• ပညာအစ မေးခွန်းက လို့ ပြောတယ်။ ကျနော်တို့ ပညာရေးမှာ မေးခွန်း ထုတ်တတ်ဖို့ မသင်ပေးနိုင်သေးဘူး။ မြန်မာပြည် ပညာရေးက အစိုးရနဲ့ လူကြီးတွေ သိစေချင်တဲ့ အဖြေတွေကို ကလေးတွေကို ကျက်မှတ်ခိုင်းထားတာမျိုးဖြစ်ပါတယ်။ ကျက်မှတ်ခိုင်းတဲ့နေရာမှာလည်း၊ ကြောင်းကျိုးပြပြီး ရှင်းလင်းပြတာမျိုး မဟုတ်ဘူး။ ထိုးထည့်တာ။ သိပ်ထည့်တာ။ အဖြေဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစားနဲ့။ ကိုယ့်ဘာသာကို စဉ်းစားပြီး အဖြေထုတ်တဲ့သူဟာ အမိန့်မနာခံတဲ့သူ။ တနည်း လူကြီးသူမ၊ ဆရာ ဆရာမရဲ့ စကားကို ပယ်ရှားတဲ့သူ။ ဒီလိုကလေးမျိုးဟာ အနန္တေ အနန္တငါးပါး ဂိုဏ်းဝင်တွေကို စော်ကားနေတာ။

ကလေးတွေကြောင့် စစ်ဖြစ်သလား

• ကလေးဆိုတာ လူကြီးစကား နားထောင်မှ။ ပညာရေးဆိုတာ လူကြီးတွေကနေ ကလေးတွေကို ဆုံးမတာ။ တကယ်တော့ ကလေးတွေဆိုတာ ဆုံးမစရာ လိုသလားဗျာ။ ခင်ဗျား စဉ်းစားကြည့်။ ကလေးဘဝဆိုတာ သိပ်ဖြူစင်တဲ့ အဖြူထည်သက်သက်။ ဘာအစွန်းအထင်းမှ မရှိသေးဘူး။ လောဘလည်းနည်းတယ်၊ ဒေါသလည်း နည်းတယ်။ ဆရာကြီး ဦးအောင်သင်းရဲ့ စကားနဲ့ ပြောရင်၊ ကလေးတွေကြောင့် စစ်ဖြစ်တယ်ဆိုတာ တွေ့ဖူး သလား။ ကမ္ဘာမှာ ဖြစ်တဲ့ စစ်တွေဟာ ကလေးတွေကြောင့် ဖြစ်တာ မဟုတ်ဘူး။ လူကြီးတွေကြောင့် ဖြစ်တာ။ ကလေးတွေ အာဏာလုတယ်ဆိုတာ တွေ့ဖူးသလား။ ကလေးတွေက ရာထူးထိုင်ခုံမက်ပြီး ရန်ဖြစ်ကြသလား။ မဖြစ်ကြဘူးနော်။ လူကြီးတွေဟာ တစ်ယောက်ကို တစ်ယောက် ထိုးနှက်၊ တိုက်ခိုက်၊ ထိုင်ခုံလု၊ နေရာလုတွေ လုပ်နေကြတာ။ လုပ်ပိုင်ခွင့်တွေ အာဏာတွေကို လုပြီး အချင်းချင်း အချင်းများ တိုက်ခိုက်နေကြတာ။ ကလေး တွေကြောင့် လူသိန်းနဲ့ ချီ၊ သောင်းနဲ့ ချီ၊ ထောင်နဲ့ ချီ သေကြေတယ်ဆိုတာ မရှိပါဘူး။ လူကြီးတွေ ကြောင့်သာ လူတွေ ထောင်နဲ့ ချီ၊ သောင်းနဲ့ ချီ သေကြေကြတာ။ ဒီတော့ ပညာရေးဟာ ဆုံးမခြင်း ဆုံးမရင် ကလေးတွေကို ဆုံးမတာမျိုး မဖြစ်ရဘူး။ လူကြီးတွေကို ဆုံးမတာမျိုး ဖြစ်ရမယ်။ ဒါမှ ပညာရေးလို့ ဆိုနိုင်မယ်။ ကလေးတွေ ထက် စာရင် လူကြီးတွေက ပိုမိုက်နေကြတယ် မဟုတ်လား။ အဖြူထည်သက်သက် ဖြစ်တည်နေတဲ့ ကလေးတွေကို ဆုံးမစရာ လိုသလားဗျာ။

