စီနီယာ ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ကဖျက်ယဖျက် လုပ်လေသလား ဖျက်လိုဖျက်စီး လုပ်တာလား

၁။ လမ်းပြ မြေပုံ (၇) ချက်ချပြီး၊ လမ်းစဉ်အတိုင်း အကောင်အထည်ဖော်ခဲ့တဲ့၊ ဗိုလ်သန်းရွှေနဲ့ သူ့နောက်လိုက်များ။ ဦးသိန်းစိန်၊ သူရရွှေမန်း၊ ဦးတင်အေး၊ ဦးတင်နိုင်သိန်း၊ ဦးစိုးသိမ်း၊ ဦးအောင်မင်း။ သူတို့ဟာ စစ်ဘက်ဗိုလ်ချုပ်ကြီးဟောင်းတွေ ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်ပါတယ်။

၂။ ၁၉၅၀ တစ်ဝိုက်က၊ တောင်ကိုရီးယားနိုင်ငံက သမ္မတ ပတ်ချုံဟီးဟာ၊ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအစိုးရအသွင် အုပ်ချုပ်ခဲ့ပါ တယ်။ ရွေးကောက်ပွဲကျင်းပပေးပြီး ၊ သူကိုယ်တိုင် ရွေးကောက်ပွဲကို ဝင်ပြိုင်တယ်။ အရပ်သားအမည်ခံပြီး စစ်တပ်နဲ့ တိုင်းပြည်ကို ပတ်ချုံဟီးက အုပ်ချုပ်ခဲ့တာပါပဲ။ ပတ်ချုံဟီးလက်ထက်မှာ၊ ပြည်သူတွေရဲ့ဆန့်ကျင် ကန့်ကွက်မှုတွေ အမြောက်အမြားရှိခဲ့ပေမယ့်၊ တောင်ကိုရီးယားကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ပြီး ပတ်ချုံဟီး က မင်းလုပ်အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပတ်ချုံဟီးဟာ၊ ဂျပန်မှာ စစ်ပညာသင်ဖူးသူတစ်ယောက်ဖြစ်တယ်။ ဂျပန်နိုင်ငံရဲ့ စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေကို အားကျခဲ့သူဖြစ်တယ်။ ဒါ့ကြောင့် စစ်ဘက်ခေါင်းဆောင်အနေနဲ့ အရပ်သားအသွင်ယူပြီး အုပ်ချုပ်ပေမယ့်၊ တိုင်းပြည်ကို စီးပွားရေးအရ ကောင်းမွန်အောင်၊ နည်းပညာအရ ဖွံ့ဖြိုး တိုးတက်အောင်၊ စက်မှုကဏ္ဍကို တိုးချဲ့၊ ပို့ကုန်ကဏ္ဍကို မြှင့်တင်၊ သွင်းကုန်ကို နည်းပါးစေ… ဆိုတဲ့ တိုင်းပြည် ဖွံ့ဖြိုးရေးကို ရှေ့ရှုလုပ်ဆောင်ခဲ့တယ်။ ပတ်ချုံဟီးဟာ နိုင်ငံရေးအရ ဆန့်ကျင်ကန့်ကွက်လာသူတို့ကို ပြင်းပြင်း ထန်ထန် နှိပ်ကွပ်ဖိနှိပ်ပေမယ့်၊ တောင်ကိုရီးယားနိုင်ငံရဲ့ စက်မှုနည်းပညာကို ကောင်းကောင်း အုတ်မြစ်ချပေးနိုင် ခဲ့ပြီး၊ ကမ္ဘာ့ထိပ်တန်း စက်မှုနည်းပညာတိုးတက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်အောင် လုပ်ဆောင်ရာမှာ၊ ပတ်ချုံဟီးရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ရပ်တွေဟာ အထောက်အပံ့ပေးခဲ့တယ်လို့၊ နှောင်းခေတ် စီးပွားရေးနဲ့ နိုင်ငံရေးပညာရှင် တချို့က မှတ်ချက်ချခဲ့တယ်။

