• “ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ”
  • “ကျွန်း ကိုင်းမှီ ၊ ကိုင်း ကျွန်းမှီ”
  • “ဘုရားတောင် အမှီ ရှိမှ ပွင့်လို့ ရတာ”
  • “ပါရမီဖြည့်ဖက်” ဆိုတဲ့ အသုံးအနှုန်း
  • “အတ္တာဟိ အတ္တနော နာထော”

ဗမာတွေဟာ ဗုဒ္ဓအဟောထဲက ပဋ္ဌာန်းကျမ်းလာ အယူအဆတွေကို နားလည်လက်ခံထားတာတွေ့ရပါတယ်။ အဲသည့်အထဲမှာ အတွေ့ရများတဲ့အချက်ကတော့ – အညမညသဘော ဖြစ်ပါတယ်။ မြန်မာစကားပုံမှာ “ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ” ဆိုတဲ့ စကားပုံရှိပါတယ်။ ထိုနည်းလည်းကောင်း “ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ” ဆိုတဲ့ စကားပုံလည်း ရှိပါတယ်။ မြန်မာတွေရဲ့နေ့စဉ်ပြောစကားမှာ “ဘုရားတောင် အမှီရှိမှ ပွင့်လို့ရတာ” လို့ ခပ်များများ သုံးနှုန်းကြတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုရင် ဗမာတွေရဲ့ အပြန်အလှန်အမှီသဟဲပြု ရပ်တည်မှုကို ထင်ထင်ရှားရှားပြနေပါတယ်။ ရှဉ့်နဲ့ ပျားဟာ သစ်ပင်တစ်ပင်မှာ အတူ မှီတင်းနေထိုင်ကြတယ်။ ပျားစွဲ သာအောင် ရှဉ့်က အခွင့်ပေးသလို၊ ရှဉ့်လျှောက်သာအောင်လည်း ပျားက မောင်ပိုင်စီးမထားပါဘူး။ သူ့ လျှောက်လမ်း ကိုယ့်လျှောက်လမ်းကို အပြန်အလှန်လေးစားကြတဲ့သဘောဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း၊ မြစ်ထဲမှာ ရှိနေတဲ့ ကျွန်းသောင်ပြင်တွေဟာ ကိုင်းပင်တွေပေါက်ရောက်ခြင်းကြောင့် ကျွန်းဟာ အလွယ်တကူ ရေတိုက်မစားခံရဘူး။ အလွယ်တကူ မပျက်စီးဘူး၊ မပဲ့ကြွေဘူး။ ကိုင်းပင်တွေကလည်း ကျွန်းကို အမှီပြုပြီး ပေါက် ရောက်ရှင်သန်ကြတာဖြစ်လို့၊ ကိုင်းပင်တွေအတွက်လည်း အကျိုးရှိတယ်။ ကျွန်းအတွက်လည်း ကောင်းကျိုးဖြစ် တယ်။ အပြန်အလှန်အမှီသဟဲပြု ရှင်သန်ကြရင်း၊ win – win