• မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအနေနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ်အား နိုင်ငံပိုင်စီးပွားရေးစနစ်ဖြင့် ဖော်ဆောင်ရာတွင် နှစ်ကြာသည်နှင့်အမျှ အောင်မြင်မှု မရှိတော့ပါ။ ပါတီဝင်အားလုံးနှင့် ပြည်သူများ နှစ်ရှည်လများ ခြိုးခြံချွေတာ၍ မနေနိုင်ကြတော့ပေ။ ဇွဲမကောင်းနိုင်ကြတော့ပေ။ မျှတစွာ စားသုံးရ သော အချိုးကျစနစ်၊ မလောက်၍ မဲနှိုက်ရသောစနစ်၊ မကြိုက်တာရော ကြိုက်တာရော တွဲယူရသော စနစ်၊ မိမိပိုင်မြေတွင် စီမံကိန်း သီးနှံအား ကြိုက်ကြိုက် မကြိုက်ကြိုက် စိုက်ရသောစနစ်၊ ထွက်ထွက် မထွက်ထွက် သတ်မှတ်ဈေးနှင့် ရောင်းပေးရသော စနစ်များအား၊ သည်းမခံနိုင်ကြတော့၊ ပါတီနှင့် အစိုးရ အပေါ် အပြစ်မြင်လာကြပါတော့သည်။ (တင့်ဆွေ၊ ကျောပိုးအိတ်လေးကို ချီကာလွယ်၊ ၂၀၁၀၊ စာ – ၄၅၁)

▣ နိုင်ငံပိုင်သိမ်းလိုက်ခြင်းဟာ လူထုရဲ့အခန်းကဏ္ဍကို ကျုံ့အောင် လုပ်လိုက်တာနဲ့ တူပြီး အစိုးရရဲ့ အခန်းကဏ္ဍ ကို ချဲ့ထွင်လိုက်တာနဲ့ တူတယ်။ စီးပွားရေးမှာ နိုင်ငံပိုင် သိမ်းလိုက်သလို၊ နိုင်ငံရေးမှာ တစ်ပါတီအာဏာရှင် စနစ် လုပ်လိုက်တာကြောင့် လူထုရဲ့အခန်းကဏ္ဍဟာ အတော်ကျုံ့သွားပါတယ်။ နိုင်ငံရေးမှာ အာဏာရှင်စနစ် ကြောင့် လူထုအခန်းကဏ္ဍ ကျုံ့ဝင်သွားတယ်။ စီးပွားရေးမှာ နိုင်ငံပိုင်သိမ်းလိုက်ခြင်းကြောင့် လူထုအခန်းကဏ္ဍ ကျုံ့ဝင်သွားတယ်။ အာဏာရှင်စနစ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်တွေ လည်း ပိတ်ပင်ခံရလို့ လွတ်လပ်မှုပါ ကျုံ့ဝင်သွားတယ်။

▣ အုပ်ချုပ်ရေးစနစ်မှာလည်း စစ်ဘောင်သွင်းခံရလို့ အရပ်ဘက်ကဏ္ဍ ထပ်ပြီး ကျုံ့ဝင်သွားပြန်တယ်။ ဒီတော့ ဒီမိုကရေစီလည်း လမ်းစဉ်ခေတ်မှာ အားလုံးသေ သွားတယ်။ စီးပွားရေးမှာ ဈေးကွက်သေတယ်။ နိုင်ငံရေးမှာ ပါတီစုံစနစ် သေသွားတယ်။ ဗြူရိုကရေစီမှာ ပညာတတ်၊ ပညာရှင်တွေ သေသွားတယ်။ လူ့အဖွဲ့အစည်းထဲမှာ လွတ်လပ်ခွင့်နဲ့ လူထုလုပ်ပိုင်ခွင့်တွေ သေသွားတယ်။ နိုင်ငံကို တစ်ခါးပိတ်စနစ် ကျင့်သုံးတာကြောင့် ၊ တိုင်းပြည်ဟာ ရေပုပ်အိုင် လို ဖြစ်ခဲ့တယ်။ ပြည်တွင်းကလည်း စီးထွက်ခွင့် မရဘူး။ ပြည်ပကလည်း လွတ်လပ်စွာ စီးဝင်ခွင့် မရဘူး။ အကျိုးဆက်ကတော့ အိုင်ဒီယာသေ၊ ပညာသေ၊ စက်မှုနည်းပညာသေ၊ ခေတ်အမြင် ခေတ်အတွေးအခေါ်တွေ သေဆုံးသွားတာပဲ ဖြစ်ပါတယ်။ အရာရာ နောက်ဆုံးပိတ်ရောက်ခဲ့ခြင်းဟာ တံခါးပိတ်စနစ်ကြောင့် ဖြစ်ခဲ့တာတွေ များပါတယ်။

