အခြေခံဥပဒေမူဘောင်

၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အရင်ပြောချင်ပါတယ်။ ။ အခြေခံဥပဒေမှာ လွတ်လပ်ခွင့်အတွက် ခွင် (ဂွင်) တွေကို ဖန်တီးပေးထားသလို၊ အကယ်၍ စစ်တပ်အတွက် ဘေးအန္တရာယ်ကျရောက်နိုင်မယ့်လားရာကို ဦးတည်နေရင်၊ နဂိုမူလ အတိုင်းပြန်လည်ထိန်းချုပ်နိင်ဖို့ အကန့်အသတ်တွေကိုလည်း ထည့်သွင်းပြဌာန်းထားတယ်။ အာဏာသိမ်းမယ်ဆိုရင်တောင် နိုင်ငံတကာမှာ အကြောင်းပြချက်ကောင်းအောင် နဂိုမူလကတည်းက ရည်ရွယ်ပြီး စီရင်ထားပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်က စပွန်ဆာလုပ်ပြီး ကြီးမှူးရေးဆွဲတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ ဖက်ဒရယ်ပုံစံနဲ့ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို လေးစားသမှု ပြုထားသယောင်နဲ့ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အပြည့်ရှိနေပါတယ်။ သို့သော်လည်း လက်တွေ့မှာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို အင်အားကြီးလက်နက်ကိုင်တပ်ရှိတဲ့ ဒေသကိုတော့ – အုပ်ချုပ်မှုအရ ပဋိညာဉ်ညှိထားသလိုပါပဲ။ လက်တွေ့မှာ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါ။ ထိန်းလည်း မထိန်းချုပ်နိုင်ပါ။

▣ ၂၀၀၈ အခြေခံဥပဒေရဲ့ ဒုတိယရည်ရွယ်ချက်ကတော့ – နိုင်ငံရေးမှာ စစ်တပ်ရဲ့ပါဝင်မှုကို ပဋိညာဉ်သဘောထားပြီး တရားဝင်မှုရှိအောင်လုပ်ထားတာဖြစ်ပါတယ်။ အခြေခံဥပဒေပါ ပြဌာန်းချက်ဘောင်ထဲက ဖြစ်တည်နေတဲ့နိုင်ငံရေးအခင်းအကျင်းအားလုံးကို လက်တွေ့ပါဝင်ပတ်သက်နေသရွေ့၊ စစ်တပ်ရဲ့နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးမှာ ပါဝင်ပတ်သက်မှုဟာ သူ့ကို တရားဝင်မှုပေးသလို ဖြစ်နေပါတယ်။ အရပ်ဘက်ကတော့ – စစ်ဘောင်ကို ကျုံ့အောင်လုပ်ပြီး အရပ်ဘက်ဘောင်ကို ကျယ်အောင်ချဲ့မယ်လို့ ရည်ရွယ်ပါတယ်။ သို့သော်လည်း လက်တွေ့မှာ စစ်ဘောင်ကသာ ပို၍ ကျယ်လာပါတယ်။

