မြန်မာ့လူမှုစရိုက်ကို၊ မြန်မာ့သမိုင်းနဲ့ ယှဉ်တွဲပြီး လေ့လာသင့်ပါတယ်။ သမိုင်းဟာ လူ့အဖွဲ့အစည်းအကြောင်း ကို ပြောပြနိုင်ပါတယ်။ ရှင်းပြနိုင်ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ၊ လူမှုစရိုက်တွေနဲ့ လူမှုဓလေ့တွေကို လေ့လာ နိုင်တယ်။ လူ့အဖွဲ့အစည်းရဲ့အပြုအမူတွေ၊ စရိုက်တွေ၊ ဓလေ့ထုံးတမ်းတွေကို ယဉ်ကျေးမှုလို့ ပညတ်အားဖြင့် ခေါ်ဝေါ်ပေမယ့်၊ မယဉ်ကျေးတဲ့ အပြုအမူတွေ၊ မယဉ်ကျေးတဲ့စရိုက်တွေ၊ မယဉ်ကျေးတဲ့ ဓလေ့ထုံးတမ်းတွေ များစွာပါဝင်နေပါတယ်။ ဒါကို သေသေချာချာ ဂရုဓမ္မထားပြီး သတိထားကြည့်ရမယ်။

ဒါဆိုရင် ဘာတွေလဲ….

• ယုတ်မာတဲ့ အပြုအမူတွေ
• နှစ်လိုဖွယ် မဖြစ်တဲ့ စရိုက်တွေ
• ယုတ်ညံ့လွန်းတဲ့ ဓလေ့တွေ
• ရုပ်ဆိုးလွန်းတဲ့ ထုံးတမ်းတွေ

ဒါတွေကို တွေ့နိုင်ပါတယ်။

ဓလေ့စရိုက်နဲ့ ထုံးတမ်းအစဉ်အလာတွေဟာ ဘယ်လိုနည်းနဲ့ ဖြစ်တည်လာပါသလဲ။

• အတွေးအခေါ်မှသည်၊ အပြုအမူသို့။
• အပြုအမူမှသည်၊ ဓလေ့စရိုက်သို့။
• ဓလေ့စရိုက်မှသည်၊ လူ့အဖွဲ့အစည်းသို့။
• လူ့အဖွဲ့အစည်းမှသည်၊ အနာဂတ်ကံကြမ္မာသို့။

ဒီလိုအဆင့်ဆင့်ဖြစ်တည်မှုတွေ ရှိနေပါတယ်။ ဓလေ့စရိုက်အဖြစ်ကို ရောက်ဖို့ အချိန်အားဖြင့် ကြာညောင်း တယ်။ သို့ပေမယ့် မကောင်းတဲ့စရိုက်တွေကတော့ ကူးစက်တာ လွယ်ကူတယ်။ ပျံ့နှံ့တာ လွယ်ကူတယ်။ အသားကျတာ လွယ်ကူတယ်။ အမိုက်ကမ္ဘာမှာ၊ ယုတ်ညံ့လွန်းတဲ့ အပြုအမူတွေ မင်းမူတာ မထူးဆန်းပါဘူး။ ပညာရှိသူတော်ကောင်းဟာ ဒီလိုအပြုအမူတွေကို မြင်ရင်၊ ကဲ့ရဲ့တယ်။ ရှုတ်ချတယ်။ လူယုတ်ကတော့ လက်ခုပ်တီး ပျော်ရွှင်တယ်။

မြန်မာပြည်မှာ ယခင်က လူမိုက်တွေ ထွန်းကားခဲ့တယ်။ နောက်ပိုင်းတော့ လူယုတ်မာတွေ အဖြစ် သက်ဆိုးရှည် လာကြတယ်။ အကန်းကမ္ဘာဟာ၊ အမိုက်တွေကို အားပေးတယ်။ ယုတ်မာညစ်ထေးမှုတွေကို လက်ခုပ်လက်ဝါး တီးတယ်။ ပညာမဲ့တဲ့ လူ့ဗာလတွေဟာ ဝိုင်းဝန်း ကျေးဇူးပြုကြတယ်။ လူ့အဖွဲ့အစည်းဟာ နိမ့်ပါးတဲ့ အဆင့် အတန်းကို လျောဆင်းလာတယ်။

