သမိုင်းသင်ရိုးတွေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ငယ်ရွယ်စဉ် ကလေးဘဝမှာ သင်ရတဲ့ ကျောင်းသင်ခန်းစာ တွေထဲမှာ သမိုင်းဟာ ဘာသာရပ်အနေနဲ့ ပါဝင်နေပါတယ်။ သမိုင်းသင်ရိုးကို ဘယ်လို ပြဌာန်းခဲ့သလဲ။ သမိုင်း သင်ရိုးပြဌာန်းစာပါ အချက်အလက်တွေနဲ့ အကြောင်းအချက်တွေကို ဝေဖန်ထောက်ရှုတဲ့ စာရေးဆရာ / ပညာရှင် အတော်နည်းပါတယ်။ ကျောင်းသင်ရိုးတွေဟာ အနာဂတ်နိုင်ငံတော်ကို သက်ရောက်တဲ့ အကြောင်း အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ သိပ်အရေးမပါသလိုလိုနဲ့ အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ သမိုင်း သင်ရိုးနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ရှုမှုတွေ များများလုပ်သင့်နေပြီ။ လုပ်ချိန်လည်း တန်နေပြီ။

✦ သတိထား

စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ မြန်မာပြည်ဟာ စစ်ဝါဒဖြန့်ချိရေးလက်အောက်က မကင်းလွတ်သေးပါဘူး။ ပြင်ပမှာ လူထုအပေါ် ဝါဒဖြန့်သလို၊ ကျောင်းသင်ရိုးမှာလည်း သမိုင်းကို လိုသလိုစွဲယူ ပြီး သွတ်သွင်းတာတွေ ရှိနေခဲ့တယ်။ ရှိနေဆဲလည်းဖြစ်တယ်။ လူတော်တော်များများဟာ အပေါ်ယံ လူပြောသူ ပြောများတဲ့ ကိစ္စတွေအပေါ်မှာပဲ အာရုံစိုက်ပါတယ်။ သင်ရိုးတွေဟာ အနာဂတ် လူ့အဖွဲ့အစည်းကို ဘယ်လို ပုံဖော်သလဲဆိုတာ ကောင်းကောင်းလေ့လာဖို့ လိုတယ်။ သေချာ လေ့လာဖို့ လိုတယ်။ ဒါဟာ အမှုမဲ့ အမှတ်မဲ့ နေရမယ့်ကိစ္စ မဟုတ်ပါ။ သမိုင်းသင်ရိုးမှာ ဘာတွေ မှားနေသလဲ။ ဘယ်လိုအချက်တွေဟာ ဝါဒဖြန့်ချိရေး အတွက် ပြဌာန်းထားတာလဲ။ ဘယ်လိုအကြောင်းရပ်တွေဟာ ယုတ္တိအမှားတွေလဲ။ သမိုင်းသင်ရိုးကို ကျောင်းက ဆရာ၊ ဆရာမတွေ ဘယ်လို သင်ကြားကြမလဲ။ သင်ကြားနေသလဲ။

လက်ရှိမြန်မာပြည်ရဲ့ အခြေအနေအရ၊ ပညာရေးလွတ်လပ်ခွင့်က အလုံးစုံရနိုင်ဖို့ မသေချာပါ။ တက္ကသိုလ်မှာ လွတ်လပ်မှု တစ်စုံတစ်ရာရလာပေမယ့်၊ တက္ကသိုလ်တွေ ကိုယ်တိုင်က ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အပြည့်အဝ မလိုချင်ပါ။ မလိုချင်ဘူးဆိုတာထက် မယူရဲဘူးလို့ ပြောလို့ ရပါတယ်။ အကြောင်းကတော့ နိုင်ငံတော်အပေါ်မှာ အလုံးစုံမှီခိုအသားကျနေတဲ့ တက္ကသိုလ်တွေဟာ နိုင်ငံတော်ကို မမှီခိုရတော့မှာ ကြောက်ပါတယ်။ တစ်သက်လုံး အမှီအခိုနဲ့ ရှင်သန်လာတာဖြစ်ခြင်းကြောင့် လွတ်လပ်မှုကို ကြောက်နေပါတယ်။

