ကျနော် သမိုင်းကို စိတ်ဝင်စားတယ်။ သမိုင်းလေ့လာချက်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စာပေတွေထဲကနေ နှိုက် ထုတ်လေ့လာမှုကို ကျနော် လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော် လေ့လာဖြစ်တဲ့ သမိုင်းလေ့လာနည်း တချို့ကို ပြောချင်တယ်။ ပဏာမ နိဒါန်းအနေနဲ့ ပြောပြချင်တာကို ဗျူပ္ပတ်ခင်း ပါရစေ…။

ပဏာမ

သမိုင်းဆိုတာ ပြီးပြီးသား ကိစ္စဖြစ်တယ်။ သမိုင်းဆိုတာ အတိတ်ဖြစ်တယ်။ ပြီးပြီးသားဖြစ်လို့ ပြင်လို့ မရဘူး။ အတိတ်ဖြစ်လို့ နေထိုင်လို့ မရတော့ဘူး။ ဒါပေမယ့် ပြီးပြီးသားကို ဆင်ခြင်လို့ ရတယ်။ အတိတ်က ကောင်းချက် တွေကို အတုယူပြီး၊ ဆိုးချက်တွေကို သင်ခန်းစာယူလို့ရတယ်။ သမိုင်းကို လေ့လာတဲ့အခါမှာ၊ အနာဂတ်ကို ပြန် ကြည့်ဖို့အတွက်ပဲ လေ့လာသင့်တယ်။ အတိတ်ဟာ သင်ခန်းစာယူစရာနဲ့ အတုယူစရာကိုပဲ ပေးနိုင်လိမ့်မယ်။ အတိတ်ကနေ ရုန်းမထွက်ဖို့ တွန်းအားမဖြစ်စေရဘူး။

သာမန် စာဖတ်သမားတစ်ယောက်ဟာ ကိုယ်နေထိုင်မွေးဖွားတဲ့ လူ့အဖွဲ့အစည်းနဲ့ လူ့ပတ်ဝန်းကျင်အကြောင်း ကို ကောင်းကောင်း နားလည်သဘောပေါက်သင့်တယ်။ ဒါ့ကြောင့် သမိုင်းလေ့လာခြင်းဟာ အများကြီး တာ, သွားတယ်။ သမိုင်းကို လေ့လာရင်းနဲ့ အတိတ်ကနေ ရုန်းမထွက်နိုင်အောင် ဖြစ်တတ်တာကိုလည်း သတိထား သင့်တယ်။ သမိုင်းကို လေ့လာတာဟာ အတိတ်မှာ နေထိုင်ဖို့ မဟုတ်ဘူးဆိုတာကို အမြဲတမ်း နှလုံးသွင်းထား သင့်တယ်။ ဒါကတော့ နိဒါန်း ပြောချင်တာ….။

မက်ခရိုဗျူး / မိုက်ခရိုဗျူး

သမိုင်းလို့ ပြောရင် မြင်ကွင်းကျယ်ကြည့်တာရှိတယ်။ ကွက်ကြည့်တာရှိမယ်။ မြင်ကွင်းကျယ်ဆိုတာကို မက်ခရိုဗျူး နဲ့ ကြည့်တာလို့ သုံးနှုန်းမယ်။ တစ်နေရာရာကို စူးစိုက်ပြီး ကွက်ကြည့်တာကို မိုက်ခရိုဗျူးမြင်အောင် ကြည့်တာလို့ ပြောရမယ်။

