လူူ့အဖွဲ့အစည်းရဲ့သဘောက၊ ဘယ်တော့မှ ပြင်ညီကွင်းပြင်မှာ ရှိနေတယ်ဆိုတဲ့ သဘော မရှိပါဘူး။ ဓနဥစ္စာအားဖြင့်၊ အသိအားဖြင့်…. လူနေမှု အဆင့်အတန်းအားဖြင့်၊ ဓလေ့စရိုက်အားဖြင့်။ ဒီနေရာမှာ၊ အသိကွင်းပြင် မညီမျှမှု အကြောင်းတွေကို ပြောချင်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ တစ်ချမ်းပဲ့အသိတွေနဲ့ လူအုပ်စုတွေ အကြောင်း ပြောချင်ပါတယ်။

၂၀၂၁ ၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းမှုကို တော်လှန်တဲ့ လူထုတွေ အုံလိုက်ကျင်းလိုက် ပေါ်လာပါတယ်။ ဒီလို အုံလိုက်ကျင်းလိုက် တော်လှန်နေတဲ့လူထုထဲမှာ မပါဝင်တဲ့ လူအုပ်စုတွေကိုလည်း တွေ့ရပါတယ်။ ဒါကတော့ လူထုလှုပ်ရှားမှုတွေမှာ တွေ့ရတတ်တဲ့သဘောပါပဲ။ နွေဦး တော်လှန်ရေးမှာ ကွာကျကုန်တဲ့ လူမှုသကာတွေ တွေ့နေရပါတယ်။ ယခင်က ဟုတ်သလိုလိုနဲ့ မဟုတ်တာတွေ ကို ခပ်ရှင်းရှင်း တွေ့မြင်လိုက်ရတယ်။ ယခင်က မှန်သလိုလိုနဲ့ မမှန်တာတွေကို ပြတ်ပြတ်သားသားတွေ့လိုက်ရ ပါတယ်။ ယခင်က ကောင်းသလိုလိုနဲ့ တကယ်မကောင်းဘူးဆိုတာတွေကို တွေ့လိုက်ရပါတယ်။ တော်လှန်ရေး လှုပ်ရှားမှုတိုင်းက သကာတွေကို ကွာကျစေပြီး၊ အစစ်အမှန်တွေကို ပေါ်အောင် လုပ်ပေးတယ်လို့ နားလည်လိုက် ရပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ တစ်ခြမ်းပဲ့ အသိတွေနဲ့ အသက်ရှင်သန်နေရသူတွေ ဒုနဲ့ ဒေး ရှိနေပါတယ်။ အင်တာနက်၊ အွန်လိုင်းရဲ့ သတင်းနည်းပညာ စီးဆင်းမှု ဘယ်လောက် မြန်ဆန်၊ ကျယ်ပြန့်သည်ဖြစ်စေ…. အသိ တစ်ခြမ်းပဲ့ ဖြစ်နေတဲ့ လူအုပ်စုတွေဟာ အများအပြား ရှိနေသေးတယ်ဆိုတာ တွေ့လိုက်ရပါတယ်။ လူတွေရဲ့ သိမှုကို ဘယ်လို အရာတွေက ပြဌာန်းပါသလဲ။ ဝန်းကျင်ရဲ့ အပံ့အပိုးဟာ အဓိက ကျပါလိမ့်မယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ၊ ကိုယ်ကိုယ်တိုင်ပါပဲ။ ဂလိုဘယ်လိုက်ဇေးရှင်းလို့ ပြောတာကြောင့်၊ အသိနဲ့ သတင်းကွင်းပြင်တွေဟာ ကျယ်သထက် ကျယ်ပြောလာပေမယ့်၊ သတင်းနဲ့ အသိပညာတွေကို မစားသုံးနိုင်သေး တဲ့ လူအုပ်စုတွေ ရှိနေပါသေးတယ်။ ဘယ်လို သတင်းမျိုးဟာ မှန်ကန်တယ်၊ ဘယ်လို အချက်အလက်မျိုးဟာ ယုတ္တိရှိတယ်လို့ ဝေဖန်ဆန်းစစ် ပိုင်းခြားနိုင်မှု မလုပ်နိုင်သေးတဲ့ လူအုပ်စုတွေ ရှိနေပါသေးတယ်။ လူတွေဟာ အသိဝန်းကျင်ကို ထွန်းကားမှုကို မနာလို၊ မရှုစိမ့်နဲ့ ရှိနေကြပါတယ်။

