• ဒေါ်အောင်ဆန်းစုကြည်ဟာ သင်္ကေတ အဖြစ် ပြောင်း၍ ကျေးဇူးပြုမည်လော။
• လူထုမှတ်ဉာဏ် (Public Memory) ထဲမှာ စွဲမြဲ နစ်ဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လို အခန်းကဏ္ဍမှာ လူထုကို ဆက်လက် ကျေးဇူးပြု ဦးဆောင်နေအုံးမယ်လို့ ထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ သူ့ရဲ့ ဩဇာ ဘယ်လို ပုံပြောင်းဖြစ် တည်မလဲဆိုတာဟာ စိတ်ဝင်စားစရာကိစ္စဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအိုက်ကွန် (icon) အဖြစ် ကမ္ဘာ့လူထု အတွင်းမှာ ပျံ့နှံ့ဖြစ်တည်ပြီးဖြစ်သလို၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ ဟီးရိုးအဖြစ် သင်္ကေတပြုနိုင်ခဲ့ပါ တယ်။ သို့သော်လည်း တော်လှန်ရေးဟောင်းကို တော်လှန်ရေးသစ်နဲ့ အစားထိုးပြီး ခရီးဆက်တဲ့လမ်းမှာ၊ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါနိုင်ပါအုံးမလား။ အခြေအနေရဲ့ အကန့်အသတ်ရယ်၊ အချိန်ကာလအားဖြင့် အကန့်အသတ်ရယ် တွက်ဆကြည့်ရင် လက်တွေ့အားဖြင့် ပါဝင်နိုင်ဖို့ လွယ်ကူမယ် မထင်ပါ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ပြုစုခဲ့တဲ့ ဓာတ်သတ္တိတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ကျန်ရှိနေပါတယ်၊ နစ်မြုပ်နေပါတယ်၊ ကိန်းအောင်းနေပါ တယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဘယ်လိုပုံစံနဲ့ ကိန်းဝပ်တည်ရှိနေသလဲ။

ဒီနေရာမှာ သင်္ကေတဗေဒနည်းအားဖြင့် ချည်းကပ်ဖို့ လိုတယ်လို့ ယူဆပါတယ်။
• Icon လား
• Index လား
• Symbol လား

▄ အနက်သဘော

သင်္ကေတသဘောအားဖြင့် ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိုက်ကွန် သက်သက်လား။ အိုက်ကွန် (Icon) ဆိုတာကို ပုံသင်္ကေတလို့ အနက်ဖွင့်ချင်ပါတယ်။ တနည်းအားဖြင့် ပုံရိပ်ကို ကြည်ညိုတာ ဖြစ်ပါတယ်။ အညွှန်းပြု – အညွှန်းခံ သင်္ကေတ (Index) ကတော့ သူ့အတွေးအခေါ်၊ သူ့မိန့်မှာချက်၊ သူ့စကား၊ သူ့သွန်သင်ချက်တွေကို ပြန်လည်ညွှန်းပြီးအနက်ဖော် လိုက်နာကျင့်သုံးတာဖြစ်ပါတယ်။ Symbol ကတော့ – ပုံသင်္ကေတအဖြစ်ရော ၊ အညွှန်းခံသင်္ကေတရော ဒီနှစ်ခုစလုံးမှာ ပြည့်စုံတဲ့ သင်္ကေတအဖြစ်ရောက်ရှိသွားခြင်းကို ဆိုလိုပါတယ်။

▄ ရေသောက်မြစ် သုံးသွယ်

လူ့အဖွဲ့အစည်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေဟာ အလွယ်တကူနဲ့ ပျောက်ပျက်သွားမယ် မထင်ပါ။ လူထုရဲ့ နှလုံးသားကို ညှို့နိုင်တဲ့ဓာတ် – ဒေါ်အောင်ဆန်းစုကြည်မှာ ပိုင်ဆိုင်ပါတယ်။ ပို၍တိတိကျကျ ပြောရရင် – ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂ္ဂိုလ်ရေးဩဇာကြီးမားသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖြန့်ကျက်ထားနိုင်တဲ့ ဩဇာတိက္ကမဟာ ဘယ်က လာပါသလဲ။ နိုင်ငံရေးနဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာဟာ အခြေခံရေသောက်မြစ် သုံးသွယ်ကနေ ဆင်းသက်လာပါတယ်။ (၁) ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ ကရုဏာမဲကို ရပါတယ်။ (၂) ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ ဒေါသမဲကိုလည်း ရပါတယ်။ (၃) ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဥပဓိကနေ လူထုဆီက မဲကို ရပါတယ်။

▄ သူနဲ့ သူ့အဖွဲ့ချုပ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီးအစမှာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဥပဓိဟာ အထွဋ်အထိပ်ကို မရောက်သေးပါဘူး။ နိုင်ငံရေးခရီးဖြတ်သန်းမှု နှစ်ပေါင်း (၂၀) ကျော်ကြာလာပြီးနောက်ပိုင်းမှာ၊ ခေတ်သစ်နည်း ပညာကွန်ယက်တွေရဲ့ အပံ့အပိုး အပါအဝင် နိုင်ငံတကာက ဇာတ်ညွှန်းအရေးကောင်းချက်တွေအပြင် သူ့နဲ့ သူ့အဖွဲ့သားတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေဟာ လူထုအတွက် မျှော်လင့်ချက်ဖြစ်လာပါတယ်။ ထိုနည်းလည်းကောင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူထုရဲ့ မျှော်လင့်ချက်က ကြီးမားခဲ့သလို၊ သူ့ကို လူထုက ချစ်ပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်တာကြောင့်ပါသလို၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ကျဆုံးသွား ရတာကလည်း မြန်မာလူထုအကြား မှာ လွမ်းစရာ ၊ ကရုဏာသက်စရာ ဇာတ်လမ်းတစ်ပုဒ်အဖြစ် လူထုမှတ်ဉာဏ်ထဲမှာ နစ်ဝင်နေပါတယ်။