• မျောက်ရှုံးအောင် မဆော့နဲ့

• နောက်ရှိသေးတယ်။ မြန်မာပြည် ပညာရေးက ကလေးတွေကို မေးခွန်းထုတ်တတ်အောင် မသင်ပေးဘူး။ ကလေးတစ်ယောက်က မေးခွန်းမေးရင်၊ ဟဲ့…. ဒီကလေး သိပ်စပ်စပ်စုစု နိုင်တာပဲ၊ ကလေး ကလေး နေရာနေ စမ်းလို့ ငေါက်လွှတ်ကြတယ် မဟုတ်လား။ မြန်မာ့ဓလေ့မှာကိုက အဲဒါ အမှားကြီး မှားနေတဲ့ အချက်ပဲ။ အနောက်တိုင်းပညာရေးမှာ ကလေးတွေရဲ့ သိချင်စိတ်ကို ဆရာမိဘတွေက နှိုးဆွပေးရတာ။ ကလေးက ငြိမ်နေရင်၊ ကုပ်နေရင် ဘာ့ကြောင့် အဲသည်လို ငြိမ်ကုပ်နေရတာလဲလို့ အဖြေရှာကြရတယ်။ ကလေးဆိုတာ မေးမှ၊ မြန်းမှ သိချင်စိတ်ထက်သန်တယ်လို့ ယူဆကြတယ်။ မြန်မာတွေကတော့ ကလေးတွေရဲ့ သိချင်စိတ်ကို သင်းသတ်ပစ်တာ။ နောက်ရှိသေးတယ်။ ကလေးဆိုတာ၊ ကစားခုန်စား ရှိမှ၊ သွက်လက်မှ။ မြန်မာတွေကတော့ အဲသည်လို မဟုတ်ဘူး။ ဟဲ့ …. မျောက်လောင်းလေး ငြိမ်ငြိမ်နေစမ်း၊ မျောက်ရှုံးအောင် မဆော့နဲ့ လို့ ငေါက်တယ်။ ဟဲ့… ဒီကလေး အငြိမ်ကို မနေဘူး၊ ရွပိုးထိုးနေတယ်….လို့ ရှုံ့ချပြန်တယ်။ ကလေးလေးဟာ လူကြီးတွေရှေ့မှာ၊ ရှက်နေ ကြောက်နေပြီး ငြိမ်ငြိမ် ကုပ်ကုပ်လေး နေနေရင်၊ ဟယ်… ကလေးလေးက လိမ္မာလိုက်တာလို့ ချီးကျူးကြတယ်။ မြန်မာတွေက အစကနေက အလွဲနဲ့ အမှားနဲ့။