၃။ ဒီမိုကရက်တိုက်ဇေးရှင်းမှာ၊ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မြန်မာတော်တော်များ များ သိနားလည်ထားပြီး ဖြစ်ပါလိမ့်မယ်။ အင်ဒိုနီးရှားနိုင်ငံဟာ၊ စစ်ဘက်ဦးစီးတဲ့ နိုင်ငံရေးစနစ်ကနေ အရပ်ဘက် ဦးစီးတဲ့နိုင်ငံရေးစနစ်ကို ကူးပြောင်းခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲသည်လို ကူးပြောင်းရာမှာလည်း၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ ကိုယ်စားပြုတဲ့ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၄၀ % ထည့်သွင်းထားပြီးတော့၊ စစ်ဘက်ကဏ္ဍကို တဖြည်းဖြည်း လျော့ချ။ အရပ်ဘက်ကဏ္ဍကို တဖြည်းဖြည်း တိုးမြှင့် ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို gradual နည်းနဲ့ တစ်ဆင့်ချင်း ကူးပြောင်းလာတာဖြစ်ပါတယ်။

၄။ တောင်ကိုရီးယားနိုင်ငံရဲ့ ဖြစ်စဉ်နဲ့ အင်ဒိုနီးရှားရဲ့ဖြစ်စဉ် နှစ်ခုကို မြန်မာတွေ နားလည်သဘောပေါက်ထားပြီး ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ဟာ၊ ဘယ်လိုဥပမာမျိုးတွေ ယူခဲ့ပြီး အတုခိုး ကျင့်သုံးခဲ့သလဲဆိုတာကို နားလည်နိုင်ပါ တယ်။ စစ်တစ်ပိုင်းအစိုးရလက်ထက်မှာ၊ “လူ မပြောင်း၊ မူပြောင်း” ဆိုတဲ့ အယူအဆကို လက်ခံခဲ့တဲ့လူတွေ၊ ထောက်ခံခဲ့တဲ့ အရပ်သားပညာရှင်၊ စာရေးဆရာ၊ ပညာတတ်တစ်ချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် လူအများကတော့ မနှစ်မြို့ပါဘူး။ မကြိုက်ပါဘူး။ အကြောင်းကတော့၊ မစားရ အရှင်း စားရ ဆီထမင်းမှ ဆိုတဲ့ သဘောထားအမြင် တွေကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၁၀၀ % အပြည့်မှ မရရင် တစ်ခုမှ မလိုချင်ဘူးဆိုတဲ့ သဘော။ အကုန်မှ မရရင် တစ်ခုမှ မလိုချင်ဘူး ဆိုတဲ့ သဘော။ non or all ဆိုတဲ့ သဘောထားအမြင်တွေ ကြောင့်ပဲ ဖြစ်ပါတယ်။ လက်တွေ့နိုင်ငံရေးမှာ၊ လိုချင်တာ အားလုံးမရနိုင်ဘူးဆိုတာ သတိချပ်သင့်ပါတယ်။ အကုန် မဟုတ်ရင်တောင်မှ၊ အနည်းငယ်သော space (ခွင်) တချို့ ရတာ၊ အဆိုးထဲက အကောင်းလို့ မှတ်ယူသူတွေ ရှိပါတယ်။ ရတတ်သမျှ ခွင်ထဲကနေ တဖြည်းဖြည်း ချဲ့ယူသွားရမယ်ဆိုတဲ့ အယူအဆမျိုးဖြစ်ပါတယ်။ ဒါကို လက်မခံတဲ့ လူတွေဟာ၊ ကန့်ကွက်ဆန့်ကျင်ကြပါတယ်။ ဒါပေမယ့် လူအများ ကန့်ကွက်ဆန့်ကျင်နေတဲ့ကြားထဲ ကပဲ၊ အရပ်ဘက်အဝတ် ပြောင်းဝတ်လာကြတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေ ကြီးမှူးတဲ့ ဖြေလျော့ရေးဖြစ်စဉ် ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် အကြားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဘယ်သူမှ ထင်မှတ်မထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း အာဏာကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ ချောမွေ့ခဲ့ပြန်ပါတယ်။ ဒါ့ကြောင့်လည်း အရပ်သားအစိုးရ ဟာ အကျပ်အတည်းတွေနဲ့ စိန်ခေါ်မှုတွေ ရှိပင်ရှိငြားသော်လည်း၊ သက်တမ်း (၅) နှစ် အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ ထို့နောက် နောက်ကြောင်းပြန် (reverse wave) ခဲ့ပါတယ်။

