နွယ်နှင့်အနေဝေးခဲ့သော နေ့ရက်များသည် များပြားခဲ့ပါသည်။ ဤသို့သော နေ့ညများသည်ကိုလည်း ပြင်းထန် ဖြတ်သန်းခဲ့ရသည်။ ဤဒုက္ခတရားသည် ဘယ်ဆီက လာပါသနည်း။ ချစ်ခြင်းမေတ္တာသည် ဒုက္ခတရားကို မွေးဖွား သည်ဟု ဆိုလျှင် ကျနော် မယုံကြည်နိုင်ပါ။ လိင်မှုကိစ္စသည် ဒုက္ခဖြစ်ခြင်း အစစ်အမှန်ဖြစ်ပါရဲ့လား။ ဤသို့ ပြောရလောက်အောင်လည်း နွယ်နှင့်ကျနော့်အကြားမှာ လိင်တပ်မက်မှု ရမ္မက်ပြင်းထန်လွန်းခဲ့သည် မဟုတ်ပါ။ သိမ်မွေ့သော သံယောဇဉ် တုပ်နှောင်ခဲ့မှုများတော့ ရှိခဲ့ပါသည်။ ဤတုပ်နှောင်မှုများကို နွယ်လည်း လုပ်ခဲ့သလို ကျနော်လည်း လုပ်ခဲ့သည်။ ကျနော်တို့ နှစ်ဦး လိုလိုချင်ချင် ဖန်တီးခဲ့သော တွယ်တာမှုဖြစ်စဉ်များ ဖြစ်ပါသည်။
ကျနော် အလုပ်များသော နေ့များ၏ ည၌ နွယ် ကျနော့်ကို မျှော်နေတတ်တာ ကျနော် သိသည်။ ကျနော့်ဆန္ဒ သည် နွယ့်ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါသည်။ အမြဲမပြတ်သတိရနေတတ်သော ကျနော့်စိတ်က နွယ့်ပုံရိပ်များကို အလိုလိုပုံဖော်နေပါသည်။ နွယ်ချစ်သော အရောင်များတော့ ပါချင်မှ ပါပါလိမ့်မည်။ ကျနော့်စိတ်ရင်ပြင်ပေါ် ချစ်ခြင်းအရောင်များဖြင့် မှုန်းချယ်ခဲ့သော နွယ့်လောက် ကျနော့်အတွေးများက ကွန့်မြူးနိုင်စွမ်းရှိမည် မထင်ပါ။ ကျနော်ရင်ခုန်စွာ သတိရနေခဲ့ပါသည်။

သွားခဲ့သော ခရီးများသည် လွမ်းစရာများချည်း….
မြင်ရသော ပုံရိပ်များသည် မှန်းဆစရာများချည်း….
ကြုံရသော ဖြစ်ရပ်များသည် တမ်းတစရာများချည်း….
ထိတွေ့သော အနမ်းများသည် အမှတ်တရများချည်း….
အေးဆေးသာယာ ငြိမ့်ညောင်းသော စိတ်ခံစားမှုများဖြင့် ဖြတ်သန်းလိုပါသည်။ နွယ် ကျနော့်ထံပါးမှာသက်ဆင်း ပါစေ….။ ဤမျှလောက်မျှဖြင့် ကျနော် တဒင်္ဂနိဗ္ဗာန်များကို အလိုရှိခဲ့ပါသည်။ နွယ် နမ်းမှာလား…..။

နွယ် မစိမ်းကားရက်ခဲ့သော နေ့ကာလများကို အမှတ်တရအနေဖြင့် စုစည်း သိမ်းဆည်းချင်ခဲ့ပါသည်။ စုဘူးထဲ မှာ အနမ်းတွေကို စုလို့ ရရင် သိပ်ကောင်းမှာပဲလို့ ကျနော်တွေးနေမိခဲ့သည်။ ကျနော်နှင့် နွယ်ဆုံဆည်းခဲ့သည့် အချိန်တချို့၌ အနမ်းများ ပိုလျှံခဲ့ဖူးသည်။ အနမ်းများကို အလဟဿအဖြစ်မခံဘဲ စုဘူးထဲ ထည့်စုထားလို့ရ လျှင် ဘယ်လောက်ကောင်းပါမည်နည်း။ ကျနော် ပြင်းထန်စွာ လွမ်းမောရသည့် ညများ၌ စုထားသော နွယ့် အနမ်းများကို ပြန်ကြင်နာစေခဲ့ဖို့ ကောင်းသည်။

