ပညာရှင်စရိုက်နဲ့ နိုင်ငံရေးသမားစရိုက် ဘာကွာသလဲဆိုတာ၊ ခဏ ခဏ သရုပ်ခွဲကြည့်မိတယ်။ တချို့ ပညာရှင်အကျင့်အကြံတွေ့ရတယ်။ ဒါပေမယ့် တကယ့်ပညာရှင်စစ်စစ် ဖြစ်မလာဘူး။ တချို့ နိုင်ငံရေးဝါသနာပါ တယ်။ ဒါပေမယ့် ပညာရှင်စစ်စစ် ဖြစ်လာတယ်။ နိုင်ငံရေးသမားနဲ့ ပညာရှင်တစ်ယောက်ရဲ့ မူလဗီဇတွေမှာ၊ ထပ်နေတဲ့ စရိုက်တွေ ရှိလိမ့်မယ်။ ဒါပေမယ့် တချို့နေရာတွေမှာ သွင်သွင်ကွဲပြားတာတွေ့ရတယ်။ အထင်အရှား ကွဲပြားတဲ့အချက် တချို့ကို ပြောချင်တယ်။ တချို့လည်း သိပြီးသား ဖြစ်ကောင်းဖြစ်မယ်။

“အထိမခံတဲ့ပွိုင့်”

  • တကယ်တမ်းနိုင်ငံရေးထဲကို ခြေစုံပစ်ဝင်မယ်ဆိုရင်၊ “အများသဘောတူဆုံးဖြတ်တာကို ကိုယ့်ဆန္ဒနဲ့ မကိုက်ဘူးဆိုရင်တောင် အားတက်သရောဖြစ်မြောက်အောင် ဆောင်ရွက်ရမယ်” ဆိုတဲ့ အချက်ဖြစ်တယ်။

တကယ့်ပညာရှင်စရိုက်စစ်စစ်ရှိရင်၊ ဒီအချက်ဟာ သူရဲ့ “အထိမခံတဲ့ပွိုင့်” ပဲ။ ပညာရှင်နဲ့ နိုင်ငံရေးသမား တူသလို လိုတွေ ရှိကောင်းရှိပေမယ့်၊ ဒီနေရာမှာတော့ လုံးဝ မတူဘူး။ ဒါကို လူတွေ သိပ်သတိမထားမိဘူး။ တကယ့် ပညာရှင် စစ်စစ်တစ်ယောက်က၊ အများသဘောညီတိုင်း သူ ညီချင်မှ ညီတယ်။ အများဆန္ဒနဲ့ ကိုက်ညီတိုင်း သူ လိုက်လုပ်ချင် မှ လုပ်တယ်။ သူ့မှာ သူ ခံယူတာ၊ သူ ယူဆထားတာ၊ သူ့တွေ့ရှိထားတာ၊ သူ လက်ခံထားတာ ခိုင်ခိုင်မာမာ ရှိနေ တတ်တယ်။ များသောအားဖြင့် ပညာရှင်စစ်စစ်တွေဟာ အများနဲ့ မတူ ကွဲထွက်နေတတ်တယ်။ အများနဲ့လည်း အရောတဝင် မနေဘဲ၊ ဘေးထွက်နေတာမျိုး ဖြစ်လေ့ရှိတယ်။ ဒါဟာ ပညာရှင်တွေ ဖြစ်လေ့ဖြစ်ထ၊ ကြုံလေ့ ကြုံထ ရှိတဲ့သဘောပဲ။ ဒီလို ဖြစ်နေတာကိုလည်း ပညာရှင်ဖြစ်သူတွေဟာ နေတတ်တယ်၊ ထိုင်တတ်တယ်။ တခါတရံ အများသဘောမညီလို့ “ရွာ့ပြင်ထုတ်ခံရတာ” တောင် ရှိတယ်။ ဒါပေမယ့် ပညာရှင်ဟာ သူ့မူ၊ သူ့ အယူအဆအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နေထိုင်တာပဲ။ လူတွေ လက်ခုပ်ဩဘာမပေးလို့၊ ပညာရှင်ဟာ သူ့အယူအဆကို ပြန်ရုတ်သိမ်း လိုက်တာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။

