တန်ဖိုးတွေ အကြောင်း​ ပြောချင်ပါတယ်။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလရဲ့ “တန်ဖိုး” တရားတော်မှာ၊ “တန်ဖိုးသိမှ တန်ဖိုးရှိတာ” လို့ ဟောပါတယ်။ တန်ဖိုးသိဖို့ ဆိုတာ မလွယ်ပါ။ တန်ဖိုးသိဖို့ဆိုတာ ဉာဏ်အလုပ်ဖြစ်ပါတယ်။ ဉာဏ်အလုပ်မလုပ်တဲ့လူ့အဖွဲ့အစည်းဟာ – တန်ဖိုး အမှန်ကို မသိနိုင်ပါ၊ ဉာဏ်အလုပ်လုပ်ဖို့ ပျင်းတဲ့ လူ့အဖွဲ့အစည်း ဟာ တန်ဖိုးအမှန်ကို နားမလည်နိုင်ပါ။ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ဘာကို တန်ဖိုးထားပါသလဲ။ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိကရဲ့ “ဘာကိုတန်ဖိုးထားရမလဲ” ဆိုတဲ့ စာအုပ်မှာ၊ တန်ဖိုးတွေ အကြောင်း ကို အကျယ်တဝင့် ဖွင့်ဆိုရေးသားတာဖတ်ရပါတယ်။ မြန်မာနိုင်ငံမှာ၊ ဒဿနစာပေ ဖွံ့ဖြိုးပါတယ်။ အနောက်တိုင်း ဒဿနနဲ့ပတ်သက်ပြီး လေ့လာစရာ စာအုပ်များများစားစား ရှိပါတယ်။ ဒဿနအခြေခံသဘောကို နားလည်ဖို့၊ မြန်မာလို ရေရေလည်လည် ရှင်းရှင်းလင်းလင်း ရေးသားထားတဲ့ စာအုပ်တွေ ခပ်များများ ရှိပါတယ်။ မြန်မာတွေဟာ ဒဿနစာပေကို ဘယ်လောက် လိုက်စားသလဲ။ “ဒဿနစာပေကို ဖတ်ကြတဲ့လူမျိုးဆိုတာ အဆင့်အတန်းရှိတဲ့ လူမျိုးဖြစ်သတဲ့” “ဘာလို့ ဒဿနိကဗေဒကို လေ့လာရတာလဲ” “တယူမသန်အောင်လို့” ဖြစ်ပါသတဲ့။ (ဒေါက်တာဆန်းထွန်း၊ ၂၀၂၀)

ဒဿနစာပေ မခေါင်းပါးတဲ့ မြန်မာပြည်

ဒဿနိကဗေဒကို လေ့လာရတာ တယူမသန်အောင်လို့ ဖြစ်တယ် လို့ ဒဂုံတက္ကသိုလ် ဒဿနိကပါမောက္ခ ဒေါက်တာ ဆန်းထွန်းက ခပ်တိုတို ခပ်ရှင်းရှင်းပဲ ရေးသားတင်ပြပါတယ်။ မြန်မာပြည်ကို ကြည့်ရင်၊ ဒဿနစာပေ မခေါင်းပါး တာတွေ့ရပါတယ်။ ဇော်ဂျီရဲ့ပလေတိုနိဒါန်းဟာ နာမည်ကြီးတယ်။ မောင်ကြည်သစ်၊ နန္ဒာသိန်းဇံ၊ ဆန်းလွင်၊ ဒေါက်တာခင်မောင်ဝင်း — စသူတို့ရဲ့ဒဿနစာပေတွေဟာ ထင်ရှားတယ်။ အနောက်တိုင်းဒဿနအပြင်၊ အရှေ့ တိုင်းဒဿနစာပေတွေကို ရေးသားထားတဲ့ မြန်မာစာအုပ်တွေ ခပ်များများ ရှိပါတယ်။ ထိုနည်းလည်းကောင်း – ဗုဒ္ဓဒဿနနဲ့ပတ်သက်တဲ့စာပေတွေဆိုရင်၊ ဖတ်လို့ မကုန်နိုင်အောင် ရှိပါတယ်။ မြန်မာတွေဟာ ဒဿနအတွေး အခေါ်ကို နှစ်ခြိုက်တတ်တဲ့လူမျိုးဖြစ်တယ်လို့ သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးက ရေးတယ်။ ဒဿနကို စွဲလမ်းနှစ်ခြိုက်တတ်တယ်လို့တောင် ပြောနိုင်တယ်။ သို့သော် မြန်မာတွေဟာ ဒဿနကို ဘယ်လို စိတ်အခံနဲ့ လေ့လာပါသလဲ။

