ခင်ဗျား ဖန်ပုလင်းထဲမှာ မျိုးစေ့တွေ ရှိတယ်။
ဘာမျိုးစေ့လည်းတော့ ကျနော် မသိဘူး။
ကျနော် ယုံကြည်နေတာက
ခင်ဗျားက မွေးလာကတည်းက ခင်ဗျား လက်ထဲမှာ ဖန်ပုလင်းတစ်လုံးကိုင်ပြီး မွေးလာတယ်ဆိုတာပဲ။ အဲသည့် ဖန်ပုလင်းကြည်ကြည်လေးထဲမှာလည်း ခင်ဗျား ဘဝ ဘဝက စုဆောင်း ထုံမွှမ်းလာခဲ့တဲ့ အထုံဗီဇကောင်းတွေနဲ့ ကျေးဇူးပြုထောက်ပံ့ထားတဲ့ မျိုးစေ့ တစ်ခုမက ပါလာတယ်ဆိုတာပဲ။
အဲဒါကိုတော့ ကျနော် ယုံတယ်။
ခင်ဗျားမှာ မျိုးစေ့ကောင်းကောင်းတွေ ရှိနေတယ်။

ဒါပေမယ့် ကျနော် လက်တို့လိုက်ချင်တယ်။
ခင်ဗျား တခါတရံ မေ့နေလိမ့်မယ်။
ခင်ဗျားမှာ ဘယ်လိုမျိုးစေ့တွေ ရှိနေတယ်ဆိုတာကို ရှာကြံဖို့။
ဒီ့အတွက် ကျနော် ခင်ဗျားကို အချိန်တွေ အများကြီးနောက်ကျပြီးမှ သိလိုက်ရမှ သိပ်စိုးရိမ်တာပဲ။
ခင်ဗျား ဖန်ပုလင်းကို ပြန်ရှာပါ။
ခင်ဗျား ဘယ်မှာထားလဲ။
အခန်းထဲမှာလား။
ဗီရိုပေါ်မှာလား။
တီဗွီစင်ပေါ်မှာလား။
ခင်ဗျား ကုတင်အောက်မှာလား။
ခင်ဗျား စားပွဲပေါ်မှာလား။
ဘယ်နေရာမှာပဲ ရှိရှိ ခင်ဗျား ရှာစမ်းပါ။
ခင်ဗျား စိုက်ဖို့ မေ့နေမှာစိုးလို့။

ခင်ဗျားရဲ့ မျိုးစေ့ကို ဖန်ပုလင်းလေးထဲမှာပဲ မထားစေချင်ဘူး။
မျိုးစေ့ကောင်းတွေဟာ သိပ်အဖိုးတန်တယ်။
သူတို့ကို အရမ်းကာရော ချစိုက်ပစ်လိုက်လို့ မရဘူး။
ကျတ်တီးကုန်းမှာ စိုက်ဖြစ်ရင် ခင်ဗျား မျိုးစေ့လေးဟာ အဟောသိကံဖြစ်သွားမယ်။
ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
ဘယ်အရာမှဖြစ်လာမှာ မဟုတ်ဘူး။
ဘာမှလည်း သီးပွင့်လာမှာ မဟုတ်ဘူး။
အပင်တောင် ပေါက်လာမှာ မဟုတ်ဘူး။
ပေါက်လာရင်လည်း ခင်ဗျား အပင်က သန်ချင်မှ သန်မှာ။
ရှင်ချင်မှ ရှင်မှာ။
ရှင်တယ်ဆိုရင်လည်း သီးချင်မှ သီးမှာ။
ခင်ဗျားရဲ့ မျိုးစေ့ကို နေရာကြည့်ပြီးစိုက်စမ်းပါ။

မြေဆီလည်းကောင်းမယ့်နေရာ။
ရေလည်း ရမယ့်နေရာ။
နေလည်းရမယ့် နေရာ။
တော်ကြာ ရေမရရင် ခင်ဗျား မဖွံ့ဖြိုးပဲနေလိမ့်မယ်။
ရေရပြီး နေမရရင်လည်း ခင်ဗျား လောင်းရိပ်မိနေလိမ့်မယ်။
ခင်ဗျား မျိုးစေ့ဟာ အပင်လား မမြောက်နိုင်ဘူး။
အဲဒါ သတိထား။
ခင်ဗျားအပင်လေးဟာ ရှင်သန်တယ်ဆိုရုံမျှ ဖြစ်နေလိမ့်မယ်။
အဲဒါက မရှင်သန်ရတာထက် ပိုပြီး ဘဝကို အညွှန့်တုန်းစေလိမ့်မယ်။
ခင်ဗျားကို အညွှန့်ချိုးမယ့် သူတွေ လည်း ရှိနိုင်တယ်။
တခါတရံလည်း ဘူးပင်လို ကျင့်ရမှာပေါ့။
အညွှန့် တစ်ခါ အဆိတ်ခံရရင် သုံးလေးငါးညွှန့် ပြန်ထွက်အောင်။

