သူတို့ ဒီမိုကရေစီကို မုန်းတယ်၊ ဘာ့ကြောင့်လဲ….

ဒီမိုကရေစီဆိုတာ အကောင်းဆုံး အစိုးရပုံစံတော့ မဟုတ်ဘူး။ ဒါပေမယ့် စစ်အစိုးရထက် ပိုကောင်းတယ်။ စစ်အာဏာရှင်အစိုးရ ပုံစံထက် ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ၊ ဒီမိုကရေစီမှာ လူသား လွတ်လပ်ခွင့်တွေ ရှိတယ်။ ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းခွင့်ရှိတယ်။ ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ခွင့် ရှိတယ်။ လွတ်လပ်မှုဟာ ဒီမိုကရေစီရဲ့ အခြေခံ အနှစ်သာရ ဖြစ်တယ်။ လွတ်လပ်ခွင့်သာ ရှိရင် ကိုယ်စွမ်းကိုယ်စတွေ သင်းသတ်မခံရတော့ဘူး။ လွတ်လွတ်လပ်လပ် ရှင်သန်ကြီးထွားခွင့် ရမယ်။ ဒါဟာ တစ်ဦးချင်း အရည်အသွေး အတွက် အဓိက လိုအပ်ချက်။ ကိုယ် လေ့လာချင်တဲ့ အရာ၊ ကိုယ်သွားလာချင်တဲ့နေရာ၊ ကိုယ် လုပ်ကိုင်ချင်တဲ့ အလုပ်တွေကို အစိုးရရဲ့ လွှမ်းမိုးချုပ်ကိုင်မှု မပါဘဲနဲ့ ကောင်းကောင်းမွန်မွန် ဂုဏ်သိက္ခာရှိရှိ လုပ်လို့ရမယ်။

ဒီမိုကရေစီ Vs စစ်အစိုးရ

စစ်အစိုးရလက်ထက်မှာ အခွင့်အရေးတွေဆိုတာ တစ်ချမ်းပဲ့။ အခွင့်အလမ်းတွေဆိုတာ တန်းတူညီမျှ မရှိဘူး။ စစ်အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကသာ အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေကို ထုလိုက်ထည်လိုက်ရတာ။ ကပ်ဖားရပ်ဖား နဲ့ အောက်ကျို့ပြီး ကိုယ်ကျိုးမျှော်တတ်တဲ့ စရိုက်ရှိရင် စစ်အစိုးရစနစ်ကို ကြိုက်တယ်။ ဒီမိုကရေစီကို မကြိုက်ဘူး။ ဒီမိုကရေစီကတော့ အခွင့်အရေးတွေ တန်းတူရလို့၊ တန်းတူကြိုးစားရတယ်။ အားမထုတ်ရင် မအောင်မြင်ဘူး။ မကြိုးစားရင် မအောင်မြင်ဘူး။ သူ့ဘာသာသူ ဘယ်အကောင်၊ ဘာကောင်ကြီး ရဲ့ သားသမီးဖြစ်ဖြစ်၊ ဆွေမျိုးဖြစ်ဖြစ် ဘာမှ မလုပ်ရင် ဘာမှ မဖြစ်ဘူး။ စစ်အစိုးရစနစ်တွေမှာတော့ အဲသည်လို မဟုတ်ဘူး။ ဘာမှ မလုပ်လည်း ဖြစ်တယ်။ ဘာမှ မကြိုးစားဘူးဆိုရင်လည်း စစ်ဗိုလ်ကြီး သားသမီး၊ လူကြီး ဆွေမျိုး ဖြစ်တာနဲ့ အခွင့်အလမ်းတွေ ရတတ်တယ်၊ အခွင့်အရေးတွေ ရတတ်တယ်၊ လူကြီးနဲ့ သိကျွမ်းရင်းနှီးတာ နဲ့ အမြတ်အစွန်းတွေ ဝင်တတ်တယ်။ ဒီမိုကရေစီမှာ ဒီလို မရဘူး။ ဒါ့ကြောင့် ငပျင်းတွေနဲ့ အချောင်သမားတွေဟာ စစ်အစိုးရ စနစ်ကို ကြိုက်တယ်။ ဒီမိုကရေစီကို မကြိုက်ဘူး။