တက္ကသိုလ်တွေကို အသာထား။ အခြေခံကျောင်းပညာရေးမှာ၊ အောက်ခြေလူထုဟာ အစိုးရကျောင်းတွေကိုသာ မှီခိုနေရဆဲဖြစ်ပါတယ်။ နောက်လည်း မှီခိုနေရအုံးမှာပဲဖြစ်ပါတယ်။ လွတ်လပ်သော ပုဂ္ဂလိကအခြေခံကျောင်း တွေ ဘယ်လိုပဲ ဖွင့်ခွင့်ပေးပါစေ၊ ဆင်းရဲမွဲတေတဲ့ အခြေခံလူထုဟာ အစိုးရကျောင်းကိုပဲ အားကိုးနေရပါတယ်။ လွတ်လပ်သော အခြေခံကျောင်းတွေဖြစ်လာဖို့ ချက်ချင်း ခက်ခဲနေသေးတယ်။ ထိုနည်းလည်းကောင်းပဲ ဒီလို ကျောင်းတွေကို အလှမ်းမှီနိုင်ဖို့လည်း လူထုတစ်ရပ်လုံးက ခက်ခဲနေအုံးမှာပဲ။ ဒါ့ကြောင့် အစိုးရအခြေခံကျောင်း တွေရဲ့ အားနည်းချက်တွေ ဘယ်လိုပဲ ရှိတယ်ပြောပြော၊ လူထုက ဆက်ပြီး မှီခိုနေရအုံးမှာပဲ။ ဒီတော့ အစိုးရ ကျောင်းတွေမှာ ပြဌာန်းတဲ့ သင်ရိုးတွေရဲ့ကိစ္စဟာ ပြဿနာ ရှိလာပြီ။

✦ သင်ရိုး ပြဌာန်းစာ

သင်ရိုးလို့ ပြောတဲ့နေရာမှာ၊ ကျနော်ကတော့ သမိုင်းသင်ရိုးကိစ္စကို ဦးတည်ပြီး ပြောချင်တယ်။ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးကိုလည်း ဆိုင်ရာဆိုင်ရာတို့က ဝေဖန်အကဲဖြတ် ထောက်ရှုနေရမှာဖြစ်ပါတယ်။ ကျနော့် အနေနဲ့ကတော့ သမိုင်းသင်ရိုးကိစ္စကို အထူးပြု ပြောချင်တယ်။ ကျောင်းသင်ပညာရေးမှာ ပြဌာန်းတဲ့ သမိုင်းသင် ရိုးကို ပြုစုတဲ့နေရာမှာ ဘယ်လိုအခြေခံမူတွေထားပြီး ပြုစုရေးသားကြသလဲ။ ဒါဟာ အရေးကြီးတဲ့ မေးခွန်းဖြစ်ပါ တယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းကို မောင်းနှင်မှာက အနာဂတ်မျိုးဆက်ဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်ဟာ ကျောင်းမှာ သမိုင်းကို ဘယ်လို သင်ကြားခဲ့ရသလဲ။ မြန်မာပြည်သမိုင်းကို ဘယ်သို့ ဘယ်ပုံ မှတ်ယူခဲ့ကြသလဲ ဆိုတာ သိပ်အရေးကြီးတယ်။

အခုဖြစ်နေတဲ့ အမှတ်သရုပ်ပဋိပက္ခတွေရဲ့ အရင်းအမြစ်ဟာ ဘယ်ကလာသလဲ။ ကျနော်တို့ ငယ်စဉ်က သင်ကြားခံရတဲ့ သင်ခန်းစာတွေကနေ တစ်ဆင့် အခြေတည်ဖြစ်တည်လာပါတယ်။ ဗဟုစုံလူ့အဖွဲ့အစည်းမှာ ကျနော်တို့ဟာ သမိုင်းကို တစ်ဖက်ပိတ်သင်ကြားခံရတယ်။ သမိုင်းကို သင်အံ့ကျက်မှတ်ကြရတယ်။ သမိုင်းကို ဖွင့်ပြီး လေ့လာစူးစမ်းခွင့် မရကြဘူး။ ဖွင့်ပြီး လေ့လာစူးစမ်းခွင့်လည်း မပေးသလို၊ ကျောင်း စာမေးပွဲစနစ်က လည်း လေ့လာစူးစမ်းခွင့်ကို ခွင့်မပြုဘူး။ လောလောဆယ် လက်ရှိအခြေအနေမှာ၊ ကျောင်းက သမိုင်းသင်ရိုး တွေဟာ ဘယ်သို့ဘယ်ပုံရှိပါသလဲ။
သမိုင်းအမြင်ဆိုတာကို ဝါဒဖြန့်ချိရေးယန္တရားထဲမှာ ပုံသွင်းခံလိုက်ကြရတယ်။ ကျနော်တို့ရဲ့ သမိုင်းအမြင်ဟာ ဘယ်လို ရှိပါသလဲ။ ကျနော်တို့ နောင်လာမယ့် မျိုးဆက်ရဲ့ သမိုင်းအမြင်က ဘယ်လို ရှိပါမလဲ။ ကျနော်တို့ဟာ ငါတကောကောမှုတွေ၊ ရန်သူ မိတ်ဆွေ အမြင်တွေနဲ့ အင်အားကြီးရာ နိုင်စတမ်းဆိုတဲ့ အယူအဆတွေကို ဘယ်ကနေရလာကြပါသလဲ။

✦ သမိုင်းဟာ ….