၅။ ပညာရှင်အများစု မှတ်ချက်ချက်တဲ့ ၂၀၁၅ – ၂၀၂၀ အရပ်သားအစိုးရလက်ထက်မှာ၊ one country, two government လို ဖြစ်နေခဲ့ပါတယ်။ အရပ်သားအစိုးရဦးဆောင်တဲ့ ယန္တရားနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကင်းလွတ်ခွင့်ပေးထားတဲ့ စစ်ဘက်ယန္တရားရဲ့ သီးခြားလုပ်ပိုင်ခွင့်တွေဟာ၊ အရပ်သားအစိုးရနဲ့ အပြိုင်ဖြစ်နေခဲ့ပါ တယ်။ ၂၀၁၀ နဲ့ ၂၀၁၅ အကြား၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ အရပ်သားအသွင်ယူအုပ်ချုပ်တဲ့ကာလမှာတောင်၊ စစ်တပ်ဟာ အရပ်ဝတ်ပြောင်းအစိုးရရဲ့လက်အောက်မှာ အစဉ်အမြဲ ရှိမနေပါဘူး။ သီးခြားလွတ်ထွက်နေတဲ့ နယ်ပယ်၊ ဖြစ်စဉ်တွေ အမြောက်အမြား တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် တပ်မတော်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ ကို စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်သဘောထားမပါဘဲ ဝင်ရောက်စွက်ဖက်၊ ပြုပြင်ပြောင်းလဲလို့ မရတဲ့ ကိစ္စရပ် တွေဖြစ်ပါတယ်။ စစ်ဘက်ဘဏ္ဍာငွေ သုံးစွဲရေးကိစ္စတွေ၊ စစ်ဘက်တရားရေးကိစ္စတွေ၊ စစ်လက်နက်ဝယ်ယူရေး ကိစ္စရပ်တွေနဲ့ စစ်ဘက်ရာထူးခံထားရေးကိစ္စရပ်တွေ…. စသည်ဖြင့် အများအပြားပါဝင်နေပါတယ်။

၆။ ၂၀၂၀ ရွေးကောက်ပွဲမှာ၊ လူထုက အလုံးစုံကျေနပ်မှု မရှိသည့်တိုင် အရပ်သားအစိုးရကိုပဲ ဆက်လက် ထောက်ခံမဲပေးခဲ့ကြပါတယ်။ ဒါ့ကြောင့် အရပ်သားအစိုးရဟာ နောက်ထပ် ငါးနှစ်သက်တမ်းကို အုပ်ချုပ်ခွင့်ရခဲ့ ပါတယ်။ ဒါပေမယ့် ဒါကို မလိုလားတဲ့ စစ်တပ်ဟာ၊ အစိုးရကို အုပ်ချုပ်ရေးထိုင်ခုံကနေ တွန်းထုတ်လိုက်ပြီး အသွင်ကူးပြောင်းရေး စီယာတိုင်ကို ဇွတ်အတင်း ကွေ့ချိုးလိုက်ပါတော့တယ်။ မြန်မာ့ဒီမိုကရေစီအသွင်ကူး ပြောင်းရေးဟာ၊ သွေးနုသားနုကာလအတွင်းမှာပဲ ဂငယ်ကွေ့ ကွေ့သွားရပါတော့တယ်။