“မောင်က သိပ်စိတ်ကူးယဉ်တာပဲနော်….”
“မောင်က သိပ်စိတ်ကူးယဉ်သလို သိပ်လည်း လက်တွေ့ဆန်တယ်”
“မောင့် လက်တွေ့ဆန်မှုကို ကိုယ်ကြိုက်တယ်….”
“မောင့် စိတ်ကူးယဉ်ဆန်မှုကို ကိုယ်ချစ်တယ်…”

“ချစ်တာနဲ့ ကြိုက်တာ မတူဘူးလား…. နွယ်”
“တူတာလည်း ရှိတယ် မတူတာလည်း ရှိတယ်”
“မင်း ဘာလို့ တပ်အပ်ပြောနိုင်တာလဲ နွယ်….”
“ကိုယ်သိပ်သိတာပေါ့ မောင်…”
“အထူးသဖြင့်…. မောင့်နဲ့ ပတ်သက်ရင် မောင့်ထက် ကိုယ်က ပိုသိတယ်….”

နွယ့်၏ သိမြင်နားလည်မှုက ကျနော့်ထက် ပိုခဲ့သည်ကို ကျနော် ဝန်ခံပါသည်။ ကျနော်သည် လောက၊ ဓမ္မ၊ ရာဇ ရေးရာအကြောင်းတရားများကို လေ့လာဖို့ မပျက်ကွက်ခဲ့။ နွယ်ကလည်း ကျနော့်ကို လေ့လာဖို့ မပျက်ကွက်ခဲ့။ ကျနော်ဟာ နွယ့်စိတ်ကို လေ့လာဖို့ ပျက်ကွက်ခဲ့ပါသည်။ ကျနော့်၏ တိုးဝင်မှုများသည် နွယ့်နှလုံးသားထံ ရှိနေ သည်ကို ကျနော်ယုံကြည်နေခဲ့ပါသည်။
နွယ်က ကျနော့်အကြောင်းကို ကျနော့်ထက် သူပိုသိကြောင်း ဂုဏ်ယူစွာ ပြောတတ်သည်။ ဤသို့ ပြောတိုင်း လည်း ကျနော် ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်လေ့ရှိသည်။ ကျနော့်ရယ်သံများကို နွယ်ကြားတိုင်း ကျနော့် ကို မျက်စောင်းတစ်ချက် စူးစူးရှရှ ထိုးလိုက်သေးသည်။ နွယ်တုံ့ပြန်မည့် စကားများမှ ကျနော်မကြိုက်သည်များ ပါလာလျှင် နွယ့်နှုတ်ခမ်းကို ခပ်ပြင်းပြင်း နမ်းပစ်လိုက်သည်။ နွယ်အပေါ် အကောင်းဆုံး တုံ့ပြန်နည်းမှာ ကျနော့် အနမ်းများသာဖြစ်ပါလိမ့်မည်။ ဤအခိုက်အတန့်များ၌ နွယ် ကျနော့်အပေါ် ခံစားချက်များ တစ်ခဏတာ မင်သက်ခဲ့ခြင်းအပေါ် ကျနော် ပျော်နေလေ့ရှိသည်။ နောက်များမှာ နွယ်နှင့် လက်ထပ်ဖြစ်လျှင် တောင်ပေါ်မြို့ လေးမှာ အတူနေကြဖို့ ကတိပြုခဲ့ဖူးသည်။

“နွယ်… မောင်ကတော့ အသက်ကြီးရင် နိုင်ငံရေးလည်း မလုပ်ချင်ဘူး၊ ပရဟိတလုပ်ငန်းတွေထဲလည်း မပါချင်တော့ဘူး….”
“အေးအေးဆေးဆေးပဲ…. ဆရာကြီး ဒဂုန်တာရာနေတဲ့ အောင်ပန်းလို တောင်ပေါ်မြို့လေးမှာ အေးအေးချမ်းချမ်း မင်းနဲ့ အတူရှိချင်တယ်…. နွယ်”
“မောင်က မင်း ဆွဲဖို့ ပန်းချီကင်းဗတ်တွေ ကြပ်ပေးမယ်…”
“မင်းက မောင်ရေးတဲ့စာတွေ ပရု(ဖ်)ဖတ်ပေး….”
“တခါတရံ မင်းစားချင်တဲ့ ဟင်းတွေ မောင်ချက်ကျွေးမယ်လေ….”
“ဘူးရွက်ဟင်းချိုလည်းပါမယ်… ငရုပ်သီးဆားထောင်းလည်းပါမယ်…”
“ဘဲဥကို ကြက်သွန်နီပါးပါးလှီးပြီး ခပ်စိမ့်စိမ့်သုပ်မယ်”
“ဝက်သားဟင်းလေးချက်ချက်မယ်…”
“ဒါမှ မဟုတ်…. ဝက်သုံးထပ်သားကို မျှစ်ချဉ်နဲ့ ချက်မယ်”
“ပြီးတော့…. ပဲပုပ်ကို မီးဖုတ်ပြီး ထောင်းမယ်”
“ဝက်မျှစ်ချဉ်ရယ် ပဲပုပ်ထောင်းရယ်က သိပ်လိုက်တာ….”
“မင်း မောင့်လက်ရာကို ကြိုက်ကို ကြိုက်စေရမယ် စိတ်ချ….”
“မောင် ဘာလို့ ယောက်ျားလေး တန်မယ့် ဟင်းတွေ ချက်တတ်ရတာလဲ…ဟင်”