▄ ကရုဏာမဲ

မြန်မာလူထုဟာ အသက်ငယ်ငယ် နဲ့ လုပ်ကြံခံရပြီး သေသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပေါ် အကြွေးတင်နေသလို ခံစားနေရဟန်တူပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဥပဓိကို အမွေခံနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတယ်။ စစ်အစိုးရရဲ့ နေအိမ်အကျယ်ချုပ် အဖြစ် နှစ်ပေါင်းများစွာ အကျဉ်းချခံရတာကို လူထုက ကရုဏာသက်တယ်။ အထူးသဖြင့် မိန်းမသားတစ်ယောက်ကို လက်နက်ကိုင်ထား တဲ့ ယောက်ျားရင့်မာကြီးတွေက အနုနည်းရော၊ အကြမ်းနည်းနဲ့ရော ဝိုင်းဝန်း တိုက်ခိုက် ထိုးနှက်တာကို လူထုက ကောင်းကောင်း နားလည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက မကယ်တင်နိုင်ပါဘူး၊ လူထုရှေ့မှာ သူဟာ ပြည်သူအတွက် စွန့်လွှတ် အနစ်နာခံမှုကို ရဲဝံ့စွာ ပြသခဲ့တယ်။

ဒါတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့သမီးအပေါ် လူထုက ကရုဏာသက်ရခြင်းအကြောင်းတရားတွေ ဖြစ်ပါတယ်။ ဒီတော့ တို့ဟာ အခွင့်ကြုံရင် ဒါကို ဆပ်ရမယ်၊ ဆပ်သင့်တယ်ဆိုတဲ့ စိတ် မြန်မာလူထုဆီမှာ ကိန်းအောင်းနေတယ်။ ဒီနေရာမှာ ကျေးဇူးကြွေးလို့ သုံးနှုန်းချင်ပါတယ်။ ဒီအနက်သဘောကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ ယောင်လို့တောင် တွေးမိမယ် မထင်ပါ။ လူထုကလည်း ဒီလိုတွေးမယ်လို့ မထင်ပါ။ သို့သော်လည်း လူထုရဲ့စိတ်ထဲမှာ – သူတို့မိသားစု ပြုခဲ့တဲ့ ကျေးဇူးကြွေး ရှိနေတယ်လို့ အတွင်းစိတ်ထဲမှာ သိမှတ်လက်ခံထားဟန် တူပါတယ်။ ဒီရဲ့ အကျိုးဆက်က နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့ ကရုဏာမဲ ပြိုဆင်းသွားတဲ့ ရလဒ်အဖြစ် ပြောင်းလဲသွားပါ တယ်။

▄ ဒေါသမဲ

ဒါ့အပြင် ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ စစ်အစိုးရတွေ စစ်ဗိုလ်စစ်မင်းတွေရဲ့ ခေါင်းပုံဖြတ်ခံရမှု၊ အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့မှုနဲ့ ဖမ်းဆီးနှိပ်စက်ခံရမှုတွေကြောင့် လူထုဟာ အထွေထွေ ချွတ်ခြုံကျမှုဆီကို ရောက်ရှိသွားသလို၊ လူသားဘဝနဲ့ လူသားဂုဏ်သိက္ခာတွေ ညှိုးနွမ်းခမ်းခြောက်နေခဲ့ပါတယ်။ လူထုဟာ လူသားအဖြစ် လူချင်းတူတူ သူချင်းမျှမျှ လွတ်လပ်စွာနေထိုင် အသက်ရှင်ခဲ့ရတာမျိုးဟာ နည်းပါးလွန်းလှပါတယ်။ လူထုသွေးနဲ့ ချွေးနဲ့ ရင်းနှီးရှာဖွေထားတဲ့ ဓနဥစ္စာတွေကလည်း စစ်အစိုးရတွေရဲ့ ဆေးမှီးတိုကုထုံးတွေအကြားများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒါကို လူထုကို မကျေနပ်ပါ။ လူထုက ဒေါသဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ကံကြမ္မာကို စစ်တပ်ကလွဲလို့ တခြားဖန်တီးနိုင်မယ့် ယုံကြည်ရလောက်တဲ့သူ ရှိရင် လူထုဟာ ဒီလိုလူကို လိုလားပါတယ်။ ဒီနေရာဟာ လေဟာနယ်ဖြစ်ခဲ့ပါတယ်။

▄ လေဟာနယ်ကို ဝင်ဖြည့်

၁၉၈၈ လူထုအရေးတော်ပုံမှာ ဒီလေဟာနယ်ကို ဖြည့်နိုင်မယ့်သူ ပေါ်လာပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ စစ်တပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းချက်တွေဟာ လူထုဒေါသအဖြစ် ပြောင်းလဲသွား ပြီး၊ စစ်တပ်ညံ့လေလေ လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပို၍ သဲကြီးမဲကြီး ထောက်ခံလေလေ ဆိုတာ ဖြစ်လာပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေဟာ ဒီလိုအမှတ်သရုပ်ကို ထင်ထင်ရှားရှားတွေ့ နိုင်တဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။ ကရုဏာမဲ နဲ့ ဒေါသမဲကို ဒေါ်အောင်ဆန်းစုကြည်က သိမ်းကြုံး ယူငင်နိုင်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွေမှာ ထင်ထင်ရှားရှား တွေ့နိုင်၊ မြင်နိုင်ပါတယ်။

