▄ အမျိုးသားရေးဝါဒနောက်ကွယ်က အမျိုးသားရေးစာပေများ

မြန်မာပြည်မှာ၊ ကိုလိုနီနယ်ချဲ့ဝါဒဆန့်ကျင်ရေးနဲ့ ပူးတွဲပါလာတဲ့ ဝါဒ နှစ်ရပ်ရှိပါတယ်။ အမျိုးသားရေးဝါဒနဲ့ လက်ဝဲ ကွန်မြူနစ်ဝါဒဖြစ်ပါတယ်။ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအတွင်းမှာ ဗမာ့အမျိုးသားရေးဝါဒနဲ့ ကွန်မြူနစ်ဝါဒတို့ဟာ အပြိုင်ဖြစ်ထွန်းခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အမျိုးသားရေးဝါဒ၊ မျိုးချစ်ဝါဒ၊ ဝံသာနုစိတ် (တိုင်းချစ်ပြည်ချစ်စိတ်) ဆိုတာတွေဟာ လူ့အဖွဲ့အစည်းထဲမှာ ရှိနေပြီးသားဖြစ်ပါတယ်။ တမင်မျိုးစေ့ချ စိုက်ပျိုးရတာမျိုး မဟုတ်ပါ။ သို့သော်လည်း တိုင်းပြည်အတွင်းမှာ မျိုးချစ်စိတ်နဲ့ ဝံသာနုစိတ်တွေကို နိုးကြား လာအောင် စာပေတွေကသော်လည်းကောင်း၊ အနုပညာကသော်လည်းကောင်း၊ နိုင်ငံရေးကသော်လည်းကောင်း ပံ့ပိုးထောက်ပံ့ပေးတဲ့အခါ စာပေ၊ အနုပညာနဲ့ နိုင်ငံရေးတို့က ပုံဖော်တဲ့ အမျိုးသားရေးဝါဒအဖြစ် ပီပီပြင်ပြင် ပေါ်ထွန်းလာပါတယ်။

▄ စာပေ – အနုပညာ – နိုင်ငံရေးနည်းအားဖြင့်

• ငုပ်နေတာတွေကို စာပေနဲ့ ဆွပေးတယ်။
• အနုပညာနဲ့ ရှေ့ဆောင်တယ်။
• နိုင်ငံရေးနဲ့ ပုံသွင်းတယ်။
• ဒီလိုနဲ့ ဗမာ့အမျိုးသားရေးဝါဒဟာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ငွားငွားစွင့်စွင့် ပေါ်ထွက်လာခဲ့ပါ တယ်။

အမျိုးသားရေးဝါဒကို အခြေခံပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးကို မြန်မာတွေ လုပ်ခဲ့ပါတယ်။ ဗမာ့အမျိုးသားရေးဝါဒကို စာပေအားဖြင့် ဘယ်လို ပုံဖော်တည်ဆောက်ခဲ့ပါသလဲ။ ဒီနေရာမှာ နဂါးနီစာပေအသင်းရဲ့ အခန်းကဏ္ဍဟာ အဓိကအားဖြင့် ပါဝင်နေပါတယ်။ သို့သော်လည်း နဂါးနီစာပေအသင်း မဟုတ်သော တခြားသော စာပေအဝန်းအဝိုင်းက တည်ဆောက်ထောက်ပံ့ နိုးဆွခဲ့တဲ့ အမျိုးသားရေးစာပေတွေရဲ့ အခန်းကဏ္ဍကို သီးခြားရေးသားတင်ပြချင်ပါတယ်။ (နဂါးနီစာပေအသင်းအကြောင်း – သီးသန့်ရေးသားထားသော ဆောင်းပါးကို ဖတ်ရန်)

မြန်မာပြည်ရဲ့ အမျိုးသားရေးစာပေတွေရဲ့ အခန်းကဏ္ဍဟာ ကျယ်ပြန့်ခဲ့တယ်၊ နက်နဲခဲ့တယ်။ လွတ်လပ်ရေးရပြီးသည့်တိုင်အောင် အမျိုးသားရေးစာပေတွေကို တစိုက်မတ်မတ် ရေးသားတဲ့ ဇာတိမာန် စာဆိုတွေ၊ စာရေးဆရာတွေ ခပ်များများ ရှိနေခဲ့ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အတွင်းအဇ္ဈတ္တကို အမျိုးသားရေးစာပေတွေက ပံ့ပိုးလှုံ့ဆော်ခဲ့မှုဟာ အင်အားကြီးမားခဲ့ပါတယ်။ အတိတ်သမိုင်းမှာ၊ နိုင်ငံရေးလိုအပ်ချက်အတွက် ပေါ်ထွက်လာခဲ့တဲ့ ဘယ်လို အမျိုးသားရေးစာပေတွေ ရှိခဲ့သလဲဆိုတာ လေ့လာဆန်းစစ်ရမှာ ဖြစ်ပါတယ်။