ဘယ်သူတွေ ဒီမိုကရေစီကို ကြိုက်သလဲ

ကိုယ့်အားကိုယ်ကိုးတဲ့သူတွေကတော့ ဒီမိုကရေစီကို ကြိုက်တယ်။ စစ်အစိုးရစနစ်ကို မကြိုက်ဘူး။ ဒီမိုကရေစီ ကွင်းပြင်ထဲမှာ ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူတွေက၊ ကြိုးစားရင် ကြိုးစားသလောက်ရတယ်။ တစ်ရာဖိုး လုပ်ရင် တစ်ရာဖိုး ရတယ်။ တစ်ဆယ်ဖိုး လုပ်ရင် တစ်ဆယ်ဖိုးရတယ်။ စစ်အစိုးရစနစ်မှာတော့ အဲသည်လို မဟုတ်ဘူး။ သမာအာဇီဝနဲ့ ကိုယ့်အားကိုယ်ကိုး ကြိုးစားနေတဲ့သူက တစ်ရာဖိုး လုပ်ရင် တစ်ဆယ်ဖိုးပဲ ရတယ်။ လုပ်သလောက် မရဘူး။ ရချင်သလောက်လည်း လုပ်ခွင့် မရှိဘူး။ ဘာလို့လဲဆိုတော့ လုပ်ပိုင်ခွင့်တွေက စစ်အစိုးရနဲ့ နီးစပ်တဲ့ လူတစ်စုသာ သိမ်းကြုံးဝါးမြိုထားလို့ ဖြစ်တယ်။ ဒါ့ကြောင့် သမာအာဇီဝနဲ့ ကိုယ့်အား ကိုယ်ကိုး လုပ်ကိုင်စားသောက် ရပ်တည်ချင်တဲ့လူတွေက စစ်အစိုးရစနစ်ကို မကြိုက်ဘူး။ ဒီမိုကရေစီကို ကြိုက်တယ်။

ဘယ်သူတွေ စစ်အစိုးရစနစ်ကို ကြိုက်သလဲ

စစ်အစိုးရစနစ်မှာတော့၊ ကိုယ့်အား ကိုယ်ကိုးချင်သူတွေ နေရာမရဘူး။ ကပ်ဖားရပ်ဖား လုပ်တတ်တဲ့လူတွေ နေရာရတယ်။ အောက်ကျို့ပြီး မြှောက်ပင့်စားတတ်တဲ့သူတွေ နေရာရတယ်။ ဂုဏ်သိက္ခာနဲ့ ကိုယ့်ပညာနဲ့ ကိုယ် လုပ်ကိုင်တဲ့သူတွေ နေရာမရဘူး။ ဘာအစွမ်းအစ မှ မရှိဘဲ၊ လူကြီးချစ်အောင် နေတတ်တဲ့သူတွေ နေရာရတယ်။ ဒါ့ကြောင့် အချောင်ရချင်တဲ့သူတွေက စစ်အစိုးရစနစ်ကို ကြိုက်တယ်။ ဒီမိုကရေစီကို မုန်းတယ်။ ဒီမိုကရေစီက ရိုးရိုးသားသား ကြိုးစားရတယ်။ မရိုးမသား လုပ်ရင် ဥပဒေအတိုင်း စီရင်ခံရတယ်။ လူကြီးသားသမီးမို့လို့ မလွတ်ဘူး၊ ဝန်ကြီးဖြစ်လို့၊ အမတ်ကြီးဖြစ်လို့လည်း မလွတ်ဘူး။ မဟုတ်တာလုပ်ရင် မဟုတ်တဲ့အတိုင်း ကိုယ်ဖြစ် ကိုယ်ခံ။