ခင်ဗျား ဖန်ပုလင်းကို ရှာပြီးပြီလား။
ခင်ဗျား ဖန်ပုလင်းမှာ ဘာမျိုးစေ့ကောင်းတွေ ရှိတယ်ဆိုတာ ခင်ဗျား သိပြီးပြီလား။
ခင်ဗျား ရဲ့ မျိုးစေ့တွေက သိပ်တန်ဖိုးရှိပါတယ်။
တန်ဖိုးရှိတယ် ၊ အဖိုးတန်တယ်လို့ ဆိုပြီး ခင်ဗျား ဖန်ပုလင်းလေးထဲမှာပဲ အလှကြည့်ဖို့ သိမ်းထားမိမှာ ကျနော် သိပ်ကြောက်တာပဲ။
ခင်ဗျား မျိုးစေ့လေးကို မြေကောင်းကောင်းမှာ ရှာစိုက်။
သူဟာ ရေဆီ မြေဆီနဲ့ အညှောင့်လေး ပေါက်လာပါစေ။
သူ့ရဲ့ နုနယ်တဲ့ အမြစ်လေးတွေ မြေကြီးမည်းမည်းထဲ ထိုးထွက် ကုတ်ယူပါစေ။
သူ့ကို လေတိုက်ပါစေ။
သူ့အပေါ် မိုးသည်းထန်ပါစေ။
သူ့အပေါ် နေပြင်းထန်ပါစေ။
ဒါမှ သူ ရှင်သန်မှာ။
သူရှင်သန်မှ သူကြီးထွားမှာ။
သူကြီးထွားမှ သူ သီးပွင့်မှာ။
သူ သီးပွင့်မှ သူ အကျိုးပြုနိုင်မှာ။ သူဖြန့်ဝေနိုင်မှာ။
သူ့မျိုးဆက်ကို သူ ချန်ထားနိုင်မှာ။

သူသန်မာမှ သူ့မျိုးဆက်လည်း သန်မာမှာ။
သန်မာတဲ့ မျိုးဆက်တွေကို သူ မျိုးပွားနိုင်မှသာ သူ့လောကကို အလှဆင်နိုင်မှာ။
သူ့ပတ်ဝန်းကျင် နဲ့ သူ့အသိုင်းအဝိုင်းကို သူက ပေးထားနိုင်သူ ဖြစ်မှာ။
သူက ယူသူအဖြစ် ပေါက်ဖွားလာတာ မဟုတ်ဘူး။
သူက ပေးသူ အဖြစ် မွေးဖွားလာမှာ။

သူကြီးထွားလာရင် သူ့အခက်တွေကို ချိုးမယ့်သူတွေ ရှိလိမ့်မယ်။
သူ့အကိုင်းကို ခုတ်မယ့်သူတွေ ရှိလိမ့်မယ်။
သူ့အသီး ၊ သူ့အပွင့်ကို ရိုက်ချမယ့်သူတွေ ရှိလိမ့်မယ်။
သူက မုန်တိုင်းဒဏ် ခံရမယ်။
သူ့ လေဒဏ် မိုးဒဏ် ခံရမယ်။
နေပူ ပြင်းရှရှ ဒဏ်ကိုလည်း ခံရမယ်။
ကိစ္စ မရှိပါဘူး။
ကိစ္စ မရှိပါဘူး။

ခင်ဗျား ဖန်ပုလင်းထဲက မျိုးစေ့လေးကိုသာ
ဗီရိုပေါ်မှာပဲ အလှကြည့်ဖို့တင်မထားဘဲ မြေပထဝီ မြေကြီးဆီကို ရွေးချယ် စိုက်ပျိုးလိုက်ပါ။
သဘာဝတရားကို တန်ဖိုးထားပါ။
သဘာဝတရားက အဲသည့် အပင်ငယ်လေးကို ရင့်ကျက်အောင် လေ့ကျင့်တည်ဆောက်ပေးပါလိမ့်မယ။်
ဒါကိုတော့ ကျနော် သေချာပေါက် ယုံကြည်ထားတယ်။

မင်းသေ့
ည ၁၀ း ၅၇
၂၃ ၊ ဒီဇင်ဘာ ၊ ၂၀၁၉ ။
မြိတ်မြို့။

Previous post စာတောထဲ မျက်စိလည်ကြပါစေ…
Next post အသိအမှတ်ပြုခံလိုခြင်းသားကောင်