လူတော်တော်များများဟာ အသိအမှတ်ပြုခံလိုခြင်းရဲ့သားကောင် ဖြစ်မှန်းမသိဖြစ်နေကြတယ်။ ဒီဘက်ခေတ်မှာ လူတွေဟာ ကိုယ်အတ္တကို ကိုယ်အရောင်တင်ဖို့အတွက် အခွင့်အလမ်း ပိုများလာကြ တယ်။ လူတော်တော်များများဟာ ကိုယ် တကယ်လုပ်ချင်နေတဲ့အလုပ်ကို လုပ်နေကြတာထက် အသိ အမှတ်ပြုခံရဖို့အတွက် လုပ်နေကြတဲ့အလုပ်တွေက ပိုများတယ်။ အနုပညာတစ်ရပ်ရပ်ကို ဖန်တီးသည် ဖြစ်စေ၊ သို့တည်းမဟုတ် ပရဟိတလုပ်ငန်းတစ်ခုခုကို ကူညီလုပ်ကိုင်သည်ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု တစ်ရပ်ရပ်၌ ပါဝင်သည်ဖြစ်စေ…. လူအသိအမှတ်ပြုခံရရေးအတွက် အဓိကထား လုပ်နေတာတွေကို တွေ့ရတယ်။ ဒါဟာလည်း လူ့သဘာဝဖြစ်လို့ အမှားရယ်လို့တော့ မဟုတ်ပါဘူး။

လူဆိုတာ အသိအမှတ်ပြုခံချင်တဲ့သတ္တဝါလို့ ဒဿနသမားတွေက ပြောခဲ့ဖူးတယ် မဟုတ်လား။ လူသား ပြုမူချက်တွေဟာ လူသားသဘာဝအရ အသိအမှတ်ပြုခံချင်တာဟာ အမှားမဟုတ်ပေမယ့်၊ လူသားစိတ်ရဲ့ အမြင့်ဆုံးအပိုင်းကို သွားနိုင်ဖို့ လိုနေသေးတယ်။ လူသားဟာ လွတ်လပ်သောစိတ်နဲ့ အလုပ်ကို လုပ်နိုင်မှ ပိုကောင်းတဲ့စိတ်အရည်အသွေးကို ရနိုင်တယ်။ ပိုလွတ်လပ်တဲ့စိတ်အရည်အသွေး ကို ရဖို့ ဆိုရင် အသိအမှတ်ပြုခံချင်တဲ့ သားကောင် ဘဝကနေ သတိရှိရှိ လွတ်မြောက်ဖို့ လိုတယ် လို့ ကျနော် ထင်တယ်။

လူသားဟာ အလုပ်တစ်ခုခုကို ဘာအတွက် လုပ်ပါသလဲ။ လူသားဟာ စာပေ၊ အနုပညာတစ်ရပ်ရပ်ကို ဘာအတွက် ဖန်တီးပါသလဲ။ လူသားဟာ အများကောင်းကျိုးအလုပ်ကို ဘယ်အတွက် လုပ်ကိုင်ပါသလဲ။ နိုင်ငံရေးအရေး၊ တိုင်းရေးပြည်ရေး၊ အမျိုးသားရေးပါဝင်လှုပ်ရှားမှုတွေမှာလည်း ဘယ်အတွက် ဝင်ရောက်ပါဝင်ကြပါသလဲ။

လူတော်တော်များများဟာ အသိအမှတ်ပြုခံချင်ခြင်းနဲ့ မကင်းလွတ်ပါ။ ကျနော်ကိုယ်တိုင်လည်း မကင်း လွတ်ပါ။ ကင်းလွတ်ချင်ပေမယ့် လူသားဗီဇအရ၊ လူသားသဘာဝအရ သတိလက်လွတ်ဖြစ်မိတိုင်း ကိုယ့်အတ္တနဲ့ ကိုယ့်ပုံရိပ်ကို အရောင်တင်ဖို့ လုပ်မိတယ်။ ပုဂ္ဂိုလ်ရေးဩဇာဆိုတာကို လိုချင်လာတယ်။ လူတွေအပေါ် ကိုယ့်ရဲ့ ဩဇာသက်ရောက်မှု လိုချင်လာတယ်။ လူတွေနဲ့ ပတ်သက်ပြီး ကိုယ့်အပေါ် အားပေးချီးမြှောက်တဲ့အပေါ် နှစ်ခြိုက်သဘောကျလာတယ်။ လူတွေ ချီးကျူးတာကို နှစ်လိုတယ်။ လူတွေ လက်ခုပ်တီးတာကို သာယာတယ်။ ဒီလိုနဲ့ ကိုယ့်အတ္တကို အရောင်တင်တဲ့ကိစ္စတွေ တစ်ခုပြီး တစ်ခု လုပ်လာမိတယ်။ စာပေကို ဖန်တီးတယ်ဆိုရင်တောင် လူအသိအမှတ်ပြုခံရရေးအတွက် ကြိုးစား လာတာကို သတိထားမိတယ်။ ဒါဟာ အနုစားစိတ်အာရုံဖြစ်တာမို့၊ တော်ရုံတန်ရုံဆို ကိုယ့်ကိုယ်ကို သတိမထားမိပါ။ နည်းနည်းသတိထားကြည့်မှ ၊ ငါဟာ သူတို့ အသိအမှတ်ပြုခံရရေးအတွက် အားထုတ် နေတာပါ့လားလို့ သတိထားမိပြီး၊ အဲဒါဟာ အင်မတန် ပင်ပန်းပါ့လားလို့ တွေးမိပြီးသက်ပြင်းချရတယ်။