တော်လှန်သောဒဿန

ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလုပ်ဖို့ သယ်ဆောင်လာတဲ့ တော်လှန်ဒဿနရှိပါတယ်။ လက်ဝဲဝါဒ၊ လက်ဝဲဒဿန၊ ကွန်မြူနစ် – ဆိုရှယ်လစ် အတွေးအခေါ်ဖြစ်ပါတယ်။ တော်လှန်သောဒဿနအဖြစ် လက်ကိုင်ပြုရာမှာ၊ တစုံတရာ အောင်မြင်မှု ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း မြန်မာတွေဟာ ဒဿနကို​ ကျော်ကြည့်နိုင်ခဲ့သလား။ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဒဿနရဲ့ ကျေးကျွန်ဖြစ်ခဲ့တာကိုသာ ခပ်များများတွေ့ခဲ့ရပါတယ်။ ဒဿနကို ကျော်ကြည့်နိုင်စွမ်း အားနည်းလွန်းလှတယ်။ ဒဿနကိုလိုက်စားခြင်းကြောင့် တယူသန်မှု ပျောက်ရမှာ ဖြစ်ပေမယ့်၊ ဒဿနအစွဲအလမ်းကြောင့် တယူသန် တဇောက်ကန်းဗီဇ ပိုအမြစ်ခိုင်လာတာတွေ့ရပါတယ်။ ဒါဟာ ဘာ့ကြောင့် ဖြစ်ပါသလဲ။

ဒဿနအစွဲအလမ်း

ဒဿနကို​လေ့လာတဲ့နေရာမှာ တစ်ခြမ်းစောင်းဖြစ်ခဲ့လို့ ဖြစ်ပါလိမ့်မယ်။ မျှတသော လေ့လာမှုကို မလုပ်နိုင်လို့ ဖြစ်ပါတယ်။ ဖွင့်ထားသောစိတ်နဲ့ လေ့လာမှု မလုပ်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း ဒဿနအထွေထွေ ကို ဖြန့်ကျက်လေ့လာမှု အားနည်းလို့ ဖြစ်ပါတယ်။ တစ်ခုတည်းသော ဒဿန (သို့မဟုတ်) တစ်စုတည်းသော ဒဿနကို လေ့လာရင်း ဒဿနအပေါ် မဆင်ခြင်နိုင်ဘဲ၊ ဒဿနကို ကိုးကွယ်တဲ့အဆင့် ရောက်သွားပါတယ်။ မြန်မာ ပြည်မှာ မာ့က်စ်ဝါဒ လီနင် အတွေးအခေါ် မော်စီတုန်း အတွေးအခေါ် စတာတွေကို လေ့လာခဲ့ကြပေမယ့်၊ ဒဿန အစွဲအလမ်းနဲ့ တယူသန် တစ်ဇောက်ကန်းတွေဖြစ်လာပါတယ်။ အစွန်းရောက်အယူအဆတွေ ဖြစ်ထွန်းပေါ်ပေါက် လာပါတယ်။ ဒါဟာ ဒဿနစာပေလေ့လာမှုမှာ၊ လူလားမမြောက်ခဲ့ကြောင်း ပြသနေတဲ့ အခြင်းအရာဖြစ်ပါတယ်။

ဖြန့်ကျက်လေ့လာနိုင်ခဲ့သူတွေ

လက်ဝဲဒဿနထွန်းကားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ၊ တယူသန် တစ်ဇောက်ကန်းအလေ့အထကို ကျော်လွန် နိုင်ခဲ့သူတွေ ရှိခဲ့ပါတယ်။ သူတို့ကို လေ့လာကြည့်ရင် — ဒဿနစာပေကို ဖြန့်ကျက်လေ့လာခဲ့သူတွေဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ တချို့က ဗုဒ္ဓစာပေတွေထဲက ဗုဒ္ဓဒဿနကို ကောင်းကောင်း နားလည်သဘောပေါက်သွားပြီး၊ တယူသန် တစ်ဇောက်ကန်းဖြစ်မှုကို ရှောင်ရှား ကျော်လွှားနိုင်ခဲ့ပါတယ်။ တချို့ကတော့ အနောက်တိုင်းဒဿနစာ ပေတွေကို လေ့လာရင်း တဖြည်းဖြည်းနဲ့ တယူသန် တစ်ဇောက်ကန်း အတွေးအခေါ်တွေ ပါးလျကုန်ကြပါတယ်။

