ငယ်တုန်းရွယ်တုန်းမှာပဲ စာကြီးပေကြီးတွေ ဖတ်ကြပါ။

ငယ်ရွယ်စဉ်အချိန်နဲ့ စာဖတ်ခြင်းဆိုတာမှာ ကျနော့်အတွက် လက်တို့ ပြောစရာတစ်ခုရှိပါတယ်။ အခြေခံ စာဖတ် ခြင်းအတွက် ရည်ရွယ်ချက် (၂) ခု ရှိတယ်လို့ ဆိုပါတယ်။ “တူးပီ” “2P” လို့ခေါ်တဲ့ ဦးတည်ချက်နှစ်ခုဖြစ်ပါ တယ်။ စာဖတ်ရင် Pleasure လို့ခေါ်တဲ့ ဖတ်ရင်းနဲ့ ပျော်နေဖို့ လိုသလို၊ Purpose ခေါ်တဲ့ ဖတ်ရင်းနဲ့ ရည်ရွယ် ချက် တစ်ခုအတွက်လည်း အထောက်အကူပြုဖို့ လိုပါတယ်။
လူငယ်အရွယ်ဟာ စိတ်ရဲ့ပျော်ရာကို ဦးစားပေးတာဖြစ်လို့၊ စာဖတ်ရင်လည်း ကိုယ့်အတွက် စိတ်ပျော်စေတဲ့ စာမျိုးကိုပဲ ရွေးဖတ်တာများကြပါတယ်။ ကိုယ်စိတ်ပျော်စေတဲ့စာဟာ များသောအားဖြင့် ရသစာပေဘက်မှာ အာရုံရတဲ့သဘောဖြစ်ပါတယ်။ များသောအားဖြင့် သုတစာပေဟာ အချိန်ကြာညောင်းစွာ အာရုံစိုက်ဖတ်ရှုဖို့ ခက်ခဲတတ်တယ်။ အတွေးအခေါ်ပါတဲ့စာပေဟာ လေးပင်တတ်တယ်။ အကြောင်းအရာ ရှုပ်ထွေးတဲ့ ပညာရပ် ဆိုင်ရာ စာပေတွေဟာ နားလည်ရခက်လို့ စာဖတ်ရင်း ပျော်နေရတဲ့သဘောတော့ မရှိဘူး။ ဒါ့ကြောင့် လူတွေ ဟာ ငယ်ရွယ်စဉ်မှာ စာဖတ်ရင်လည်း စိတ်ကို ပျော်စေတဲ့စာကို ရွေးဖတ်ကြတာ သဘာဝကျတယ်။ ဒါက အပြစ် ရယ်လို့ မဟုတ်ပေမယ့်၊ ဒီ့ထက် ပိုကောင်းဖို့အတွက် လက်တို့ချင်ပါတယ်။

စိတ်ကို ပျော်စေတဲ့စာပေဆိုတာ ပညာရပ်ဆိုင်ရာ မဟုတ်တဲ့ စာပေတွေမှာ များသောအားဖြင့်တွေ့ရတတ်ပါ တယ်။ ရသစာပေတိုင်းစာ စိတ်ကို ပျော်စေတယ်လို့ တရားသေ မသတ်မှတ်ချင်ပါဘူး။ ထိုနည်းလည်းကောင်းပဲ၊ ပညာရပ်ဆိုင်ရာမဟုတ်တဲ့ စာအုပ်တွေဟာ များသောအားဖြင့် ဖတ်ရင်းနဲ့ မပျော်ရပါဘူး။ သူတို့ဟာ ပျော်စေတဲ့ ရည်ရွယ်ချက်အတွက် ရေးသားထားတာ မဟုတ်ဘူး။