▄ ဒီမိုကရေစီအိုက်ကွန် ဖြစ်လာ

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ စီနီယာနိုင်ငံရေးသမားဟောင်းကြီးတွေဟာ မျိုးဆက်သစ်နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ကို တွန်းတင်ပြီး နိုင်ငံရေးဇာတ်ခုံပေါ် အရောက်ပို့ခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အလားအလာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကို စတားဖြစ်အောင် မွေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကလည်း နိုင်ငံ့ခေါင်းဆောင်ဖြစ်နိုင်တဲ့ ပါဝါမျိုး ကိန်းအောင်နေတဲ့ အသွင်လက္ခဏာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာလ၊ ဒေသ ၊ ပယောဂ ရဲ့ အပံ့အပိုးနဲ့ ဒီမိုကရေစီ အိုက်ကွန် တစ်ခုဖြစ်လာခဲ့ပါတယ်။

▄ မြန်မာရနံ့ မပျောက်တဲ့ ပညာတတ်

နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့နိုင်ငံရေးအမြော်အမြင်ကို တဖြည်းဖြည်းနဲ့ ပြသနိုင်ခဲ့ပါတယ်။ စစ်အစိုးရက ကြီးမှူးတဲ့ နိုင်ငံရေးဖြေလျော့မှုကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းဟာ လူထုလေးစားဖွယ်ရာ ပြသနိုင်တဲ့ အခင်းအကျင်းမျိုးကို ရောက်လာပါတယ်။ အထူးသဖြင့် အနောက်တိုင်း ပညာတတ်ဖြစ်သလို၊ မြန်မာရနံ့ မပျောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက လေးစားချစ်ခင်ပါတယ်။ လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသိပညာနဲ့သာ ပြည့်စုံသူ မဟုတ်ဘူး၊ အကျင့်စရဏနဲ့လည်း ပြည့်စုံတယ်လို့ ယုံကြည်လက်ခံကြတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဓိက မြန်မာအသည်းစွဲဖြစ်ခဲ့တယ်။

▄ သဘောကွဲလွဲမှုတွေ ရှိနေသည့်တိုင်

ကမ္ဘာအရပ်ရပ်က ပြည်ပရောက်မြန်မာတွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တဲ့သူတွေ မြောက်မြားစွာ ရှိတယ်။ ပညာတတ်မြန်မာလူတန်းစားအလွှာထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာဗျူဟာနဲ့ သူ့ လုပ်ရပ် လမ်းစဉ်တွေကို သဘောထား ကွဲလွဲကြတာ ရှိပါတယ်။ သို့ပေမယ့် မြန်မာ ပြည်သူတွေအပေါ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေတနာကိုတော့ ဘယ်သူမှ သံသယရှိမယ် မထင်ပါဘူး။

▄ ဗိုလ်ချုပ်အောင်ဆန်းထံမှ အမွေ

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းဆီက အမွေ တချို့ ရတယ်။ အဲဒါကတော့ လူထုအကျိုး အတွက် တစ်ချောင်းတည်းသောစိတ်နဲ့ စိုက်လိုက်မတ်မတ် ရပ်တည်လျှောက်လှမ်းတဲ့ အကျင့်၊ လူထုကိုညှို့နိုင်တဲ့ နိုင်ငံရေးသံလိုက်ဓာတ်၊ ကိုယ်ရည်ကိုယ်သွေးအရ အရိုးခံစိတ် ရှိမှုနဲ့ အယူဝါဒ နိုင်ငံရေး အရိပ်အယောင်တွေကို ကျော်ပြီး ကြည့်မြင်တတ်မှု – စတာတွေကို အမွေအဖြစ် ဆက်ခံနိုင်ခဲ့သူဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြန်မာ့ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နောက်မှာ အသိုင်းအဝန်းမပျက် စွဲစွဲမြဲမြဲ လိုက်ပါစုဖွဲ့ပေးနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို နိုင်ငံရေးပါတီတစ်ရပ် ရှိနေခြင်းဟာ နိုင်ငံရေးအရာ ဖြန့်ကျက်နိုင်မှု အားကောင်းခဲ့ ပါတယ်။

▄ လူသူလေးပါး မြင်ကွင်းပေါ် ရောက်လာ

စစ်အစိုးရရဲ့ နေအိမ်အကျဉ်းချခံရတဲ့ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက မျှော်ကိုးစိတ်နဲ့သာ မျှော်လင့်ခဲ့ရပေမယ့်၊ သူ့အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာ လေ့လာခွင့် မရခဲ့ပါ။ သို့သော် ၂၀၁၂ နောက်ပိုင်း နိုင်ငံရေးဖြေလျော့မှုကာလနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုနဲ့ တိုက်ရိုက်ထိတွေ့ခွင့် ရသလို ၊ နိုင်ငံတကာကိုလည်း ခြေဆန့်ခွင့်ရလာတယ်။ ခေတ်မီသတင်းနည်းပညာတွေနဲ့ အကျွမ်းတဝင်ဖြစ်လာတဲ့ လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးအရည်အသွေးတွေကို ကောင်းကောင်း လေ့လာခွင့်ရခဲ့တယ်။

▄ လူထုနှလုံးသားကို ညှို့နိုင်

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအတွေးအခေါ်အရ နက်နဲကျယ်ပြန့်သလို၊ လူထုနဲ့ ထိတွေ့ရာမှာ လူထုနဲ့ တစ်သားတည်းနေနိုင်တယ်။ သူ့ရဲ့ ဟောပြောချက်တွေဟာ သာမန်လူပိန်း လူထု နားလည်နိုင်အောင် အထိ ရိုးရှင်းသလို၊ မြန်မာသံ အတော်ထွက်တယ်။ လူထုနားနဲ့ ကိုက်အောင် ဟောပြောနိုင်စွမ်း ဒေါ်အောင်ဆန်းစုကြည်မှာ အပြည့်အဝ ရှိတယ်။ ဟောပြောခြင်းနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုနှလုံးသားကို ထပ်မံ သိမ်းကြုံးယူငင်နိုင်ခဲ့တယ်။ ထိုနည်းလည်းကောင်း တိုင်းပြည်ရဲ့ပြဿနာကို လူထုကို ရှင်းလင်းပြရာမှာ ချက်ကျလက်ကျ ရှိသလို၊ လိုရင်း တိုရှင်းနဲ့ လူထုသဘောကျတဲ့ စကားလုံးတွေ ဖြစ်တယ်။