▣ မင်းစိုးမင်းညစ်လက်အောက်မှာ လူထုဟာ မပျော်ပါ။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးချင်တဲ့သူဟာ တိုင်းပြည်ထဲကနေ ကိုယ်လွတ်ရုန်းထွက်ပါတယ်။ ဒီလိုမှ ရုန်းမထွက်ရင် မလွတ်မြောက်နိုင်ဘူး၊ သားစဉ်မြေးဆက် စနစ်ဆိုး စရိုက် ဆိုးတွေ အောက်မှာ ညှင်းဆဲ ခွဲခြားခံရမယ်ဆိုတာ နားလည်တယ်။ ဒါ့ကြောင့် စစ်အစိုးရလက်ထက်တွေမှာ ပြည်ပကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင် ထွက်ကြသူတွေ မြောက်မြားစွာ ရှိလာတယ်။ ပြည်ပရောက် မြန်မာတွေဟာ နိုင်ငံတကာရဲ့ အခင်းအကျင်းကို ထိတွေ့၊ လေ့လာသင်ယူခွင့် ၊ ပါဝင်ခွင့် ရလာလို့ ကိုယ်စွမ်း ကိုယ်စတွေ မတုံးခဲ့ဘူး။ ပြည်ပမှာ ရုန်းကန်ရတဲ့ အတွေ့အကြုံက သူတို့ကို သန်မာလာစေတယ်။ ပြည်ပရောက် မြန်မာတွေထဲမှာ ပညာတတ်တွေရော၊ ကျွမ်းကျင်လုပ်သားတွေရာ၊ အသိပညာရှင် အတတ်ပညာရှင်တွေရော အများအပြားပေါ်ထွက်လာတယ်။ သို့သော်လည်း ပြည်ပရောက်မြန်မာတွေဟာ မြန်မာပြည်ကို အဝေးကနေသာ ကြည့်ခွင့်ရတယ်။ ကိုယ့်တိုင်းပြည်အတွက် ပြန်လည် လုပ်ဆောင်ပေးဖို့အတွက် ကွင်းပြင် မရှိလို့၊ မြန်မာပြည်ဟာ ပြည်တွင်းက ဂျိုကျိုး နားရွက်ပဲ့တွေနဲ့ပဲ စခန်းသွားနေကြရတာများတယ်။

▣ ဆိုရှယ်လစ်လမ်းစဉ်အစိုးရရဲ့ စက်မှုဝန်ကြီးဟောင်း ဗိုလ်ချုပ်တင့်ဆွေက လမ်းစဉ်ပါတီ ကျဆုံးရခြင်း အကြောင်း သူ့ စာအုပ် (ကျောပိုးအိတ်ကလေး…) မှာ ရေးသားခဲ့ပါတယ်။

• ပြည်သူပိုင်သိမ်းခြင်း။ ။ နိုင်ငံ၏ စီးပွားရေးတစ်ရပ်လုံးနှင့် သွင်းကုန်၊ ထုတ်ကုန်၊ ကုန်သွယ်မှုများကို လူမျိုးခြားများကပဲ ကြိုးကိုင်ထားခြင်းဖြစ်ပါသည်။ ယင်းတို့အား ဖယ်ရှားပြီး လုပ်သားပြည်သူများ ပိုမို လုပ်ကိုင်နိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့သော်လည်း ကြီးကြပ်ကွပ်ကဲမှု လိုအပ်ခဲ့၍ လမ်းဘေး စတိုးဆိုင်များအထိ အသိမ်းခံရကာ နိုင်ငံသားများ စီးပွားရေးမလုပ်ရဲတော့ခြင်းမှာလည်း လမ်းစဉ်ပါတီ၏ အားနည်းချက် တစ်ရပ်ဟု သုံးသပ်မိပါသည်။