▄ အမျိုးသားရေးစာပေ မျိုးကွဲတွေ

ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးကို အကြောင်းပြုပြီး ပေါ်ထွက်လာတဲ့ အမျိုးသားရေးစာပေတွေကို အမျိုးအစားခွဲကြည့်ရင် ယေဘုယျအားဖြင့် (၅) မျိုးလောက်တွေ့နိုင်ပါတယ်။

• အပြုသဘောဆောင်သော အမျိုးသားရေးစာပေများ
• အဖျက်သဘောဆောင်သော အမျိုးသားရေးစာပေများ

• တိုးတက်ကြီးပွားရေးကို ဦးတည်သော အမျိုးသားရေးစာပေများ (တက်ကျမ်းသဘောမျိုး စိတ်အားတက်ကြွဖွယ်၊ လုံ့လထုတ် ဝီရိယထား၊ မခံချင်စိတ်နဲ့ ကြိုးစား၊ လူမျိုးအားဖြင့် အောက်ကျနောက်ကျ မနိုင်ရစေဖို့)

• ကိုယ့်မြေကိုယ့်ရေနဲ့ ကိုယ့်လူမျိုးကိုတန်ဖိုးထားချစ်မြတ်နိုးစေဖို့ အားပေးတဲ့အမျိုးသားရေးစာပေများ (တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်)

• ကိုယ်ကျင့်စာရိတ္တကို ဖွံ့ဖြိုးစေသော အမျိုးသားရေးစာပေများ (ကိုယ်ကျင့်ပိုင်းတည့်မတ်ဖို့)

ဒီနေရာမှာ အမျိုးသားရေးစာပေ အဖြစ် – ကဗျာတွေ၊ သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေ၊ ဘာသာပြန်စာအုပ်တွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေ …. စသည်ဖြင့် အမျိုးအစားထပ်ခွဲနိုင်ပါသေးတယ်။ ကျနော်ကတော့ – အမျိုးသားရေးစာပေတွေက ထမ်းဆောင်တဲ့ အမျိုးသားရေးရည်ရွယ်ချက်ကိုပဲ ဦးတည်ပြီး အမျိုးအစားခွဲချင်ပါတယ်။

• အပြုသဘော – အဖျက်သဘော
• တော်လှန်ရေးသဘော – တည်ဆောက်ရေးသဘော

ယေဘုယျအားဖြင့် ကြည့်ရင် အပြုသဘော နဲ့ အဖျက်သဘော ဆိုတဲ့ အချက်နှစ်ခုကတော့ အခြေခံမျိုးကွဲ နှစ်ခုဖြစ်ပါတယ်။ အမျိုးသားရေးစာပေတွေမှာ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ကို မြှင့်တင် အားပေးတဲ့ စာပေမျိုးဟာ အပြုသဘောဆောင်တဲ့အမျိုးသားရေးစာပေတွေထဲမှာ အကြုံးဝင်ပါတယ်။ ကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်စနစ်ကို တွန်းလှန်ဖြိုဖျက်ဖို့၊ တော်လှန်ဖို့ အားပေးလှုံ့ဆော်တဲ့စာပေတွေကိုတော့ အဖျက်သဘောဆောင်တဲ့ အမျိုးသားရေးစာပေတွေထဲမှာ အကြုံးဝင်ပါတယ်။ သို့သော် ထပ်မံခွဲခြမ်းစိတ်ဖြာကြည့်ရင် – တခြားသောလူမျိုးတွေ ကြီးပွားတိုးတက်ပြောင်ရောင်သလို ကိုယ့်လူမျိုးတွေ ကြီးပွားတိုးတက်ဖို့ စိတ်ဓာတ်ခွန်အားပေးတဲ့အမျိုးသားရေးစာပေတွေ ရှိပါတယ်။

ဒီနေရာမှာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကျန်းမာကြံ့ခိုင်ဖို့၊ လူစဉ်မီဖို့ အားပေးတယ်၊ စိတ်ပိုင်းဆိုင်ရာအားဖြင့် တက်ကြွအောင်၊ ကြိုးစားချင်စိတ်ရှိအောင်၊ မခံချင်စိတ်ရှိအောင်၊ လူများတကာတွေထက် အောက်ကျနောက်ကျ မဖြစ်အောင်၊ ဇွဲလုံ့လဝီရိယစိုက်ပြီး အားထုတ်ဖို့၊ မပျင်းဖို့ မရိဖို့ အားပေးတယ်၊ အတွေးအကြံအားဖြင့် ခေတ်နောက်မကျအောင်၊ ကမ္ဘာကြီးနဲ့ အမှီလိုက်နိုင်အောင် အသိအမြင် ဗဟုသုတကို ဖွင့်ပေးတယ်။ ဒီလိုအမျိုးသားရေးစာပေတွေ ပါဝင်ပါတယ်။ ဒါတွေဟာ အပြုသဘောဆောင်တဲ့ အမျိုးသားရေးစာပေတွေလို့ ပြောနိုင်ပါတယ်။

တစ်ဖက်မှာလည်း ကိုယ့်တိုင်း ကိုယ့်ပြည်နဲ့ ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်လူမျိုးကို ချစ်ခင်မြတ်နိုးပြီး တိုင်းတပါးသားကို အထင်မကြီးဖို့၊ နိုင်ငံခြားကို အထင်မကြီးဖို့ – မျိုးချစ်စိတ်နဲ့ တိုင်းချစ်ပြည်ချစ်စိတ် သွတ်သွင်းတဲ့ အမျိုးသားရေးစာပေတွေ ပေါ်ထွက်ခဲ့ပါတယ်။ ခေတ်စနစ်မကောင်းမွန်တဲ့အခါမှာ၊ တိုင်းပြည်နဲ့ လူမျိုးဟာ ကိုယ်ကျင့်အားဖြင့် စိတ်နေစရိုက်အားဖြင့် ယိုင်နဲ့ ချိနဲ့ နေပါတယ်။ ဒီအခါ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနဲ့ ကိုယ့်ပြည်သူလူထုကို ကိုယ်ကျင့်အားဖြင့် တည်မတ်နိုင်ဖို့ အားပေးတဲ့၊ ပြုပြင်တဲ့၊ လမ်းပြတဲ့၊ လမ်းညွှန်တဲ့၊ သွန်သင်တဲ့၊ ပဲ့ပြင်တဲ့ အမျိုးသားရေးစာပေတွေ ပေါ်ထွက်ခဲ့ပါတယ်။

▄ ဘယ်လိုအမျိုးသားရေးစာပေတွေက ထင်ရှားခဲ့သလဲ

အမျိုးသားရေးစာပေတွေဟာ ကိုလိုနီနယ်ချဲ့တော်လှန်ရေးဖြစ်ရပ်တွေကို အကြောင်းပြုပြီး ကြီးထွားကျယ်ပြန့်ခဲ့ပါတယ်။ ၁၉၃၀ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမား လက်နက်ကိုင်တော်လှန်ရေးဖြစ်ပွားခဲ့ပါတယ်။ သာယာဝတီခရိုင်ကို ဗဟိုပြုပြီး ကိုလိုနီနယ်ချဲ့ကို လက်နက်ကိုင် ပုန်ကန်ရာကနေ၊ ဒီလက်နက်ကိုင်လမ်းစဉ်ကို အားပေးတဲ့ ပုံဖော်တဲ့ မှတ်တမ်းတင်တဲ့ အရေးအသားတွေ ပေါ်ထွက်လာပါတယ်။