▣ အခြေခံဥပဒေရဲ့ တတိယရည်ရွယ်ချက်က – အရပ်ဘက် နဲ့ စစ်ဘက်အကြား နိုင်ငံရေးပဋိညာဉ်သဘောမျိုးထားရှိပြီး တိုင်းပြည်ကို အတူယှဉ်တွဲ အုပ်ချုပ်ဖို့ ဖြစ်ပါတယ်။ အခြေခံဥပဒေဘောင်ထဲမှာ ဖြစ်တည်လာတဲ့ (၁၀) နှစ်အတွင်းနိုင်ငံရေးအခင်းအကျင်းကို လေ့လာကြည့်ရင် အရပ်ဘက်နဲ့ စစ်ဘက်အကြား အားပြိုင်လွန်ဆွဲမှု၊ တစ်ဖက်နဲ့ တစ်ဖက် အကဲစမ်းမှုတွေ ခပ်များများ ရှိတာတွေ့ရပါတယ်။ အားပြိုင်လွန်ဆွဲမှုဟာ သဘာဝဖြစ်သော်ငြားလည်း အချင်းချင်း အပြန်အလှန်လေးစားမှု (mutual respect) နဲ့ အားပြိုင်လွန်ဆွဲကြရင် ပါဝါမျှခြေညှိနိုင်ကြပေမယ့်၊ လေးစားမှုဆက်ထုံးပျက်ပြီ လွန်ဆွဲကြရင် မျှခြေပျက်သွားပါတယ်။ အရပ်ဘက် – စစ်ဘက် ဆက်ဆံရေးကို အာဏာခွဲဝေမှု မူဘောင်ထဲမှာ ထည့်ထားပြီး အာဏာမျှခြေထိန်းထားတာဖြစ်ပါတယ်။ အာဏာမျှခြေပျက်တာနဲ့ အရပ်ဘက် – စစ်ဘက်ဆက်ဆံရေးလည်း နောက်ပြန်လှည့်သွားပါတော့တယ်။ အာဏာသိမ်းကိစ္စဟာ အရပ်ဘက်နဲ့ စစ်ဘက်အကြား အာဏာမျှခြေပျက်ခြင်းလက္ခဏာဖြစ်ပါတယ်။ အရပ်ဘက် – စစ်ဘက်ဆက်ဆံရေးသားကြောအဖြတ်ခံလိုက်ရခြင်းလက္ခဏာလည်းဖြစ်တယ်။

▄ စစ်တပ်အကျိုးစီးပွား

စစ်တပ်ရဲ့ အထွေထွေသောအသုံးစရိတ်အားလုံးဟာ နိုင်ငံတော်ဘတ်ဂျက်တစ်ခုတည်းကနေ ရတာ မဟုတ်ပါ။ စစ်တပ်က သူ့ဘာသာသူ စီးပွားရှာပြီး သူ့ဘဏ္ဍာတိုက်ကို ဖြည့်တင်းပါတယ်။ ဒါဟာ စစ်ခေါင်းဆောင်တွေအတွက် အားသာချက်တွေ အများကြီး ရှိပါတယ်။

▣ စစ်တပ်ဟာ နိုင်ငံတော်ရဲ့ထိန်းချုပ်မှုအောက်မှာ ဘယ်တော့မှ ကျရောက်မသွားဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့အထက်မှာ တပ်ကရောက်နေဖို့ဖြစ်သလို၊ ကိုယ့်အားကိုယ်ကိုးရှင်သန်ရပ်တည်နိုင်အောင် ဖြစ်ပါတယ်။ မှီခိုနေရင် မလွတ်လပ်ဘူး။ ဘဏ္ဍာရေးအရ လွတ်လပ်အောင်၊ အမှီအခိုကင်းအောင် လုပ်ထားတာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း စစ်ခေါင်းဆောင်တွေရဲ့ သီးခြားကော်ပိုရိတ်အကျိုးစီးပွားကို လွတ်လပ်စွာ ချဲ့ထွင်ဖို့လည်းဖြစ်တယ်။

▣ နောက်ထပ် တွေ့ရတာက – စစ်စီးပွားရေးတွေနဲ့ နောက်ကွယ်မှာ စစ်ဗိုလ်ချုပ်တွေရဲ့ တစ်ဦးချင်း ပုဂ္ဂလိကအကျိုးစီးပွားတွေ ရှိနေပါတယ်။ တပ်ပိုင်စီးပွားရေးတွေကို အကြောင်းပြုပြီး ပွားစီးလာတဲ့ အဆွယ်အပွားစီးပွားရေးလုပ်ငန်းတွေကနေ တစ်ဆင့် စစ်ဗိုလ်ချုပ်တွေရဲ့ တစ်ဦးချင်း စီးပွားရေးအကျိုးအမြတ်တွေကို ချဲ့ထွင်ဖို့အတွက် ဖြစ်ပေါ်လာတဲ့ ဝန်းကျင်ဓလေ့အသွင်ဖြစ်လာပါတယ်။ တပ်ပိုင်စီးပွားရေးတွေက တပ်ရဲ့ စစ်ရေးအသုံးစရိတ်တွေအတွက် ဝင်ငွေလမ်းကြောင်းဖြစ်ပေမယ့် တစ်ဖက်မှာ တပ်စီးပွားရေးတွေကို စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေအတွက် ပုဂ္ဂလိကခွဲတမ်းသဖွယ် အကျိုးအမြတ် ဖြစ်ထွန်းစေပါတယ်။