နွယ့် အမေးကို ကျနော်ကြားလိုက်သည့်အချိန် အတိတ်ကို ကျနော် အတွေးရောက်သွားသည်။ ကျနော်ဖြတ် သန်းခဲ့ရသည့် ငယ်ဘဝကို ကျနော် ပြန်မြင်မိသည်။

မိသားစုမောင်နှမသားချင်းများသော မိဘနှစ်ပါးမှ ကျနော် မွေးဖွားခဲ့သည်။ ကျနော့် ညီအစ်ကို မောင်နှမများသည်လည်း အရေအတွက်အရများပြားခဲ့ပါသည်။ ကျနော့်မှာ အစ်ကို သုံးယောက် အစ်မ သုံးယောက်ရှိသည်။ ကျနော်အပါအဝင်ဆိုလျှင် စုစုပေါင်း ခုနှစ်ယောက်။ ဤစားအိုး ကို ဘယ်သို့ ထိန်းခဲ့ပါသနည်း။ ကျနော့်ကို ကြီးပြင်းအောင် မွေးဖွားပေးခဲ့သော မိဘများကို ကျေးဇူးတင်ပါသည်။ ကျနော် အတန်းပညာပြီးဆုံးအောင် နေနိုင်ခဲ့သည့်အတွက်လည်း ကျနော်ဝမ်းသာမိပါသည်။ ငယ်စဉ်ကျောင်း သားဘဝ ကျောင်းတက်ခဲ့သည့် ကာလများ၌ အတန်းတွင်း မုန့်စားကျောင်းဆင်းချိန်များကို ကြောက်တတ်ခဲ့ သော ကျနော်သည် ယခု တော်တော်များများကို သိပ်မကြောက်တတ်တော့ပါ။ အတန်းရှေ့မှာ ဖြတ်လျှောက်ရ မှာ ကြောက်တတ်သည့် ကျနော်သည် အတန်းနောက်ဖေး အပေါက်မှ ခပ်ကုပ်ကုပ် ဝင်ထိုင်နေတတ်သည့် အကျင့်လည်း ပျောက်သလောက်ဖြစ်နေပါပြီ။

ပင်လယ်လို ကျယ်ပြောသော လောကဘဝထဲကို ကျနော် ဝင်ရောက်ခဲ့ပြီးချိန်၌ ကျနော့် အတွေးအခေါ်အယူ အဆများ ပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် နွယ်နှင့် ဆုံတွေ့ပြီးချိန်နောက်ပိုင်း ကျနော့်လောကအမြင်မှာ သိသိသာသာ တစ်ဆစ်ချိုးပြောင်းလဲခဲ့သည်။ ဤအချက်ကို ကျနော်ကိုယ်တိုင် သတိထားမိသည်။ အချစ်သည် ဤသို့ စွမ်းအားရှိပါ့လားဆိုတာလည်း ယုံကြည်လိုက်ရသည်။

လောကပင်လယ်သည် နက်သည်၊ ကျယ်သည်။ ဝဲလည်း ရှိသည်။ လှိုင်းလည်း ထူသည်။ မုန်တိုင်းလည်း ထန် သည်။ ငါးလိပ်မကန်းများလည်း များစွာ ရှိသည်။ ပင်လယ်နှင့်တူသော လောကဟု ကျနော် ဥပမာပြုချင်ပါ သည်။ စာရေးဆရာမ ဂျူးကတော့ ပင်လယ်နှင့်တူသော မိန်းမများဟု စာအုပ်တစ်အုပ်ရေးဖူးသည်။

