မြန်မာတွေဟာ ရူးသွပ်တာနဲ့ ရူးမိုက်တာကို မခွဲတတ်ဘူး။ ရူးသွပ်တယ်ဆိုတာ အရူးအမူးကို ပြောတာ။ ရူးမိုက်တယ်ဆိုတာ သောက်ပေါကို ပြောတာ။ ဒါပေမယ့် ရူးတယ်ဆိုတာကို မြန်မာတွေတော်တော်များများက လုံးချတယ်။ ဒီကောင် အရူး လို့ ပြောရင် ဘာအရူးမှန်း သေချာ မကြည့်ဘူး။ ဒီကောင် သောက်ပေါ၊ ရူးကြောင်ကြောင်၊ ပေါချောင်ချောင်၊ ဂေါက်တောက်တောက်၊ ဘုဂလန့်၊ ရူးကြောင်မူးကြောင်၊ သူငယ်နာ မစင်တဲ့ကောင်၊ ကျပ်မပြည့်တဲ့ကောင်၊ သိုးမည်း… လို့ ယူဆလိုက်ကြတယ်။

မြန်မာတွေဟာ ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်က အများနဲ့ မတူဘဲ၊ ထူးပြီး ကွဲထွက်နေရင် တစ်နည်း နည်းနဲ့ တံဆိပ်ခတ် ကန့်သတ်ပစ်တတ်ကြတယ်။ ခံရတဲ့သူမှာတော့ ရွာ့ပြင်ထုတ်ခံရသလို ဖြစ်သွားတယ်။ marginalize လုပ်ပစ်လိုက်ကြတယ်။ ဖယ်ကြဉ်လိုက်တယ်။ ကန့်သတ်လိုက်တယ်။ မင်းဟာ ငါတို့နဲ့ မတူဘူး ဆိုပြီး သောက်ပေါ စာရင်းထဲထည့်လိုက်ကြတယ်။
ဒီကောင်က ရူးတယ်လို့ ပြောရင် အကောင်းဘက် ထက် အဆိုးဘက်ကို ပိုကဲပြီး မြင်ကြတယ်။ ဒါက မြန်မာတွေ ရဲ့ ဓလေ့၊ ယူဆချက်ဖြစ်လာခဲ့တယ်။ မြန်မာပြည်မှာ အရူးတွေအတွက် နေရာ မရှိဘူး။ အရူးတွေအတွက် နေရာ ပေးမထားဘူး။ အရူးတွေကို အသိအမှတ်မပြုဘူး။ အရူးတွေကို အားပေး အားမြှောက်မလုပ်ဘူး။

အခု ကျနော် ပြောနေတဲ့ အရူးဆိုတာ စိတ်မနှံ့တဲ့သူကို ပြောတာ မဟုတ်ပါဘူး။ ကျပ်မပြည့်တဲ့ သူကို ပြောတာ မဟုတ်ပါဘူး။ အလုပ်တစ်ခု ရူးရူးသွပ်သွပ်လုပ်နေတဲ့သူကို ပြောတာဖြစ်ပါတယ်။ ဝါသနာ တစ်ခုကို ရူးရူးမိုက် မိုက် လုပ်နေတဲ့သူကို ပြောတာဖြစ်ပါတယ်။

လူတစ်ယောက်ဟာ အာရုံတစ်ခုတည်းအပေါ်မှာပဲ စိတ်ရောက်နေတယ်။ အလုပ်တစ်ခုတည်းအပေါ်မှာပဲ စိတ်နှစ် ထားတယ်။ ဝါသနာတစ်ခုတည်းအပေါ်မှာပဲ ရူးသွပ်နေတယ်။ အဲသည့်အလုပ်ကိုပဲ လုပ်မယ်၊ အဲသည့် အလုပ်နဲ့ပတ်သက်တာပဲ တွေးနေတယ်၊ အဲသည့်အလုပ်နဲ့ ဆက်စပ်တာကိုပဲ လေ့လာနေတယ်၊ ဆည်းပူးနေ တယ်၊ လေ့ကျင့်နေတယ်၊ တီထွင်ဖန်တီးစမ်းသပ်ကြည့်နေတယ်၊ သူ့ရဲ့အချိန်တွေကို အဲသည့်နယ်ပယ်၊ အဲသည့် ဝါသနာ၊ အဲသည့်အာရုံတွေထဲမှာပဲ နှစ်ထားတယ်၊ သူက တခြားဘာမှ မသိချင်ဘူး၊ သူရူးသွပ်ရာ၊ သူ အာရုံကျရာကိုပဲ သူ့စိတ်ကို နှစ်ထားတယ်။ သူ့ခန္ဓာကို နှစ်ထားတယ်။ သူ့မှာရှိသမျှ အချိန်တွေကို ဒါနဲ့ပဲ ကုန် ဆုံးတယ်။ သူ့ရဲ့တစ်နေ့ တာ အချိန်တွေကို ဒီအလုပ်တစ်ခုတည်းနဲ့ ဖြတ်သန်းတယ်။ သူသာ သူ ရူးသွပ်တဲ့ အရာကိုပဲ သဲကြီးမဲကြီး နေ့စဉ် တစိုက်မတ်မတ် လုပ်ကိုင်နေတယ်။