situation ကို နားလည်သဘောပေါက်ခြင်းလို့ ပြော နိုင်ပါတယ်။ ဗမာတို့အများဆုံး ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာမှာ၊ ဘုရားတွေဟာ သစ်ပင်တွေအောက်မှာ တရား ကျင့်ကြံရင်း ဉာဏ်အလင်းပွင့်ထွန်းကြလေ့ရှိပါတယ်။ ဗုဒ္ဓဂေါတမဘုရားဆိုရင်လည်း ဗောဓိညောင်ပင်အောက်မှာ တရားကျင့်ရင်း ဘုရားဖြစ်ပါတယ်။ ဒါကို အစွဲပြုပြီး “ဘုရားတောင် အမှီရှိမှ ပွင့်တယ်” ဆိုတဲ့ စကားကို ဗမာတွေက သုံးနှုန်းကြတာဖြစ်ပါတယ်။ ဒီတော့ လူတစ်ယောက်မှာ အမှီသဟဲ ဆိုတာ အရေးကြီးတယ်လို့ ဗမာတွေက ထင်မြင် ယူဆပါတယ်။ လူ့လောကကြီးထဲမှာ နေထိုင်တဲ့အခါ၊ အမှီသဟဲမရှိဘဲ နေလို့ မရဘူး။ နောက်ဆုံး – လူတစ်ယောက် ဟာ အောင်မြင်ကြီးပွားချင်တယ်၊ ပေါက်မြောက်ချင်တယ်ဆိုရင်တောင်မှ အမှီသဟဲဟာ အရေးကြီးတယ်လို့ ဗမာ တွေက မြင်ပါတယ်။ ယုတ်စွအဆုံး – ကိုယ့်ဇနီးမယား (သို့မဟုတ်) ကိုယ့်လင်ယောက်ျားကိုတောင်မှ၊ ကိုယ့် အောင်မြင်မှုအတွက်၊ ကိုယ်သွားမယ့်လမ်းအတွက် ပါရမီဖြည့်ဖက် လို့ သဘောထားပြီး တစ်ဦးကို တစ်ဦး ထောက်ကန်ထားတာကို တွေ့ရပါတယ်။ ဗမာအများစုဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ ဗုဒ္ဓဘာသာမှာ၊ “အတ္တာဟိ အတ္တနော နာထော” ဆိုတဲ့ ဘုရားဟောကို ဗမာအများစုက နှလုံးသွင်းကြပါတယ်။ “မိမိကိုယ်သာ အားကိုးရာ” လို့ အနက်အဓိပ္ပာယ်ထွက်ပါတယ်။ ဗမာတွေဟာ ကိုယ်ရလိုတာတွေအတွက် “မိမိကိုယ်ကိုယ် အားကိုးမှရမယ်” လို့ ယုံကြည်လက်ခံထားကြသလို၊ အမှီသဟဲ တစ်ခုခုရှိမှ ရပ်တည်ရှင်သန်နိုင်မယ်လို့ယူဆလက်ခံ ထားကြပါတယ်။ သို့သော်လည်း ဗမာအများစုမှာ၊ ကိုယ့်အားကိုယ်ကိုးအားထုတ်တာထက် အမှီသဟဲတစ်ခုခုအပေါ် မှာ မျှော်လင့်အားကိုးစိတ်က ပိုများနေတာ တွေ့ရပါတယ်။ ဒါဟာ ဗမာ့စိတ်ထားတွေထဲက တစ်ခုဖြစ်ပါတယ်။