သာသနာရေးကို ကြည့်မလား။ သာသနာကို ထိန်းတဲ့ ဘုန်းကြီး၊ သံဃာဟာ ဝပ်ချချင်စရာ မကောင်းတော့။ ဘုန်းကြီးနဲ့ လူ တူလာတယ်။ ဘုန်းကြီးက လူလိုကျင့်တယ်။ လူက တိရိစ္ဆာန်လို ကျင့်တယ်။ အဆင့်အတန်းဟာ တဖြည်းဖြည်းနဲ့ မြင့်မလာတော့။ နိမ့်သာ နိမ့်လာတယ်။

• အောက်တန်းကျဖို့အတွက် သီးသန့် သင်ကြားနေစရာ မလို။
• အောက်တန်းကျဖို့အတွက် သီးသန့် သင်ယူစရာ မလို။
• အောက်တန်းကျဖို့အတွက် သီးသန့် ရည်မှန်းချက်ထားရန် မလို။

တိုင်းပြည်ရဲ့စိတ်လိုအပ်ချက်ကို ဖြည့်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က ညစ်ထေးသော စိတ်ညစ်ညမ်းမှုတွေနဲ့ ရောထွေးကုန်တယ်။ အလကားပဲတင်း လေးစားခံချင်လို့ မရဘူး။ ဓမ္မဒူတ ဆရာတော် ရှင်ဆေကိန္ဒရဲ့ ဓမ္မစာစု မှာ ဖတ်ဖူးတယ်။ “လေးစားထိုက်တဲ့သူရဲ့ စကားကိုမှ နားထောင်ကြတာ။ ကိုယ့်စကား နားထောင်စေချင်ရင်၊ လေးစားထိုက် အောင်နေပေါ့…” ဆိုတဲ့ မိန့်မှာချက်။ သိပ်ကြိုက်တာပဲ။ သိပ်ကောင်းတာပဲ။ သာသနာရေးမှာ၊ လူ ဒကာ၊ ဒကာမတို့ ဝပ်တွားရမယ့် ပုဂ္ဂိုလ်တွေဟာ ဝပ်တွားထိုက်တဲ့ ကိုယ်ကျင့်ရှိနေသလား။ မေးခွန်းထုတ်ရမှာဖြစ်တယ်။

✦ ရဟန်း လူလို ကျင့်တော့ ဘာဖြစ်သလဲ။
✦ လူက တိရိစ္ဆာန်လို ကျင့်တော့ ဘာဖြစ်သလဲ။

ဒါက မေးခွန်းထုတ်နေစရာ မလို။ လေးစားထိုက်မှ၊ လေးစားကြတာ။ မလေးစားထိုက်လို့ မလေးစားတာ မဆန်း။ ထူးထွေစဉ်းစားနေစရာ မလို။ မြန်မာပြည်ဟာ သိပ်ယဉ်ကျေးတဲ့ တိုင်းပြည်။ မြန်မာပြည်ဟာ ဘာသာအဆုံးအမ နဲ့ သိပ်ယဉ်ကျေးတဲ့ တိုင်းပြည်။ မြန်မာပြည်ဟာ သယံဇာတနဲ့ မြေပေါ်မြေအောက် အရင်းအမြစ်တွေ ပေါလို့ သိပ် နေပျော်စရာကောင်းတဲ့ တိုင်းပြည်။ မြန်မာပြည်ဟာ စည်းလုံးရိုင်းပင်းကြလို့ သိပ်အေးချမ်းတဲ့ တိုင်းပြည်။

ဒီလိုတိုင်းပြည်မျိုးဟာ ဘာ့ကြောင့် ယုတ်မာတဲ့အပြုအမူတွေ ပေါ်ထွက်လာခဲ့သလဲ။ ဒီလိုတိုင်းပြည်မျိုးဟာ ဘာ့ ကြောင့် ညစ်ညမ်းတဲ့အပြောအဆိုတွေ ပေါ်ထွက်လာခဲ့သလဲ။ ဒီလိုတိုင်းပြည်မျိုးဟာ ဘာ့ကြောင့် ဆင်းရဲမွဲတေ တဲ့ပြည်သူတွေ များလာခဲ့သလဲ။ ဒီလိုတိုင်းပြည်မျိုးဟာ ဘာ့ကြောင့် နေပျော်စရာ မကောင်းတော့သလဲ။ ဒီလို တိုင်းပြည်မျိုးဟာ ဘာ့ကြောင့် မအေးချမ်းတော့သလဲ။