ဒီလိုလူကို ပတ်ဝန်းကျင်မှာ တွေ့တဲ့အခါ လူတော်တော်များများဟာ အရူးလို့ သတ်မှတိလိုက်ကြတယ်။ အများ သဘောကို ဆန့်ကျင်နေတဲ့သူ၊ အများနဲ့ အံမဝင်တဲ့သူလို့ သတ်မှတ်လိုက်ကြတယ်။ အလုပ်တစ်ခုတည်း၊ သူအာ ရုံကျရာ တစ်ခုတည်းအပေါ်မှာပဲ သူ့အပြုအမူတွေက ထက်သန်နေလို့ ဒီလိုလူကို တခြားလူတွေ လုပ်စေချင်တဲ့ အလုပ်မျိုးကို ခိုင်းဖို့ ခက်တယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်ကနေ ဒဏ်ခတ်တဲ့အနေနဲ့ ဒီလို သမာရိုးကျ အများနဲ့ မတူတဲ့ အလုပ်မျိုးကို ရူးရူးသွပ်သွပ် လုပ်နေတဲ့သူကို တံဆိပ်ခတ် ဖို့ ကြိုးစားကြတယ်။ လူမှုပြစ်ဒဏ်တစ်ခုအနေ နဲ့ အပြစ်ပေးလိုက်ကြတယ်။ ဒီလို အပြစ်ပေးတဲ့နည်းကတော့ အဲသည်လူကို အရူးလို့ သတ်မှတ်ပြဌာန်းလိုက် ခြင်းပါပဲ။

ဒီလို အပြစ်ဒဏ်ပေးတာကို သူတို့ိကိုယ်တိုင် သိချင်မှ သိလိမ့်မယ်။ သူတို့ကိုယ်တိုင် သတိထားမိချင်မှ သတိထား မိလိမ့်မယ်။ ဒါပေမယ့် သူတို့ လက်တွေ့လုပ်လိုက်ကြတယ်။ ဒီနည်းနဲ့ ဝါသနာတစ်ခုခုကို ရူးရူးသွပ် သွပ် လုပ်နေတဲ့သူတွေဟာ ပတ်ဝန်းကျင်ရဲ့ အဝေးမှာ ရောက်ကုန်တယ်။ လူ့အသိုင်းအဝိုင်းရဲ့အပြင်ဘက်ကို ရောက်ကုန်ကြတယ်။ တချို့လည်း အဲသည်လို သတ်မှတ်ခံရတော့ စိတ်ပျက်အားလျော့ကုန်ကြတယ်။ ဒါကို မြန်မာ့လူ့အဖွဲ့အစည်းမှာ အများကြီးတွေ့နိုင်တယ်။

မြန်မာစကားပုံ တစ်ခုရှိတယ်လေ။ ခင်ဗျားတို့လည်း သိလိမ့်မယ် ထင်ပါတယ်။ အရူး ဗုံမြှောက် လုပ်တယ်ဆိုတဲ့ စကား။ အရူးက နဂိုကတည်းက က,ချင် နေတာ ။ ဗုံတီးပြီး မြှောက်ပေးလိုက်တော့ ပိုလို့တောင် က,သေး ဆိုတဲ့ သဘောကို ပြောတာဖြစ်ပါတယ်။ ဒီတော့ အရူးကို အားပေးတဲ့သူတွေကို ရှုတ်ချတဲ့အနေနဲ့ အရူး ဗုံမြှောက် ဆိုတဲ့ စကားက ပေါ်လာတာဖြစ်ပါတယ်။