  • “ဆင်ကန်း တောတိုး”
  • “ကြက်ကန်း ဆန်အိုးတိုး”
  • “ဘု မသိ ဘ မသိ”
  • “မျက်ကန်း တစ္ဆေမကြောက်”
  • “လမ်းမသိ ခွေးနောက်လိုက်”

မြန်မာစကားပုံမှာ “ဆင်ကန်း တောတိုး” ဆိုတဲ့ စကားပုံရှိပါတယ်။ မမြင်မကန်းနဲ့ ထင်ရာမြင်ရာ စွတ်လုပ်တတ်တဲ့ အကျင့်ကို ဖော်ပြပါတယ်။ နောက်စကားပုံတစ်ခုကတော့ “ကြက်ကန်း ဆန်အိုးတိုး” ဖြစ်ပါတယ်။ ဗမာတွေဟာ လူတစ်ယောက် ထင်ရာမြင်ရာ စွတ်လုပ်နေတာကို တွေ့ရင်၊ “ဆင်ကန်းတောတိုးပါကွာ” လို့ ပြောတတ်ကြတယ်။ ထိုနည်းလည်းကောင်း အန္တရာယ်ကို မသိ၊ အကြောက်အလန့်လည်း မရှိဘဲ မိုက်ရူးရဲ ဇွတ်တိုး လုပ်နေတဲ့သူတွေကို တွေ့ရင်လည်း “မျက်ကန်း တစ္ဆေမကြောက်” လို့ ပြောတတ်ကြတယ်။ ဒီလို ဇွတ်တိုးလုပ်ရင်း၊ သဲကြီးမဲကြီးနဲ့ ရူးရူး မိုက်မိုက် စွန့်စားလုပ်နေရင်း အောင်မြင်သွားခဲ့သည်ရှိသော် ဗမာတွေက “ကြက်ကန်းဆန်အိုးတိုးပါကွာ” လို့ ပြောတတ်ကြသေးတယ်။ ဗမာတွေဟာ လူတစ်ယောက်ကို ဝေဖန်ထိုးနှက်တဲ့အခါမှာ၊ စကားလုံး ပေါပေါများများ ရှာကြံတတ်တာကို တွေ့ရပါတယ်။ ထိုနည်းလည်းကောင်း ဥပမာ၊ ဥပမေယတွေနဲ့ စုံစုံလင်လင် ဋီကာချဲ့ ပြောဆို တတ်တာကိုလည်း တွေ့ရတယ်။

နေ့စဉ်လိုလို ဗမာတွေကြားထဲမှာ ပြောလေ့ ပြောထရှိတဲ့ စကားတချို့ ရှိပါသေးတယ်။ “ဘု မသိ ဘ မသိနဲ့ကွာ” ဆိုတဲ့ စကားဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ လူငယ်တွေက အပြောင်အပျက်အနေနဲ့ “ဘူ မသိ ကိုး မသိ” လို့ ပြောတတ်ကြတယ်။ “ဘူ” တို့ ၊ “ကိုး” တို့ဆိုတာ ဖဲဝိုင်းမှာ သုံးတဲ့စကားဖြစ်ပါတယ်။ “ဘု မသိ ဘ မသိ” ဆိုတာနဲ့ အနက်သဘောဆိုလိုရင်း အတူဖြစ်ပါတယ်။ တစ်ခုခုကို ဂဃနဏ နားမလည်ဘဲ၊ ထင်ရာ မြင်ရာ ဇွတ်လုပ်နေရင် ဗမာတွေဟာ “ဘု မသိ ဘ မသိနဲ့”လို့ ပြောတတ်ကြတယ်။ ဆိုလိုချင်တာက “လျှောက်ပြော” “လျှောက်လုပ်” နေတာကို ဆိုလိုတာဖြစ်ပါတယ်။ ဗမာတွေကြားထဲမှာ ဂဃနဏ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မသိပါဘဲ နဲ့ ရောယောင်လုပ်တဲ့သူတွေ၊ ရောယိမ်းလိုက် ဘသားယိမ်းလိုက်နဲ့ ယိမ်းအက ကတတ်သူတွေ၊ ယောင်လည်လည် အူတူတူနဲ့ လူအုပ်ကြီးထဲ ရောယောင်ပါသွားသူတွေကို ဗမာတွေဟာ အခုလိုတွေ ပြောတတ်ကြတယ်။ လူတစ် ယောက်ဟာ ရပ်ထဲရွာထဲမှာ ဘာအလုပ်မှ အတည်တကျ မရှိဘဲ၊ လေလေပေပေ ဖြစ်နေရင်လည်း ဒီလူကို “ယောင် ခြောက်ဆယ်” ပါကွာ လို့ ပြောတတ်ကြတယ်။ အလုပ်တစ်ခုကို အတည်တကျ မလုပ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် လုပ်နေသူတွေကိုတော့ “တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် (၁၀၉ – ၁၁၀)” ပါကွာလို့ ပြောတတ်ကြပြန်တယ်။