ပင်လယ်သည် မည်သို့သော သဘောရှိပါသနည်း။

နွယ်၏ အကြည့်များဖြင့် ကျနော် နှစ်မြောပျော်ဝင်ခဲ့ပါသည်။ ကျနော်ကိုယ်တိုင် နွယ့်၏ ညှိ့ဓာတ်ကို ခံရသလို၊ ပင်လယ်၏ ဆန်းကျယ်ခြင်းဖြင့် နှိုင်းယှဉ်ကြည့်မိသည်။ ပင်လယ်လှိုင်းများ၏ အသံသည် ပင်လယ်မှာ ကျင်လည် သူ မဟုတ်သည့် ကျနော့်အဖို့ အထူးအဆန်းဖြစ်ခဲ့သည်။ ထိုနည်းလည်းကောင်းပင် နွယ်နှင့် ဆုံဆည်းခဲ့သော ကျနော်သည် နွယ့်အထိအတွေ့၌ သာယာမှိန်းမောခဲ့ဖူးပါသည်။ ဤသို့ သာယာခြင်းကိုလည်း ကျနော် တစ်ကြိမ် မက တောင့်တခဲ့ပါသည်။ ပင်လယ်ရေဟာ သောက်လေသောက်လေ ငတ်မပြေဟု ဆိုလျှင်၊ နွယ့်အချစ်ကရော ဘယ်သို့ ဘယ်ပုံရှိပါမည်နည်း။

နွယ့်အဇ္ဈတ္တကို ရှာဖွေရန် ဂျူးဝတ္ထုများ ဖတ်နေရုံဖြင့် မရပါ။ ပင်လယ်သို့သွား၍ ပင်လယ်၏ ဆန်းကျယ်မှုကို ရှာဖွေရုံဖြင့်လည်း မရနိုင်ပါ။ နွယ်ရေးသောစာများကို ဖတ်ပြီး နွယ်ဆွဲသော ပန်းချီများကို ခံစားကာ နွယ့်ရင်ခွင် မှာ ရှာဖွေရင်တော့ ဖြစ်နိုင်ပါလိမ့်မည်။ ကျနော် နွယ့် အဇ္ဈတ္တကို သိစွမ်းခွင့်ရခဲ့ပါသလား….။

မေးခွန်းများဖြင့် ပြည့်နှက်နေသော နွယ်နှင့် ကျနော့်အကြား ဆက်ဆံရေးသည် ရိုးရှင်းခဲ့သလို၊ ရှုပ်ထွေးခဲ့မှုများ လည်း များစွာ ကြုံခဲ့ရသည်။ ပင်လယ်ကို ကြည့်ရင် ကျနော် နွယ့်အကြောင်းတွေးမိခဲ့သည်။ အတိတ်က နွယ် နှင့် ထိတွေ့ခဲ့ဖူးသော ခံစားမှုမျိုးကို ကျနော် တမ်းတမိသည်။ မနေ့တစ်နေ့ကလို အဖြစ်အပျက်မျိုးက ကျနော့်ရင်ကို ထိရှနှစ်ဝင်နေဆဲဖြစ်သည်။ ဘယ်သို့သော ဝေဒနာက ကျနော့်ကို ပြုစားပါသနည်း။ နွယ်သည် ကျနော်လို လူမျိုးနဲ့မှ ဆုံဆည်းခဲ့ခြင်းသည် ကံကောင်းခြင်းလား…. သို့တည်းမဟုတ် ကံဆိုးခြင်းလား….

အချစ်ကြောင့် ဆုံဆည်းခဲ့ခြင်းများကို ကံကောင်း ၊ ကံဆိုး တွက်ချက်၍ ရနိုင်ပါသလား။ မဖြစ်နိုင်ပါ။ မဖြစ်နိုင်ပါ။ အချစ်၌ ဆိုးခြင်း ကောင်းခြင်းကို ဝေခွဲ၍ မရပါ။ အချစ်ဟု ဆိုလျှင် နှစ်ဦးနှစ်ဖက်စလုံးနှင့် သက်ဆိုင်သည်။ သာ သည် နာသည်များကို ရှင်းတမ်းထုတ်၍ မရနိုင်ပါ။ ဤသို့ ရှင်းတမ်းထုတ်နေလျှင်လည်း အချစ်ဟု မဆိုနိုင်ပါ။