▄ သူ့ စွမ်းရည် ၊ သူ့အစုအဖွဲ့ အင်အား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဝင်ဆန့်မှုကလည်း လူထုအတွက် အထင်ကြီးစရာ ဖြစ်တယ်။ ဆုပ်ကိုင်ပြလို့ မရတဲ့ အရာတွေကတော့- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲဝံ့မှု၊ လူထုကို ဦးညွှတ်ပြီး သူ့ကိုယ်သူ နိမ့်ချမှု၊ လူထုဆက်ဆံရေးကောင်းမွန်မှု၊ သူ့ရဲ့တည်ကြည်တဲ့ ဥပဓိနဲ့ ကိုယ်ရည်ကိုယ်သွေး။ ထို့နောက် သူ့အဖွဲ့အစည်း ဖြစ်တဲ့ ဒီချုပ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ရေခံမြေခံထက်သန်တဲ့ မြန်မာ့မြေမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကိုးကွယ်ခံရလောက်တဲ့အထိ လူထုရဲ့လေးစား ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ သူ့ရဲ့ အရည်အချင်း၊ သူ့ရဲ့ နိုင်ငံရေးဇွဲနပဲ၊ သူ နေအိမ်အကျဉ်းချခံမှုနဲ့ သူ ဦးဆောင်တဲ့ အဖွဲ့ချုပ်ရဲ့ အင်အား၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှု၊ သူ့ရဲ့ သမိုင်းပုံရိပ်အမွေကောင်း – စတဲ့ အချက်တွေကို စုပေါင်းလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်မက မြန်မာလူထုအများစုရဲ့ ယုံကြည်လေးစားမှု ထက် လွန်သော ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအထိ ရရှိတာဟာ သိပ်တော့ မဆန်းပါဘူး။ နောက်ပိုင်း နိုင်ငံတော်ကို ၅ နှစ်တာ အုပ်ချုပ်စီမံခွင့်ရတဲ့အခါမှာ၊ သူ့ရဲ့ မေတ္တာနဲ့ ကရုဏာကိုပါ လူထုက ပိုလို့ တွေ့လာရတယ်။ ဒီအချက်တွေ ဟာ မြန်မာလူထုက ဒေါ်အောင်ဆန်းစုကြည်အပေါ် အတိုင်းအထက် အလွန် မျှော်လင့်လာသော အကြောင်းတရား တွေ ဖြစ်လာခဲ့တယ်။

▄ ပုံရိပ်တွေ စိမ့်ဝင် ပျံ့နှံ့

အင်တာနက်အွန်လိုင်း ကွန်ယက်စာမျက်နှာတွေဟာ လူထုလက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ရောက်လာတာမို့၊ ယခင်က ဒေါ်အောင်ဆန်း စုကြည်ဓာတ်ပုံတွေကို ခိုးကြောင်ခိုးဝှက် သိမ်းဆည်းထားသိုရတဲ့အဆင့်ကနေ လူတိုင်းရဲ့ မိုဘိုင်းဖုန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေကို ဓာတ်ပုံအသွင်နဲ့ရော၊ ဗီဒီယိုမှတ်တမ်းအနေနဲ့ရော၊ ပန်းချီအနုပညာတွေ အဖြစ်ရော အမျိုးမျိုး ရောက်ရှိပျံ့နှံ့ခဲ့ပါတယ်။ လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို သူတို့ရဲ့ မိုဘိုင်းဖုန်း စခရင်ပေါ်မှာ တယုတယ သိမ်းဆည်းရုံမက၊ အိမ်နံရံမှာ ပြက္ခဒိန်အဖြစ်လည်းကောင်း၊ ဓာတ်ပုံအားဖြင့်လည်းကောင်း၊ ပန်းချီအားဖြင့်လည်းကောင်း အမျိုးမျိုး အဖုံဖုံ ချိတ်ဆွဲပြီး ချစ်ခင်လေးစား တန်ဖိုး ထားတာကို တွေ့နိုင်တယ်။

မြန်မာလူထုရဲ့ စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေဟာ ကျက်သရေရှိ တယ်လို့ ထင်မှတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားတဲ့ လူတချို့က ဒေါ်အောင်ဆန်းစုကြည်ကို အနိမ့်ကျဆုံးသော ပုံရိပ်တွေဖြစ်အောင် တန်ပြန် တုံ့ပြန်ကြသည့်တိုင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုဂ္ဂိုလ်ရေးဩဇာဟာ ပြဒါးတိုင်ကို ဖောက်ပြီးတက်လာနိုင်ခဲ့တယ်။ အကြမ်းမဖက်သောနည်းနဲ့ စစ်အာဏာရှင်ကို နှစ်ပေါင်းများစွာ အံတုလို့ အာဂအမျိုးသမီးလို့ ယူဆပြီး လူထုက လေးစားကြတယ်။