လူ့စိတ်ဟာ သတိသာ မရှိရင် အရာတော်တော်များများကို အကန့်အသတ်မထား၊ တရပ်ဟော လုပ် ပစ်တတ်တယ်။

ငါ ဟာ ကျော်ကြားချင်ကြတယ်။ ငါဟာ အောင်မြင်ချင်တယ်။ ငါ့ လုပ်ရပ်ကို လူတွေ ချီးမွှမ်းဩဘာပေး ရမယ်။ ငါ့စကားကို လူတွေ လက်ခံရမယ်။ ငါ့လုပ်ရပ်တွေကို လူတွေ အားကျရမယ်။ ငါ့လို ဖြစ်ချင်တဲ့ လူတွေ များလာရမယ်။ ငါ့ကို လူတွေ လေးစားရမယ်။ ငါ့ကို လူတွေ အသိအမှတ်ပြုရမယ်…. ဆိုတဲ့ စိတ်တွေနဲ့ လုပ်တဲ့ ကိစ္စတိုင်း ကိစ္စတိုင်း၊ အလုပ်တိုင်း အလုပ်တိုင်းဟာ ပင်ပန်းပါ့လား၊ ဆင်းရဲပါ့လား၊ မလွတ်လပ်ပါ့လားလို့ သိသိပြီး ကိုယ့်ကိုယ်ကို လက်တို့ သတိပေးနေရတယ်။

ကိုယ်လုပ်တဲ့အလုပ်၊ ကိုယ်ဖန်တီးတဲ့ စာပေ / အနုပညာဟာ လွတ်လပ်တဲ့စိတ်နဲ့ လုပ်တာ၊ ဖန်တီးတာ ဟာ ပိုကောင်းတဲ့ စိတ်ဓာတ်မြင့်မြတ်မှုကို ပေးစွမ်းနိုင်တယ်။ ဒီလိုလွတ်လပ်တဲ့စိတ်နဲ့ အနှောင်အဖွဲ့ကင်း တဲ့စိတ်နဲ့ လုပ်ရတာ ကြိုက်လာတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်အတ္တကို ကိုယ်ဖိုထိုးရ တဲ့ အလုပ်ကို စက်ဆုပ်လာတယ်။ ကိုယ့်ပုံရပ်ကို အရောင်တင်ရတဲ့ကိစ္စကို မုန်းလာတယ်။

လူ့ဘဝဟာ တိုတိုကလေးပဲ။ လူ့သက်တမ်းမှာ အလွန်ဆုံးနေရဘယ်လောက်လဲ။ သိပ်များများစားစား မရှိပါဘူးနော်။ သေရင်လည်း ခန္ဓာဆိုတာ မီးသဂြိုလ်စက်ထဲ ထည့်ပြီးပြာဖြစ်သွားမှာ။ သေတဲ့ ခန္ဓာကိုယ် ဟာ ဖိနပ်စုတ်လောက်တောင် တန်ဖိုးမရှိတော့ဘူးတဲ့။ ငယ်ငယ်တုန်းက အမေပြောဖူးတာ အမှတ်ရ တယ်။ လမ်းသွားရင်း ကိုယ့်ဖိနပ်လေး ပြတ်သွားရင်၊ အိမ်တစ်အိမ်မှာ ဖိနပ်ပြတ်လေးကို ခဏ အပ်ထား လို့ ရသေးတယ်။ အပြန်ကြရင် ပြန်ယူပါ့မယ်လို့ ပြောပြီး ဖိနပ်ပြတ်လေးကို အပ်ထားလိုက်။ ရွာထဲ၊ ရပ်ကွက်ထဲက ဘယ်အိမ်မဆို လက်ခံမယ်နော်။ ဒါပေမယ့် လူတစ်ယောက်သေသွား။ အဲသည့် လူသေ ကောင်ကို အိမ်မှာ ခဏ အပ်ထားမယ်၊ ပြီးတော့ပြန်လာယူမယ်လို့ ပြောရင် ဘယ်သူ လက်ခံမလဲ။ ဘယ်သူမှ လက်မခံဘူးနော်။ ဘယ်သူမှ လူသေကောင်ကို ကိုယ့်အိမ်မှာ လာအထားခံမှာလဲ။ ဒါကြောင့် လူဟာ သေသွားရင် ဖိနပ်ပြတ်လောက်တောင် တန်ဖိုးမရှိဘူးလို့ ပြောခဲ့ဖူးတယ်။