အကြောင်းကတော့ ခေါင်ကမှ မလုံတာ။ ခေါင်က စပြီး မလုံမှတော့၊ ရာထူးနဲ့ စားခွက်ဟာ နေရာဌာနအလိုက် ပူးတွဲပါလာတယ်။

❏ သမိုင်းကို ပြန်ကြည့်ပါ။

အစိုးရအဆက်ဆက်ဟာ ပြည်သူကို အလုပ်အကျွေးပြုဖို့ထက် ရာထူးအာဏာကို အခွင့်အရေးလို အသုံးပြုခဲ့ကြ တယ်။ တိုင်းပြည်အကြီးအကဲရာထူးဟာ တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့ ဖြစ်လာတာ။ ဒါပေမယ့် မြန်မာပြည် မှာတော့ ပြောင်းပြန်။ ရာထူးအာဏာဟာ အခွင့်ထူးခံဖို့၊ အခွင့်အရေးကို ကိုယ်ကျိုးအတွက် သုံးဖို့။ တိုင်းပြည်ကို ကျွန်ဇာတ်သွင်းဖို့ နေရာရလာခြင်းသာ။ အတိတ်သမိုင်းကို ပြန်ကြည့်ရင် အစိုးရတာဝန်ကျေခဲ့တဲ့ အစိုးရ ဘယ်မှာ ရှိခဲ့သလဲ။ မေးစမ်းချင်ပါတယ်။

❏ ပညာရေးကို ကြည့်ပါ။

ပညာရေးဟာ ဆင်ခြင်တုံတရားအတွက် လေ့ကျင့်ရေး ကွင်းပြင် မဟုတ်။ ဝါဒဖြန့်ချိရေးယန္တရားသာဖြစ်ခဲ့တယ်။ ဖြစ်နေတယ်။ ဖြစ်နေဆဲဖြစ်တယ်။ ပညာရေးဟာ ပူးပေါင်းဆောင်ရွက်ခြင်းကို အားမပေး။ ရန်လို ယှဉ်ပြိုင် တုပရေးကိုသာ အားပေးတယ်။ ပညာရေးဟာ စဉ်းစားတွေးခေါ်မှုကို အားမပေး။ ပြဌာန်းစာအုပ်ထဲကအရာကို သာ အသေမှတ်။ အသေကျက်။ စောဒက မတက်နဲ့။ ပြန်လှန်မေးခွန်း မထုတ်နဲ့။ မမေးနဲ့။ မင်း အဖေ ဘယ်သူလဲ ဆိုတာ မသိချင်ဘူး။ မင်းအဖေဟာ ဦးဘပဲ။ ဦးဘ မဟုတ်ရင် မင်း မှားတယ်။ ပြဌာန်းစာအုပ်ထဲက ဝါဒဖြန့်ချိရေးသာ မှန်တယ်။

❏ ဒီလိုပညာရေးမျိုး။

ဒီလိုပညာရေးမျိုးမှာ၊ အမှန်တွေကို ပြင်ပြင်ပြီး ညာခဲ့လို့ အခုလို တိုင်းပြည်ဖြစ်လာပါတယ်။ မြန်မာ့လူ့အဖွဲ့ အစည်းဟာ ရှိတဲ့သယံဇာတကို ရောင်းထုတ်ပြီး ခေတ်မီရုပ်ဝတ္ထုပစ္စည်းတွေကို ပြည်ပနိုင်ငံတွေကနေ ဝယ်သုံးနိုင်လို့စိန်နားကပ် ရောင်နဲ့ ပါးပြောင်နေပြီး လူလူသူသူဖြစ်နေတာဖြစ်တယ်။ တကယ်တော့ လူစင်စစ်ကနေ တိရိစ္ဆာန် အဆင့်ကို ရောက်နေတာ ကြာပါပြီ။ မြန်မာ့စရိုက်ဟာ ဒီလိုအဆင့်မျိုးကို ရောက်နေပါပြီ။