သမိုင်းဟာ မတူကွဲပြားမှုအပေါ် နားလည်လက်ခံတတ်ခြင်းကို သင်ကြားပေးရဲ့လား။ သမိုင်းဟာ အရှိတရားကို ဆန်းစစ်နိုင်မယ့်ဉာဏ်ကို ချဲ့ထွင်ပေးရဲ့လား။ သမိုင်းဟာ အကြောင်းအချက်အလက်တွေကို မေးခွန်းထုတ်တတ် အောင် သင်ကြားပေးရဲ့လား။ သမိုင်းဟာ ပြဌာန်းစာအုပ်ထက် ပိုကျယ်ပြန့်တယ်ဆိုတာ နားလည်စေခဲ့ရဲ့လား။ သမိုင်းဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုကို ဘယ်လောက်အသိအမှတ်ပြုသလဲ။ ကျနော်တို့ဟာ တစ်ယောက်ကို တစ်ယောက် အစေးမကပ်ဘဲ ပြောဆို ငြီးတွားနေတာတွေကို လျော့သင့်ပြီ။ နောက်ကွယ်ကနေ ကျနော်တို့ လူ့အဖွဲ့အစည်းကို ပုံဖျက်နေတဲ့ လက်တံတွေရဲ့သဘာဝကို လေ့လာသင့်နေပါပြီ။

✦ တာဝန်ရှိတယ်

လူတော်တော်များများဟာ ပေါ်ပင်ကိစ္စတွေအပေါ်မှာပဲ စိတ်ဝင်စားပါတယ်။ လူထုမှာ သည်းခြေကြိုက်ကိစ္စတွေ ရှိနေပါတယ်။ အတင်းအဖျင်းတွေ၊ လိင်ကိစ္စတွေ၊ အပုတ်ချ တိုက်ခိုက်မှုတွေ၊ ဆဲဆိုကြိမ်းမောင်းမှုတွေ၊ အလေဏတော အသိမ်အဖျင်းတွေအပေါ်မှာ အာသာဖြေတတ်ကြပါတယ်။ ဒါတွေကို သတိထားပြီး အနာဂတ် ကျနော်တို့ လူ့အဖွဲ့အစည်းကို မသိလိုက်မသိဘာသာ ပုံဖော်ယူနေတဲ့ကိစ္စရပ်တွေကို စဉ်းစားလေ့လာသင့်ပါ တယ်။ လူတစ်ဦးချင်းစီမှာ တာဝန်ရှိတယ်။ သားသမီးရှိတဲ့ မိဘတွေမှာ တာဝန်ရှိတယ်။ ကလေးတွေကို သင်ကြား ပေးနေတဲ့ ကျောင်းဆရာ၊ ဆရာမတွေမှာ တာဝန်ရှိတယ်။ ဘွဲ့ရပညာတတ်တွေမှာ တာဝန်ရှိတယ်။ အကိုးကွယ် အပူဇော်ခံ ဘုန်းကြီးသံဃာတွေမှာ တာဝန်ရှိတယ်။ လူထုရဲ့အမြင်သဘောထားအပေါ် ဩဇာကြီး တဲ့ စာရေးဆရာတွေ၊ အနုပညာရှင်တွေမှာ တာဝန်ရှိတယ်။

ကျနော်တို့မျိုးဆက်ရဲ့ အသိဉာဏ်ကို ပုံဖော်စီရင်နေတဲ့ သင်ရိုးတွေကိစ္စကို ကျနော်တို့ဟာ နေ့စဉ် တကူးတက ပြောနေကြရမယ်။ တကူးတက ပြောနေကြရုံနဲ့ မပြီးဘူး၊ ဂရုဓမ္မထားပြီး လေ့လာဖို့ လိုတယ်။ လေ့လာပြီးရင် လည်း ဒီအတိုင်း ပစ်ထားလို့ မရဘူး။ သမိုင်းအမြင်မှန်နဲ့ လူ့အဖွဲ့အစည်းကို ကျေးဇူးပြုနိုင်မယ့် မျိုးဆက်တွေ ဖြစ်အောင် လုပ်ပေးကြရမယ်။

မင်းသေ့
ည ၉ း ၅၀
၂၄ ၊ မေလ၊ ၂၀၂၀ ။

Previous post တရုတ်ရင်းနှီးမြုပ်နှံမှုများ
Next post ☗ မြန်မာ့လူမှုစရိုက်