မသေခင် တန်ဖိုးတွေ တက်အောင် လုပ်နေရတာကိုက ဘဝစွန့်စားခန်းကို ဖွင့်နေရတယ်လို့ မှတ်ပါ တယ်။ တန်ဖိုးလို့ ပြောတဲ့အခါမှာလည်း လူတွေ သတ်မှတ်ပြဌာန်းထားတဲ့ တန်ဖိုးတွေ ဆိုတာထက် ကိုယ့်စိတ်ထဲမှာ လွတ်လပ်စွာ သိမှတ်ထားတဲ့ တန်ဖိုးတွေကိုပဲ တက်အောင် လုပ်ရတာကောင်းတယ်။ သူများတကာအပေါ်မှာ မှီခိုနေရတဲ့ တန်ဖိုးဟာ အင်မတန် ဆင်းရဲတယ်။ သူများပေးမှ ဖြစ်မြောက်တဲ့ တန်ဖိုးဟာ ပျက်စီးတယ်၊ မလွတ်လပ်ဘူး။ သူများအပေါ်မှာ မှီတည်ထားရတဲ့ တန်ဖိုးဖြစ်လို့ မခိုင်မာဘူး။ ကိုယ့်ကိုယ့်ကို လွတ်လွတ်လပ်လပ် တည်ဆောက်ထားတဲ့ တန်ဖိုးကသာ ကိုယ့်အပေါ်မှာ မှီနေတယ်။

လူအများ အသိအမှတ်ပြုခံရခြင်းဆိုတာလည်း တန်ဖိုး တစ်ခုပါပဲ။ လူ့အသိုင်းအဝိုင်းမှာ နေတဲ့ လူတိုင်းလိုလို လိုအပ်ကြတာချည်းပါပဲ။ လူတွေဟာ လူ့အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး နဲ့ လုံခြုံရေး၊ မိတ်ဆွေ အပေါင်းအသင်း ၊ ဝါသနာ စတာတွေကို ကောင်းကောင်း ရပြီးသွားရင် လူ့အသိ အမှတ်ပြုခံရရေးအတွက် တနည်းမဟုတ် တနည်း ကြိုးစားကြတာချည်းပါပဲ။

လူဆိုတာ လူတွေနဲ့ အတူ ပေါင်းသင်းနေထိုင်ရတဲ့ သတ္တဝါ။ လူဆိုတာ အပေါင်းအဖော်နဲ့ နေရတဲ့ သတ္တဝါ။ ဒါ့ကြောင့် ကိုယ့်အပေါင်းအသင်း၊ ကိုယ့်အပေါင်းအဖော်တွေရဲ့ အသိအမှတ်ပြုခံရရေးက လူသားအနေနဲ့ လိုအပ်တာပါပဲ။ ဒါပေမယ့် ဒါဟာ သာမန် လူသားဖြစ်စဉ်ကို ပြောတာ။

အသိဉာဏ်ရှိတဲ့လူဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် လူသားလုပ်ရပ်တွေထက် ကျော်လွန်တဲ့ စိတ်အရည် အသွေးရှိရမယ် မဟုတ်လား။ လူ့အသိအမှတ်ပြုခံရရေးဟာ တန်ဖိုးလို့ ပြောရင်၊ အဲဒီ့တန်ဖိုးဟာ တပါးသူအပေါ်မှာ အမှီပြုပြီးဖြစ်တည်ရတဲ့တန်ဖိုးမို့ ၊ သဘောမကျပါဘူး။ သူများအပေါ်မှာ ငွေကြေး အားဖြင့်သော်လည်းကောင်း၊ ဘဝရပ်တည်မှု စားဝတ်နေရေးအရသော်လည်းကောင်း၊ အလုပ်အကိုင် အားဖြင့်သော်လည်းကောင်း၊ ပညာရေးအားဖြင့်သော်လည်းကောင်း၊ ဂုဏ်သိက္ခာအားဖြင့်သော်လည်း ကောင်း တစ်နည်းနည်းနဲ့ မှီခိုနေရတာကို သဘောမကျပါဘူး။ လွတ်လပ်သော စိတ်နဲ့ ကိုယ့်ဘဝကို ကိုယ် တန်ဖိုးရှိရှိ နေထိုင်ရတာကိုပဲ ကြိုက်ပါတယ်။ ဒါ့ကြောင့် တကယ်တမ်း စဉ်းစားကြည့်လိုက်ရင်၊ ကိုယ့်အလုပ်တစ်ခုခုကို သူများတကာ အသိအမှတ်ပြုခံရဖို့ အားထုတ်ကြိုးစားနေရတာဟာလည်း ဆင်းရဲခြင်း တစ်မျိုးပါ့လားလို့ တွေးမိတယ်။ ဒီလိုတွေးမိပြီး တဖြည်းဖြည်းနဲ့ ဒီဝဋ်ဒုက္ခက ကင်းလွတ်လာ ချင်တော့တယ်။

မင်းသေ့
ည ၉ း ၀၂
၅ ၊ ဇန်နဝါရီ ၊ ၂၀၂၀။
မန္တလေးမြို့။

Previous post ဖန်ပုလင်းထဲက မျိုးစေ့တွေ
Next post စာကြီးပေကြီးတွေ ကိုင်ပါ