ငါတို့မှာ ပေါနေတာ အကြံတွေပဲ။ အလုပ်လုပ်မယ့်သူတွေတော့ မပေါဘူး။ လုပ်ချင်သူစိတ်ရှိသူအဖို့၊ လုပ်ရမယ့် အလုပ်တွေက ရှိပါတယ်။ ဒါပေမယ့် ဘာတွေ လုပ်ရမလဲဆိုတာကို လူတွေ မကြည့်တာ ခက်တယ်။ မကြည့်တော့ မမြင်ဘူး။ မြင်ရင်လည်း မမြင်ချင်ယောင်ဆောင်တယ်။ မမြင်ချင်ယောင်ဆောင်တာ ကောင်းတယ်။ မမြင်ဘူး ဆိုတော့ မလုပ်ရတော့ဘူးပေါ့။ အိပ်ချင်ယောင်ဆောင်တဲ့သူက အနိုးရခက်တယ်လေ။ ငါတို့ မနိုးတာမဟုတ်ပါဘူး။ အိပ်ချင်ယောင်ဆောင်နေကြတာပါ။ သိပ်မပင်ပန်း၊ သိပ်အားမထုတ်ရ၊ သိပ်မစွန့်စားရတဲ့ အလုပ်မျိုးတွေကိုပဲ ဟန်ဆောင် ပန်ဆောင်လုပ်ကြတာပေါ့။

ငါတို့ဟာ လုပ်သင့်လုပ်ထိုက်တာတွေကိုလည်း မကြည့်ဘူး။ လုပ်နိုင်အောင်လည်း မကြိုးစားကြဘူး။ လုပ်နိုင်တယ် ဆိုရင်တောင် ဆင်ခြေဆင်လက်တွေပေးပြီး ငါတို့ ခေါင်းရှောင်ကြတယ်။ ခေါင်းရှောင်ရဲမှ ခေါင်းဆောင်လို့ ပြောလို့ ရတယ်။ ငါတို့ဟာ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေ လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် မလုပ်ကြ သလို ဘယ်အရာက အဓိက ဘယ်အရာက သာမညဆိုတာလည်း ဂဃနဏ မသိဘူး၊ နားမလည်ဘူး။

ငါတို့မှာသာ လုပ်စရာတွေ ပေါနေတာ။ အောက်ခြေဆင်းရဲသားနင်းပြားတွေမှာတော့ စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းဟာ မပေါပါဘူး။ ငါတို့ နိုင်ငံရဲ့ကသောင်းကနင်းဖြစ်ရပ်တွေကြောင့်၊ ဆင်းရဲသားတွေ ဟာ ဆက်ပြီး နင်းပြားဖြစ်ကြအုံးမှာပဲ၊ ဆက်လက်ပြီး ကျောမွဲဖြစ်ကြအုံးမှာပဲ။ ဆင်းရဲသားတွေကတော့ လုပ်အား ပေါတယ်။ ဒီတော့ သူတို့လုပ်ခတွေကလည်း စျေးပေါတယ်။ ငါတို့ကတော့ လေပေါတယ်။ ဒါပေမယ့် ငါတို့ လေတွေက စျေးသိပ်ကြီးတယ်။

ငါတို့မှာ ပေါတဲ့အရာတွေ ထပ်ရှိလာတယ်။ အဲဒါကတော့ ငါတို့မှာ အကြံတွေ ပေါတဲ့အပြင် လေတွေလဲပေါတော့၊ အကြံပြုချက်လေပွေတွေ တိုက်ခတ်လို့ မကုန်နိုင်ပါ။ ဆင်းရဲသားလူထုနင်းပြားကျောမွဲတွေကတော့ သူတို့မှာ လုပ်အားပေါတော့၊ ငါတို့ဟာ ငါတို့ အကြံတွေ၊ ငါတို့လေတွေနဲ့ သူတို့လုပ်အားတွေကို ဖြုန်းတီးကြရုံပေါ့။ နောက် ထပ် ငါတို့မှာ ပေါတာ ရှိသေးတယ်။ ငါတို့ တိုင်းပြည်မှာ အသက်တွေ စျေးပေါတယ်။ ဒီတော့ သေခြင်းကြေခြင်းကိစ္စ တွေကို ငါတို့ ဖြုန်းတီးကြရုံပေါ့။ ငါတို့လူထုမှာ အသက်တွေ စျေးပေါတယ်လေ။ နောက်… ငါတို့မှာ ပေါတာ ရှိသေးတယ်။ ငါတို့မှာ အချိန်တွေ ပေါတယ်။ ဒီတော့ ငါတို့ အချိန်တွေ ဆက်ဖြုန်းကြတာပေါ့။

တကယ်တော့ ငါ့စကားတွေက သိပ်ရိုင်းပါတယ်။ မကြားချင်သူအဖို့ နားခါးလှမှာပေါ့။ အနာရှိသူတွေ စပ်ကြမှာပေါ့။ ဆားအိုးထဲလက်နှိုက်ခိုင်းတာ ငါ့ အပြစ်ပါ။ အနာရှိတာ မင်းအပြစ်ပါ။ လက်ရှောင်သူတော့ ဘယ်စပ်မလဲ။ ဒါဆို ငါ သိပ်မရိုင်းအောင် ပြောင်းပြောပါ့မယ်။

ငါတို့မှာ ချမ်းသာတာတွေ ရှိတယ်။ ငါတိုမှာ အကြံတွေ ချမ်းသာတယ်။ ငါတို့မှာ လေ​တွေ ချမ်းသာတယ်။ ကြည့်စမ်း။ ငါတို့ ဘယ်လောက်အထိ ကြီးမြင့်သလဲ။ ငါတို့ လူထုမှာ အသက်တွေလည်း ချမ်းသာတယ်။ လူထုထဲမှာ လုပ်အား တွေလည်း ချမ်းသာတယ်။ ဒီတော့ ငါတို့ဟာ အေးအေးဆေးဆေး ဖြုန်းတီးနိုင်တယ်။ ကြည့်စမ်း၊ ငါတို့ ဘယ်လောက်ချမ်းသာသလဲ။ ငါတို့မှာ အချိန်တွေလည်း ချမ်းသာသေးတယ်။ ဒီတော့ အချိန်တွေကို သုံးမကုန်နိုင် ဘူး။ ဆက်ဖြုန်းကြတာပေါ့ အချိန်တွေ။

  • ငါတို့မှာ အကြံတွေ ချမ်းသာတယ်။
  • ငါတို့မှာ လေတွေ ချမ်းသာတယ်။
  • ငါတို့မှာ လုပ်အားတွေလည်း ချမ်းသာတယ်။
  • ငါတို့မှာ အသက်တွေလည်း ချမ်းသာတယ်။
  • ငါတို့မှာ အချိန်တွေလည်း ချမ်းသာတယ်။

ဒီတော့ ငါတို့လူထုရဲ့လုပ်အားတွေ၊ အသက်တွေ၊ အချိန်တွေကို ပျော်ပျော်ကြီး ဖြုန်းတီးနိုင်ဖို့၊ ငါတို့ အကြံတွေ ထုတ်ကြစို့။ ငါတို့လူထုရဲ့လုပ်အားတွေ၊ အသက်တွေ၊ အချိန်တွေကို ပျော်ပျော်ကြီး ဖြုန်းတီးနိုင်ဖို့၊ ငါတို့ လေသေနတ်တွေ ပစ်ကြစို့။

မင်းသေ့

၃၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post တကယ့်ပညာရှင်
Next post အရေးပါ အရာရောက်ချင်သူတွေ