သမိုင်းကို ချည်းကပ်ရင် ၊ တစ်ခုလုံးကို ခြုံကြည့်ဖို့လည်း လိုတယ်။ တစ်နေရာရာကို အသေးစိတ် ကြည့်ဖို့ လိုရင် လည်း ကြည့်ရလိမ့်မယ်။ ဒါကတော့ သမိုင်း လေ့လာနည်း တစ်ခုဖြစ်ပါတယ်။ သစ်တောကို ကြည့်တာနဲ့ သစ်ပင် ကို ကြည့်တာဆိုပြီး ရှိပါလိမ့်မယ်။ ဒီတော့ သမိုင်းလေ့လာသူဟာ တစ်ကမ္ဘာလုံးရဲ့ဖြစ်စဉ် သဘောတရားကို အကြမ်းဖျင်းအားဖြင့်သော်လည်းကောင်း၊ ယေဘုယျအားဖြင့်သော်လည်းကောင်း စိတ်ထဲမှာ ကျက်မိအောင် လေ့လာဖို့ လိုတယ်။ တစ်ဖက်မှာလည်း ကိုယ့်လူ့အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ သမိုင်းကြောင်းကို သေချာ ဂဃနဏ နားလည်အောင် လေ့လာဖို့ လိုတယ်။ မြန်မာတစ်ယောက်အနေနဲ့ ဆိုရင် ကမ္ဘာ့သမိုင်းကို လေ့လာခြင်းဟာ မက်ခရိုဗျူးနဲ့ ကြည့်တာဖြစ်လိမ့်မယ်။ မြန်မာနိုင်ငံသမိုင်းကို လေ့လာခြင်းဟာ မိုက်ခရိုဗျူးနဲ့ ကြည့်တာဖြစ်လိမ့်မယ်။ ကမ္ဘာ့သမိုင်းဆိုတာဟာ တစ်ခုလုံးကို ခြုံငုံမိအောင် မြင်ကွင်းကျယ်ကျယ် မြင်ရအောင် ကြည့်တာနဲ့ တူတယ်။ မြန်မာ့သမိုင်းဆိုတာကတော့ ကိုယ့်အကြောင်းနဲ့ပတ်သက်တာကိုပဲ အထူးပြုပြီး မိုက်ခရို ဗျူးနဲ့ ကြည့်တာနဲ့ တူတယ်။ ဒါက တစ်ချက်။

ခေတ်နှောင်း / ခေတ်သစ်

သမိုင်းကို လေ့လာတဲ့အခါမှာ သမိုင်းစဉ်ကာလဇယားကို ပိုင်းကြည့်ဖို့ လိုလိမ့်မယ်။ သမိုင်းလို့ ပြောရင် အားလုံးကို ဘယ်လေ့လာနိုင်မလဲ။ အတိတ်ကာလဆိုတာ ရှည်ကြာစွာ ရှိခဲ့တာ။ လတ်တလောအတိတ်နဲ့ နှောင်း အတိတ်ဆိုတာလည်း ရှိတယ် မဟုတ်လား။ နှောင်းအတိတ်ဆိုတဲ့နေရာမှာ ဘယ်လောက်ထိ “နှောင်း” မလဲ ဆိုကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ဖြတ်ချင်းစီ ပိုင်းကြည့်မှ ကောင်းမယ်။

ဒီတော့ သမိုင်းကို လေ့လာရင် ခေတ်သစ် သမိုင်းလား/ ခေတ်နှောင်းသမိုင်းလား ဆိုတာကို ပိုင်းခြားလေ့လာမှ ထိရောက်နိုင်တယ်။ ခေတ်နှောင်းသမိုင်းလို့ ပြောတဲ့အခါမှာလည်း လူသားတို့ မှတ်တမ်းမှတ်ရာ စုံစုံလင်လင်ရ နိုင်တဲ့ အတိတ်က ခေတ်နှောင်းကာလကို ရွေးချယ်မလား။ သို့တည်းမဟုတ် လူသားတို့ သမိုင်းမတင်မှီခေတ်က ဟိုးအရှေးကျဆုံး ခေတ်နှောင်းထိ သွားချင်သလားဆိုတာ ထပ်မံ ဝေခွဲရပြန်တယ်။ ဒီလိုနဲ့ သမိုင်းလေ့လာမှုက တဖြည်းဖြည်း ကျယ်ပြန့်လာလိမ့်မယ်။