▣ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစုတွေ အများအပြား ပိုင်ဆိုင်ခြင်းဟာ ဒီမိုကရေစီသွားရာလမ်းမှာ ကြီးစွာသော အဟန့်အတားကို ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံတော်အာဏာကို ထိန်းချုပ်နိုင်ရင် အာဏာနောက်မှာ ငွေကြေးလမ်းကြောင်းတွေ ရှိသလို၊ မြေယာစီမံခန့်ခွဲပိုင်ခွင့်၊ မြေယာပိုင်ဆိုင်မှုမှာလည်း စစ်တပ်က လုပ်ပိုင်ခွင့်ရှိနေပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ ပဒေသရာဇ်ခေတ်ဟောင်းက မြေရှင်ကြီးတွေလို မြေယာပိုင်ဆိုင်မှုကို လက်ဝါးကြီးအုပ်ထားပါတယ်။ ထိုနည်းလည်းကောင်း သယံဇာတနဲ့ ကျောက်မျက်တူးဖော်မှုတွေမှာလည်း နိုင်ငံတော်ပိုင်၊ စစ်တပ်ပိုင်လုပ်ငန်းတွေကနေ တစ်ဆင့် စစ်တပ်ရဲ့ ကော်ပိုရိတ် အကျိုးစီးပွားခွင်ကို ချဲ့ထွင်ထားပါတယ်။

▣ စစ်ဗိုလ်ချုပ်တွေဟာ စစ်အသုံးစရိတ်အတွက် ငွေရှာပေးသူတွေ ဖြစ်သလို တစ်ဖက်မှာလည်း သူတို့ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက် ခြစားလို့ကောင်းတဲ့ စီးပွားရေးကွင်းပြင်ကြီးဖြစ်နေပါတယ်။ စစ်စီးပွားရေးနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ပိုင်စီးပွားရေးတွေဟာ လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်မြင့်မားလာတာနဲ့အမျှ ခြိမ်းခြောက်ခံနေရတယ်။ လုပ်ပိုင်ခွင့် ခွင်(ဂွင်) တွေ ပိုကျုံ့လာတယ်။ ဒါကို စစ်ဗိုလ်ချုပ်တွေ မကြိုက်ဘူး။ စီးပွားရေးမှာ အရပ်ဘက်နဲ့ တန်းတူအခွင့်အရေး မလိုချင်ဘူး။ သူတို့က တစ်ဆင့်မြင့်နေချင်တယ်။ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို လက်ဝါးကြီးအုပ်ထားပြီး ခြယ်လှယ်ချင်တယ်။

▣ ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်လာခြင်းနဲ့ လွတ်လပ်ပြီး မျှတ၊ တန်းတူညီမှုကို တောင်းဆိုလာတဲ့ လူထုအတွက် ပုဂ္ဂလိကအခန်းကဏ္ဍကို ချဲ့ထွင်ပေးရတော့မယ်။ ပုဂ္ဂလိကအခန်းကဏ္ဍ ကျယ်လာခြင်းဟာ စစ်တပ်ရဲ့ ကော်ပိုရိတ်အကျိုးစီးပွားခွင် ကျုံ့သွားခြင်းနဲ့ ထပ်တူဖြစ်လာတယ်။ ဒီတော့ အကျိုးစီးပွားပဋိပက္ခဖြစ်လာတယ်။ အကျိုးစီးပွားပဋိပက္ခဟာ ရှုပ်ထွေးလို့ တတိတိနဲ့ တိုက်စားခံနေရတဲ့ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ခွင်တွေကို မူလအထိုင်ပြန်ရောက်စေဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ နိုင်ငံရေးအရ ဆက်လက် လက်ဝါးကြီးအုပ်ထားဖို့ ဖြစ်ပါတယ်။

