇ် ပြည့်ရှင် မင်းတုန်းမင်း လက်ထက်က၊ “ဗန်းမော်ဆရာတော်” ကို ထင်ပါရဲ့။ မင်းတုန်းမင်းကြီးက ပညာ စမ်းတာ။ ဟိုးရှေးရှေးက ဘုရင်အသောကမင်းလက်ထက်အခါတုန်းကလိုကာလတွေမှာ၊ ရဟန်းသံဃာတွေဟာ ဘယ်လောက်တန်ခိုးကြီးသလဲဆိုရင် ပရိတ်ရွတ်တဲ့အခါ၊ ပရိတ်အိုးတွေတောင် ပွက်ပွက်ဆူသတဲ့။ ဆရာတော်တို့ကျ တော့ ရေတစ်ပွက်တောင် မထပါ့ လားလို့၊ လျှောက်သတဲ့။ အဲသည့်အခါ ဗန်းမော်ဆရာတော်ကြီးကလည်း ပြန်မိန့် တယ်။ အသောကရှင်ဘုရင်တို့ ဆိုတာ ဟိုးအရှေ့ကျွန်း အနောက်ကျွန်းကနေ ဂဠုန်၊ နဂါးဆိုတာတွေကိုတောင် ခေါ်ယူနိုင်စွမ်းရှိလောက်အောင် ဘုန်းကြီးသတဲ့။ အခု အရှင်မင်းကြီးက ရေမြွေလေးတစ်ကောင်တောင် ခေါ်ဖို့ မစွမ်း တာ၊ ဘုန်းကြီးတွေရွတ်တဲ့ ပရိတ်အိုး မပွက်တာ… ဆန်းသလား…တဲ့။

သူ့မှာလည်း အနာနဲ့။ ကိုယ့်မှာလည်း ဒဏ်ရာနဲ့ ဆိုတော့ – ဂျင်ပဲ့ခြင်းပေါက်ပြီး ပွဲဖြစ်ကြတာ မဆန်းပါ။ တကယ် တော့ ဒကာတွေဘက်ကလည်း ညံ့။ ဆရာတွေ ဘက်ကလည်း ညံ့ဆိုတော့၊ သူတော်အချင်းချင်း သတင်းလွှေ့လွှေ့ ပေါင်းဖက်တွေ့လို့ပဲ ပြောလို့ ရမယ် ထင်တယ်။

အရေအတွက်ဟာ အရည်အသွေး မဟုတ်

အမျိုး ဘာသာ သာသနာစိတ်ထက်သန်တဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက အဘရာယာမဆရာ တော်ကို အခုလို လျှောက်တယ်။

  • တစ်နေ့တော့ သာသနာ မသန့်ရှင်းတာကို စပ်မိလို့ “ရွှေကျင်ဂိုဏ်းကြီးကို ရှေးဆရာတော်ကြီးများ လက်ထက်ကလို သန့်ရှင်းအောင် လုပ်နိုင်ရင် ကောင်းမှာပဲ” လို့ လျှောက်သတဲ့။
  • အဲဒီအခါ အဘရာယာမဆရာတော်က – “ဂိုဏ်းသံဃာကို နည်းအောင် လုပ်နိုင်မှ သန့်ရှင်းမှာပဲ” လို့ ပြန်မိန့် တယ်။
  • “ဟုတ်ပေသားပဲ…၊ များတာကြိုက်ရင် သန့်ရှင်းဖို့ ခဲယဉ်းသားပဲ” ။

အရှင်ဇနကာဘိဝံသ

တစ်ဘဝသံသရာ ထေရုပ္ပတ္တိကျမ်းစာ မှ

စာ ၂၇၅၊ ၂၀၀၀ ခုနှစ် ဩဂုတ်

ဒါဟာ ဘာကို ပြသလဲဆိုရင် ဘာသာရေးအဖွဲ့အစည်းတွေမှာ၊ သံဃာအင်အား များတိုင်း ကောင်းတာ မဟုတ်။ သန့်မှ ကောင်းတယ်။ အရည်အချင်းပြည့်ပြည့်ဝဝနဲ့ ဝိနည်းသန့်စင်မှ၊ ကောင်းမယ်ဆိုတာကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ အရေအတွက်မှသည် အရည်အချင်းသို့ ဆိုတာ စစ်တပ်ထဲက သုံးတဲ့ ဆောင်ပုဒ်ဖြစ်တယ်။ သံဃာ့ အဖွဲ့အစည်းထဲမှာ အရေအတွက်များတိုင်း အရည်အချင်းရှိတယ်လို့ ပြောလို့ မရ။ မပြောနိုင်။ အရေအတွက်ကို အရည်အသွေးလို့ ထင်နေတာလည်း မှားနေတယ်။ ဒါကို ပြင်ကြမှ ကောင်းမယ်။