သံသယ နဲ့ မေးခွန်း

အနောက်တိုင်းဒဿနစာပေကို လေ့လာရင် တစ်ကြောင်းစွဲ မဟုတ်။ အပြန်အလှန်ဆွေးနွေးငြင်းခုန်တဲ့ဓလေ့ကို သွားတွေ့ရပါတယ်။ ထိုနည်းလည်းကောင်း မေးခွန်းထုတ်ပြီး လေ့လာဆန်းစစ်တဲ့နည်းကိုလည်း တွေ့ရပါတယ်။ သံသယဝါဒကို သုံးပြီး သံသယနဲ့ ချည်းကပ် ဆင်ခြင်ပြီး လေ့လာဆန်းစစ်တာတွေကိုလည်း တွေ့ရပါတယ်။ တယူသန် တစ်ဇောက်ကန်းအတွေးအခေါ်တွေရဲ့ ရေခံမြေခံကို ကြည့်ရင် ၊ သံသယထားခိုင်းပြီး လေ့လာဆန်းစစ်ဖို့ မတိုက်တွန်းဘဲ ယုံကြည်ဖို့ ဦးထိပ်ထားခိုင်းတာတွေ့ရပါတယ်။ ဒါဟာ ဒဿနရဲ့ အမှောင် နိဒါန်းဖြစ်ပါတယ်။

ပန်းပေါင်းတစ်ရာ ပွင့်ပါစေ

မေးခွန်းတွေကို မကြိုဆိုနိုင်တဲ့ ဒဿနဟာ တယူသန် တစ်ဇောက်ကန်းအကျင့်ဗီဇတွေကို မွေးထုတ်ပေးတယ်။ အပြန်အလှန် ဆွေးနွေးငြင်းခုန်ခြင်းကို အားမပေးဘဲ ပို့ချခြင်းအပေါ် စောဒကမတက်ဘဲ လိုက်နာဖို့ တိုက်တွန်းတဲ့ ဒဿနဟာ တယူသန် တစ်ဇောက်ကန်းအကျင့်ကို မွေးဖွားပေးတယ်။ အနောက်တိုင်းမှာ ဘာလို့ ဒဿနတွေ အပြိုင် ဖြစ်ထွန်းခဲ့သလဲ။ ပန်းတိုင်းဟာ သူ့အလှနဲ့သူ ရှိတယ်။ ဗဟုဝါဒဖြစ်ထွန်းခြင်းကို လက်တွေ့ လက်ခံတယ်။ အယူ အဆ တစ်ခုကို အယူအဆတစ်ခုက ပြန်လည် ခုခံငြင်းဆန်ဖို့ ကြိုးစားရင်းနဲ့ အယူအဆအသစ်တွေ ပိုထွက်လာ တယ်။ “ဒြပ်စင်” အချင်းချင်း တိုးတိုက်မိရင်း “ဒြပ်စင်” အသစ်တွေ ပေါ်ထွက်လာတယ်။ ဒဿနတွေ တိုးတိုက်တာ ကောင်းတယ်။ မူလဒဿနဟာ စနစ်တကျ ထောက်ကန်ပြီး ပေါ်ထွက်လာသလို၊ တော်လှန်ဒဿနကလည်း စနစ် တကျ ထောက်ကန်ပြီး ငြင်းချက်ထုတ်လာတယ်။ ဒီလိုနဲ့ အယူအဆရေးရာတိုးတိုက်မှုတွေ ဖြစ်ပြီး၊ သမူဟဒဿန အသစ်တွေ ပေါ်ထွက်လာတယ်။

အဖြေ

မြန်မာတွေဟာ အကျင့်ဗီဇအရ ဒဿနကို နှစ်သက်သဘောကျတဲ့ လူမျိုးဖြစ်ပါလျက်နဲ့ ဘာလို့ တယူသန် တစ်ဇောက်ကန်း အကျင့်တွေကို မဖျောက်နိုင်ရသလဲ။ အဖြေကို ပြောပြီး​ ဖြစ်ပါတယ်။