▄ နိုင်ငံရေးအရ လက်ဝါးကြီးအုပ်ရန်

နိုင်ငံရေးအရ လက်ဝါးကြီးအုပ်ဖို့အတွက် ဖန်တီးထားတဲ့ ဇာတ်ညွှန်းကတော့ ရှိထားပြီးသားဖြစ်ပါတယ်။ အဲဒါတွေတော့

  • ဒို့တာဝန်အရေးသုံးပါး ဆိုတဲ့ ….
  • ပြည်ထောင်စု မပြိုကွဲရေး
  • တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး
  • အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဇာတ်ညွှန်းဖြစ်ပါတယ်။

ဒါ့အပြင် အရံဇာတ်ညွှန်းတွေလည်း ရှိထားပါတယ်။ အဲဒါတွေကတော့ အခြေခံဥပဒေရဲ့အခြေခံမူမှာ ပြဌာန်းထားတဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က အစဉ်တစိုက်ပါဝင်မယ်ဆိုတဲ့ ဇာတ်ညွှန်းဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း – စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာလည်း အရံဇာတ်ညွှန်းထဲမှာပါဝင်ပါတယ်။ စည်းကမ်းဆိုတာကို ဘယ်လို သတ်မှတ်ထားသလဲဆိုတဲ့ အမြင်ယူဆချက်ဟာ တပ်တွင်းမှာ ဝါဒဖြန့်လို့ကောင်းတဲ့ စကားလုံးတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ပြီးတော့ စစ်အစိုးရခေတ်အဆက်ဆက် တည်ဆောက်လာတဲ့ အယူဖြစ်ပါတယ်။

အဲဒါကတော့ – တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင် အဖ ဖြစ်ပါတယ်။ ဒါဟာ အုပ်ထိန်းသူအယူအဆ (guardianship) ဖြစ်ပါတယ်။ သားသမီးက စည်းကမ်းပျက်ရင် မိဘက ဆုံးမမယ်၊ ပြီးတော့ သားသမီး ကောင်းစားကြီးပွား လူလားမြောက်အောင် မိဘက်က အုပ်ထိန်းမယ်။ အိုးထိန်းသည်သည် အိုးကို ရိုက်ပုတ်ခြင်းသည် အိုးကို ကွဲစေလို၍ မဟုတ်၊ အိုးကို အိုးကောင်းဖြစ်စေလိုခြင်း စေတနာသက်သက်မျှသာ – ဆိုတဲ့ အယူအဆကို စစ်တပ်က အစဉ်တစိုက်သွတ်သွင်းတည်ဆောက်လာတယ်။

၂၀၂၁ ခုနှစ်အခင်းအကျင်းကိုလည်း ဒီလိုအယူအဆကလာတဲ့ ဟန်တွေ အများကြီးတွေ့နိုင်တယ်။ စစ်တပ်က နိုင်ငံရေးကို လက်ဝါးကြီးအုပ်ဖို့အတွက် လမ်းခင်းပေးထား၊ ခွင့်ပေးထား၊ လျှောက်လမ်းပေးထားတဲ့အရာကတော့ ၂၀၀၈ အခြေခံဥပဒေဖြစ်ပါတယ်။ အာဏာအခင်းအကျင်းနဲ့ပတ်သက်ရင် ဒီလိုဖြစ်ရပ်တွေ ရှိခဲ့သလို၊ မြန်မာ့လူ့အဖွဲ့အစည်းကလည်း ဒီမိုကရေစီတောင်းဆိုချက် ဒီရေလှိုင်းနဲ့အတူ ပွင့်လင်းလူ့အဖွဲ့အစည်းဆီကို ဦးတည်လာတယ်။