• ငွေစက္ကူများ တရားမဝင် ကြေညာခြင်း။ တရားမဝင် ငွေစက္ကူ ကြေညာခြင်းအား (၃) ကြိမ် ဆောင်ရွက် ခဲ့ပါသည်။ လူမျိုးခြားအရင်းရှင်များ၊ ဝိသမလောဘသားများ၊ မှောင်ခိုစီးပွားရေးသမားများနှင့် ယင်းတို့ နှင့် လက်တွဲလုပ်ကိုင်နေသော လက်နက်ကိုင်သောင်းကျန်းသူများအား အထိနာစေရန် ရည်ရွယ်ခဲ့ သော်လည်း နောက်ဆုံးအကြိမ် ၁၉၈၇ ခုနှစ်ကြေညာရာတွင် လုံးဝ ပြန်လဲမပေးခြင်းမှာ ပြည်သူအားလုံး အား ပြင်းထန်စွာ ထိခိုက်စေသည့်အပြင် နိုင်ငံတော်အစိုးရနှင့် လှည့်လည်အသုံးပြုနေသော ငွေစက္ကူ များအပေါ် မယုံကြည်မှုများ ဖြစ်စေခဲ့ခြင်းမှာလည်း ပါတီနှင့် အစိုးရအဖွဲ့၏ အားနည်းချက်တစ်ရပ်ဖြစ်ပါ သည်။

• ဗဟိုမှ ချမှတ်သော မူဝါဒ၊ စည်းကမ်း၊ တာဝန်များသည် အောက်ခြေအရောက်တွင် လူ၏ အမှား Human Error ကြောင့် ပြောင်းလဲသွားခြင်း…။

စတဲ့အချက်တွေကို ထောက်ပြသွားတာတွေ့ရပါတယ်။ ဒီနေရာမှာ နားလည်ရတာက၊ အစိုးရဟာ လူထုရဲ့ ယုံကြည်မှုကို ရမှသာ အစိုးရဖြစ်ထိုက်တယ်။ အစိုးရဖြစ်လာသူကလည်း လူထုယုံကြည်မှုရအောင် စွမ်းဆောင် နိုင်ရမှာ ဖြစ်ပါတယ်။ လူထုယုံကြည်မှုကို ပျက်ယွင်းစေတဲ့ ဘယ်သို့သော စနစ်မျိုးမဆို ကျဆုံးရတယ်ဆိုတဲ့ သာဓကဖြစ်ပါတယ်။ အစိုးရတွေဟာလည်း သူတို့ လုပ်ဆောင်ချက်တွေကို လူထုယုံကြည်ချက်ရအောင် အစိုးရနဲ့ လူထုအကြား ယုံကြည်မှုတည်ဆောက်တဲ့ ကြိုးပမ်းချက်တွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လူထု မယုံကြည်တော့ရင် အစိုးရတစ်ရပ် မဖြစ်ထိုက်ဘူးဆိုတဲ့ သဘောပါပဲ။