ဧရိယာ/ နယ်ပယ်

သမိုင်းကို လေ့လာရင် နယ်ပယ်ရွေးရတယ်။ ဧရိယာ ရွေးရတယ်။ ဒီတော့ ကိုယ်က ဘယ်နယ်ပယ်ကို အာရုံကျသလဲဆိုတာ အရေး ကြီးပြန်တယ်။ ယေဘုယျအားဖြင့် ပြောရင် နိုင်ငံရေးသမိုင်းလား၊ ကုန်လုပ်ဆက်ဆံရေးသမိုင်းလား (တနည်း) စီးပွားရေးသမိုင်းလား၊ လူမှုရေးသမိုင်းလား၊ လူမှု-စီးပွားသမိုင်းလား၊ ယဉ်ကျေးမှုသမိုင်းလား၊ ဘာသာရေးသမိုင်း လား၊ လူမျိုးသမိုင်းလား၊ စာပေသမိုင်းလား၊ တပ်မတော်သမိုင်းလား၊ ပြည်တွင်းစစ်သမိုင်းလား၊ ပညာရေးသမိုင်း လား၊ အုပ်ချုပ်ရေးသမိုင်းလား…. စသည်ဖြင့် အမျိုးမျိုး ဧရိယာခွဲပြီး လေ့လာမှကောင်းမယ်။ နောက်ထပ် ရှိသေးတယ်။ လူသားမျိုးဆက်သမိုင်းကိုလေ့လာမလား၊ စိတ်ပညာသမိုင်းလား၊ ဒဿနသမိုင်းလား၊ အနုပညာသမိုင်းလား၊ ပန်းချီသမိုင်းလား… စသည်ဖြင့် အမျိုးမျိုး အသေးစိတ် ခွဲခြားလေ့လာလို့ ရနိုင်သေးတယ်။ ဒီတော့ သမိုင်းလေ့ လာမှုမှာ နဂိုအစပိုင်းမှာတော့ တတ်နိုင်သမျှ ဧရိယာတွေကို ထိထိစပ်စပ်ရှိအောင် ကျယ်ကျယ်ပြန့်ပြန့် လေ့လာ မှကောင်းလိမ့်မယ်။ ဒါမှ သမိုင်းအမြင်ဟာ အဆက်အစပ်ရှိလိမ့်မယ်။

ဒေသ

သမိုင်းလေ့လာမှုမှာ ဒေသ (နယ်နိမိတ်) ကိုလည်း အခြေပြုပြီး လေ့လာရတယ်။ ဥပမာ ဆိုကြပါစို့။ အာရှနိုင်ငံ တွေရဲ့သမိုင်းကို လေ့လာမလား၊ သို့တည်းမဟုတ်၊ ဥရောပနိုင်ငံတွေရဲ့သမိုင်းကို လေ့လာမလား။ အာဖရိကဒေသတွင်းက နိုင်ငံတွေအကြောင်းလေ့လာမလား၊ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေရဲ့သမိုင်း စဉ် ကိုလေ့လာမလား။ အရှေ့တောင်အာရှဒေသနိုင်ငံတွေရဲ့ သမိုင်းကိုလေ့လာမလား၊ သို့တည်းမဟုတ် အင်ဒိုချိုင်းနားဒေသရဲ့သမိုင်းကို လေ့လာမလား။ ဒေသနယ်နိမိတ်ကို အခြေပြုပြီး အများကြီးလေ့လာလို့ ရနိုင်တယ်။