အားသာချက်တွေ

ငယ်ရွယ်စဉ်အချိန်မှာ အားသာချက်တွေ အများကြီးရှိပါတယ်။ လူငယ်အရွယ်ဟာ တခြားအရွယ်တွေထက် စာရင် အားသာချက်တွေ အများကြီး ပိုင်ဆိုင်ထားတယ်။
လူငယ်ဟာ စိတ်သွားတိုင်း ကိုယ်ပါတဲ့အရွယ်ဖြစ်တယ်။ လူငယ်အရွယ်ဟာ ကာယစွမ်းအား၊ ဉာဏစွမ်းအား၊ စိတ်ဓာတ်စွမ်းအား အမြင့်မားဆုံးအချိန်ဖြစ်တယ်။ အတက်အကြွဆုံးအချိန်ဖြစ်တယ်။ ဖြတ်သန်းမှုအတွေ့အကြုံ နည်းသေးတာဖြစ်ခြင်းကြောင့် စိတ်ထဲမှာ ဖြတ်သန်းမှုကြောင့် ဖြစ်လာတဲ့ အခုအခံတွေ နည်းနေသေးတယ်။ ဒါ့ကြောင့် စိတ်မှာ ကွက်လပ်တွေ များများကျန်နေသေးတယ်။ ကွက်လပ်ဆိုတာတွေဟာ အသန့်စင်ဆုံး၊ အရိုးရှင်းဆုံးကွက်လပ်တွေဖြစ်တယ်။ စိတ်ထဲမှာ ဟောင်းနွမ်း အိုမင်းနေတဲ့ အယူအဆဟောင်းတွေ၊ ဥပါဒါန် အစွဲတွေ အနည်းပါးဆုံးအချိန်ဖြစ်တယ်။ အဲသည့်အချိန်မှာ စာအုပ်ကနေရတဲ့ ပညာကို ကောင်းကောင်း နေရာ ထားသိုဖို့ အကောင်းဆုံးအခြေအနေဖြစ်တယ်။

ကာယစွမ်းအား

လူငယ်ဟာ ကာယစွမ်းအား အမြင့်ဆုံး အချိန်ကို ပိုင်ဆိုင်ထားလို့၊ သွားချင်ရာ တန်းသွားလို့ရတယ်။ လာချင်ရာ တန်းလာလို့ရတယ်။ ဘာကိုမှ ငဲ့ကွက်စရာ မရှိဘူး။ ခန္ဓာကိုယ်ကို ညှာနေစရာ မလိုဘူး။ အပင်ပန်းလည်း ခံနိုင် တယ်။ သွားသွားလာလာ လုပ်နိုင်တယ်။ ပြေးဟယ်လွှားဟယ်လည်း လုပ်နိုင်တယ်။ ထိုင်တာထတာလည်း လျင် မြန်တယ်။ ဒါ့ကြောင့် ကာယစွမ်းအားအမြင့်ဆုံးအရွယ်မှာ၊ အသိဉာဏ်တရားအတွက် အကောင်းဆုံး လေ့လာ အားထုတ်မှုမျိုးကို လုပ်နေဖို့ ကောင်းတယ်။ ကျန်းမာသန်စွမ်းတဲ့ ကာယစွမ်းအားကို ပိုင်ဆိုင်တဲ့အချိန်ဖြစ်တာ ကြောင့် လူငယ်အရွယ် / ငယ်ရွယ်စဉ်အချိန်မှာပဲ သာမန်ထက် အားစိုက်လေ့လာဖတ်ရှုရတဲ့ စာအုပ်တွေကို ရွေး ချယ်ဖတ်ဖို့ ကောင်းတယ်။

ဉာဏစွမ်းအား

လူငယ်ဟာ ဉာဏစွမ်းအားအမြင့်ဆုံး အချိန်ကို ပိုင်ဆိုင်ထားလို့၊ တွေးတာခေါ်တာ၊ စဉ်းတာစားတာကို ကိုယ်ခံ အားကောင်းကောင်းနဲ့ လုပ်နိုင်တယ်။ ဦးနှောက်အလုပ်ကို ဝန်အားများများပေးပြီး ခိုင်းလို့ အကောင်းဆုံးအချိန် ဖြစ်တယ်။ နှလုံးသားကလည်း အလတ်ဆတ်ဆုံးအချိန်ဖြစ်လို့၊ ထိရှခံစားမှု အမြင့်မားဆုံး အချိန်ကို ပိုင်ဆိုင်ထား တယ်။ ဒီလို ငယ်ရွယ်စဉ် အချိန် / လူငယ်အရွယ်မှာပဲ ဘဝတစ်လျောက်လုံးအတွက် ဦးနှောက်နဲ့ နှလုံးသားကို အားဖြည့်ပေးနိုင်မယ် စာအုပ်မျိုးတွေကို ရွေးပြီးဖတ်သင့်တယ်။ သာမန်ထက် ဦးနှောက်ခွန်အားစိုက်ထုတ်ရတဲ့ စာအုပ်မျိုးကို ရွေးပြီးဖတ်သင့်တယ်။ ဦးနှောက် ခါးတောင်းကျိုက်ပြီး ဖတ်ရတဲ့ စာအုပ်မျိုးကို ရွေးပြီးဖတ်သင့် တယ်။ ဖတ်ရခက်တယ်၊ လေ့လာဖို့ မလွယ်ဘူး၊ နားလည်ဖို့ ခဲယဉ်းလွန်းတယ်လို့ ပြောတဲ့ စာအုပ်မျိုးတွေကို ရွေးပြီးဖတ်သင့်တယ်။ ကြိုးစားပြီး ဖတ်သင့်တယ်။ ဒီလိုငယ်ရွယ်စဉ် အချိန်မှာ အကောင်းဆုံးကတော့ စာကြီး ပေကြီးတွေကို ကိုင်နိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။