▣ ဆိုရှယ်လစ်ခေတ်မှာ စီးပွားရေးလည်း ပျက်၊ နိုင်ငံရေးလည်း အဖျက်ခံရတာကြောင့် နေ့စဉ် ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ ကျပ်တည်းလာတယ်။ ဒါနဲ့အမျှ အစိုးရခေါင်းဆောင် လုပ်သူတွေရဲ့ အတွေးတိမ်မှု၊ အလွယ် ပြီးစလွယ် ဆေးမှီးတိုတွေနဲ့ အုပ်ချုပ်စီမံ ခဲ့လို့ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက် လေးခဲ့ရပါတယ်။ နိုင်ငံတော်ပိုင် သိမ်းခြင်းနဲ့ ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေညာလိုက်ခြင်းတွေဟာ အလွယ်နဲ့ ကုခဲ့တဲ့ ဆေးမှီးတိုတွေ ဖြစ်ပါတယ်။ အပ်ပုန်းနဲ့ ရမ်းကု လက်ထဲမှာ မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝက သေကြေပျက်စီးခဲ့ရတာဖြစ်ပါတယ်။ ဒါကို ဖြေတွေး နဲ့ တွေးနိုင်ကြသူတွေ ရှိပေမယ့် တကယ်လက်တွေ့ ခံစားခဲ့ရတဲ့ ပြည်သူလူထုကတော့ အခုအချိန်အထိ မမေ့နိုင်သေးပါ။ ပေါ်လစီ ဆေးမှီးတိုတွေဟာ ညံ့ဖျင်းတဲ့အစိုးရတွေလက်ထက်မှာ အလျှိုလျှိုပေါ်ခဲ့ပါတယ်။

▄ ဆိုရှယ်လစ်လမ်းစဉ် နိဂုံး

• မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ ချုပ်ငြိမ်းသွားရခြင်း၏ အကြောင်းရင်း တို့အနက် ပဓာနအကျဆုံးသော အကြောင်းရင်းသည်ကား အခြား မဟုတ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် သည် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ သမိုင်းရေးရာအရ ရှောင်လွှဲ၍ မရသော လိုအပ်ချပ်ကြောင့် တောင်းဆိုရသော တောင်းဆိုရခြင်းမျိုး (Historical necessary) မဟုတ်သောကြောင့်တည်း။

ဦးချစ်လှိုင် ၏ သုံးသပ်ချက်
ဗဟိုနိုင်ငံရေးသိပ္ပံကျောင်း နည်းပြချုပ်၊
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒဖြန့်ချိရေးမှူး
ဗဟိုစိတ်ဓာတ်စစ်ဆင်ရေးတပ် အရပ်သားအရာရှိ
လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားရေးပဲ့ကိုင်ရှင်
ဗိုလ်ချုပ်ကြီးနေဝင်း အလိုကျ ဆိုရှယ်လစ်လမ်းစဉ်အာဘော်များ ရေးသားပေးခဲ့ရသူ
စာရေးဆရာ ကိုကိုမောင် (ခေါ်) ကိုကိုမောင်ကြီး
ကိုကိုမောင်ကြီး၊ အရှေ့ကိုလျှောက်ပါလို့ နောက်ကိုတဲ့မျှော်လိုက်ရင်…စာအုပ်မှ/
၂၀၁၃၊ စာ – ၂၈၅။

▄ အညမည ဦးချစ်လှိုင်လို့ လူသိများတဲ့ စာရေးဆရာ ကိုကိုမောင်ကြီးရဲ့ လမ်းစဉ်ပါတီကျဆုံးရခြင်း အကြောင်း သုံးသပ်ချက် တချို့ကို တင်ပြချင်ပါတယ်။ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ တော်လှန်ရေးကောင်စီဟာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ထူထောင်မှ တိုင်းပြည်ကောင်းစားမယ်လို့ တစ်ဖက်သက် အတ္တနောမတိအမြင်နဲ့ ယူဆလက်ခံထားပါတယ်။ တကယ်တော့ ဆိုရှယ်လစ်လမ်းစဉ်ဟာ သမိုင်းလိုအပ်ချက် မဟုတ်ဘူး။ တနည်း အားဖြင့် ပြောရင် မြန်မာ့လူ့အဖွဲ့အစည်းက မဖြစ်မနေ လက်ခံထားတဲ့ သမိုင်းလိုအပ်ချက်မဟုတ်ခဲ့ဘူး။ တော်လှန်ရေးကောင်စီအစိုးရကသာ မိမိဘာသာ ယူဆပြီး စမ်းသပ်တည်ဆောက်ခဲ့ခြင်းဖြစ်တယ်။ အဲသည့် လို တည်ဆောက်တဲ့နေရာမှာလည်း အလွန်အကျွံ ဖြစ်ခဲ့တာတွေ ရှိတယ်။