အာရှဒေသမှာကို ၊ အရှေ့တောင် အာရှ၊ တောင်အာရှ၊ အရှေ့အာရှဆိုပြီး ခွဲခြားပိုင်းဖြတ်ပြီးလေ့လာလို့ ရနိုင်သေးတယ်။ ထိုနည်းလည်းကောင်းပဲ အရှေ့အာရှ ဆိုကြပါစို့။ အရှေ့အာရှနိုင်ငံတွေထဲက ဂျပန်နိုင်ငံအ ကြောင်း သီးသန့်ခွဲထုတ်လေ့လာမလား၊ ကိုရီးယားနိုင်ငံအကြောင်းခွဲခြားလေ့လာကြည့်မလား။ အမျိုးမျိုးရနိုင် တယ်။ ဒါမှမဟုတ် အာရှဒေသထဲမှာပါဝင်တဲ့ တရုတ်နိုင်ငံသမိုင်းကို လေ့လာမလား။ ဆိုဗီယက် / ရုရှားလား။ တရုတ်ဆိုရင်တော့ “စိနဗေဒလေ့လာချက်” ပေါ့။ ရုရှားဆိုရင်တော့ “ကရင်မလင်ဗေဒ” ပေါ့။ ဒါကတော့ ဒေသ ကို အခြေခံပြီး ပိုင်းဖြတ်လေ့လာတာဖြစ်ပါတယ်။

မှန်ကူကွက်များ

သဘောထားမှန်ကူကွက်တွေကို စုံစုံလင်လင် မျက်နှာစုံပေါင်းစုံကနေ ကြည့်နိုင်မှ သမိုင်းဆိုတာကို အနီးစပ်ဆုံး အမှန်မြင်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် သမိုင်းလေ့လာမှုမှာ ဘက်ပေါင်းစုံကနေ ကြည့်နိုင်ဖို့ လိုတယ်။ သမိုင်းဆိုတာ နိုင်သူတွေကလည်း ရေးတယ်။ ရှုံးသူတွေဘက်ကလည်း အခြေအနေပေးရင် အငြိုးအတေးနဲ့ ရေးတတ်ကြ သေးတယ်။ တိုင်းပြည်ချစ်သူ၊ အမျိုးချစ်သူတွေက ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နဲ့ ရေးကြတဲ့သမိုင်းတွေ ရှိသလို၊ ယုံကြည်မှု အစွဲရှိတဲ့သူတွေကလည်း ကိုယ်သန်ရာသန်ရာ ယုံကြည်မှု အစွဲတွေနဲ့ ရေးကြတာချည်းပါပဲ။

လက်ဝဲဝါဒ စွဲသူက လက်ဝဲတွေးတွေးပြီး လက်ဝဲမှန်ပြောင်းနဲ့ ကြည့်ပြီးရေးတယ်။ ဆိုရှယ်လစ်က လူတန်းစား ရှုထောင့်နဲ့ကြည့်ပြီး လူတန်းစားအမြင်နဲ့ ရေးတယ်။ စစ်ဘက်ကတော့ လုံခြုံရေးအမြင်၊ စစ်ဝါဒမှန်ပြောင်းနဲ့ကြည့် ပြီး ရေးကြမှာပါပဲ။ ထိုနည်းလည်းကောင်းပဲ လူမျိုးစွဲဝါဒီက လူမျိုးကြီးဝါဒ ရှုထောင့်ကနေ ထောက်ခံမယ်၊ ကန့်ကွက်မယ်။ ဒီဟာကို ပါးပါးနပ်နပ် လုပ်လိမ့်မယ်။ ပညာရှင်မှာလည်း “ဂတိ” ရှိနိုင်တယ်။ ဒါ့ကြောင့် ပညာရှင် တိုင်းကလည်း ရမ်းယုံလို့ မရသေးဘူး။ သူတို့အတ္တနောမတိနဲ့ မသိမသာ “လော်” တာ ရှိသလို၊ ပညာတတ် ဆန်ဆန် “ဆော်” တာလည်း ရှိတာပဲ။ ပညာရှင်ဆိုတာကတော့ များသောအားဖြင့် သိသိသာသာ ဘက်လိုက်တာ အင်မတန် ရှားပါတယ်။ မသိမသာ ဘက်လိုက်တာတော့ တော်တော်များများ ရှိပါတယ်။ ဒါကို အရပ်စကားလိုပြောရင်တော့ “ကပ်ထည့်တယ်” လို့ ပြောလို့ ရနိုင်မယ် ထင်တယ်။ ဒါ့ကြောင့် ကောင်းကောင်း ဖတ်ကြည့်ဖို့ လိုတယ်။ သဘောထားမှန်ကူ ကွက်ကို မျက်နှာစာ စုံစုံကြည့်နိုင်ရင် အမှားနည်းနိုင်တယ်။ သမိုင်းကို ရေးတဲ့ စာရေးဆရာတွေမှာလည်း အတ္တနောမတ္တိတွေ အတောင့်လိုက်ရှိနေတာကို သတိထားစေချင်တယ်။