စစ်အစိုးရစနစ်မှာတော့ အဲသည်လို မဟုတ်ဘူး။ တရားဥပဒေကို တရားရုံးတွေက မပိုင်ဘူး။ တရားရုံး တွေဟာ မတရားရုံးတွေ ဖြစ်တယ်။ တရားသူကြီးက အစိုးရမင်းကို ကြောက်ရတဲ့ ငကြောက်ကြီးတွေ ဖြစ်တယ်။ ဒါပေမယ့် အဲသည့်တရားသူကြီးတွေ ဝလင် ဆူဖြိုးကြတယ်။ စစ်အစိုးရစနစ်မှာ ရာထူးကြီးကြီး မျက်နှာကြီးကြီး အာဏာကြီးကြီး ရထားသူတွေက ပြစ်ဒဏ်က ကင်းလွတ်ခွင့် ရှိတယ်။ ဥပဒေကို လက်တစ်လုံးခြား လုပ်လို့ ရတယ်။ စာရွက်ပေါ်က ကိစ္စကို စာရွက်ပေါ်မှာတင် ပြီးစီးလို့ ရတယ်။ လူက မူကို ပြင်တယ်။ လူက ဥပဒေရဲ့ အထက်မှာ ရှိတယ်။ တရားဥပဒေဆိုတာ လူ့ပါးစပ်က လုပ်တာ။

ဒါ့ကြောင့် ကိုယ်ကျင့်ပျက်သူ၊ လူ့ဂုဏ်သိက္ခာ ဆိုတာကို ရိက္ခာနဲ့ အလဲအလှယ်လုပ်တဲ့လူတွေဟာ စစ်အစိုးရစနစ်ကို ကြိုက်တယ်။ ဂွင်ကောင်းကောင်းကနေ လာဘ်ငွေကောင်းကောင်းရတာ သဘောကျနေတဲ့သူတွေ၊ ကြားပေါက်တို့၊ ဘေးပေါက်တို့၊ ခွဲတမ်းတို့နဲ့ အသားကျနေတဲ့သူတွေက စစ်အစိုးရစနစ်ကို ကြိုက်တယ်။ ဒီမိုကရေစီကို မကြိုက်ဘူး။ စစ်အစိုးရစနစ်မှာ ဂွင်ဖန်လို့ကောင်းတယ်။ ဒီမိုကရေစီစနစ်မှာ ဘာဂွင်ဖန်လို့ မှ မရဘူး။

ဘယ်သူတွေ ဒီမိုကရေစီကို မုန်းသလဲ

လူ့ဂုဏ်သိက္ခာကို မြတ်နိုးတဲ့လူတွေက ဒီမိုကရေစီကိုကြိုက်တယ်။ စစ်အစိုးရစနစ်ကို မကြိုက်ဘူး။ လွတ်လပ်ခွင့်ကို ကြိုက်နှစ်သက်တဲ့လူတွေက ဒီမိုကရေစီကို ကြိုက်တယ်။ စစ်အစိုးရစနစ်ကို မကြိုက်ဘူး။ အပိတ်အလှောင်မှာ အသားကျနေတဲ့သူတွေက စစ်အစိုးရစနစ်ကိုကြိုက်တယ်။ ဒီမိုကရေစီကို မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ စွန့်စား ရွက်လွှင့်ရမှာ ကြောက်တယ်။ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရမှာ ကြောက်တယ်။ ကိုယ့်ကြမ္မာနဲ့ ကိုယ့်ဘဝကို သူများစီရင် ဖန်တီးပေးတဲ့ အဝန်းအဝိုင်းလေးမှာ အသာနေလိုက်ရ တာက နေသာတယ်လေ၊ သက်သာတယ်လေ၊ မပင်ပန်းဘူး၊ မပူပန်ရဘူး၊ မစိုးရိမ်ရဘူး၊ အပြစ်တစ်ခုဖြစ်ရင်လည်း သူများကို လက်ညှိုးထိုးလိုက်ရင် ရတယ်။ ကိုယ်စွမ်းကိုယ်စ ဘာမှ မထုတ်ရဘူး။ ဒီတော့ ရိက္ခာ၊ ရာရှင်စနစ်နဲ့ ခွဲတမ်း အလိုလိုရနေတာက နေပျော်စရာကောင်းတယ်လေ။ ဒီတော့ သူတို့တတ်တွေက စစ်အစိုးရစနစ်ကို ကြိုက်တယ်။ ဒီမိုကရေစီကို မကြိုက်ဘူး။ ဒီမိုကရေစီက ဘယ်သူ့ကိုမှ မှီခို ကပ်ရပ်ပြီး ရပ်တည်လို့ မရဘူး။ ကိုယ့်ဘဝ ကိုယ်ကျောင်းရတယ်၊ ကိုယ့်ဘာသာ ရုန်းကန်ရတယ်။ ဒီတော့ ပင်ပန်းတယ်။ မသက်သာဘူး။ စစ်အစိုးရစနစ်မှာတော့ မှီးစား၊ ကပ်စား၊ ခိုစား၊ ဖားယားပြီး ဖြတ်စားလှီးစား လုပ်လို့ရတယ်။ ဒီတော့ စစ်အစိုးရစနစ်ကို သူတို့ ကြိုက်တယ်။ ဒီမိုကရေစီကို မုန်းတယ်။