ကျနော် နွယ်နှင့်ဆုံဆည်းခဲ့ခြင်းအပေါ် ကောင်းခြင်းကိုလည်း ချစ်မြတ်နိုးပါသည်။ ဆိုးခြင်းကိုလည်း ချစ်မြတ်နိုး ပါသည်။ ခါးသီးခြင်းများကိုလည်း စွဲမှတ်မြတ်နိုးသလို၊ ချိုမြိန်ခြင်းများကိုလည်း ငတ်မွတ်တမ်းတခဲ့ပါသည်။ အချစ်သည် ဘီယာလို ခါးသလား။ သို့တည်းမဟုတ် ပျားရည်လို ချိုသလား။

နွယ် ပင်လယ်ကိုတွေ့ရင် သူ့ကို ဘာပြောလိုက်ရမလဲဟင်….
မောင်…. ကိုယ့်ကို လွမ်းကြောင်း ပြောပေး….
ဒါဆိုရင် နွယ် သိစွမ်းမှာလား….
ပင်လယ်ပြင်က ရေခိုးတွေက တိမ်တိုက်တွေအဖြစ် ပြောင်းလဲသွားပြီး မိုးကောင်းကင်ပေါ် လွင့်ဝဲနေလိမ့် မယ်…. အဲဒီအခါ သူ ကိုယ့်ဆီ အရောက်လာပြန်ပြောလိမ့်မယ် မောင်….
လေပြေတွေကလည်း စကားပြောတတ်သလား နွယ်…
သူတို့ ပြောတတ်မှာပေါ့….
ညဆိုရင် ကိုယ့်အိပ်ယာကုတင်နဘေးက အခန်းတံခါးကို ဖွင့်ထားလိုက်မယ်လေ….
မောင့် အလွမ်းတွေ လေပြေနဲ့အတူ ကိုယ့်ဆီသယ်လာနိုင်ဖို့ပေါ့….

နွယ်နှင့် ကျနော့်အကြား စကားလုံးဝေါဟာရများသည် နယ်ပယ်အနှံ့ပျံ့နှံ့ခဲ့ပါသည်။ နွယ်နှင့် ကျနော် ဆီမွန်ဒီဗူးဗွား အကြောင်းပြောကြသည်။ ယန်းပေါ့လ်ဆော့ထ် အကြောင်းပြောသည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးအကြောင်း ဆွေးနွေး ဖလှယ်ဖူးသည်။ ကျနော်က ဖီလော်ဆိုဖီသမား မဟုတ်။ သို့သော် နွယ့်ကို ကြိုက်သလို ဖီလော်ဆိုဖီကိုလည်း ကြိုက်ပါသည်။

နွယ် ဒီနေ့ စာရေးဖြစ်သလား
ဒါမှမဟုတ် ပန်းချီဆွဲဖြစ်သလား
ကိုယ် ပန်းချီလည်း မဆွဲဖြစ်ဘူး
စာလည်း မရေးဖြစ်ဘူး …
ဟာ… ဘာလို့လဲ…
မောင့်ကို လွမ်းနေလို့….
ဟာ….
ကျနော် စွံ့အ သွားပါသည်။
ကိုယ့်ကို လွမ်းတိုင်း ပန်းချီများများဆွဲပါ နွယ်….
စာလည်းများများရေးပါ
အသက်သေဆုံးသွားရင် အနုပညာဆိုတာပဲ ကျန်ခဲ့မှာ
အချစ်တွေက လွင့်ပါးသွားမှာ….
ဟင့်အင်း…
ကိုယ် မောင့်ကို လွမ်းပြီး လွင့်ပါးချင်တယ်….
ဒါဟာ ကိုယ့်အတွက် တဒင်္ဂနိဗ္ဗာန်ပဲ….

ကျနော် ရန်ကုန်မှာ အနေကြာဖြစ်ခဲ့ပါသည်။ ထို့ကြောင့် နွယ်နှင့် အနေဝေးခဲ့သည်။ စိတ်ချင်းနီးဖို့ ကျနော် အမြဲတမ်းလိုလို ကြိုးစားသည်။ နွယ် ကျနော့်အပေါ် သွေးအေးသွားမှာ ကျနော်ကြောက်သည်။ ဘယ်သို့သော အကြောင်းတရားများက ကျနော့်ကို ပံ့ပိုးနှောက်ယှက်သည် မသိ။ ကျနော်နှင့် ဝေးရာ၌ ရှိနေသော နွယ့်ကို ကျနော် စိတ်မချ။ ဆုံးရှုံးသွားမှာ ကြောက်နေသည်။
နွယ်ကတော့ ကျနော့်ကို သတိရခြင်းရက်စွဲတွေ များစွာရှိကြောင်း ပြောပြသည်။ ကျနော် ပျော်ပါသည်။ နွယ် သတိရသော ယောက်ျားတစ်ယောက်အဖြစ် ရရှိတာဟာ ကျနော့်အတ္တဘဝင်ကို လှုပ်နှိုးပေးသကဲ့သို့ဖြစ်ပါသည်။ ထို့ကြောင့် ကျနော်ကြိုက်သည်။