ဥပမာ – တရုတ်ပြည်အကြောင်း ရေးတာချင်း အတူတူ အဂ္ဂါစနိုးရေးတာနဲ့ ကစ်ဆင်းဂျားရေးတာ ကွာတယ်။ ဘာကွာသလဲ ဆိုတာတော့ လေ့လာကြည့်စေချင်ပါတယ်။ မြန်မာပြည်မှာ မြန်မာပညာရှင်ဖြစ်တဲ့ ဒေါက်တာ မောင်မောင်ရေးတဲ့ စာအုပ်တွေကို လေ့လာကြည့်ပါ။ ရောဘတ်တေလာရေးတဲ့ စာအုပ်တချို့ကို လေ့လာကြည့် ပါ။ မေရီကလန်ဟမ်ရေးတဲ့ စာအုပ်တချို့ကိုလေ့လာကြည့်ပါ၊ ဒေါက်တာမောင်မောင်ကြီးရေးတဲ့ စာအုပ်ကိုလေ့ လာကြည့်ပါ၊ ဘာတေးလစ်တနာရေးတဲ့စာအုပ်တချို့ကိုလေ့လာကြည့်ပါ၊ ဒေးဗစ်စတိုင်းဘတ်ရေးတဲ့ စာအုပ် တချို့ကို လေ့လာကြည့်ပါ၊ သန့်မြင့်ဦးရေးတဲ့စာအုပ်တချို့ကို လေ့လာကြည့်ပါ။ ဒါဆိုရင် သမိုင်းမှန်ကူကွက် တော်တော်များများကို လေ့လာလို့ ရနိုင်မယ် ထင်ပါတယ်။
ပါလီမန်ခေတ် အကွဲအပြဲ အကြောင်းကို နှိုင်းယှဉ်လေ့လာဖို့ ၊ “အကွဲအပြဲဇာတ်လမ်း” ဆိုတာနဲ့ “ကျော်ငြိမ်း… ငါ့ညီငယ်ပါသေးတယ်… ဟဲ ဟဲ ဟဲ” ဆိုတဲ့ စာအုပ်တွေကလည်း ယှဉ်စပ်လေ့လာလို့ကောင်းတဲ့ စာအုပ်တွေ ဆိုတာ သိစေချင်ပါတယ်။

ဘာပဲပြောပြော သမိုင်းကို နားလည်ထားရင် အုတ်ရောရော ကျောက်ရောရော ဖြစ်တဲ့ လူအုပ်ထဲ ကိုယ်မပါနိုင် တော့ဘူးပေါ့။ အများမိုးခါးရည်သောက်သလို သောက်စရာ မလိုတော့ဘူးပေါ့။ ဒေါက်တာသန်းထွန်းပြောသလို ဆိုရင် မ,အ တော့ဘူးပေါ့။ မ,အ ဘူးဆိုရင် အလိမ်မခံရတော့ဘူးပေါ့။

စာသမားတွေ သမိုင်းကို ထိထိစပ်စပ်နဲ့ အဆက်အစပ်ရှိရှိ လေ့လာနိုင်ကြပါစေ….

မင်းသေ့
ည ၉ း ၃၁
၂၇ ၊ ဒီဇင်ဘာ ၊ ၂၀၁၉ ။
မန္တလေးမြို့။

Previous post စာကြီးပေကြီးတွေ ကိုင်ပါ
Next post ရူးခွင့်မရှိတဲ့ တိုင်းပြည်