• ကလေး ကလေးနေရာ နေ

• နောက် မြန်မာစကားမှာ အမြဲတမ်း လွဲနေတာ ရှိသေးတယ်။ ကလေးနဲ့ ခွေး အရေးမပေးနဲ့တဲ့။ ခွေးကလေး အရောဝင် ပါးလျက်နားလျက်တဲ့။ ခွေး ခွေးနေရာမှာ ထား။ ကလေး ကလေး နေရာမှာ ထား။ ခွေးဆိုတာ မြန်မာ တွေက နိမ့်ကျ၊ နိမ့်ပါးတဲ့အဆင့်နဲ့ နှိုင်းတဲ့ ဥပမာ။ ကလေးနဲ့ ခွေး…ကို တစ်တန်းတည်း ထားပြီးတော့ ဆိုကလည်း က ကလေးကို အရေးမထားနဲ့ ၊ အလေးမထားနဲ့၊ ချောင်ထိုးထား…. ဆိုတဲ့ သဘော။ အနောက်နိုင်ငံတွေနဲ့များ ကွာပါ့။ မြန်မာကလေးတွေဟာ ဆယ်ကျော်သက်အရွယ်၊ လူငယ်အရွက်အထိတောင် သိမ်ငယ်စိတ်တွေ ၊ အငုံ့စိတ်တွေ ကြီးစိုးနေတတ်တယ်။ လူကြီးအရွယ်အထိ မပျောက်တဲ့ သိမ်ငယ်စိတ်တွေ၊ အငုံ့စိတ်တွေ ရှိနေ တတ်တယ်။ ဘာ့ကြောင့်လဲ။ ငယ်စဉ်အရွယ်ကတည်းက လူကြီးတွေရဲ့ လူရာသွင်းမှုကို မခံရဘူး၊ လူကြီးတွေက ကလေး ကလေး နေရာ နေစမ်းလို့ ငေါက်ထုတ်ကြတယ်။ လူကြီးတွေ နေရာ ကလေး ဝင်မပါနဲ့…. စသည်ဖြင့် ကလေးတွေကို ရှေ့တန်းမတင်၊ အရာမသွင်းကြဘူး။ ဒီလိုနဲ့ မြန်မာကလေးတွေရဲ့ မျက်လုံးသူငယ်အိမ်ကို သေချာ လေ့လာကြည့်ရင် မှေးနေတယ်၊ မှိန်နေတယ်၊ ကလေးတွေရဲ့ မျက်လုံးထဲမှာ ကြောက်နေတယ်၊ ရွံ့နေတယ်၊ တွန့်ဆုတ်နေတယ်၊ ဒါတွေကို တွေ့နိုင်တယ်။

• အထွန့် မတက်နဲ့ ၊ လျှာ မရှည်နဲ့

• ကလေးတွေကို မေးခွန်းတွေ မမေးခိုင်းတာ။ သိပ်မှားတာပဲ။ ဒါဟာ ဦးနှောက်နဲ့ စဉ်းစားဉာဏ်ကို သင်းသတ်လိုက် သလိုပဲ။ အတန်းထဲမှာ မေးခွန်းမေးတဲ့ ကျောင်းသားတွေကို ဆရာ၊ ဆရာမတွေက မကြည်ဖြူကြဘူး။ ဒီကလေး လျှာရှည်တယ်လို့ ထင်တယ်။ ဆရာ ပြောတာ၊ လူကြီးပြောတာ နားထောင်လိုက်ပေါ့။ မှတ်လိုက်ပေါ့။ လူကြီး မိဘ ဆရာ သမားတွေက ကောင်းတာမို့ ပြောတာပဲ၊ မှန်တာမို့ ပြောတာပဲ။ ဘာ အထွန့်တက်စရာ ရှိလို့လဲ။ ကလေး ဉာဏ် တစ်ထွာ တစ်မိုက်နဲ့ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ရောက်တက်ရာရာ မေးခွန်းတွေ ထုတ်တော့၊ ရှေ့မရောက်ဘူး။ ဒီမှာ သင်ရိုးပြတ်အောင် သင်ရတာ။ ဒါဟာ မြန်မာစာသင်ခန်းတွေမှာ ဖြစ်နေတဲ့ ဖြစ်စဉ်။

• တကယ်တော့၊ စာသင်ခန်းထဲမှာ ကလေးတွေကို အထွန့်တက် တတ်အောင် သင်ပေးရမှာ မဟုတ်ဘူးလား။ တကယ်တော့ သင်ရိုးပြဌာန်းစာတွေထဲက အဖြစ်အပျက်တွေကို စောဒက တက်တတ်အောင် သင်ပေးရမှာ မဟုတ်ဘူးလား။ ဒါတွေဟာ မေးခွန်း ထုတ်တာပဲ မဟုတ်လား။ မေးခွန်း ထုတ်တတ်မှ ပညာ ဖြစ်တာ မဟုတ်ဘူးလား။