စိတ္တစွမ်းအား

လူငယ်ဟာ စိတ်ဓာတ်စွမ်းအား အတက်ကြွဆုံး အချိန်ကို ပိုင်ဆိုင်ထားလို့၊ စိတ်ရဲ့သတ္တိနဲ့ ဇွဲနပဲကြီးကြီး အား ထုတ်ဖတ်ရတဲ့ စာကြီးပေကြီးတွေကို ဖတ်ရှုဖို့ သင့်တယ်။ အသက်ကြီးရင် လူဟာ စိတ်အားဖြင့် ညှိုးငယ်လာ တယ်။ စိတ်ဓာတ်အားဖြင့် ခွန်စိုက်အားစိုက် မရှိတော့ဘူး။ နေ့ရွှေ့ညရွှေ့ ပိုလုပ်လာတတ်တယ်။ အသက်ကြီး လာတော့ တော်ရုံဟာလည်း သိပ်မဆန်းကြယ်တော့လို့ ဘာကိုမှလည်း သိပ်အထူးအဆန်းကြီးလို့ မထင်တော့ ဘူး။ ဒီတော့ စာအုပ်အသစ်ကို ကိုင်ဖတ်ဖို့၊ စာကြီးပေကြီးကို ဂရုစိုက်လုံ့လထုတ်ဖတ်ဖို့ဆိုတာ လူကြီးအရွယ်မှာ တော်ရုံနဲ့ ဖြစ်နိုင်ဖို့ ခဲယဉ်းသွားပြီ။ ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်တည်ဆောက်လာသူ မဟုတ်ဘူးဆိုရင် စာကြီးပေကြီးကို အသက်အရွယ်ကြီးရင့်စဉ်မှာ ကိုင်မဖတ်ချင်တော့ဘူး။ စိတ်အားလည်း မစိုက်ချင်တော့ဘူး လေ။

စာကြီးပေကြီးတွေ ကိုင်ပါ

ဒီလိုဖြစ်တတ်တဲ့သဘောတွေကြောင့် လူတစ်ယောက်ဟာ ငယ်ရွယ်စဉ် / လူငယ်ဘဝမှာပဲ စာအုပ်စာပေလေ့ လာမှုကို စနစ်တကျ လုပ်ခဲ့သင့်တယ်။ သူတကာတို့ ခက်ခဲတယ်လို့ ဆိုတဲ့ စာကြီးပေကြီးမျိုးကို ရွေးပြီး ကိုင်သင့် တယ်။ ထိုနည်းလည်းကောင်းပဲ စိတ်ရဲ့ပျော်ရွှင်ရာ စာပေကို ဖတ်ရှုတာလည်း ကောင်းမွန်ပေမယ့်၊ ဦးနှောက် သတ္တိနဲ့ ကိုယ့်ရဲ့စဉ်းစားဉာဏ်အားကို တိုးလို့ သန်မာစေတဲ့ စာအုပ်မျိုးတွေကို တကူးတက ရှာကြံဖတ်ရှုသင့် တယ်။
အသက်ကြီးရင် လူဟာ အသစ်အသစ်ကို လေ့လာဖို့ ခက်သွားပြီ။ နဂိုမူလရှိထားပြီးသား အဟောင်းအတိုင်းပဲ လိုက်သွားဖို့ အခွင့်အလမ်းများတယ်။ ဒီတော့ အသစ်အသစ်သော နယ်ပယ် အကြောင်းအရာသစ်တွေကို စာအုပ်စာပေကနေ လေ့လာဖတ်ရှုခြင်း အလေ့အထကို စွဲမြဲအောင် လေ့ကျင့်သင့်တယ်။ ငယ်ရွယ်စဉ်အချိန်မှာ အားသာချက်တွေ ရှိနေတာမို့ ပိုပြီး လေ့ကျင့်သင့်တယ်။