ကျနော် ရန်ကုန်၌ ရှိနေချိန် နွယ့်ထံ ကျနော် ခဏခဏ မပြန်ဖြစ်ပါ။ အလုပ်ကိစ္စ၊ သုတေသနကိစ္စ၊ စာတမ်းရေး သားဖို့ ကိစ္စ၊ စာအုပ်ထုတ်ဝေရေးကိစ္စအပါအဝင် ကျနော် အလုပ်တွေ ရှုပ်နေတတ်သည်။ ကျနော် အလုပ်ရှုပ်နေ လျှင် နွယ့်ကို ပစ်ထားသလိုဖြစ်ခဲ့သည်။ ဒါကို နွယ်က မကြိုက်။ မကျေနပ်။ တခါတရံ အလုပ်တွေ မအားလပ် သည့်ကြားထဲက ကျနော် နွယ့်ကို ဂရုတစိုက် ဖုန်းဆက်ပြီး ပြောလျှင် နွယ် တစ်နေ့လုံး ပျော်နေတတ်တာ ကျနော် သိသည်။
ကျနော် မလာနိုင်လျှင် ကျနော့်ထံ နွယ်လာစေဖို့ ကျနော်မျှော်လင့်ခဲ့ပါသည်။ နွယ်က ကျနော်မလာလျှင် ကိစ္စမရှိ ဘူး ဆိုသည်မျိုး ပြုမူသည်။ ဤတုံ့ပြန်ချက်ကို ကျနော်မကြိုက်။ မုန်းပင် မုန်းသေးသည်။ နွယ်သည် သူ့ထက် ကျနော့်အလုပ်အပေါ် ကျနော်စွဲလမ်းခြင်းကို ကြိုက်နှစ်သက်သည် မဟုတ်။ မန္တလေး၌ ကျနော်ရှိနေချိန်၊ သူ့အလုပ်တွေ မအားလပ်သည့် ကြားထဲမှ ကျနော့်ကို အချိန်ပေးဖို့ နွယ်ကြိုးစားပါသည်။ ဤသို့ပင် အလုပ်တွေ များတာကို အကြောင်းမပြဘဲ နွယ့်ထံ ကျနော်လာဖို့ နွယ် မျှော်လင့်ခဲ့သည်။ ဘယ်လိုသော အကြောင်းပြချက် မျိုးကမှ နွယ့်စိတ်ကို မဖြေသာနိုင်ခဲ့ပါ။ ကျနော့်လျစ်လျှူရှုမှုများကို အကြိမ်များစွာ ခံစားခဲ့ရပြီး နောက်ပိုင်း နွယ် ကျနော့်ထံက ထွက်ခွာဖို့ တိတ်တဆိတ်ကြိုးစားခဲ့သည်။ ဤပြုမူချက်ကို ကျနော် သတိမထားမိ။ ကျနော့်နဘေးမှ ထွက်ခွာတော့မည်ဟု ကျနော် သိလိုက်ရမှ ကျနော်နောင်တကြီးစွာ ရခဲ့သည်။ နွယ် ကျနော့်အနားလာဖို့ ဖွင့်ဟ ခဲ့ချိန်မှာ ကျနော် နွေးထွေးစွာ မကြိုဆိုမိခဲ့။ နွယ် ကျနော့်ထံမှ ထွက်ခွာတော့မည် ဆိုတော့မှ ကျနော် အရှိတရား ကို လက်မခံနိုင်တော့။ နွယ်က ကျနော့် ထံမှ ထာဝရ ထွက်ခွာသွားရန် ကျနော်မသိလိုက်သည့် အချိန်မှာပင် ဆုံးဖြတ်ချက် ခိုင်မာစွာ ချခဲ့ဟန်တူသည်။

ဘယ်သို့သော အကြောင်းတရားများက ကျနော့်ကို ခံနိုင်ရည်ရှိစေမှာလဲ။
ကျနော် မသိနိုင်တော့ပါ။ ကျနော် မသိနိုင်တော့ပါ။