တနည်းအားဖြင့် စီးပွားရေးစနစ်ကို ထူထောင်ဖို့ ကြိုးစားကြတဲ့နေရာမှာ တော်လှန်ရေးကောင်စီနဲ့ နိုင်ငံတော်ကောင်စီ အဆက်ဆက်ဟာ စမ်းတဝါးဝါးနဲ့ လုပ်ခဲ့ရတယ်လို့ သုံးသပ်ခဲ့တယ်။ သမဝါယမစနစ်က အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် ဈေးနှုန်းကို ထိန်းထားပေးနိုင်ခဲ့ပေမယ့် တခြားသော ကုန်ထုတ်ပစ္စည်းတွေမှာ နိုင်ငံတော်က အရှုံးပေါ်ခဲ့ရတယ်။ ပြည်ပနဲ့လည်းကုန်သွယ်ရေးကို ပိတ်ဆို့ထားသလို၊ ပြည်တွင်းမှာလည်း ကုန်စည်တွေကို ပြည်နယ် တိုင်းအသီးသီးက ဒေသတွင်းမှာ ကုန်သွယ်မှု မလုပ်ရအောင် ထိန်းချုပ်ထားတာကြောင့်၊ ကုန်စည် ပို့ဆောင်ရေးမှာ နိုင်ငံတော်က စရိတ်စက ကုန်ကျမှု များပြားခဲ့တယ်။ အချိန်ကြာလာတဲ့အခါမှာ အစိုးရဘတ် ဂျက်မှာ အရှုံးပေါ်ခဲ့တယ်။ နိုင်ငံပိုင်သိမ်းခဲ့လို့ လွဲမှားခဲ့တဲ့ အချက်တွေကို ပြန်ပြင်ဆင်ဖို့ ကြိုးစားခဲ့သော်လည်း တိုင်းရင်းသားလုပ်ငန်းရှင်တွေဆီ မူလ ပိုင်ဆိုင်မှုတွေ ပြန်မရောက်ဘဲ၊ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ ဖြစ်ခဲ့တယ်။

▄ ချုပ်လိုက်ရင် …. တော်လှန်ရေးကောင်စီအစိုးရနဲ့ မဆလ လမ်းစဉ်အစိုးရဟာ စီးပွားရေး မလုပ်တတ်ဘဲ၊ စမ်းတဝါးဝါးနဲ့ ကောင်းနိုးရာရာတွေ လျှောက်လုပ်တဲ့အပြင်၊ ဆေးမှီးတိုနဲ့ ရမ်းကုခဲ့တဲ့ ပေါ်လစီတွေကြောင့် နောက်ဆုံးမှာ ဆိုရှယ်လစ် လမ်းစဉ် ပါတီရော၊ အစိုးရရော၊ စီးပွားရေးစနစ်ရော ပျက်သုဉ်းခဲ့ရတယ်။ အစိုးရဟာ စီးပွားရေးနဲ့ ငွေရေးကြေးရေးကို စီမံခန့်ခွဲတဲ့နေရာမှာ စနစ်မှားကိုလည်း ရွေးခဲ့တယ်။ လမ်းစဉ်မှားကိုလည်း လျှောက်ခဲ့တယ်။ အကောင်အထည်ဖော်မှုမှာလည်း အရည်အသွေးညံ့ဖျင်းခဲ့တယ်။ အချိန်ကြာလာတဲ့အခါ၊ လူထုဟာ အစိုးရကို သပိတ်မှောက်ပြီး တော်လှန်ဖြုတ်ချခဲ့တယ်။ လမ်းစဉ်ပါတီအစိုးရ ဆေးမှီးတိုနဲ့ ကုခဲ့တဲ့ ငွေကြေး တရားမဝင် ကြေညာလိုက်ခြင်းဟာ နိုင်ငံရေးမိုင်းဗုံးကို သူ့ဘာသာသူ ထောင်ပြီး သူ့ဘာသာ နင်းခဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

မင်းသေ့
၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

Previous post ▣ ရှက်တတ်မယ်ဆိုရင်
Next post ▄ သမိုင်းကို ဆစ်ပိုင်းလေ့လာခြင်း