• စစ်စရိုက်သွတ်သွင်းတာလား

• သင်ရိုးပြတ်အောင် သင်ရမယ်…. ဆိုတဲ့ mission-oriented method ဟာ ပညာရေးမှာ အသုံးဝင်ရဲ့လား။ စစ်အစိုးရလက်အောက်မှာ ပြဌာန်းခံရတဲ့ ပညာရေးဖြစ်တာမို့၊ စစ်တပ်လို mission-oriented culture ဖြစ်အောင် ဇာတ်သွင်းတာလား။ စစ်တပ်ဆိုတဲ့ သဘောသဘာဝ ကိုယ်၌က mission-oriented organization မျိုးလေ။ ဒီတော့ ကျောင်းတွေမှာ ကလေးတွေကို မစ်ရှင်တစ်ခုဆီ အပြီး မောင်းနှင်သလို ဖြစ်မနေဘူးလား။ ပညာရေးရဲ့ ရည်မှန်းချက်နဲ့၊ ကျောင်းသင်ရိုးတွေရဲ့ ရည်မှန်းချက်ဟာ ကလေးတွေရဲ့ စဉ်းစားဉာဏ်ကို နှိုးဆွ ပေးဖို့ မဟုတ်ဘူး လား။ ကလေးတွေကို မေးခွန်း မမေးတတ်အောင် လုပ်လိုက်တဲ့ ပညာရေးဟာ ၊ စဉ်းစားဉာဏ်မရှိဘဲ အမိန့် နာခံတတ်အောင်၊ ပြန်လှန် မေးခွန်း မထုတ်ရဲအောင် လေ့ကျင့်ပေးလိုက်တဲ့ ပညာရေးလား။ သင်ရိုးပြတ်ဖို့ အဓိကလား။ စဉ်းစားတတ်တဲ့ကလေးတွေ ဖြစ်ဖို့က အဓိကလား။

• ကျောင်းမှာ အနီ အသင်း၊ အစိမ်း အသင်း၊ အဝါ အသင်း၊ အပြာအသင်း ခွဲတယ်။ အရောင်ခွဲတယ်ဆိုတာ သင်းခွဲတာလား။ ဂိုဏ်းဂဏ ခွဲတာလား။ သူ့လူ ငါ့လူ ခွဲတာလား။ သူ့ဘက် ကိုယ့်ဘက် ခွဲတာလား။ အသင်းတွေ ခွဲပြီး ဗန္ဓုလ အသင်း၊ ကျန်စစ်သားအသင်း၊ အလောင်းဘုရား အသင်း၊ အနော်ရထာ အသင်း ခွဲတာဟာ စစ်စရိုက်ကို သွတ်သွင်းတာလား။ စစ်ဗိုလ်ချုပ်တွေကို ကြည်ညိုကိုးကွယ်စေချင်တာလား။ စစ်ဘုရင်တွေကို တမ်းတခိုင်းတာလား။ ဗမာလူမျိုးကြီးဝါဒကို သွတ်သွင်းတာလား။