နောက် ဗမာတွေမှာ “လမ်းမသိ ခွေးနောက်လိုက်” ဆိုတဲ့ စကားလည်း ရှိသေးတယ်။ လမ်းပျောက်လို့ ရွာမတွေ့ရင်၊ တွေ့တဲ့ ခွေးနောက်သာ လိုက်။ မုချ ရွာကိုတွေ့လိမ့်မယ်ဆိုတဲ့ စကားလို့ ယူဆပါတယ်။ တခါတရံ ဗမာတွေဟာ ခေါင်းထဲကလည်း စဉ်းစားလို့ အကြံဉာဏ်မထွက်၊ နံဘေးက လူသူလေးပါး အကူအညီလည်း မရှိဘဲ ဘေးကျပ် နံကျပ်နဲ့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ လမ်းပျောက်နေတဲ့အခြေအနေမျိုးမှာ ကြုံလေ့ရှိပါတယ်။ ဒီလို ကြုံတိုင်း ဗမာတွေဟာ “လမ်းမသိ ခွေးနောက်လိုက်” လို့ ပြောလေ့ရှိပါတယ်။ ဒီတော့ စဉ်းစားလို့လည်း အကြံမထွက်၊ လူသူလေးပါးအကူအညီလည်း မရှိဘဲ ဘေးကျပ်နံကျပ် အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်၊ ဗမာတွေဟာ ခွေးကို လမ်းပြအနေနဲ့တောင် ယုံမှတ်ကြတယ်ဆိုတာ ပြသနေပါတယ်။ တခါတရံလည်း အားတင်းတဲ့အနေနဲ့ လမ်းဆုံးရင် ရွာတွေ့မှာပေါ့ လို့ ပြောကြတယ်။ ဒီတော့ လမ်းဆုံးအောင် လျှောက် – တွေဝေမနေနဲ့ ဆိုတဲ့ စကားမျိုး တွေလည်း ဗမာတွေက ပြောတတ်ကြပါတယ်။

  • နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတို
  • “အလောသုံးဆယ်”
  • “မစားရအလျင်း စားရ ဆီထမင်း”
  • “အားလုံးမှ မရရင် တစ်ခုမှ မယူဘူး”
  • “မစားရတဲ့ အမဲသဲနဲ့ ပက်”
  • “ငါ မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ်”