▄ ရုန်းထွက်ချင်လို့ မျှော်လင့်တယ်

တစ်ဖက်မှာလည်း မြန်မာလူထုဟာ စစ်အာဏာရှင်လက်အောက်က လွတ်ချင်တယ်။ သူတို့ရဲ့ နေ့စဉ်ဘဝတွေကို အကြောက်တရားနဲ့ မရှင်သန်ချင်ဘူး၊ ကိုယ့်ဘဝကို ကိုယ်လွတ်လပ်စွာ ပြဌာန်းတည်ဆောက်ချင်တယ်။ လူသားလွတ်လပ်ခွင့်နဲ့ လူသားဂုဏ်သိက္ခာကို ရချင်လို့ လူထုဟာ ဒီမိုကရေစီကို တောင့်တတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုလိုလားတဲ့ ဒီမိုကရေစီအတွက် တပ်ဦးက ခေါင်းဆောင်လို့ လူထုက လက်ခံ အသိအမှတ်ပြုတယ်။ ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအိုက်ကွန် တစ်ခုဖြစ်လာတယ်။ ၂၀၁၅ – ၂၀၂၀ အတွင်းမှာ နိုင်ငံတော်အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဩဇာနဲ့ အာဏာပါ ရှိလာတယ်။

▄ ဩဇာ – အာဏာ

ယခင် အတိုက်အခံပါတီခေါင်းဆောင်အဖြစ်တုန်းက လူထုလက်ခံလိုလားတဲ့ နိုင်ငံရေးခေါင်းဆောင် အဖြစ် ဩဇာကြီးခဲ့ပေမယ့်၊ အစိုးရအဖြစ် ဒီချုပ်ပါတီက ရောက်ရှိပြီး တဲ့အချိန်မှာ အာဏာပါ ရှိလာတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပုဂ္ဂိုလ်ရေးဩဇာ (personal power) ရှိလာရာကနေ အုပ်ချုပ်ရေးအာဏာ (positional power) ပါရလာတာကြောင့် သူ့ရဲ့ နိုင်ငံရေးဩဇာ (political power) ဟာ ဩဇာတိက္ကမကြီးတဲ့အထိ အထွဋ်အထိပ်ကို ရောက်လာခဲ့တယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ရချိန်မှာ သူ့ အသက်က (၇၀) ကျော်ပြီ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံရတယ်။ ၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ (၇၆) နှစ် ရှိနေပြီ။

▄ ခရီးကြမ်းကို ဆက်လျှောက်

မြန်မာ့နိုင်ငံရေးခရီးကြမ်းဟာ ဆက်ပြီး ကြမ်းနေပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အားဖြင့် သူ့အတွက် သဘာဝ အတားအဆီးတစ်ခု ဖြစ်လာသလို၊ တင်းမာတဲ့ မြန်မာစစ်တပ်ရဲ့ အပြုအမူက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲနိုင်ငံရေးဆီသွားဖို့ ဖျက်လိုဖျက်ဆီး လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဟာ မြန်မာပြည်သူတွေလွတ်လပ်ရေးရရှိဖို့ ဧကမူစိတ်နဲ့ တစ်ချောင်းတည်းသောစိတ်အရင်းခံပြီး စွန့်လွှတ်ကြိုးစား ခဲ့ပေမယ့်၊ ငါ မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်မယ် ဆိုတဲ့ လူတချို့ကြောင့် လွတ်လပ်ရေးမရခင် လုပ်ကြံခံရပြီး ကျဆုံးသွားတယ်။

▄ အဖေ အောင်ဆန်း ၊ သမီးအောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းဟာ လူငယ်ဘဝကနေ နိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင်လာပြီး လူလတ်ပိုင်းဘဝ အစမှ အမျိုးသားခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။ သူအမျိုးသားခေါင်းဆောင်အဖြစ် အထွဋ်အထိပ်ဘဝကို ရောက်တဲ့ လူလတ်ပိုင်းဘဝအစမှာပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ကြံခံလိုက်ရတယ်။ လွတ်လပ်ရေးကို သူ မမြင်သွားနိုင်ခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အသက် လူလတ်ပိုင်းအရွယ်မှာ မြန်မာ့နိုင်ငံရေးခရီးကြမ်းကို စတင်တိုးဝင်လာခဲ့ပါ တယ်။ သူ့အသက် (၇၀) လောက်ကျမှ အစိုးရဖြစ်နိုင်မယ့် လမ်းကြောင်းပေါ် နင်းနိုင်ပြီး တိုင်းပြည်ကို (၅) နှစ်တာ အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာလူထုကို မင်းလုပ်အုပ်ချုပ်ပြီး လူထုအကျိုးကိုပြုဖို့ ထက် စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့သာ လူထုကို ကျေးဇူးပြုခွင့်ရခဲ့တဲ့အချိန် ပိုများတယ်လို့ ပြောနိုင်ပါတယ်။

အခုလည်း မြန်မာပြည်ဟာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းတဲ့တော်လှန်ရေးလမ်းကြောင်းထဲ ရောက်သွားပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲနိုင်ငံရေးဟာ တော်ရုံနဲ့ ပြန်လည် အသက်မဝင်လာနိုင်သေးပါ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီကို ဒေါ်အောင်ဆန်းစုကြည် မြင်ခဲ့ရပါ့မလား။

▄ လက်တွေ့မှာ မလွယ်သေး

လက်နက်ကိုင်လမ်းစဉ်အောင်မြင်သည်ထားတော့၊ တော်လှန်ရေးအလွန်ကာလမှာ အားလုံးသဘောညီဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ပြီး လူထုလိုလားတဲ့အစိုးရတင်မြှောက်နိုင်ဖို့ အချိန်တိုတိုနဲ့ မရနိုင်သေးပါ။ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ရာမှာလည်း ရက်တိုတိုနဲ့ တည်ဆောက်နိုင်သေးမယ် မဟုတ်ပါ။ ဒါ့ကြောင့် အသက်အားဖြင့် (၈၀) နားကို တဖြည်းဖြည်း ချည်းကပ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ လက်ရှိဖြစ်တည်နေတဲ့ မြန်မာ့နိုင်ငံရေးရာသီဥတုအခြေအနေအရ – မြန်မာလူထုကို ကာယကံမြောက် ထပ်မံ ကျေးဇူးပြုနိုင်ခွင့် ရပါ့မလား။ အကယ်၍ ရစေအုံးတော့ – ဒေါ်အောင်ဆန်းစုကြည်နဲ့ မျက်နှာသစ်နိုင်ငံရေး ခေါင်းဆောင်တွေအကြားမှာ ပြေလည်တဲ့ဆက်ဆံရေးပဋိညာဉ်တစ်ခု ရှိထားမှသာ လူမျိုးစုအားလုံးကို လွှမ်းခြုံတဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ရောက်နိုင်ပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ – တပ်ပေါင်းစုနိုင်ငံရေး ဟာ ပြန်လည်ပြိုကွဲသွားပြီး၊ အီလည်လိုက် ဇာတ်မျောကြီးဖြစ်နေပါလိမ့်မယ်။