ဒီနေရာမှာ ကျနော် ပြောချင်တာက၊ မြန်မာမှာ ဝါသနာကို ရူးရူးသွပ်သွပ် လုပ်နေတဲ့ လူငယ်တွေ ရှိတယ်။ အဲသည်လို ဝါသနာကို ရူးသွပ်တဲ့သူတွေက ဟိုးအရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ နောင်လည်း ရှိအုံး မှာပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာ တစ်ခုခုကို ရူးရူးသွပ်သွပ် လုပ်ရင် ပတ်ဝန်းကျင်က အားမပေးဘူး။ လူအများက ရှုတ်ချကြတယ်။ မိဘတွေကလည်း အဲသည်လို လုပ်နေတဲ့သားသမီးမျိုး ရှိရင် “မင်းအရူးထမနေ စမ်းပါနဲ့” လို့ ပြောတတ်ကြတယ်။ သူငယ်ချင်း တွေကလည်း ဝါသနာကို ရူးရူးမူးမူး လိုက်နေတဲ့ သူတို့ သူငယ် ချင်းကို “ဒီကောင်က အရူး” လို့ ပြောတတ်ကြတယ်။ ဒီလို စကားကို လူတော်တော်များများဟာ တစ်ကြိမ်ကြိမ် မှာ အပြောခံရဖူးမယ် ထင်ပါတယ်။ ဒါဟာ မရည်ရွယ်ထားဘဲ လူ့အဖွဲ့အစည်းကို ပြစ်မှုကျူးလွန်လိုက်တာပဲဖြစ် ပါတယ်။ အဲသည့်အထဲမှာ အဆိုးဆုံးကတော့ ဆရာ / ဆရာမ တွေဖြစ်ပါတယ်။ ဆရာ / ဆရာမတွေဟာ သူတို့ အတန်းသားထဲမှာ အများနဲ့မတူ ၊ တမူထူးပြီး လုပ်တတ်တဲ့ ကျောင်းသားကို မနှစ်မြို့တတ်ကြဘူး။ မနှစ်ခြိုက် တတ်ကြဘူး။ အများနဲ့ မတူ၊ တခြားကျောင်းသားတွေနဲ့ ပုံစံ ကွဲထွက်ပြီး လုပ်နေတဲ့ ကျောင်းသားကို ရှုတ်ချ တယ်။ လူညံ့လို့ သတ်မှတ်ပစ်လိုက်တယ်။ ကြပ်မပြည့်ဘူး၊ ဉာဏ်ရည်မမှီဘူးလို့သတ်မှတ်လေ့ရှိကြတယ်။ ထိုနည်းလည်းကောင်းပဲ ဒီကလေးဟာ တခြားသူတွေနဲ့ ကွဲထွက်နေလို့ ပေါချောင်ချောင်၊ ဂေါက်တီးဂေါက်တောက် ဖြစ်တယ်လို့ သတ်မှတ်ကြတာများပါတယ်။ ဒါဟာ လူစွမ်းလူစကို သတ်လိုက်ခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ပတ်ဝန်းကျင်မှာ အညွှန့်မလူခင် အညွှန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ လူငယ်တွေဟာ သူတို့ ယုံကြည်ရာ၊ သူတို့ဝါသနာထုံရာ၊ သူတို့ ရူူးသွပ်တဲ့အရာကို လုပ်ချင်ကြတယ်။ လုပ်ဖို့လည်း ကြိုးစားကြတယ်။ ဒါပေမယ့် ဒီလို ဝါသနာကို ရူးရူးသွပ်သွပ် လိုက်နေတဲ့လူငယ်တွေကို မိဘတွေ၊ ဆရာတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ သူငယ်ချင်းတွေက ကဲ့ရဲ့ရှုတ်ချကြတယ်။ သူ့ရှေ့မှာ ကဲ့ရဲ့မရှုတ်ချဘူး ဆိုရင်တောင် လူကြားသူကြားထဲမှာ စသလိုလို၊ နောက်သလိုလိုနဲ့ ကဲ့ရဲ့ကြတယ်။ ဟားကြတယ်။ လှောင်ပြောင် ကြတယ်။ ဒီလိုနည်းနဲ့ ဝါသနာကို ရူးရူးသွပ်သွပ် လုပ်ချင်ကြတဲ့ လူငယ်တွေဟာ အညွှန့်ချိုးခံလိုက်ကြရတယ်။