• အစုအဖွဲ့နဲ့ လုပ်ဆောင်တတ်အောင် ဆိုသတဲ့လား

• အသင်းတွေကို ကြိုက်တဲ့ အရောင် သတ်မှတ်စေလို့ မရဘူးလား။ ခရမ်းရောင် အသင်း၊ လိမ္မော်ရောင်အသင်း၊ မီးခိုးရောင်အသင်း၊ ကြက်သွေးရောင် အသင်း…..၊ အရောင်မဲ့ အသင်း…. စတာတွေ မှည့်လို့ မရဘူးလား။ ပေးခွင့် မရှိဘူးလား။ အသင်းနာမည်တွေကို ရွှေဥဒေါင်းအသင်း၊ ဖိုးလမင်း အသင်း၊ ဧရာဝတီ အသင်း၊ ချင်းတွင်း အသင်း၊ ရွက်ကျပင် အသင်း၊ မိုးကောင်းကင် အသင်း၊ ဒီးဒုတ်အသင်း၊ ဇီးကွက်အသင်း၊ ယုန်ကလေး အသင်း….၊ နှင်းဆီ အသင်း၊ စံပယ်အသင်း၊ ဒေါင်းအသင်း၊ ဟိမဝန္တာအသင်း၊ ခါကာဘိုရာဇီ အသင်း၊ ပင်လယ်အသင်း….. ကြိုက်သလို ပေးလို့ မရဘူးလား။ ကလေးတွေရဲ့ သူတို့ စုပေါင်းသဘောထားနဲ့ သူတို့ ပေးချင်တဲ့ နာမည်တွေ စဉ်းစားပြီး အသင်းနာမည်တွေ ပေးခိုင်းရင် မကောင်းဘူးလား။ စုပေါင်း လုပ်ဆောင်ခြင်း၊ စုဖွဲ့လုပ်ဆောင်ခြင်း ဆိုတာကို အသင်းနဲ့ အရောင်တွေ ခွဲပေးလိုက်ပြီးတော့ သင်ကြားလေ့ကျင့်ပေးတာဟာ teamwork တဲ့လား။ ခေတ်သစ်ပညာရေးမှာ စုဖွဲ့လုပ်ဆောင်တတ်မှု (teamwork) အတွက် လေ့ကျင့်သင်ကြားပေးတဲ့ ပုံစံဟာ၊ အသင်းခွဲပြီး အရောင်ခွဲပေးလိုက်တာနဲ့ ပြီးရောလား။ ဒါတွေကို စဉ်းစားမိတဲ့ ဆရာ၊ မိဘ ဘယ်နှယောက်ရှိပါသလဲ။

• ဇာစ်မြစ်ကနေ တော်လှန်ပစ်

• မြန်မာတွေဟာ တော်လှန်ရေးကို လုပ်ရင် ဇာတ်မြစ်ကနေ တော်လှန်တာမျိုး ဘယ်တော့မှ မလုပ်ကြဘူး။ သေးသေး ဖွဲဖွဲလေးတွေဟာ ကြီးကြီးမားမား ပြုပြင်ပြောင်းလဲရေးတွေအတွက် သိပ်အရေးကြီးတယ်ဆိုတာ နားမလည်ကြဘူး။ အလှမ်းကျယ် အလယ်လပ်လွန်းနေတာ မြန်မာတွေ ဖြစ်ပါတယ်။ မြန်မာတွေဟာ မစဉ်းစားချင်သလို၊ စဉ်းစားရကောင်းမှန်းလည်း မသိကြဘူး။ လူကြီး မိဘ ဆရာ ဆရာမတွေ ကိုယ်၌က အမိန့် နာခံခြင်း၊ မေးခွန်း မထုတ်ဘဲ အဖြေတွေသာ နှုတ်တိုက် အာဂုံကျက်မှတ်ခြင်း… ဆိုတဲ့ ဓလေ့ကနေ အသားကျနေ တဲ့ ပညာရေးကနေ ဆင်းသက်လာတဲ့ ချင်ပန်ဇီ တွေဖြစ်လို့ ဖြစ်ပါလိမ့်မယ်။

• မြန်မာတွေဟာ အဓိက နဲ့ သာမညကို ရောထွေးနေတယ်။ ဘယ်ရာ အရင်၊ ဘယ်ဟာ အနောက်ဆိုတာကို နားမလည်ဘူး။ အနှစ်သာရထက် အကာသကာကို သိပ်အလေးထားတယ်။ အဆင်တန်ဆာကို သိပ်မက်မော တယ်။ မြန်မာ့ပညာရေးမှာ ပြီးစလွယ် အလွယ်လိုက်နေတာတွေ အများကြီး။ အစိုးရပညာရေးအပေါ် မှီခိုနေသရွေ့ ဒီလိုတွေ ဖြစ်နေမှပဲ။ အစိုးရကလည်း ပညာရေးကို အစိုးရအပေါ်မှီခိုအောင် လုပ်နေသရွေ့ အဆိုးကျော့သံသရာတွေက ထပ်ကျော့အုံးမှာပဲ။

မင်းသေ့
၃ ၊ ၆ ၊ ၂၀၂၁။

Previous post သူတို့ ဒီမိုကရေစီကို မုန်းတယ်၊ ဘာ့ကြောင့်လဲ….
Next post တစ်ခြမ်းပဲ့ အသိ