▄ ဘယ်လို ဘယ်ကဲ့သို့

နောက်တစ်ချက် စဉ်းစားစရာက – အကြမ်းမဖက်တော်လှန်ရေးနည်းနဲ့ နှစ်ပေါင်း (၃၀) ကျော် စစ်အာဏာရှင်ကို တော်လှန်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ – လက်နက်ကိုင်လမ်းစဉ်ကိုပါ ပူးတွဲလျှောက်လှမ်းပါတယ်။ ဒီချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် စွဲစွဲမြဲမြဲလျှောက်ခဲ့တဲ့ အကြမ်းမဖက်တော်လှန်ရေးလမ်းစဉ်ကို ဆက်လက် ကိုင်စွဲထားသလို၊ လက်တွေ့နိုင်ငံရေး အရွေ့ကို ရွှေ့နိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ပြည်သူ့သဘောထား ဆန္ဒနဲ့အညီ ပူးတွဲကိုင်စွဲတာတွေ့ရပါတယ်။

တော်လှန်ရေးဟာ ခပ်မြန်မြန်အောင်မြင်ခဲ့ရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ဆက်ရှိနေပြီးတော့ – လူမျိုးစုအားလုံး လွှမ်းခြုံတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တပ်ဦးကနေ တည်ဆောက်နိုင်ပါလိမ့်မယ်။ မြန်မာ့နွေဦးတော်လှန်ရေး ကျရှုံးခဲ့သည် ရှိသော် – ဗမာပြည်ကွန်မြူနစ်ပါတီလို ပါတီဟာ တောထဲ အပို့ခံရနိုင်ပါတယ်။ တနည်းအားဖြင့် မြေအောက်ပါတီအဖြစ် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လျှောက်နေရပါလိမ့်မယ်။

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးဟာ ဗမာပြည်မကို ကောင်းစွာကိုယ်စားပြုထား တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်အားစုတွေနဲ့ လူမျိုးစုလက်နက်ကိုင်ခေါင်းဆောင်တို့အကြား ဘယ်လောက် နိုင်ငံရေးအစေးကပ်မှုကို တည်ဆောက်နိုင်သလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါဟာ ပထမဦးစား ပေးတည်ဆောက်ရမယ့်အရာဖြစ်ပြီး စစ်တပ်ရဲ့ဒေါက်တိုင်တွေကိုဖြိုတာနဲ့ နိုင်ငံတကာကနေ ထောက်ခံမှုရအောင် လုပ်တာ၊ စစ်တပ်ကို ဖိအားပေးတာတွေက ဒုတိယဦးစားပေးနေရာမှာပဲ ရှိပါတယ်။

▄ ခပ်ဝေးဝေးကသာ

တည်ဆဲအခြေအနေတွေအရ – မြန်မာ ပြည်ရဲ့နိုင်ငံရေးရာသီဥတုဟာ မိုးလေတိမ်သလ္လာကင်းစင်ပြီး အပြုသဘော ဆောင်သော တိုင်းပြည်တည်ဆောက်ရေးတွေကို ၂၀၁၃ နဲ့ ၂၀၂၀ ကြားကာလတွေလို ပြန်လည်လုပ်ဆောင်ဖို့ ခပ်ဝေးဝေးကသာ မျှော်လင့်နိုင်ပါသေးတယ်။ ဒီလိုအကြောင်းခြင်းရာတွေကြောင့် – ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ အမျိုးသားရေးအိုက်ကွန်၊ ဒီမိုကရေစီအိုက်ကွန်အဖြစ်ကနေ ပပျောက်သွားတာ မဟုတ်ပေမယ့်၊ ကာယကံမြောက် လူထုကို လမ်းညွှန်တာ၊ ဦးဆောင်တာမျိုး လုပ်နိုင်ဖို့ မလွယ်သေးပါ။ ဒီလိုကာယကံမြောက် မလုပ်နိုင်တဲ့အခြေအနေ မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ပုံရိပ်တွေကို ချန်ခဲ့ပြီး လူထုကို လမ်းညွှန်ခွင့်၊ သွန်သင်ခွင့်၊ ဦးဆောင်ခွင့် ရနေပါတယ်။

▄ ပုံသင်္ကေတထက် ကျော်လွန်ပြီလား

ဒီနေရာမှာ ဆန်းစစ်ဖို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန် ဦးဆောင်မှုနဲ့ သူ့ဩဇာဟာ ပုံသင်္ကေတ (icon) အဖြစ်သာ ရှိနေတာလား။ သို့တည်းမဟုတ် အညွှန်းသင်္ကေတ (index) အဖြစ် ရောက်ရှိရဲ့လားဆိုတာကို လေ့လာဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက လေးစားတာ၊ ချစ်ခင်တာ၊ မြတ်နိုးတာ၊ ကရုဏာသက်တာ၊ ယုံကြည်တာတွေဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဥပဓိကနေ ဖြစ်ပေါ်လာတဲ့အရာတွေ ဖြစ်ပါတယ်။ လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးတယ်၊ လေးစားတယ်၊ ယုံကြည်တယ်ဆိုရုံမျှနဲ့တော့ အိုက်ကွန် အဆင့်ကနေ တက်လာမယ် မထင်ပါ။

မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအရ လက်တွေ့ဦးဆောင်မှု မပေးနိုင်တဲ့အခြေ အနေဖြစ်ပေမယ့် သူ့ရဲ့ ဟောပြောချက်တွေ၊ သူ့ရဲ့ပြောစကားတွေ၊ သူ့ရဲ့ အဆိုအမိန့်တွေ၊ သူ့ရဲ့ သွန်သင်မှုတွေ၊ သူ့ရဲ့ လမ်းညွှန်ချက်တွေ၊ သူ့ရဲ့ ဆန္ဒတွေနဲ့ သူဖြစ်စေချင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ သူ ကျင့်ကြံစေချင် တဲ့အကျင့်အကြံတွေကို ဘယ်လောက် လိုက်နာသလဲ၊ ဘယ်လောက် သတိတရရှိသလဲ၊ ဘယ်လောက် လက်တွေ့ လုပ်ကိုင်သလဲ၊ ဘယ်လောက် ကျင့်သုံးကြသလဲဆိုတာက ပိုအရေးကြီးနေပါတယ်။

▄ ရုပ်ပုံ ကွယ်နေသလား

ယနေ့တွေ့မြင်ကြားသိနေရတဲ့ လူထုသဘောထားထင်မြင်ချက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အညွှန်းခံ သင်္ကေတအဖြစ် ပြည့်ပြည့်ဝဝ ရောက်ရှိမလာသေးတာကို တွေ့ရပါတယ်။ ပုံသင်္ကေတအဖြစ်သာ ပြည့်ပြည့်ဝဝ ရောက်ရှိပြီး အညွှန်းခံသင်္ကေတအဖြစ် ပြည့်ပြည့်ဝဝ ရောက်မလာတာတွေ့ရ ပါတယ်။ မြန်မာစကားမှာ – ဘုရားကို ရုပ်တုကွယ်တယ် ဆိုတဲ့စကား ရှိပါတယ်။ အခုဟာလည်း ထိုနည်းသဘောပါပဲ။ ဒါဟာ မြင်သာအောင် ဥပမာပြခြင်းသက်သက်မျှသာဖြစ်ပါတယ်။ တခြားအနက်ကို ဆိုလိုခြင်း မရှိ။

မြန်မာလူထု နဲ့ဒေါ်အောင်ဆန်းစုကြည်အကြားမှာ သူ့ဓာတ်ပုံတွေက ကွယ်ထားပါတယ်။ သူ့ပုံသင်္ကေတတွေက ကွယ်ထားပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်မှန်တဲ့အဇ္ဈတ္တကို အညွှန်းပြုသင်္ကေတလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းပြသွန်သင်မှုတွေကို ပြန်လည် သတိရတာမျိုးဟာ နည်းပါးနေပါတယ်။ ပုံရိပ်ကို ကိုးကွယ်တာဟာ – ဓမ္မကို ကျင့်သုံးခြင်း မဟုတ်ပါ။ သတ်သတ်စီ ဖြစ်ပါတယ်။ တခြားစီဖြစ်ပါတယ်။

အနှစ်သာရကို သုံးဆောင်ကြပါ

လူထုထဲက စကားတွေ၊ လူထုထဲက အနုပညာတွေ၊ လူထုထဲက ကဗျာတွေ၊ လူထုထဲက စာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးအခေါ်တွေကိုပြန်လည် ညွှန်းစေချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တွေ၊ ပြောစကားတွေ၊ ဟောပြောချက်တွေ၊ ခံယူချက်တွေ၊ အမြင်တွေ၊ အယူအဆတွေကို ပြန်လည် ညွှန်းစေချင်ပါတယ်။ ဒါမှသာ လက်တွေ့အရ ဒေါ်အောင်ဆန်းစုကြည်ဟာ မမြင်ရသောလက်နဲ့ မြန်မာ့လူ့အဖွဲ့ အစည်းကို ကျေးဇူးပြုခွင့်ရမယ်လို့ ယူဆပါတယ်။ ပုံရိပ်ကို သင်္ကေတပြုပြီး တမ်းတ၊ သတိရ၊ လေးစားယုံကြည် တယ်ဆိုတာဟာ – တခါတရံ ရုပ်ရှင် မင်းသားမင်းသမီးကို သဘောကျလို့ လှလို့ အိမ်နံရံမှာ သူ့ပုံချိတ်ဆွဲထားသလို အဆင့်မျိုးသာ ဖြစ်နေပါလိမ့်မယ်။ လက်တွေ့အားဖြင့် သူ့စကားတွေ၊ သူ့အတွေးအခေါ်တွေ၊ သူ့အယူအဆတွေ၊ သူ့အမြင်တွေ၊ သူ့မိန့်မှာချက်တွေကို လက်တွေ့ ညွှန်းဆို လိုက်နာ ကျင့်သုံး ကျင့်ကြံကြဖို့ ဖြစ်ပါတယ်။