လက်နက်ကိုင်တော်လှန်ရေး

ဆရာစံ ဦးဆောင်တဲ့ လယ်သမားလက်နက်ကိုင်တော်လှန်ရေးဟာ ကျရှုံးခဲ့ပါတယ်။ ဆရာစံဟာ အဖမ်းခံရပြီး ထောင်ထဲမှာ သူ့ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ရေးသားခဲ့ပါတယ်။ ဆရာစံရေးသားတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို မြန်မာ့အလင်းသတင်းစာက နေ့စဉ် အခန်းဆက်ဖော်ပြခဲ့ပါတယ်။ ဆရာစံရဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း သတင်းစာ၊ ဂျာနယ်တွေက ရေးသားဖော်ပြကြပါတယ်။ ဒီလိုနဲ့ လူထုဟာ ဆရာစံရဲ့ လက်နက်ကိုင်တော်လှန်ရေးအကြောင်းဖတ်ပြီး အမျိုးသားရေးနိုးကြားဖို့ လှုံ့ဆော်ခံရပါတယ်။ သခင်ကိုယ်တော်မှိုင်းဟာ – ဂဠုန်ပျံဒီပနီဋီကာ ဆိုတဲ့ ဆောင်းပါးရှည်ကြီးကို ရေးသားပြီး ဆရာစံကို ချီးကျူးဂုဏ်ပြတယ်။ ဦးစောကလည်း – ဂဠုန်အရေးတော်ပုံ ဆိုတဲ့ နာမည်နဲ့ စာအုပ်ရေးသားထုတ်ဝေတယ်။ သာယာဝတီအရေးတော်ပုံ ဆိုတဲ့ စာအုပ်လည်း ထွက်ရှိခဲ့တယ်။

▄ သခင်စိတ်ဓာတ် – မျိုးချစ်စိတ်ဓာတ်

တို့ဗမာ အစည်းအရုံးတည်ထောင်သူ သခင်ဘသောင်းကလည်း တို့ဗမာစာတမ်းကို ရေးသားဖြန့်ချိတယ်။ တို့ဗမာစာတမ်းမှာ ဗမာတွေ နိုးကြးဖို့ လိုကြောင်း၊ သခင်ဝါဒ အကြောင်း၊ တို့ဗမာဝါဒအကြောင်း၊ မျိုးချစ်စိတ်ဓာတ် အကြောင်းတွေ ရေးသားထားတယ်။ သခင်ဘသောင်းရဲ့ တို့ဗမာစာတမ်းဟာ သခင်ကြေညာစာတမ်းဖြစ်သလို၊ မျိုးချစ်ဝါဒစာတမ်းတစ်ခုလည်း ဖြစ်တယ်လို့ ဆိုနိုင်တယ်။ တို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံဖြစ်တဲ့ – ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ … ဆိုတဲ့ နိုးဆော်ချက်ဟာ အတော်တာသွားတယ်။

ရဲရဲတောက်လှုံ့ဆော်တဲ့ နေသူရိန်

ကြီးပွားရေးမဂ္ဂဇင်းမှာ စာရေးဆရာ မဟာဆွေက နေသူရိန်ဆိုတဲ့ကလောင်နဲ့ နယ်ချဲ့ဆန့်ကျင်ရေးဆောင်းပါးတွေ ရေးတယ်။ ရဲရဲတောက်ဆောင်းပါး တွေလို့ ပြောရင် ပိုမှန်မယ်။ နေသူရိန်ရဲ့ မကြောက်တရား ဆောင်းပါးတွေဟာ နာမည်ကြီးတယ်။ စာအုပ်အဖြစ် လည်း ထုတ်ဝေခဲ့တယ်။ နေသူရိန်ရဲ့ မကြောက်တရားဆောင်းပါးတွေစုစည်းထားတဲ့စာအုပ်မှာ – ကျွန်စိတ်ကို ဖျောက်ဖို့၊ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် ကျွန်စိတ်ကို ဖျောက်၊ ကျွန်နံ့ကို ခဝါချ၊ ကျွန်ဘဝကို အသေသတ်လိုက် … ဆိုတဲ့ ရဲရဲတောက် စကားလုံးတွေနဲ့ လှုံ့ဆော်တာတွေ့ရတယ်။

▄ အမျိုးသားရေးဋီကာတွေ

သခင်ကိုယ်တော်မှိုင်းဟာ ဇာတိမာန်စာဆို၊ မျိုးချစ်စာဆို တစ်ယောက်လို့ ပြောရင် မှန်ပါတယ်။ သခင်ကိုယ်တော်မှိုင်းဟာ ဋီကာတွေလို့ နာမည်တပ်ပြီး တော်လှန်သော ဇာတိမာန်ကို လှုပ်နိုးသော နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒကို မောင်းနှင်မယ့် စာတွေ အများအပြားရေးသားခဲ့တယ်။ သခင်ကိုယ်တော်မှိုင်းကိုယ်တိုင်ကလည်း သခင်ဘွဲ့ကို ခံတယ်။ ကျွန်နံ့ထွက်နေတဲ့စရိုက်တွေ၊ ယဉ်ကျေးမှုတွေ၊ အပြုအမူတွေနဲ့ စိတ်ဓာတ်တွေကို တော်လှန်တဲ့စာတွေ အများအပြားရေးသားခဲ့တယ်။ သခင်ကိုယ်တော်မှိုင်းဟာ အမျိုးသားရေးကဗျာ၊ စာပေတွေကို ရေးသားပြီး မြန်မာပြည်ရဲ့ အမျိုးသားရေးခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။