ပညာရှင်စိတ်နဲ့ နိုင်ငံရေးသမား

နိုင်ငံရေးသမားကတော့ အဲသည်လို မဟုတ်ဘူး။ နိုင်ငံရေးသမားက အများဆန္ဒကို ကြည့်ရတယ်။ အများသဘော ကို ကြည့်ရတယ်။ အများဆန္ဒထက်သန်ရင် နိုင်ငံရေးသမားဟာ အများဆန္ဒကို ကိုယ်စားပြုနိုင်ဖို့ ကြိုးစားရတယ်။ ဒါမှ လည်း လူထုခေါင်းဆောင်ဆိုပြီး လူအများက သူ့ကို ဦးထိပ်တင်မှာပေါ့။ နိုင်ငံရေးသမားဟာ အများဆန္ဒနဲ့ ကွဲထွက် ပြီး လုပ်ဆောင်ရင် အဲဒါ ကျရှုံးတာပဲ။ ပညာရှင်စိတ်အခံနဲ့ နိုင်ငံရေးလုပ်ခဲ့သူတွေ ကြည့်လိုက်ရင် ဒီသဘောကို တွေ့ရတယ်။ သူတို့ဟာ သူတို့ရဲ့ ပညာရှင်စိတ်ကို မဖျောက်နိုင်ဘူး။ တစ်ဖက်မှာလည်း နိုင်ငံရေးမှာ ခြေစုံပစ်ပါဝင် နေတယ်။ ဒီတော့ နိုင်ငံရေးအုပ်စုထဲမှာ၊ “ရွာ့ပြင်ထုတ်ခံရသူ” တစ်ယောက်ဖြစ်လာတယ်။

ကိုယ့်သဘောထားကို အများသဘောဖြစ်အောင်လုပ်

နိုင်ငံရေးသမားတစ်ယောက်မှာ – ကျွမ်းကျင်တတ်မြောက်ထားရမယ့် အတတ်တချို့ရှိပါတယ်။ အဲသည့်အထဲက တစ်ခုကို ပြောချင်တယ်။ နိုင်ငံရေးသမားလုပ်မယ့်သူက – ကိုယ့်အာဘော်ကို ပါတီ့အာဘော်ဖြစ်အောင် လုပ်တတ်ရ တယ်။ ကိုယ့်သဘောထားကိုလည်း အများသဘောထားဖြစ်အောင် လုပ်တတ်ရတယ်။ ဒါမှ နိုင်ငံရေးသမားက ရှေ့တန်းရောက်တယ်။ ကိုယ့်သဘောထားကို အများသဘောထားဖြစ်အောင်၊ ပါတီ့သဘောထားဖြစ်အောင် မလုပ် နိုင်ဘူးဆိုရင်တော့ နိုင်ငံရေးမှာ ထိပ်တန်းမရောက်ဘူး။ ရောက်ရင်လည်း အများနောက်မြီးဆွဲဖြစ်အောင်လုပ်ရင်း ရောက်တာပဲဖြစ်မယ်။ သို့မဟုတ် “အရှင်မွေးလို့ နေချင်းကြီး” တာပဲ ဖြစ်မယ်။ ဒီနေရာမှာ ပညာရှင်နဲ့ နိုင်ငံရေးသမား လုံးဝ ကွဲပြားတဲ့သဘောကို တွေ့ရတယ်။

ပညာရှင်စစ်စစ်က ဝါဒမဖြန့်ဘူး

ပညာရှင်ဟာ ကိုယ့်သဘောထားကို အများသဘောထားဖြစ်အောင် တမင် လုပ်မယူဘူး။ နိုင်ငံရေးသမားကတော့ တမင်ကို လုပ်ယူရတယ်။ လုပ်ယူမှလည်း နိုင်ငံရေးမှာ အရာရောက်မှာကိုး။ ဒီတော့ နိုင်ငံရေးသမားက ဝါဒဖြန့်ချိတဲ့ အလုပ်ကို တစိုက်မတ်မတ် လုပ်ရတယ်။ ပညာရှင်ကတော့ ဝါဒ မဖြန့်ဘူး။ ဒါပေမယ့် သူ မြင်တာ၊ သူတွေ့တာ၊ သူ ယူဆတာကို ရဲရဲဝံ့ဝံ့ ပြောတယ်။ မထောက်မညှာပဲ ပြောတယ်။ မငဲ့မညှာပဲ ပြောတယ်။ နိုင်ငံရေးသမားကတော့၊ သူ့ သဘောထားကို အများနားဝင်အောင် နားချရတယ်၊ ဝါဒဖြန့်ရင်လည်း နားဝင်လွယ်အောင် လုပ်ရတယ်။ အများသဘော လိုက်သလိုလိုနဲ့ ကိုယ့်ဘက်ပါအောင် ဆွယ်ရတယ်။ ဒါဟာ နိုင်ငံရေးသမားတွေ လုပ်လေ့လုပ်ထရှိ တဲ့ ပရိယာယ်ပဲ။