ရုပ်တုနဲ့ မိန့်ခွန်း ဘယ်အရာ ပိုရေပန်းစား

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ မြို့နယ်တိုင်းလိုလိုမှာ စိုက်ထူဖို့ ကြိုးပမ်းကြပေမယ့်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းပေါင်းချုပ်စာအုပ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ စာအုပ်တွေကို ဖတ်ရှုလေ့လာနေတဲ့အိမ် ဘယ်နှအိမ် ရှိမယ် ထင်ပါသလဲ။ ဘယ်လောက်များများစားစား ရှိမယ် ထင်ပါသလဲ။ မထင်ပါ။ သိပ်မထင်ပါ။ ထိုနည်းလည်း ကောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ ပန်းချီတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတွေမှာ အထင် အရှားတွေ့နိုင်ပေမယ့် – သူရေးသားထားတဲ့ စာအုပ်တွေ၊ သူဟောပြောထားတဲ့ မိန့်ခွန်းတွေနဲ့ သူ့အကြောင်း ရေးသားထားတဲ့ စာအုပ်တွေကို မြို့နယ်ပါတီရုံးတွေ အားလုံးမှာ ထားရှိလေ့လာမှု ပြုကြရဲ့လား။ ရပ်ကျေးရုံးစိုက်ရာ ဌာနတွေမှာတော့ ပိုလို့ မျှော်လင့်ရပါလိမ့်မယ်။ ခေတ်က တိုးတက်လာလို့ စာအုပ်နဲ့ မသိမ်း ၊ ဖုန်းထဲမှာ သိမ်းထားပြီး လေ့လာကြ၊ ဖတ်ရှုကြ နားထောင်ကြတယ်လို့ အငေါ်တူးနိုင်တယ်။ သို့သော်လည်း မြန်မာပြည်မှာ ပုံနှိပ်ကို ငြင်းပယ်ရလောက်တဲ့အထိ အိုင်တီနဲ့ မနီးစပ်သေး။ ထားတော့။

▄ လူထုအား မလွန်ဆန်သာ

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် စွဲစွဲမြဲမြဲ လျှောက်ခဲ့တဲ့ အကြမ်းမဖက်လမ်းစဉ်ကိုသာ လျှောက်လှမ်းပြီး လက်နက်ကိုင်လမ်းစဉ်ကို မလျှောက်နဲ့လို့ ဆိုလိုခြင်း မဟုတ်ပါ။ လူထုသာ အဓိက၊ လူထုဆန္ဒသာ အခရာ ဆိုတဲ့ စကားကို အနက်ဖွင့်ရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုဆန္ဒအားဖြင့် ညီလာရင် ဘယ်အရာကိုမှ မလွန်ဆန်ပါ။ သို့သော်လည်း တစ်ဖက်က ကြည့်ရင် ဒေါ်အောင်ဆန်း စုကြည်ဟာ လူထုမဲကို ရဖို့ လူထုသဘောထားနောက်ကိုပဲ အမြဲလိုက်နေတဲ့ လူထုနောက်မြီးဆွဲ ခေါင်းဆောင် မဟုတ်တာတွေ့ရပါတယ်။

▄ သူ့ စကားတွေ

ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့တဲ့ အသံဖိုင်တွေ၊ ဗီဒီယိုမှတ်တမ်းတွေ မြောက်မြား စွာ ရှိပါတယ်။ လွယ်လွယ် ကူကူလည်း ရှာဖွေလို့ ရပါသေးတယ်။ လူထုကြားထဲမှာ သိမ်းဆည်းထားတာတွေလည်း အများကြီး ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေဆိုတာထက် သူ့ရဲ့ စကားတွေကို၊ သူ့ရဲ့ ဟောပြောချက်တွေ ထဲက ပြန်လည်ကောက်နုတ်ညွှန်းဆိုတဲ့အပြုအမူတွေ ပိုတွေ့မြင်ချင်ပါတယ်။ အဲသည်လိုမှ မရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရုပ်ရှင်မင်းသမီးတစ်ယောက်ကို လူထုက ချစ်လို့ အိမ်နံရံမှာ သူ့ဓာတ်ပုံချိတ် ထားတယ်ဆိုတဲ့အဆင့်မှာ ရှိနေပါလိမ့်မယ်။

▄ အကျင့်အကြံ အားဖြင့် သက်သေပြပါ

ရေရှည်အားဖြင့် လူထုရဲ့နှလုံးသားထဲမှာ မျိုးဆက်အလိုက် ဒေါ်အောင်ဆန်းစုကြည်ဟာ သင်္ကေတအနေနဲ့ ဆက်လက်လမ်းညွှန် သွန်သင်နိုင်ဖို့အတွက် သူ့အတွေးအခေါ်တွေ၊ သူ့မိန့်မှာချက်တွေဟာ လူထုကြားထဲမှာ ပိုမိုပျံ့နှံ့စိမ့်ဝင်နေရပါလိမ့်မယ်။ ဒါဟာ အနာဂတ်အတွက်အရေးကြီးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လို့ သူ့မွေးနေ့မှာ ပဲပြုတ်နဲ့ နံပြား ကို စားကြတယ်ဆိုပေမယ့် – ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ အနေအထိုင် အကျင့်အကြံ အတွေးအခေါ်တွေကို ကျင့်သုံးလိုက်နာကြရမှာ မေ့နေတဲ့မြန်မာတွေ အများကြီးရှိနေခဲ့ပါတယ်။ ထိုနည်းလည်းကောင်း ထပ်မဖြစ်စေချင်ပါ။ ထပ်ဖြစ်လို့ မရပါ။ လူထုခေါင်းဆောင်ဆိုတာ သူ့ရဲ့ ဓာတ်ပုံကို ကြည်ညိုစေချင်တယ်ဆိုတဲ့အဆင့်ထက် ပိုမြင့်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒီလိုဆန္ဒမျိုး မုချ ရှိနိုင်ကောင်းပါတယ်။

မင်းသေ့
နေ့လယ် ၁၁း၅၆
၂၃၊ အောက်တိုဘာ၊ ၂၀၂၁။

PDF နဲ့ ဒေါင်းလုတ်ဆွဲ၍ သိမ်းဆည်းဖတ်ရှုနိုင်ပါသည်

PDF Free Download Link :

https://www.mediafire.com/file/f2wmi2yhzdmc6cf/Aung_San_Suu_Kyi_as_Symbolism_by_Min_Thayt.pdf/file

Previous post ▄ အမျိုးသားရေးဝါဒနောက်ကွယ်က အမျိုးသားရေးစာပေများ
Next post ▣ မြန်မာစာပေအရေးအသား ကွေ့ကြီး (၄) ကွေ့