▄ အမျိုးသားပညာဝန်ရေးတဲ့ စာအုပ်

ကျောင်းသားသပိတ်ကို အကြောင်းပြုပြီး အမျိုးသားကျောင်းတွေ ပေါ်ထွက်လာခဲ့တယ်။ အမျိုးသားကျောင်းတွေကို ကွပ်ကဲထိန်းကျောင်းတဲ့ အမျိုးသားပညာဝန် ဦးဖိုးကျားကလည်း အမျိုးသားရေးဦးတည်ချက်နဲ့ စာတွေ ရေးတယ်၊ စာအုပ်တွေ ထုတ်တယ်။ ဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ ဆိုတာ နာမည်ကြီးတယ်။ ဒီစာအုပ်မှာ မြန်မာလူငယ်တွေ စံပြု အတုယူထိုက်တဲ့ လူပုဂ္ဂိုလ်တွေအကြောင်း ဖော်ပြထားတယ်။ မြန်မာပညာရှိတွေ၊ မြန်မာသူရဲကောင်းတွေ အကြောင်း၊ မြန်မာအမှုထမ်းတွေအကြောင်း၊ တိုင်းရင်းသားတွေအကြောင်း လူငယ်တွေ အားကျအတုယူရအောင် ရေးသားလှုံ့ဆော်တယ်။

▄ ၁၃၀၀ ပြည့် အရေးတော်ပုံနောက်ပိုင်း

ဆရာစံရဲ့ လယ်သမားလက်နက်ကိုင်တော်လှန်ရေးကနေ အစချီခဲ့တဲ့ အမျိုးသားရေးစာပေတွေဟာ ကျောင်းသား သပိတ်၊ ရေနံမြေသပိတ်နဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံ လှုပ်ရှားမှုတွေကြောင့် ပိုမို နိုးကြွလာခဲ့တယ်။ အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ အတူ အမျိုးသားရေးစာပေတွေရဲ့ အခန်းကဏ္ဍဟာ ပူးတွဲလိုက်ပါလာတယ်။ အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့နောက်ကွယ်မှာ မြန်မာ့လူ့အဖွဲ့အစည်းကို စာပေအားဖြင့် ဆန္ဒအားကို စုစည်းပေးတဲ့ အမျိုးသားရေးကဗျာတွေ၊ အမျိုးသားရေးဝတ္ထုတွေ၊ အမျိုးသားရေးစာအုပ်တွေနဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေလည်း အများအပြား ပေါ်ထွက်ခဲ့တယ်။

၁၃၀၀ ပြည့်အရေးတော်ပုံနောက်ပိုင်း ပေါ်ထွက်ခဲ့တဲ့ အမျိုးသားရေးစာပေတွေကို အမျိုးအစားအားဖြင့် အပိုင်း (၃) ပိုင်းခွဲကြည့်နိုင်တယ်။ (၁) လက်ရှိနိုင်ငံရေးအခြေအနေကို ဖော်ပြတဲ့အမျိုးသားရေးစာပေတွေ၊ (၂) နယ်ချဲ့တိုက်ပွဲကို လမ်းညွှန်တဲ့အမျိုးသားရေးစာပေတွေနဲ့ (၃) အမျိုးသားရေးလှုပ်ရှားမှုတွေကို သွေးထိုးပေးတဲ့စာအုပ်တွေ ဆိုပြီး အမျိုးအစား (၃) မျိုးခွဲကြည့်နိုင်တယ်။

ဆက်လက်ရေးသားဖော်ပြပါမည် – –

မင်းသေ့
ည ၈း၀၇
၂၃ ၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▄ အာဏာသိမ်းမှုအကြောင်းဆက်
Next post ▣ သင်္ကေတဗေဒထဲက အောင်ဆန်းစုကြည်