အများအထင်အမြင် လွဲခံရ

ပညာရှင်စစ်စစ်ကတော့ ပရိယာယ် မပါဘူး။ တခါတရံ သူ့အယူအဆတွေ၊ သူ့အမြင်တွေဟာ အတောင့်လိုက်ဖြစ်နေ တတ်တယ်။ ဒီတော့ လူအများရဲ့ နားမှာ မဝင်လွယ်ဘူး။ ကန့်လန့်ဖြစ်နေတယ်။ မြင်ကွင်းထဲမှာ ကန့်လန့်ကြီးဖြစ် နေတယ်။ ဖြစ်မှာပေါ့။ ပညာရှင်ဆိုတာ မြင်တဲ့အရာ၊ တွေ့တဲ့အရာကို ဒဲ့ဒိုးကြီး ပြောတတ်၊ ပြတတ်၊ လုပ်တတ်တာ ကိုး။ အဲသည့်အခါ အများရဲ့ အထင်အမြင်လွဲခြင်းကို ခံရတယ်။ ပညာရှင်စစ်စစ်တိုင်းလိုလိုက ဒီလိုပဲ ကြုံတတ်စမြဲ ဖြစ်ပါတယ်။

နိုင်ငံရေးသမားကတော့ လူအများအထင်အမြင် လွဲမှာကို ကြောက်တယ်၊ စိုးရိမ်တယ်။ လူထုက အထင်အမြင် လွဲနေရင်လည်း သူဟာ ဖြေရှင်းပေးရတယ်၊ ဖြေရှင်းချက် ထုတ်ပေးရတယ်။ အဲသည်လိုမှ မထုတ်နိုင်ရင် လူထုက နိုင်ငံရေးသမားကို တံတွေးနဲ့ ဝိုင်းထွေးတယ်။ ဒါကို နိုင်ငံရေးသမားက သိပ်ကြောက်တယ်။ ပညာရှင်ကတော့ အဲသည်လို မဟုတ်ဘူး။ လူအများအထင်အမြင် လွဲခြင်း မလွဲခြင်းဟာ သူ့အလုပ်မဟုတ်ဘူး။ သူ့ကိစ္စလည်း မဟုတ်ဘူး။ သူ့က ပြောသင့်ပြောထိုက်တာကို ပြောတယ်။ လူအများကြိုက်ခြင်း မကြိုက်ခြင်းကို ဂရုမစိုက်ဘူး။ လူအများသူ့ကို ဆဲဆိုရင်လည်း သူက မမှုဘူး။ သူ့အလုပ်ကို သူ ဆက်လုပ်နေလိမ့်မယ်။ အကြောင်းကတော့ – တကယ့်ပညာရှင်စစ်စစ်တစ်ယောက်မှာ၊ လူအများအကြိုက်လိုက်လုပ်ပေးနေဖို့ တာဝန် လုံးဝ မရှိဘူး။ ဒါဟာ သူ့ အလုပ်လည်း မဟုတ်ဘူး။ ဟုတ်နေရင်လည်း အဲသည့်လူ ပညာရှင် မဟုတ်ဘူး။ “သမားယောင်ဆောင်ထားတာ”

အများအကြိုက်မလွန်ဆန်နိုင်

ဒီနေရာမှာ နိုင်ငံရေးသမားကတော့ ပညာရှင်လို မဟုတ်ဘူး။ သူ့စိတ်ထဲမှာ သူ့အတွေးထဲမှာ ဒါက မှားနေတယ်လို့ သိရင်တောင်၊ လူအများက ကြိုက်နေ လက်ခံနေရင် နိုင်ငံရေးသမားက ဒါကို မှားပါတယ်လို့ ဘယ်တော့မှ ထုတ်ဖော် ပြောလေ့ မရှိဘူး။ လူထုအပေါ် ဩဇာညောင်းလွန်းတဲ့ နိုင်ငံရေးသမားကတော့ ပြောကောင်းပြောလိမ့်မယ်။ သို့သော်လည်း သာမန်ညောင်ညနိုင်ငံရေးသမားက လူထုအကြိုက်ကို လွန်ဆန်ပြီးတော့ ပါးစပ်တောင် မဟရဲဘူး။ နိုင်ငံရေးသမားက သူ့ဘက်မှာ လူမရှိမှာ ကြောက်တယ်။ နိုင်ငံရေးသမားက သူ့ကို လူထုက မထောက်ခံမှာ ကြောက်တယ်။ ကြောက်မှာပေါ့ ။ သူက လူထုထောက်ခံမှ၊ လူထုကြိုက်မှ အရာရောက်ရတဲ့သူကိုး။