  • နံပါတ်တစ်။ ဒဿနအစွဲအလမ်းကို ကျော်မကြည့်နိုင်လို့ ဖြစ်ပါတယ်။
  • နံပါတ်နှစ်။ ဒဿနလေ့လာမှုမှာ တစ်ခြမ်းစောင်းဖြစ်နေလို့ ဖြစ်ပါတယ်။
  • နံပါတ်သုံး။ ဒဿနလေ့လာမှုမှာ ဖြန့်ကျက်မလေ့လာနိုင်လို့ ဖြစ်ပါတယ်။
  • နံပါတ်လေး။ ဖွင့်ထားသောစိတ်နဲ့ ဒဿနကို မလေ့လာလို့ ဖြစ်ပါတယ်။
  • နံပါတ်ငါး။ ဒဿနလေ့လာမှုမှာ – သံသယ နဲ့ မေးခွန်းကို ကောင်းကောင်း အသုံးမချနိုင်လို့ ဖြစ်ပါတယ်။

ဒီအကြောင်းအချက်တွေဟာ – မြန်မာတွေရဲ့ နေ့စဉ်ဘဝတွေကို တဖြည်းဖြည်းချင်း ပုံသွင်းယူနေပါတယ်။

ဘယ်လောက် ယဉ်ကျေးလာပြီလဲ

မြန်မာနိုင်ငံမှာ တစ်စုံတစ်ရာအတိုင်းအတာအားဖြင့် ဒဿနစာပေ ဖွံ့ဖြိုးတယ်လို့ ဆိုခြင်းကြောင့် ယဉ်ကျေးမှု အဆင့်မြင့်တဲ့ နိုင်ငံတစ်နိုင်ငံလို့ ပြောနိုင်တယ်။ ထိုနည်းလည်းကောင်း ဒဿနစာပေဖြစ်ထွန်းလို့ အဆင့်အတန်းမြင့် တဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်လို့ ပြောနိုင်တယ်။ သို့သော်လည်း ဘယ်လောက် ဒဿနစာပေတွေ ထွက်ရှိနေပါစေ မြန်မာတွေဟာ တယူသန် တစ်ဇောက်ကန်း အကျင့်ကို မဖျောက်နိုင်သေးတာ တွေ့ရတယ်။ ဒီအကျင့်ကို မဖျောက် နိုင်သေးသရွေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ စစ်စစ်မှန်မှန်အားဖြင့် အဆင့်အတန်းမြင့်မားတဲ့ ယဉ်ကျေးမှုအဆင့်ကို မရောက်သေးဘူးလို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာတွေဟာ “ရိုင်းနေသေးတယ်” လို့ ပြောရင်တော့ ကြိုက်ကြမယ် မထင်ဘူး။ ကြိုက်ကြိုက် မကြိုက်ကြိုက် – ဒီအကျင့်တွေကို မပြင်နိုင်သေးသရွေ့ မြန်မာတွေဟာ “အသွင်သဏ္ဍာန်အရ” ယဉ်ကျေးပေမယ့်၊ “အနှစ်သာရအရ” ရိုင်းနေသေးတယ်လို့ ယူဆနိုင်ပါ တယ်။

နောက်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။

  • မြန်မာတွေမှာ တန်ဖိုးအမှန်ကို ဘယ်လောက်အထိ သိနားလည်နိုင်စွမ်း ရှိသလဲ။
  • တန်ဖိုးအမှန်ကို မသိတဲ့ “နွား” ကတော့ သူ့ရှေ့မှာ ပတ္တမြားတုံးကြီး ရောက်နေရင်တောင်၊ ပတ္တမြားတုံး ဖယ်ပြီး နံဘေးက မြက်ပဲ ရွေးစားမှာပါပဲ။
  • ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ ဟောသလို “တန်ဖိုးသိမှ တန်ဖိုးရှိတာ”
  • မြန်မာပြည်မှာ တန်ဖိုးရှိတာတွေ ဘေးရောက်တာ သိပ်မဆန်းပါဘူး။

မင်းသေ့

ည ၁၁း၅၄

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။

အညွှန်း —                                                              

၁) မဟာမြိုင်တောရဆရာတော် ဦးဇောတိက၊ ဘာကိုတန်ဖိုးထားရမလဲ၊ ၂၀၀၈။

၂) ဒေါက်တာဆန်းထွန်း (ဒဿနိကဗေဒ)၊ လွယ်ကူလေ့လာဒဿနပညာ၊ ၂၀၂၀။

၃) ဒယ်အိုးဆရာတော်ဦးသုမင်္ဂလ ၊ “တန်ဖိုး” တရားတော်၊ ၂၀၀၆ ဒီဇင်ဘာ ၁၀ ။

Previous post မြန်မာပြည်မြေပုံသစ် အလားအလာနဲ့ ရက္ခိုင်နိုင်ငံတော်
Next post ဗမာ့စိတ်ထား