အတိတ်ဆီသို့လွမ်းမောရင်း နွယ် ရှိနိုင်မည့် နေရာများကို ကျနော်သွားခဲ့သည်။ ယခင်က ကျနော်နှင့် ဆုံခဲ့ဖူး သော အအေးဆိုင်များ၊ ကျနော်တို့ ညနေစာအတူစားခဲ့သော စားသောက်ဆိုင်များ၊ နွယ်နှင့် ကျနော် ခိုနားခဲ့ သည့် ဖျော်ရည်ဆိုင်မှ ထန်းရိပ်ညို အအေးရိပ်ကလေး….ကျနော် ဘယ်သို့ ဖျောက်ဖျက်၍ ရပါမလဲ။

နွယ်နှင့် ကျနော်သည် တိုင်ပင်ထားခြင်း မရှိဘဲ ရှေ့ကို နှစ်ဦးသား တိုးကပ်ခဲ့ပါသည်။ အစကနဦးမှာ ကျနော် ခြေတစ်လှမ်း လှမ်းသည်။ နွယ်က ခြေနှစ်လှမ်း ရှေ့တိုး၍ လှမ်းသည်။ ထို့နောက် ကျနော် ခြေလှမ်းတစ်လှမ်း ကို ထပ်လှမ်းခဲ့ပြန်ပါသည်။ နွယ်က ကျနော့် အနားနားလေးသို့ ရောက်လာပြီ။ နွယ့်ထံပါးမှ ခွဲခွာထွက်ပြေးရန် ကျနော် ဘယ်သောအခါကမှ မတွေးခဲ့မိဖူးပါ။ သို့သော် ကျနော့်အနာဂတ် ဘဝစီမံကိန်းများ၌ နွယ့်ကို အရေး တယူ ထည့်ထားတွက်ချက်ခြင်း မရှိသည်ကို နွယ်သိသည်။ ဤအချက်ကလည်း ကျနော့်လျစ်လျှူရှုမှုဖြစ်ပါ လိမ့် မည်။ ကျနော်အနာဂတ်သည် ပညာရေးခရီးလမ်း၌ ရှိနေသည်။ ကျနော် သုတေသီ တစ်ယောက်ဖြစ်ချင်သည်။ လူမှုဗေဒကို ကျနော် စိတ်ဝင်စားသည်။ ထို့ကြောင့် တောများ၊ တောင်များ၊ ကျေးလက်တောရွာများတွင် လှည့် လည်ပြီး မြန်မာပြည်အနှံ့ခရီးတွေ ထွက်ချင်သည်။ လူတွေကြားထဲ ခေါင်းတိုးဝင်ပြီးတော့ ကျနော့်တွေ့ရှိချက်များ ကို သုံးသပ်ရေးသားခဲ့ချင်သည်။ ကျနော် သေဆုံးသွားလျှင် ကျနော့်၏ ပညာရပ်တွေ့ရှိချက် လက်ရာများ ကျန်ရှိ နေခဲ့တာ လိုချင်သည်။ ကျနော့်အတ္တသည် ကြေးရုပ်တစ်ရုပ်အဖြစ် ခန့်ထည်သော အဆောက်အအုံရှေ့မှာ စိုက်ထူခံရသည်အထိ ပြောင်မြောက်ခဲ့ချင်သည်။


လူအများ၏ အဇ္ဈတ္တများကို သိစွမ်းအောင် လုပ်နေခဲ့သော ကျနော်သည် နွယ့်အဇ္ဈတ္တကို သိထားပြီးသားဟု ကိုယ့်ကိုယ်ကို အထင်ကြီးစွာ မှတ်ယူခဲ့ပါသည်။ ဤကောက်ချက်သည်ပင် လွဲချော်ခဲ့သည်။ နွယ်နှင့် ကျနော့် အကြားမှာ မတူညီသော စရိုက်များ ရှိသည့်တိုင် ချစ်ခြင်းမှာတော့ တူညီခဲ့ပါသည်။ နွယ် လိုအပ်သည့် အချိန်၌ ကျနော် နွယ့်ကို လိုချင်သည်။ နွယ်လိုချင်သည့် အချိန်၌ ကျနော် နွယ့်ကို လိုအပ်သည်။