စဉ်းစားရမှာကို သေရမှာထက် ကြောက်

စစ်အစိုးရစနစ်မှာ အကပ်ကောင်းရင် နေရာကောင်းရတယ်။ ဒီမိုကရေစီစနစ်မှာတော့၊ ကိုယ်စွမ်းဉာဏ်စွမ်း ရှိမှ နေရာရတယ်။ အရည်အချင်း ရှိတဲ့လူတွေက ဒီမိုကရေစီကို ကြိုက်တယ်။ စစ်အစိုးရစနစ်ကို မကြိုက်ဘူး။ ကပ်ဖား ရပ်ဖားလုပ်ပြီး ကြီးပွားချင်တဲ့လူတွေကတော့ ဒီမိုကရေစီကို မကြိုက်ဘူး။ စစ်အစိုးရစနစ်ကို ကြိုက်တယ်။ စစ်အစိုးရလက်အောက်မှာ ကပ်ဖားရပ်ဖားလုပ်ပြီး ရှင်သန်ရပ်တည်ရင် ကြီးပွားတယ်၊ ပြောင်ရောင်တယ်၊ မပင်ပန်းဘူး၊ အောက်ကျို့တတ်ဖို့၊ ခိုင်းတာ လုပ်တတ်ဖို့ပဲ လိုတယ်။ ကိုယ့်ဉာဏ်နဲ့ ကိုယ်လုပ်မယ်၊ သူများ ခိုင်းတိုင်းမလုပ်ဘူး၊ သူများ ခိုင်းတာ မလုပ်ဘူး၊ ကိုယ်ဖြစ် ကိုယ်ခံမယ် ဆိုတဲ့လူတွေကတော့ ဒီမိုကရေစီကို ကြိုက်တယ်။ စစ်အစိုးရစနစ်ကို မကြိုက်ဘူး။ ခိုင်းမှ လုပ်တတ်တဲ့လူတွေ၊ ခိုင်းတာပဲလုပ်ပြီး ကိုယ့် ဉာဏ်ကို ညစ်ထုတ်သုံးရမှာ ကြောက်တဲ့လူတွေကတော့ စစ်အစိုးရစနစ်ကို ကြိုက်တယ်။ ဒီမိုကရေစီကို မကြိုက်ဘူး။ စစ်အစိုးရစနစ်မှာ ခိုင်းတာ လုပ်တတ်ရင် ရပြီ။ ကျန်တာ ခေါင်းခြောက်စရာ မလိုဘူး။ စဉ်းစားစရာ မလိုဘူး။ လူတွေကို စဉ်းစားမလား၊ သေမလား…. Think or Die လို့ မေးရင် စဉ်းစားရမှာ သိပ်ကြောက်ပြီး သေခြင်းကိုပဲ ရွေးချယ်လိုက်ကြတယ် မဟုတ်လား။ စစ်အစိုးရစနစ်ကို ကြိုက်တဲ့လူတွေဟာ စဉ်းစားရမှာကို သေရမှာထက် ကြောက်တယ်။ ဒါ့ကြောင့်လည်း အမိန့်ဆိုတဲ့ အောက်မှာ ဘာကိုမှ မစဉ်းစားဘဲ ခိုင်းတဲ့အတိုင်း လုပ်နေရတာကိုပဲ သက်သာတယ်၊ အဆင်ပြေတယ်လို့ ထင်နေကြတာကိုး။

မင်းသေ့
၃ ၊ ၆၊ ၂၀၂၁။

Previous post စီနီယာ ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ကဖျက်ယဖျက် လုပ်လေသလား ဖျက်လိုဖျက်စီး လုပ်တာလား
Next post အသေးအဖွဲလေးက အစ တော်လှန်ပါ။