ဖာသိဖာသာနေတတ်တဲ့လူတွေကတော့ ဒါတွေကို သတိမထားမိပါ။ ဂိမ်းလေးနှိပ်၊ အွန်လိုင်းမှာ သောက်ဖောင်း လေးထု၊ ကိုယ့်ထမင်း ကိုယ်စား သောက်တင်းပွားနေတော့ အာရုံစိုက်ရမှန်း မသိပါ။ တကယ့်လူမှုအဖြစ်တွေကို နားမလည်ပါ။ အာဏာမက်တဲ့သူကလည်း ရာဇပုလ္လင် ဖင်ကပ်ရေးသာ အခရာဆိုတော့၊ ဒါတွေကို နားမလည်ပါ။ ဂျပေတူး ငမူးကလည်း ရီဝေဖို့သာ နားလည်ပါတယ်။ စည်းစိမ်ရှင်သူဌေးကလည်း အချောင်နှိုက်ဖို့လောက်သာ သိပါတယ်။ ပညာတတ်ကလည်း တတ်ယောင်ကား။ ကျောင်းဆရာကလည်း ငပျင်း။ တိုင်းပြည်တိုးတက်ရေး လို့ ကြွေးကြော်နေတဲ့ လူမှုအဖွဲ့အစည်းတွေကလည်း ဒိုနာ၊ ဒေါ်လာ… မလွန်ဆန်သာ။

ဒီလိုတိုင်းပြည်မျိုးက ဘယ်လိုဖြစ်မလဲ။

သိပ် မထူးဆန်းပါဘူး။ တိုင်းပြည်ရဲ့ကြမ္မာကို လူ့အဖွဲ့အစည်းရဲ့ အပြုအမူတွေကပဲ ပြဌာန်းပါလိမ့်မယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကို လူ့အဖွဲ့အစည်းရဲ့ စရိုက်ကပဲ ပြဌာန်းပါလိမ့်မယ်။ တိုင်းပြည်ရဲ့ ရုပ်ပုံလွှာကို လူ့အဖွဲ့ အစည်းရဲ့ အတွေးအခေါ်ကပဲ ပြဌာန်းပါလိမ့်မယ်။ တိုင်းပြည်ရဲ့ လားရာကို လူ့အဖွဲ့အစည်းရဲ့ လူမှုဓလေ့ကပဲ ပြဌာန်းပါတယ်။

လူ့အဖွဲ့အစည်းဆိုတာ တစ်ဦးတည်း၊ တစ်ယောက်တည်းကို ပြောတာ မဟုတ်ပါ။ လူအုပ်ကြီးကို ပြောတာဖြစ်ပါ တယ်။ လူထုကို ပြောတာဖြစ်ပါတယ်။ လူအများစုကို ပြောတာဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို ပြောတာဖြစ်ပါတယ်။ လူ့အသိုက်အဝန်းကြီးတစ်ခုလုံးကို ပြောတာဖြစ်ပါတယ်။ ယုတ်ညံ့သူတွေ ခေါင်းထောင် ထလာတာ မဆန်းပါ။ ပညာမဲ့တွေ လူပေါ်လူဇော်လုပ်နေလို့ဖြစ်ပါတယ်။ ဒီလိုလုပ်တာကိုလည်း တိုင်းပြည်ရဲ့လူ ထုက ငြိမ်ခံနေလို့ဖြစ်ပါတယ်။ လူထုငြိမ်ခံနေတာလည်း မဆန်းပါ။ လူထုဟာ ပိန်းတိန်းတိန်းသာ များနေလို့ ဖြစ် ပါတယ်။

အပြုအမူဟာ အတွေးအခေါ်ရဲ့ ရောင်ပြန်ဟပ်မှုဖြစ်ပါတယ်။
မြန်မာပြည်လူ့အဖွဲ့အစည်းရဲ့ အပြုအမူတွေကို ကြည့်လိုက်ရင်၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ် အတိမ်အနက်ကို နားလည်နိုင်ပါတယ်။ သိနိုင်တယ်။ မြင်နိုင်တယ်။ အတွေးအခေါ် ပြောင်းလဲရေးမှ မစနိုင်ရင်၊ အပြုအမူကိုလည်း မပြောင်းနိုင်။ အပြုအမူကို မပြောင်းနိုင်ရင် လူမှုအပြောင်းအလဲဆိုတာ မဖြစ်။ လူမှုအပြောင်း အလဲ မဖြစ်ဘဲနဲ့ လူ့အဖွဲ့အစည်းရဲ့ ကြမ္မာနဲ့ အနာဂတ်ဟာ ဖွတ်ထက် မြင့်မြတ်လာစရာ အကြောင်း မရှိ။

ဒီလောက်ပဲ ပြောချင်ပါတယ်။

မင်းသေ့
ည ၇ း ၄၇
၂၂ ၊ မေလ၊ ၂၀၂၀။

Previous post ☗ သမိုင်းသင်ရိုး
Next post ◾သမိုင်းဘယ်လိုသင်မလဲ…