နွယ့် လက်ရေးလေးဖြင့် ရေး၍ စက္ကူလိပ်လေးလုပ်ပြီး ထည့်ထားသော ဖန်ပုလင်းလေး တစ်လုံးရှိပါသည်။ ကျနော့်မွေးနေ့မှာ နွယ်က သူ့ရင်ခုန်သံများကို ရေး၍ ကျနော့်ကို လက်ဆောင်ပေးခဲ့ဖူးသည်။ အနာဂတ်၌ ကျနော်ရှိနေသော မျှော်လင့်ချက်ကို နွယ် ဖော်ပြခဲ့သည်။ ကျနော် သိရတော့ ဝမ်းသာပါသည်။ သို့သော် လက်တွေ့၌ ကျနော် ပစ်ပယ်ထားခဲ့သည်။
မိန်းမတစ်ယောက်၏ စိတ်လုံခြုံမှုကို မပေးစွမ်းနိုင်သော ယောက်ျားတစ်ယောက်အဖို့ အဘယ်မျှ အပြစ်ကြီးပါ သနည်း။ အထူးသဖြင့် ကိုယ်ကလည်း ချစ်ခင်မြတ်နိုးသော၊ ကိုယ့်ကိုလည်း ချစ်ခင်မြတ်နိုးသောသူ တစ်ယောက် ဖြစ်နေပါလျက် ကွဲကွာစေသော အကြောင်းပြချက်မှာ စိတ်လုံခြုံမှုဆိုသည့် အကြောင်းတရားလား။

လက်ထပ်ခြင်းသည် လိင်ကို မှတ်ပုံတင်ခြင်း မဟုတ်ပါ။ စိတ်လုံခြုံမှုနှင့် စိတ်ပျော်ရွှင်ခြင်းသည် လိင်ဆန့်ကျင် ဘက် ယောက်ျားနှင့် မိန်းမအကြား ဘယ်လို ဆက်နွှယ်နေပါသနည်း။ မိန်းမများ၌ လက်ထပ်ခြင်းနှင့် စိတ်လုံခြုံမှု သည် ဘယ်လို ဆက်စပ်နေပါသနည်း။ လက်ထပ်ခြင်းနှင့် လိင်သာယာမှုသည် ဘယ်လိုဆက်စပ်နေပါနည်း။ ချစ်ကြင်နာခြင်း၌ ကဗျာတွေ ပါသလား။ စာတွေ ပါသလား။ ပန်းချီတွေ ပါသလား။ လွမ်းဆွေးသတိရခြင်းတွေ ပါပါသလား။
ကျနော် နွယ့်အတွက် မှတ်စုစာအုပ်ထဲမှာ ကဗျာတစ်ပုဒ် ကောက်ရေးလိုက်မိသည်။ ပင်လယ်ကို မျက်နှာမူရင်း ပြာလွင်သော ကောင်းကင်ကို ကြည့်ရင်း ကျနော် ရေးစပ်ခဲ့ခြင်းဖြစ်သည်။ ကျနော့်လက်မှ အလိုလို ယိုစီးကျလာ သော စကားလုံးများကို ကျနော် သီလိုက်ပါသည်။ စီလိုက်ပါသည်။ ထို့နောက် ကျနော့် မှတ်စုထဲမှာပင် သိမ်း ထားခဲ့ပါသည်။ ကျနော့် ကဗျာကို နွယ်သိဖို့ မလိုတော့ဟု ဆုံးဖြတ်ပြီးခဲ့သော ကာလများ နောက်ပိုင်းမှာဖြစ်ပါ သည်။

ပင်လယ်လို ပြာသတဲ့လား…
အချစ်ညဟာ ပြာသလား….
လေပြေလို…
လှိုင်းလှေစီးသလို….
အလွမ်းတွေ ဝေ့သတဲ့လား…
မိုးကုတ်စက်ဝိုင်းရဲ့ အနားသတ်မျဉ်းအထိ ကျယ်ပြောသလား…
တို့အချစ်က….

သမုဒ်ပင်လယ်လို ကျယ်ပြောသလား….
ဒီရေလို တက်လိုက် ကျလိုက်ဖြစ်ရောလား…..
လှိုင်းဟာ ကမ်းကိုလာတယ်….
ကမ်းဟာ ပင်လယ် အနားသတ်ဖြစ်တယ်….
အချစ်ဟာ ဘယ်လောက် ကျယ်ပြန့်သလဲ…
ဘယ်လောက် နက်နဲသလဲ….
ဘယ်လောက် ထွေပြားသလဲ…
လကွေးကွေးလေးရဲ့ မှိုန်ပြပြန် အလင်းက …
ပင်လယ်ပြင်မှာ ဟပ်သလား….
လှပ်သလား….

မင်းသေ့
ည ၈ း ၁၀
၃၀ ၊ နိုဝင်ဘာ ၊ ၂၀၁၉။
ပုသိမ် ၊ ငွေဆောင်။

Previous post ASSK and ICJ
Next post မှတ်စုထုတ်တာ