ဒီလို လူငယ်တွေ တော်တော်များများကို တွေ့နေရပေမယ့်၊ အဲသည်လို လှောင်ပြောင်ဟားတိုက်ခြင်းခံနေရတဲ့ အကြားက လှောင်ပြောင်မှုတွေကို လျစ်လျှူရှုပြီး ဝါသနာပါရာကို ရူးရူးမိုက်မိုက် တစ်ဇွတ်တိုး လုပ်တတ်ကြတဲ့ လူငယ်အချို့ကိုလည်း တွေ့ရပါတယ်။ ဒီလို ရူးရူးမိုက်မိုက်နဲ့ လှောင်ပြောင်မှုတွေကို မျက်နှာပြောင်တိုက်ပြီး လုပ်တတ်ကြတဲ့ လူငယ်တချို့သာ သူတို့ဝါသနာကို သူတို့ လုပ်ခွင့်ရကြပါတယ်။ ဒီလို မိုက်မိုက်ကန်းကန်း သတ္တိရှိတဲ့ လူငယ်တွေကတော့ နည်းပါတယ်။ ရှားပါတယ်။

လူငယ်တော်တော်များများဟာ ကိုယ့်တန်ဖိုးနဲ့ကိုယ့်ဘဝကို တည်ဆောက်မယ်ဆိုပြီး ကြုံးဝါးကြီးပြင်းလာကြပေ မယ့်၊လူငယ်တော်တော်များများဟာ လူ့ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်သရော်မှုတွေကို မခံနိုင်ပါဘူး။ ဆယ် ကျော်သက် လူငယ်ဘဝမှာ မိဘရဲ့အမှီအခိုကနေ မကင်းလွတ်သေးတဲ့အခါ ပိုလို့ ဆိုးပါတယ်။ မိဘတွေဟာ သူတို့ ထောက်ပံ့ကျွေးမွေးထားတဲ့ သားသမီးအပေါ်ကို လွှမ်းမိုးပါတယ်။ မိဘကိုယ်တိုင်က လူ့တန်ဖိုးနဲ့ လူ့ဂုဏ် သိက္ခာဆိုတာကို လွဲမှားစွာ လက်ခံယူဆထားတဲ့သူတွေဆိုရင် ပိုလို့တောင် စိုးပါတယ်။ မိဘကို အမှီအခိုပြုနေ ရတဲ့ သားသမီးဟာ မိဘကို လွန်ဆန်နိုင်ဖို့ ခက်ပါတယ်။ တော်တော်များများဟာ မိဘကို မတော်လှန်၊ မဆန့် ကျင်ဘဲ မိဘတွေ အလိုကျ လိုက်လုပ်ကြတာများပါတယ်။ ဒီလိုနဲ့ ဒီလိုလူငယ်တွေလည်း တဖြည်းဖြည်းနဲ့ သူတို့ ဝါသနာနဲ့ တဖြည်းဖြည်း ဝေးသွားကြတာပါပဲ။

ဝါသနာကို လုပ်ခွင့်ရနေတဲ့ လူငယ်တော်တော်များများကို ကြည့်ရင်လည်း သူတို့ ဝါသနာကို လုပ်ခွင့်ရဖို့အတွက် ပတ်ဝန်းကျင်နဲ့ မိဘနဲ့ ဆွေမျိုးအသိုင်းအဝန်းနဲ့ ဆရာ/ ဆရာမတွေနဲ့ အတိုက်အခံလုပ်ပြီး မိုက်မိုက်ကန်းကန်း ထိုးထွက်လာခဲ့ကြလို့ သူတို့ ဝါသနာကို သူတို့ ဆက်လက်လုပ်ခွင့်ရနေကြတာများပါတယ်။ အဲသည်လိုမှ တော်လှန်ရေး မလုပ်ရင် သူတို့ဟာ အများတကာလိုပဲ သမားရိုးကျဘဝမှာ နိဂုံးချုပ် ဇာတ်သိမ်းသွားကြမှာဖြစ် ပါတယ်။ ဒီလိုလူငယ်တွေဟာ သူတို့ဘဝကို အများတကာလို သမားရိုးကျ ဖြတ်သန်းကြရမှာ အကြောက်ဆုံးပါ ပဲ။ ဒါ့ကြောင့်လည်း ဝေဖန်ထိုးနှက်မှုတွေ၊ လှောင်ပြောင်သရော်မှုတွေကို ရင်ဆိုင်ပြီး သူတို့ယုံကြည်ရာဝါသနာ ကို တစိုက်မတ်မတ် လုပ်နေနိုင်ကြတာဖြစ်ပါတယ်။