တစ်ယောက်တည်းလည်း မမှု

ပညာရှင်ကတော့ အဲသည်လို မဟုတ်ဘူး။ ပညာရှင်တစ်ယောက်ဟာ လူအများသူ့ဘက်မှာ မရှိမှာကိုလည်း မကြောက်ဘူး။ သူ့ဘက်မှာ တစ်ယောက်မှ မရှိလည်း ဖြစ်တယ်။ လူထုကြီးက သူ့ဘက်မှာ လာမရပ်မှာကိုလည်း မစိုးရိမ်ဘူး။ သူ့ဘက်မှာ လူထုသဘောမတူလည်း ရတယ်။ လူထုမထောက်ခံလည်း ရတယ်။ ပညာရှင်ဟာ လူထု ထောက်ခံမှ အရာရောက်မယ့်သူ မဟုတ်ဘူး။ ပညာရှင်ဟာ သူ့ပညာကို လူအများသဘောထားထက် ပိုပြီး လေးစားရလိမ့်မယ်။ ပညာရပ်ဆိုင်ရာကျင့်ထုံးနဲ့ ကျင့်ဝတ်ကို အများအကြိုက်လိုက်ပြီး ဖြည်မပေးနိုင်ဘူး။ ဒါကို မာနကြီးတယ်ပဲ ပြောပြော၊ မာနရှိတယ်ပဲ ပြောပြော ပညာရှင်ဟာ ဒီအမူအကျင့်ကို လက်သီးဆုပ် ဖြည်လို့ကို မဖြစ်ဘူး။ ဖြည်လိုက်ရင် ဘာဖြစ်မလဲ။ ပညာရှင်စစ်စစ် မဟုတ်တော့ဘူး။ ပညာရပ်ကို သစ္စာဖောက်တဲ့သူ ဖြစ်သွားပြီ။ အများအကြိုက်လိုက်ပြောတာ ပညာရှင်စစ်စစ်တစ်ယောက်ရဲ့ အလုပ်မဟုတ်ဘူး။ တခါတရံ အများ သဘောနဲ့ သူ့ယုံကြည်ယူဆတဲ့သဘော ထပ်တူဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ အဲသည့်အခါမှာ ပညာရှင်ကို လူအများ လက်ခံတတ်တယ်။ ဒါပေမယ့် လူအများ ကြိုက်အောင် လူစိတ်အာသာဖြေပေးတဲ့အလုပ်ကို ပညာရှင်ဟာ ဘယ်တော့မှ လိုက်မလုပ်ဘူး။ အဲ…. နိုင်ငံရေးသမားကတော့ လုပ်တယ်။

ဒါဟာ ပညာရှင်စစ်စစ်တစ်ယောက်နဲ့ နိုင်ငံရေးသမားတစ်ယောက်ကြားက အဓိက ကွာခြားချက်ဖြစ်တယ်။

နောက်ဆုံး စကားချပ်

ဒီနေရာမှာ နောက်ဆုံး ပြောချင်တာ ရှိတယ်။

  • ပညာရှင်ရော အမြဲ မှန်လား ဆိုတော့ မမှန်ဘူး။ နိုင်ငံရေးသမားရော အမြဲမှန်လား ဆိုတော့ မမှန်ဘူး။ လူထု က အမြဲတမ်းမှန်သလား ဆိုတော့လည်း မမှန်ဘူး။ လူထုက အမြဲမှန်တယ် လို့ ပြောရင်၊ အဲဒါ ဒီကောင် ဝါဒဖြန့်နေပြီလို့သာ မှတ်။

ပညာရှင်စစ်စစ်တွေ ပြောတိုင်း အမြဲ မမှန်ပေမယ့်၊ “ပညာ” ကိုတော့ မပယ်ရှားရဘူး။ မပယ်စကောင်းဘူး။ ကိုယ့်သဘောနဲ့ မညီညွတ်တိုင်း “ပညာ” ကို ပယ်တဲ့လူ့အဖွဲ့အစည်းတွေကို ကြည့်။

ပညာကို ပယ်ရှားတဲ့လူ့အဖွဲ့အစည်းဟာ —-

  • “ဘယ်တော့မှ ပြောင်ပြောင်ရောင်ရောင် မရှိဘူး”
  • “ပြောင်ရောင်ရင်လည်း မအေးချမ်းဘူး”
  • “အေးချမ်းရင်လည်း ဂုဏ်သိက္ခာ မရှိဘူး”

မင်းသေ့

နေ့လယ် ၂း၃၆

၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post ဗမာ့စိတ်ထား
Next post ငါတို့ ချမ်းသာတယ်