သတင်းအမှောင်ချမှု၊ သတင်းမှား ဖြန့်ချိမှုနဲ့ ဆင်ခြင်တုံတရား သင်းသတ်ခံရမှုတွေဟာ၊ ပြုတဲ့ လူအုပ်စုတွေ ရှိတာ ကြောင့် ဖြစ်သလို၊ အပြုခံချင်နေတဲ့ လူအုပ်စုတွေ ရှိနေသေးတာကြောင့်လို့ ယူဆပါတယ်။ လိမ်တဲ့လူတွေ ရှိသလို၊ အလိမ်ခံချင်တဲ့လူတွေလည်း ရှိနေပါသေးတယ်။ မြန်မာပြည်မှာ၊ အသိပညာ ဖြစ်ထွန်းလာတယ်လို့ မပြောနိုင်သေးပေမယ့်၊ အသိအရ ပွင့်လင်းလာတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်သိချင်တာကို သိအောင် လုပ်နိုင် တဲ့ လမ်းကြောင်းတွေ ပွင့်ခဲ့ပါတယ်။ ဒီလို ပွင့်လင်းလာခဲ့တဲ့ အသိလမ်းကြောင်းတွေကို ဝီရိယရှိရှိ ဆည်းပူးလေ့လာနေတဲ့ လူအုပ်စုတွေ များလာပါတယ်။ တစ်ဖက်မှာလည်း၊ သိမှာကို ကြောက်နေတဲ့၊ သိသွားမှာ၊ နားလည်သွားမှာကို ကြောက်နေတဲ့ ၊ စိုးရိမ်နေတဲ့ လူအုပ်စုတွေ ရှိပါတယ်။ ဒီလို လူတွေဟာ လူတွေကို မသိအောင်၊ မတတ်အောင် တားဆီးလို့ မရနိုင်တော့ပါဘူး။ ဒါပေမယ့် အသိတွေကို ပုံဖျက်လို့ ရနေပါတယ်။ အသိတွေကို ပုံမှားရိုက်လို့ ရနေပါတယ်။ ဒါ့ကြောင့် အမှားနဲ့ အမှန်ကို ရောထွေးပြီး ထွေပြား ဝေဝါးစေပါတယ်။ လော်ဘီလို့ခေါ်တဲ့ ဝါဒဖြန့်ချိရေးသမားတွေကို လှုံ့ဆော်ခိုင်းပြီး လမ်းကြောင်းတွေ သွေဖီအောင် လုပ်ပစ်ပါတယ်။ ဒီလို လုပ်ရပ်တွေကြောင့် မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အသိတစ်ခြမ်းပဲ့ လူအုပ်စုတွေ များပြားလာပါတယ်။ လူတွေဟာ ကောလဟလကို ယုံကြည်တယ်။ အညှီအဟောက်တွေကို စွဲလမ်းနှစ်ခြိုက်တတ်တယ်။ လူမှုရေး ဖောက်ပြန်မှုတွေကို စိတ်ဝင်စားတတ်ကြတယ်။ စဉ်းစားတွေးခေါ်မှုနဲ့ ဆင်ခြင်ချင့်ချိန်မှုတွေကို လုပ်ရမှာ ပျင်းတယ်။ ဒါ့ကြောင့် လူတွေအာရုံကျရာ အဖြစ်အပျက်တွေကို လူထုကြားထဲမှာ ပွထအောင် လုပ်တယ်။ လူတွေဟာ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားကြတယ်။ ဘဝတွေကို အိရောအိရောနဲ့ ကုန်ဆုံးသွားကြတယ်။ တစ်နှစ် တစ်နှစ် တစ်လ တစ်လဟာ ဘာရယ် မဟုတ် စိတ်အာသာဖြေမှုတွေနဲ့ ဖင်လှည့်ခေါင်းလှည့် ကုန်ဆုံးသွား ကြတယ်။ ဒီလို လူတွေမှာ သတိဆိုတာ မရှိဘူး။ ရတာလေးနဲ့ စားမယ်။ ပေးတာယူ ကျွေးတာစားမယ်။ အချောင်ရရင် အချောင်နှိုက်မယ်။ ဂွင်တွေ့ရင် ဖန်မယ်။ စားဖို့သောက်ဖို့နဲ့ ငွေစ ကြေးစလေး ရနေရင် ပျော်နေမယ်။ ဘဝရဲ့ အနာဂတ်ဆိုတာကို သိပ်မစဉ်းစားဘူး၊ ဘဝရဲ့ အဓိပ္ပာယ်နဲ့ ဘဝရဲ့ ဂုဏ်သိက္ခာဆိုတာကို လည်း သိပ်များများစားစား မစဉ်းစားမိကြဘူး။ ချမ်းသာကြွယ်ဝတယ်၊ ရာထူးအာဏာကြီးတဲ့သူကို တွေ့ရင် ကပ်ဖားရပ်ဖား လုပ်မယ်။ အောက်ကျို့တန် ကျို့မယ်။ ကိုယ်လည်း ဘာအကျိုးအမြတ်ရနိုင်မလဲ ကြည့်မယ်။