လိုရင်း

ငယ်ရွယ်စဉ်မှာ ပျော်ပျော်ပဲနေမယ်။ ငယ်ရွယ်စဉ်အချိန်က ပြန်မရနိုင်တော့ဘူး။ ငယ်တုန်းရွယ်တုန်းမှာပဲ ပျော်သင့်ပျော်ထိုက်တာတွေကို ပျော်ပျော်ပဲဖြတ်သန်းမယ်ဆိုတဲ့ အယူအဆဟာ ကောင်းသလိုလိုနဲ့ လွဲမှားနေ ပါတယ်။ ဒါဆို ငယ်ရွယ်စဉ်အချိန်မှာ ကိုယ့်ကိုယ်ကို မပျော်အောင် တမင် ဖန်တီးပြီး စိတ်ညစ်နေရမှာလားလို့ မေးဖွယ်ရာ ရှိပါတယ်။ အဲသည်လိုလည်း မဟုတ်ပါဘူး။

ကျနော့်ဆိုလိုချက်က ဘာလဲဆိုတာ နားလည်မယ်ထင်ပါတယ်။ လူငယ်တစ်ယောက်ဟာ ငယ်ရွယ်စဉ်အချိန်မှာ၊ တခြားအရွယ်တွေ မရနိုင်တဲ့ ကာယ၊ ဉာဏနဲ့ စိတ်ဓာတ်စွမ်းအားတွေကို အမြင့်ဆုံးရနေတဲ့အရွယ်ဖြစ်လို့၊ ဘဝ အတွက် ဦးနှောက်အရည်အသွေး၊ နှလုံးသားအရည်အသွေးအတွက် အကောင်းဆုံး ဖြည့်ကျင့်ပေးနိုင်တဲ့ စာကြီး ပေကြီးမျိုးကို သူတကာတို့ ခက်တယ်လို့ ဆိုစေအုံးတော့ လုံ့လထုတ်ပြီး ကြိုးစားဖတ်ရှုသင့်တယ်လို့ တိုက်တွန်း လိုရင်းဖြစ်ပါတယ်။

ဒီလို ကြိုးစားဖတ်ရှုခြင်းကြောင့် စိတ်အားဖြင့် မပျော်ရတဲ့အခြေအနေကြုံနိုင်တယ်။ ဒီလိုမပျော်ရပေမယ့်လည်း ကိုယ့်ဦးနှောက်နဲ့ ကိုယ့်စိတ်ကို လေ့ကျင့်တည်ဆောက်ရင်း ပိုကောင်းတဲ့ စဉ်းစားတွေးခေါ်ဉာဏ်နဲ့ ရင့်ကျက် တည်ငြိမ်တဲ့ ကိုယ်ကျင့်သတ္တိကို တည်ဆောက်နိုင်ဖို့ တိုက်တွန်းလိုရင်းဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ ဂန္တဝင် စာပေ တွေကို လေ့လာရင်း တဖြည်းဖြည်းနဲ့ ကိုယ်ရည်ကိုယ်သွေး ပိုတက်လာနိုင်မယ်။ တဖက်မှာလည်း ကိုယ့်ရဲ့ စိတ် အာရုံဟာ အပျော်အပါးမှာ အာရုံကျပြီး စိတ်ပျော်နေတဲ့သဘာဝဆိုတာထက် အသိပညာတစ်ခုခု၊ ကိုယ်ကျင့် ပညာ တစ်ခုခုကို လေ့ကျင့်တည်ဆောက်ရင်း ဘဝနေနည်းမှန်မှန်၊ စိတ်ထားနည်းမှန်မှန်နဲ့ နှစ်လိုဖွယ်ရှိတဲ့၊ ကိုယ့်ဘဝကို ကိုယ်ကျေနပ်တဲ့ အသက်ရှင်သန်မှုမျိုးနဲ့ ဘဝမှာ ပျော်ရွှင်နေနပ်နေနိုင်တာက ပိုကောင်းမွန်တယ် လို့ ကျနော်ယူဆမိပါတယ်။

မင်းသေ့
နေ့လယ် ၂ း ၄၄
၃၀ ၊ ဒီဇင်ဘာ၊ ၂၀၁၉ ။
မန္တလေးမြို့။

Previous post အသိအမှတ်ပြုခံလိုခြင်းသားကောင်
Next post သမိုင်းလေ့လာချက်