မြန်မာပြည်မှာ ရူးခွင့် မရှိဘူး။
မြန်မာပြည်က ရူးခွင့်ပေးမထားဘူး။

ဒါပေမယ့် ဒီဘက်ခေတ် နောက်ပိုင်းမှာ အရင်ကထက် ကိုယ်လုပ်ချင်တဲ့အလုပ်ကို ရူးရူးသွပ်သွပ် လုပ်နေကြတဲ့ လူငယ်တော်တော်များများကို ရှားရှားပါးပါး ၊ များများစားစား တွေ့နေရပါတယ်။ ဒါကို ဝမ်းသာပါတယ်။ သူတို့ဟာ သူတို့ လုပ်ချင်တဲ့အလုပ်၊ သူတို့ချစ်တဲ့ဝါသနာကို လုပ်ခွင့်ရဖို့အတွက် ဘယ်လောက်များ စိတ်ဒဏ်ရာ တွေ အရခံပြီး ဇွတ်တိုးခဲ့ကြသလဲဆိုတာကို တွေးမိပြီး ကိုယ်ချင်းစာမိပါတယ်။ ဝါသနာကို လုပ်ခွင့်ရဖို့အတွက် မိုက်မိုက်ကန်းကန်း သတ္တိမျိုးလည်း လိုတယ်။ ဘယ်သူ ဘာထင်ထင် ဂရုမစိုက်ဘူးဆိုတဲ့ ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်ဖို့လည်း လိုတယ်။ ဘယ်သူ ထိုးနှက်တိုက်ခိုက်သည်ဖြစ်စေ မနာတတ်တဲ့ အရေထူမှုမျိုးလည်း လိုတယ်။ ကိုယ့်ဝါသနာကို ပေါက်ပေါက်မြောက်မြောက် တစိုက်မတ်မတ် လောက်လောက်လားလား ထွန်းပေါက်အောင်လုပ်နိုင်ဖို့ ဇွဲ့လုံ့လ ဝီရိယမျိုးလည်း လိုအပ်တယ်။ အမြဲတမ်း မျက်စိကိုဖွင့် ၊ နားကိုစွင့်ပြီး လေ့လာသင်ယူနေတတ်တဲ့ အလေ့အထမျိုးလည်း လိုတယ်။

• လူငယ်တွေကို ရူးခွင့်မပေးတဲ့ မြန်မာပြည်လို လူ့အဖွဲ့အစည်းမျိုးက မတိုးတက်တာ မဆန်းပါဘူး။
• ဝါသနာကို ရူးရူးသွပ်သွပ် လုပ်ခွင့်နည်းတဲ့ မြန်မာပြည်လို လူ့အဖွဲ့အစည်းမျိုးက မကြီးပွားတာ မဆန်းပါဘူး။
• အလုပ်တစ်ခုအပေါ် ရူးရူးမူးမူး လုပ်နေတဲ့သူတွေကို ရှုတ်ချကဲ့ရဲ့ လှောင်ပြောင်တတ်တဲ့ မြန်မာပြည်လို လူမှုစရိုက် မျိုးရှိတဲ့ တိုင်းပြည်ဟာ ပြောင်ပြောင်ရောင်ရောင် မရှိတာ မဆန်းပါဘူး။
• မြန်မာပြည်ဟာ အခုလို အခြေအနေမျိုးမှာ အောက်ကျ နောက်ကျ နိုင်နေတာ သိပ်မဆန်းပါဘူး။

သိပ်မဆန်းပါဘူး။
သိပ်မဆန်းပါဘူး။

ကျနော်ကတော့…. ဝါသနာကို ရူးရူးသွပ်သွပ် လုပ်နေတဲ့ လူငယ်တွေကို တွေ့ရင် သိပ်ချစ်တယ်။ ဝါသနာအပေါ် ရူးသွပ်နေသူတွေကို ကဖျက်ယဖျက်လုပ်ပြီး၊ လှောင်ပြောင်ကဲ့ရဲ့နေတဲ့ ငနဲသားတွေကို သိပ်မုန်းတယ်။

မင်းသေ့
ည ၇ း ၅၈
၁၆ ၊ ဒီဇင်ဘာ ၊ ၂၀၁၉ ။

Previous post သမိုင်းလေ့လာချက်
Next post Podcast

One thought on “ရူးခွင့်မရှိတဲ့ တိုင်းပြည်

Comments are closed.