အဟောင်း – အသစ် ယဉ်ကျေးမှုတွေ တွန်းတိုက်လာ

ပွင့်လင်းလူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်းဟာ စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စီးပွားရေး အကျိုးစီးပွားခွင်တွေကို ခြိမ်းခြောက်တဲ့အဓိက အချက်ဖြစ်လာတယ်။ ထိုနည်းလည်းကောင်း လူ့အဖွဲ့အစည်းဟာ အထွေထွေတန်းတူညီမျှမှုကို ပိုမိုလိုအပ်လာတယ်။ အထွေထွေလွတ်လပ်ခွင့်ကို ပိုလို့တောင်းဆိုလာတယ်။ တန်းတူညီမှုကို တောင်းဆိုတာဟာ စစ်တပ်နဲ့ တန်းညှိလိုက်တာနဲ့ အတူတူပဲ။ ဒါကို စစ်ဗိုလ်ချုပ်တွေက လက်မခံချင်ဘူး။ သူတို့အကျိုးစီးပွားကို လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေနဲ့သာ ခွဲဝေစားသုံးလိုတယ်။ ဘာလက်နက်မှ ကိုင်မထားတဲ့ လူထုကို ခွဲဝေ မပေးချင်ဘူး။

ပုဂ္ဂလိကအခန်းကဏ္ဍဆိုတာလည်း ခရိုနီတွေရဲ့ လက်ဝါးကြီးအုပ်မှုနဲ့ ခရိုနီတွေက စစ်ဗိုလ်ချုပ်တွေကို အလုပ်အကျွေးပြုတဲ့ကဏ္ဍက ပိုလို့ ကြီးကျယ်နေတယ်။ လက်တွေ့မှာ တကယ့်ပြည်သူက ပုဂ္ဂလိကအခန်းကဏ္ဍကို ပြည့်ပြည့်ဝဝ မပိုင်စိုးနိုင်ဘူး။ ခေတ်က ပွင့်လာခြင်းဟာ စစ်တပ်အတွက် အထွေထွေ ခြိမ်းခြောက်မှုဖြစ်လာတယ်။ နိုင်ငံရေးအရ လွတ်လပ်ခွင့်ဆိုတာ စစ်တပ်ကကိုင်ထားတဲ့ နိုင်ငံရေးအာဏာမဏ္ဍိုင်ကို ကိုင်လှုပ်တာနဲ့ အတူတူပဲ။ နောက်တစ်ခုက – လုံခြုံရေး။

စစ်တပ်က နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားလုံခြုံရေးဆိုတဲ့ စကားလုံးတွေနဲ့ ဖိပြီး ကိုင်ပြလိုက်မယ်။ တကယ့်လက်တွေ့မှာ စစ်တပ်အတွက် လုံခြုံရေးက နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားလုံခြုံရေးထက် ပိုအရေးကြီးတယ်။ လူ့အဖွဲ့အစည်းက ပွင့်လင်း လွတ်လပ်လာတာကြောင့် နိုင်ငံတကာစွက်ဖက်မှုကို ပိုခံလာရတယ်လို့ စစ်တပ်က မြင်တယ်။ ဒါကလည်း သူတို့အကျိုးစီးပွားကို နှဲ့ချိုးသလိုဖြစ်နေတာတွေလည်း ပါတယ်။ စစ်တပ်က တည်ဆောက်ထားတဲ့ အမျိုးသားရေးအမြင်ဆိုတာဟာ အတွင်းကျုံ့တဲ့ အမျိုးသားရေး အမြင်ဖြစ်နေတယ်။ ရန်လိုပြီး သံသယထားတဲ့အမျိုးသားရေးအမြင် ကဲနေတယ်။

ဒါ့ကြောင့်လည်း ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်လာတာဟာ စစ်တပ်ရဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်အမျိုးသားရေးအယူအဆကို ခြိမ်းခြောက်လာသလို၊ လုံံခြုံမှုဓိကဝါဒီဖြစ်လို့ အရာရာကို သံသယနဲ့ကြည့်၊ လုံခြုံရေးအမြင်နဲ့ ကြည့်တဲ့အခါ၊ စစ်ဗိုလ်ချုပ်တွေအတွက် သူတို့ အနာဂတ်က မလုံခြုံစရာဖြစ်လာတယ်။ လက်ရှိမှာလည်း သူတို့အကျိုးစီးပွားကို ခြိမ်းခြောက်လာတာ၊ သူတို့အာဏာကို အရပ်ဘက်က ကန့်သတ်လာတာတွေ ရှိတဲ့အခါ – ငါတို့ဟာ မူလအထိုင်ကို ပြန်သွားမှ စိတ်ချရတော့မယ်လို့ ယူဆပြီး၊ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းမှုကို ရက်အနည်းငယ် အတွင်းမှာ ကမန်းကတန်း လုပ်လိုက်ရတာဖြစ်တယ်။