ဗမာအများစုဟာ ဖြစ်ချင်စိတ်အားကြီးလေ့ရှိပါတယ်။ တစ်ခုခုကို လိုချင်တယ် ရချင်တယ်ဆိုရင် မြန်မြန် ရချင် တယ်။ များများရချင်တယ်။ လိုချင်တဲ့အရာတွေကိုလည်း ထိုက်တန်ရဲ့ အရင်းအနှီးပြုပြီးမှ ရချင်တာမျိုး အားနည်း တယ်။ ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံမှု မလုပ်ဘဲ၊ ခပ်မြန်မြန် ခပ်သွက်သွက် ရချင်၊ ရောက်ချင်စိတ် အားကြီးတယ်။ ဒါတွေဟာ ဗမာတွေရဲ့ စိတ်မရှည်ဘူး၊ မအောင့်နိုင် မအီးနိုင်မှုကိုပြနေပါတယ်။ မစောင့်နိုင်ဘူးလို့ ပြောရပါလိမ့်မယ်။ လောကြီးတယ်ဆိုတဲ့ စကားရှိပါတယ်။ ဒီလူ “အလောသုံးဆယ်”နဲ့ ဘာတွေ ဖြစ်တောလဲလို့ ပြောလေ့ရှိကြတယ်။ လောတာမှ ရိုးရိုး မဟုတ်ဘူး။ “အလောသုံးဆယ်” ။ ဘုန်းကြီးသံဃာနဲ့ စေတီပုထိုးရုပ်ပွားတော်တွေရှေ့မှာ ဗမာ တွေဟာ ဘုရားရှိခိုးရင်း “နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတို” ရရ၊ ရောက်ရပါလို၏ လို့ ဆုတောင်းတတ်ကြတယ်။ ဒီနေရာမှာ နိဗ္ဗာန်ရောက်ဖို့ ရက်တိုတိုနဲ့ အလိုရှိကြတယ်ဆိုပေမယ့်၊ တကယ့်လက်တွေ့မှာ ဘယ်နိဗ္ဗာန်ကိုမှ ရအောင် တကယ် အားမထုတ်တာကိုလည်း တွေ့ရပါတယ်။ ဗမာအများစုဟာ ကိုယ်ရချင်တာဆိုရင် အကုန်ရမှ ကျေနပ်တယ်။ အကုန် မှ မရရင် တစ်ခုမှ မယူဘူးဆိုတဲ့ သဘောရှိတယ်။ ဒါဟာ အစွန်းရောက်တဲ့ စရိုက်လက္ခဏာဖြစ်ကြောင်း ပြနေပါ တယ်။ “မစားရအလျင်း စားရ ဆီထမင်း” ဆိုတဲ့ စရိုက်တွေလည်း ရှိတယ်။ စားရရင် အကောင်းစားမှ။ အကောင်းစား မှ မစားရရင် အငတ်ခံမယ်ဆိုတဲ့ စိတ် ဗမာတွေမှာ ရှိတယ်။ သာမန် ရွက်ကြမ်းရေကျိုလောက်နဲ့ မတင်းတိမ်ဘူး။ အကောင်းစားကိုမှ လိုချင်တယ်၊ အားလုံးမှ ရချင်တယ်ဆိုတဲ့စိတ် ဗမာတွေမှာ ရှိတယ်။ နောက်ထပ်တွေ့ရတာက တော့ – မနာလို ဝန်တို မစ္ဆရိယစိတ်ဖြစ်ပါတယ်။ ဗုဒ္ဓအဟောမှာ အကုသိုလ်စေတသိက်တွေရဲ့ ဆိုးပြစ်ကို ထပ်ဖန် တလဲလဲ ဟောကြားပေမယ့်၊ ဗမာအများစုဟာ မနာလို ဝန်တို မစ္ဆရိယစိတ်ကို မဖျောက်နိုင်ကြဘူး။ အထူးသဖြင့် သူတစ်ပါးကြီးပွားတာကို မုဒိတာ မပွားနိုင်ကြဘူး။ ဗမာအများစုဟာ ကိုယ့်အောက် နိမ့်ကျတာ ၊ ဆင်းရဲတာကို ကရုဏာသက်ပြီး မေတ္တာထားနိုင်ကြပေမယ့်၊ ကိုယ့်ထက် ကြီးမြင့်သွားရင် မုဒိတာ မပွားနိုင်ကြတာများတယ်။ ဒါ့ကြောင့်လည်း မြန်မာစကားပုံမှာ “ငါ မင်းသားကြီး မလုပ်ရရင် ပတ်မကြီးထိုးဖောက်မယ်” ဆိုတဲ့ စိတ်၊ “မစားရတဲ့ အမဲ သဲနဲ့ ပက်” ဆိုတဲ့ စကားပုံတွေ တွေ့နေရတာဖြစ်ပါတယ်။ ဒီနေရာမှာ ဗမာတွေရဲ့ နေ့စဉ်အသုံးမှာ “ဖျက်လို ဖျက်ဆီး” လုပ်တယ်၊ “ကဖျက် ယဖျက်” လုပ်တယ်ဆိုတဲ့ စကားတွေလည်း ရှိပါသေးတယ်။ ကိုယ်မှ မရတဲ့အခါ၊ တပါးသူလည်း မရစေရဘူး– ဆိုတဲ့စိတ်နေစရိုက်ကို တွေ့ရပါတယ်။ ဒီနေ့ခေတ်အထိ နေရာအနှံ့အပြားမှာ တွေ့နေရသေးတဲ့ ဗမာတွေရဲ့ စရိုက်လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

မင်းသေ့

နံနက် ဝး၅၅

၁၉၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post မြန်မာတွေရဲ့ “ဒဿနစားသုံးမှုပုံစံ”
Next post တကယ့်ပညာရှင်