၇။ လမ်းပြမြေပုံ (၇) ချက်ထုတ်ပြီး စစ်တပ်က စပွန်ဆာလုပ်၊ ဖြေလျော့ရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တဲ့ စစ်ဘက်ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ အသွင်ကူးပြောင်းရေးလုပ်ရပ်တွေမှာ အငြင်းအခုန်တွေ ရှိခဲ့ပါတယ်။ ဆန့်ကျင်စရာ၊ ကန့်ကွက်စရာ၊ မနှစ်မြို့စရာတွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ နဂိုမူလအထိုင်ကနေ ရွေ့ အောင်လုပ်နိုင်ခဲ့တဲ့အရာတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံရေးဖြေလျော့မှုတွေကြောင့်၊ နိုင်ငံရေး အခွင့်အရေး ကွင်းပြင်တွေဟာ ကျယ်ပြောလာပြီး၊ တိုင်းပြည်ဟာ အချိန်အခိုက်အတန့်အားဖြင့် မျက်စိပွင့် နားပွင့် ဖြစ်ခဲ့ပါတယ်။ နိုင်ငံသားတစ်ဦးချင်းရဲ့ ပုဂ္ဂလလွတ်လပ်ခွင့်တွေ ရရှိခဲ့ပြီး လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသား ဖြန့်ချိခွင့်တွေရှိလာခဲ့ပါတယ်။ လွတ်လပ်သော အသင်းအပင်း တွေ ဖွဲ့ခွင့်ရလာပါတယ်။ လွတ်လပ်သော သတင်းမီဒီယာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ လူထုရဲ့ ပူးပေါင်းပါဝင်မှု (civic participation) ဟာ စိန်ခေါ်မှုတွေအကြားမှာပဲ အညွှန့်တလူလူ ဖြစ်လာခဲ့ပါတယ်။ အားရကျေနပ်မှုတွေ မြောြက်မားစွာ မရှိသည့်တိုင်၊ စစ်ယူနီးဖောင်းချွတ် အစိုးရ လုပ်ခဲ့တဲ့ ဖြေလျော့ရေးလုပ်ငန်းစဉ်တွေဟာ တနည်း အားဖြင့် မြန်မာပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းခဲ့တာတွေ အများအပြား ရှိခဲ့ပါတယ်။ ဒီလို အကျိုးဖြစ်ထွန်း မှုတွေထဲက အခွင့်အရေးတွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့လို့လည်း၊ ၂၀၁၅ ရွေးကောက်ပွဲဟာ ယေဘုယျ အားဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်။ ဒီရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးနိုင်ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဟာ စစ်ဘက်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဆိုတာကို သတိရနိုင်ပါတယ်။

၈။ နိုင်ငံရေး၊ စီးပွားရေး ဖြေလျော့မှုတွေ အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို စားပွဲဝိုင်းနိုင်ငံရေးပေါ် တွန်းတင်နိုင်ခဲ့ သူတွေဟာ သမ္မတရုံးဝန်ကြီးတွေ ဖြစ်ခဲ့ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်းနဲ့ ဦးတင်နိုင်သိန်းတို့ ဖြစ်တယ်ဆိုတာ သတိရသင့်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ စစ်ဘက်ခေါင်းဆောင်ဟောင်းတွေဆိုတာလည်း မမေ့သင့်ပါဘူး။ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် အစိုးရအဖွဲ့ကို ကြီးမှူးပြီး လွှတ်တော်နဲ့ အစိုးရကို ထိန်းကျောင်းခဲ့တာ သူရရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်များ အဖွဲ့ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခု မဖြစ်ခဲ့ပါဘူး။ သို့သော်ငြားလည်း၊ ၂၀၁၀ အလွန် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအဆောက်အအုံ ဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် အထောက်အပံ့ကောင်းဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လို စိတ်သဘောထားမျိုးနဲ့ စစ်တပ်ရဲ့ ထွက်ပေါက်မဟာဗျူဟာကို အကောင်အထည်ဖော်ခဲ့သည် ဖြစ်စေ….၊ ဒီဖြစ်စဉ် ရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေမှာ၊ အကောင်းကို ဦးတည်တဲ့ အခင်းအကျင်းတွေ အများအပြားပေါ်ထွက်ခဲ့ပါ တယ်။ ဒါ့ကြောင့်လည်း မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြေးလမ်းကို အတင်းထိုးတက်တော့မယ့် အလားအလာ အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။

၉။ ဒီလို အလားအလာ အရှိဆုံး၊ အညွှန့်တလူလူ တက်တော့မယ့် အချိန်ကျမှ၊ စစ်ဘက်ခေါင်းဆောင်တွေဟာ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ အာဏာသိမ်းလိုက်တာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြေးလာတဲ့ လူကို ရင်ဝက ဆောင့်ကန်လိုက်သလို။ အညွှန့်တလူလူတက်နေတာကို ဖြတ်ရိုက်ချိုးလိုက်သလို။ ဘူးသီးနုနု အမွှေးသပ်လိုက်သလို။ ရှေ့ရှေ့က ကြိုးပမ်းထမ်းဆောင်ခဲ့တဲ့ စီနီယာ စစ်ဘက်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ကဖျက်ယဖျက် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဖျက်လိုဖျက်စီးလုပ်လိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဖျက်၊ သံချေးတက်။

မင်းသေ့
၄ ၊ ၆ ၊ ၂၀၂၁။

Previous post ထွက်ပေါက်မဟာဗျူဟာ အယူအဆ
Next post သူတို့ ဒီမိုကရေစီကို မုန်းတယ်၊ ဘာ့ကြောင့်လဲ….