▄ စဉ်းစားကြည့်စရာတွေ

ဒီနေရာမှာ ပြောစရာတွေ ရှိတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ စစ်တပ်က တစညပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) အနိုင်ရမယ်လို့ အထင်ရောက်ခဲ့တယ်။ တကယ်လက်တွေ့မှာ တစညပါတီ မနိုင်ဘူး။ တစညက လမ်းစဉ်ပါတီကို အမွေခံတဲ့ ပါတီဖြစ်တယ်။ ဒီတော့ မူလအစီအစဉ်ကို ပြန်ရုတ်သိမ်းရမယ်။ ဒီတော့ ဒီချုပ်ဟာ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီဖြစ်ပေမယ့် အုပ်စိုးခွင့်ရတဲ့ပါတီ မဖြစ်ခဲ့ဘူး။ စစ်တပ်က ဒီချုပ်ကို အာဏာလွှဲမပေးဘူး။ တဆညကို စစ်တပ် မျှော်လင့်ခဲ့တယ်။ မျှော်လင့်သလို ဖြစ်မလာဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထိုနည်းလည်းကောင်းပဲ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို စစ်တပ်က မျှော်လင့်ခဲ့လိမ့်မယ်။ သို့သော်လည်း မျှော်လင့်သလို ဖြစ်မလာဘူး။ ဒီတော့ ၁၉၉၀ ရွေးကောက်ပွဲအပြီး အချိုးကို ထပ်ချိုးတယ်။ ဒီချုပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီဖြစ်ပေမယ့် အုပ်စိုးခွင့်ရတဲ့ပါတီ မဖြစ်ခဲ့ဘူး။ ၁၉၉၀ တုန်းက စစ်တပ်က အာဏာမလွှဲတာ။ ၂၀၂၁ ကျတော့ အာဏာသိမ်းတာ။ ဒီဖြစ်ရပ်ဟာ ဘာကို ပြသလဲဆိုရင် – အဟောင်း အသစ် အားပြိုင်ပွဲဖြစ်တယ်ဆိုတာ ပြနေတယ်။ တည်ဆဲအင်စတီကျူးရှင်းဓလေ့နဲ့ အသစ်ဖြစ်ထွန်းလာတဲ့အင်စတီကျူးရှင်းဓလေ့တို့ အားပြိုင်တာ ဖြစ်တယ်။

စစ်တပ်က သူ့ကိုယ်သူ နိုင်ငံရေးလုပ်တတ်မယ် ထင်ထားတယ်။ တကယ့်လက်တွေ့မှာ တပ်ခေါင်းဆောင်တွေက နိုင်ငံရေးစကား မပြောတတ်သလို၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ တည်ထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီကလည်း နိုင်ငံရေးမလုပ်တတ်ဘူး။ သူတို့နိုင်ငံရေးမလုပ်တတ်တာက – ဒီဘက်ကလူတွေ မဲပိုရနေသလို ဖြစ်နေတာတွေလည်း ရှိတယ်။ ဒီမိုကရက်တစ်နိုင်ငံရေးသမားတွေ နိုင်ငံရေးသိပ်လုပ်တတ်လို့ ပြည်သူက သူတို့ဘက်သွားတယ်လို့ ထင်စရာ ရှိတယ်။ တကယ်တော့ မဟုတ်ဘူး။ စစ်တပ်နဲ့ စစ်တပ်လက်ဝေခံ ပါတီတွေ နိုင်ငံရေးမလုပ်တတ်မှုက ဒီဘက်ကလူတွေကို လူထုမဲပိုသွားတာပဲ။

ဒါက အကြောင်းရင်းတွေထဲက အကြောင်းတစ်ခု။

အခြေခံဥပဒေက နိုင်ငံရေးပြင်ညီကွင်းကို ခင်းမထားဘူး။ စစ်တပ်ဘက်ကို သာသာထိုးထိုး ခင်းထားတယ်။ ဒီလို အသာစီးယူထားတောင်မှ၊ လူထုမဲကို မဖဲ့နိုင်ဘူးဆိုတာ – နိုင်ငံရေးမလုပ်တတ်မှန်း သိသာလွန်းတယ်။ နောက်ဆုံးတစ်ချက် စဉ်းစားစရာ ရှိတယ်။ ဒါကတော့ အငြင်းပွားဖွယ်ရာ ပိုဖြစ်မယ်။