ကွန်ဖြူးရှပ်က ပြောဖူးတယ်။ အဆင့်အတန်း နိမ့်ပါးတဲ့လူတွေဟာ အမြတ်အစွန်းကိုသာ ကြည့်ပြီး လုပ်ကိုင်တတ်ကြတယ်တဲ့။ သူတို့မှာ ကိုယ့်ကျင့်တရားဆိုတာလည်း မရှိဘူး။ ဂုဏ်သိက္ခာက ဘာလဲဆိုတာလည်း မစဉ်းစားမိကြဘူး။

မြန်မာပြည်မှာ နည်းပညာကြောင့် အသိအဝန်းအဝိုင်း ကျယ်ပြောလာတယ်ဆိုပေမယ့်၊ အသိ ဆင်ခြင်တုံတရားနဲ့ ဝေးကွာနေတဲ့ တစ်ခြမ်းပဲ့အသိတွေနဲ့ လူအုပ်စုတွေ ရှိနေကြပါတယ်။ မြန်မာပြည်မှာ အများကြီး လုပ်ရအုံးမယ်။ လူတွေက လေ့လာ ဆည်းပူးမှုကို မလုပ်နိုင်ကြတာ၊ စားဝတ်နေရေးကြောင့်လို့ ဆင်ခြေပေးကြပေမယ့်၊ တကယ် လုံလုံလောက်လောက် ပိုပိုလျှံလျှံ စားသောက်နိုင်တဲ့ လူတန်းစားမှာလည်း လေ့လာဆည်းပူးမှုကို မလုပ်နိုင်ကြ တာတွေ့နေရပါတယ်။ ဒီလိုနဲ့ လူတွေဟာ အဆင်ပြေသလို မျောလိုက်နေကြတာများတယ်။ ရုန်းကန်ရတာ ပင်ပန်းတယ်လေ။ မျောလိုက်ရတာ အမောပြေတယ်။ တစ်ချမ်းပဲ့အသိတွေက ကိုယ့်အတွေးနဲ့ ကိုယ် စိတ်အာသာဖြေလို့ ကောင်းတာပေါ့။ အသိတွေ သိပ်များလွန်းရင် စိတ်ဆင်းရဲရတယ် မဟုတ်လား။

မင်းသေ့
၃ ၊ ၆၊ ၂၀၂၁။

Previous post အသေးအဖွဲလေးက အစ တော်လှန်ပါ။
Next post ဗမာ့လွတ်မြောက်ရေးတိုက်ပွဲတွင်းက ဆရာတော်နှစ်ပါး