အရေအတွက်ဟာ အရည်အချင်း မဟုတ်ဘူးဆိုတဲ့သဘောထားကို မဟာဂန္ဓာရုံဆရာတော်ကြီးကိုယ်၌က အလိုရှိ တယ်။ ဒါကို တစ်ဘဝသံသရာ ထေရုပ္ပတ္တိကျမ်း၊ စာ – ၃၂၅ မှာ အခုလို ရေးတယ်။

  • “သာသနာတော်ကို အရေအတွက် မများချင်နေပါစေ၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကိုသာ နေစေချင်ပါ တယ်” လို့ အတိအလင်း ရေးသားတာတွေ့ရတယ်။

တကယ်အလုပ်လုပ်ကြရင်ဖြင့်

ယနေ့ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ သံဃာ (၄) သိန်းဟာ၊ တကယ်အလုပ်လုပ်ကြတယ်ဆိုရင်၊ မြန်မာ့လူ့အဖွဲ့အစည်း ကို ကသောင်းကနင်းမဖြစ်အောင် ထိန်းသိမ်းတည့်မတ်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် ကိုယ်ကျင့်အရာမှာ ရှေ့ဆောင် လမ်းပြသဖွယ် ဥပမာကောင်း၊ သာဓကကောင်းပြနိုင်ပါလိမ့်မယ်။ မြန်မာပြည်သမိုင်းကို လေ့လာကြည့်ရင်၊ လူထဲက ကိုယ်ကျင့်တရားတည်ကြည်ဖြောင့်မတ်သူတွေကို ဆွဲထုတ်ပြနိုင်သလို၊ သီလသမာဓိနဲ့ပြည့်စုံတဲ့ ရဟန်းသံဃာတွေ ထဲက ပုဂ္ဂိုလ်တွေကို ရွေးထုတ်ပြသနိုင်ပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေကို လူများများ သိအောင် ပြန်လည်ဖော်ထုတ်၊ ညွှန်းဆိုပြသကြဖို့ ဖြစ်ပါတယ်။

စံထားလောက်သူတွေကို ပြန်ဖော်ထုတ်ပါ

ကိုယ်ကျင့်တရားပိုင်းမှာ စံထားလောက်တဲ့သူတွေဟာ၊ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရားတည် ဆောက်ရေးရဲ့ ရှေ့ဆောင်လမ်းပြတွေဖြစ်ပါတယ်။ ရဟန်းသံဃာတော်တွေထဲက၊ ဝိနည်းသိက္ခာပုဒ်နဲ့ ပြည့်စုံခဲ့သူ တွေရဲ့ သမိုင်းကို ပြန်လည်ဖော်ထုတ်ကြဖို့ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း လူပုဂ္ဂိုလ်တွေထဲက ကိုယ်ကျင့် တရား ဖြောင့်မတ်တည်ကြည်ခဲ့သူတွေရဲ့ သမိုင်းကို ပြန်လည်ဖော်ထုတ်ကြဖို့ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ကသောင်း ကနင်းဖြစ်နေတဲ့ မြန်မာနိုင်ငံအတွင်းမှာ၊ စာရိတ္တမဏ္ဍိုင် မယိုင်မလဲ ထူမတ်နိုင်ကြဖို့၊ လူရော ရှင်ရှော ဝိုင်းဝန်း တည့်မတ်ကြမှ ကောင်းပါလိမ့်မယ်။

မင်းသေ့

ည ၁၀း၄၀

၅၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post အမျိုးသားညီညွတ်ရေးမျိုးစေ့ ပျိုးခဲ့ပါ
Next post အမျိုးသားရေးဝါဒ နှင့် မဟာလူမျိုးကြီးစိတ်