▄ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးမှာ မတက်သာမဆုတ်သာ အဖြစ်နဲ့ ကြုံခဲ့တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနည်းနဲ့ (တနည်း) အနုနည်းနဲ့ ခြေဖျက်ဖို့ ကြိုးစားတယ်။ သူ ရှေ့ကို တစ်လှမ်းတက်ချင်တယ်။ ဒါပေမယ့် အထွေထွေ အကန့်အသတ်ဘောင်ထဲမှာ ရောက်နေတယ်။ ဒီလို အထွေထွေ အကန့်အသတ်ဘောင်ထဲမှာ စစ်တပ်ရဲ့ ပါဝင်ယှက်နွှယ်မှုက ပိုကြီးတာဖြစ်ကောင်းဖြစ်မယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်မှာ အချိန်သိပ်မရဘူး။

Political Deadlock လို့ ပြောလို့ရနိုင်ပါတယ်။ နိုင်ငံရေးကျင်းထဲကျပ်ထဲကို ရောက်နေတယ်။ နိုင်ငံရေးမှာ မတက်သာမဆုတ်သာ ဖြစ်နေတယ်လို့ ပြောရင် ပိုမှန်မယ်။ အဲသည့်အခါ ဒီ Deadlock ကို သူ ကိုယ်တိုင် ဖျက်လို့ ရရင် ရ ၊ မရရင်တော့ စစ်တပ်ဖန်တီးတဲ့အရာမို့ စစ်တပ်ကို ပြန်တာဝန်ပေးရမှာပဲ။ ဂျူဂျစ်ဆုမှာ ဒီလို သဘောတရား ရှိတယ် မဟုတ်လား။ ရန်သူရဲ့ အင်အားနဲ့ပဲ ရန်သူကို ပြန်လည် တန်ပြန်တာ။ အားသက်ရောက်မှု ပြင်းထန်ရင် ပြင်းထန်တဲ့အလျှောက် ပြုသူကို တန်ပြန်စေတဲ့ နည်းနာ။ Deadlock ကြုံနေတာတော့ အမှန်ပဲ။ ဒါကို ဖျက်ရဲရင် ဖျက်ပေါ့။ တပ်က သူတားထားတဲ့စည်းကို သူ ကိုယ်တိုင် ဖောက်လိုက်ရတာက ပိုလွယ်တယ်လေ။ ဒီတော့ ဖျက်ရဲရင် ဖျက်ပေါ့။

ဒါဆိုရင် တိုင်းပြည်က အဆိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ ပိုကောင်းတာလည်း ဖြစ်ချင်ဖြစ်သွားမယ်။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ကြမ္မာကို တိုင်းပြည်ထဲက လူထုကပဲ ဖန်တီးတာ မဟုတ်လား။ အကောင်းတွေဖြစ်လာရင်တော့ Deadlock ကိုလည်း ဖြည်နိုင်မယ်။ ဒီမိုကရေစီကလည်း ခုန်ကူးနိုင်တာတွေ ရှိလာမယ်။ ဆိုးသွားမယ်ဆိုရင်လည်း ဆိုးသွားနိုင်တာပဲ။ ဒါပေမယ့် အီလည်လိုက်ပြီး ဇာတ်မျောကြီးဖြစ်နေတာထက်စာရင် လူထုကို ရုန်းကန်ခိုင်းလိုက်တာက ကြွက်သားတွေ ပိုသန်မာလာလိမ့်မယ်လို့ မြင်ချင်လည်း မြင်ခဲ့မှာပေါ့။

မင်းသေ့
ည ၈း၂၂
၂၄၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▄ ကျနော်မှားကြောင်း ဝန်ခံပါ၏
Next post ▄ အမျိုးသားရေးဝါဒနောက်ကွယ်က အမျိုးသားရေးစာပေများ