မှတ်စုထုတ်တာနဲ့ပတ်သက်ပြီး ကျနော် လုပ်ခဲ့တဲ့အတွေ့အကြုံကို ပြောပြချင်ပါတယ်။ စာဖတ်ရင်း ဖတ်မိထား တဲ့စာအုပ်ထဲက ကြိုက်တဲ့စာကြောင်းတွေ၊ ဝါကျတွေကို လိုင်းတားတာ မှတ်စုထုတ်တာတွေ ကျနော် လုပ်လေ့ရှိ ပါတယ်။ ကျနော် တက္ကသိုလ်ကျောင်းသား ဘဝမှာ စွဲစွဲမြဲမြဲလုပ်ခဲ့ပါတယ်။ ဘွဲ့ရအပြီးနောက်ပိုင်း ၂ နှစ်လောက် မှာလည်း ကျနော် စွဲစွဲမြဲမြဲလုပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မှတ်စုစာအုပ်ထက် ကွန်ပြူတာကီးဘုတ်ခံနဲ့ ပိုပြီးနီး စပ်သွားလို့ ကျနော် မှတ်စုစာအုပ်ထဲ မှတ်စုတွေ မထုတ်ဖြစ်တော့ပါ။ ဒါပေမယ့် မှတ်စုထုတ်ရခြင်း အကျိုးကျေး ဇူးတွေကို ကျနော် ခဏ ခဏ အမှတ်ရနေမိပါတယ်။

မှတ်စုထုတ်တာကတော့ သိပ်အဆန်းတကြယ် မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့စာကြောင်းနဲ့ ဝါကျ၊ စာပိုဒ်တွေကို ကိုယ့်မှတ်စုစာအုပ်ထဲကို လက်ရေးလှလှနဲ့ ကြည့်ပြီး ကူးရေးတာပါပဲ။ ကျနော့်မှတ်စုတွေ ဘယ်လောက်တောင် များခဲ့သလဲဆိုတော့ စာမျက်နှာ ၂၀၀ ၊ ၃၀၀ လောက်ရှိတဲ့ မှတ်စုစာအုပ်မျိုး ၁၅ အုပ်လောက်အထိ ကျနော်ရေး ဖြစ်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုနီးပါး ကျနော်ရေးဖြစ်ခဲ့တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

အထူးသဖြင့် ဘဝဒဿနနဲ့ အတွေးအခေါ်တွေ၊ အဆိုအမိန့်တွေကို ကျနော် မှတ်စုထုတ်ဖြစ်တယ်။ ဘာသာရေး၊ နိုင်ငံရေး၊ လော့ဂျစ်၊ စိတ်ဓာတ်ခွန်အားစာတွေနဲ့ ဒဿနိကနယ်ထဲက စာတွေကို ကျနော် မှတ်စုထုတ်ဖြစ်တယ်။ အဆိုအမိန့်တွေကို ကျနော်ကြိုက်တယ်။ စကားပုံတွေကို ကျနော်ကြိုက်တယ်။ မှတ်ချက်တွေ၊ ကောက်ချက် တွေကိုလည်း နှစ်သက်တယ်။ ဖြစ်ရပ် အကြောင်းအရာတွေကို ကျနော် မှတ်စုထုတ်လေ့ မရှိဘူး။ သဘော တရားကို ဇောင်းပေးတဲ့ စာပိုဒ်တွေကို ကျနော်ကြိုက်တာများတယ်။

ကျနော်အများဆုံး မှတ်စုထုတ်ဖြစ်တဲ့ စာအုပ်ကတော့ ဆရာတော်ဦးဇောတိက စာအုပ်ထဲက စာတွေပါပဲ။ နောက်ပြီးတော့ တရုတ်အတွေးအခေါ်ရှင်နှစ်ယောက်ဖြစ်တဲ့ ဆွန်ဇူးနဲ့ ကွန်ဖြူးရှပ် ဒဿနတွေကို ကျနော် မှတ်စု ထုတ်တာထားတာ တော်တော်များများတယ်။
အစကတော့ မှတ်စုထုတ်တာကို ကျနော်ကြိုက်လို့ ထုတ်ဖြစ်ခဲ့တာပဲ။ နောက်ပိုင်းမှာ မှတ်စုထုတ်ရခြင်း အကျိုး ကျေးဇူးတွေကို ကျနော့်ဘာသာ သိလာရတယ်။ ကျနော်မှတ်စုထုတ်တယ်ဆိုတာ ၊ တစ်လ မဟုတ်ပါ။ တစ်နှစ် မဟုတ်ပါ။ ၁၀ နှစ်နီးပါးလောက်ထိ စွဲစွဲမြဲမြဲ မှတ်စုထုတ် စာဖတ်ဖြစ်ခဲ့တာပါ။ ဒီ့နောက်ပိုင်း အချိန်အကန့်အသတ် ကြောင့် ကျနော် မှတ်စုထုတ်ပြီး ကြိုက်တဲ့စာအုပ်တွေကို စိတ်ပြေနပြေ မဖတ်နိုင်တာကိုလည်း သဘောမကျ ဘူး။ ကိုယ့်ကိုကိုယ်လည်း အားမရဘူး။

မှတ်စုတွေကို စွဲစွဲမြဲမြဲ မှတ်စုစာအုပ်ထဲ ကူးရေးနေရင်း ကျနော့်စိတ်ကို ကျနော်ပြန်သိလာတယ်။ တစ်ဖက်မှာ လည်း ကျနော်ကူးရေးတဲ့စာတွေက ကျနော့် ဦးနှောက်နဲ့ ကျနော့်နှလုံးသားကို စိမ့်ဝင်နေသလို ခံစားလာရတယ်။ ကျနော် ကြိုက်တဲ့စာတွေကို မှတ်စုစာအုပ်ထဲ ကူးရေးနေရင်း ကူးရေးနေတဲ့ အကြောင်းအရာတွေကို ကျနော် စဉ်းစားနေတယ်။ တွေးနေတယ်။ ဆက်စပ်စဉ်းစားနေတယ်။ ဒီလိုနဲ့ ကျနော့်အတွေးတွေက ဆက်စပ်မိပြီး ကျယ် ပြန့်လာတယ်လို့ ကျနော်ခံစားရတယ်။ တစ်ဖက်မှာလည်း မှတ်စုတွေ ရေးကူးနေရင်း ကိုယ်ပိုင်အတွေးအခေါ် တွေ ရလာတယ်။ ကိုယ်ပိုင်အမြင်တွေ ရလာတယ်။ စုတုပြုကို အလွယ်တကူ လုပ်တတ်လာတယ်။ ဖတ်သမျှ စာထဲက ကြိုက်တဲ့စာတွေကို ရွေးပြီး လက်နဲ့ ကူးရေးလိုက်ခြင်းဟာ ဘာမှ မဟုတ်ဘူး ထင်ရပေမယ့် ကျနော့် အသိဉာဏ်အတွက်တော့ ဘာနဲ့မှ လဲလို့ မရတဲ့ အကျိုးကို ရခဲ့ပါတယ်။ ဒါကိုလည်း ကျနော် အဲသည်လိုတွေ အကျိုးများလိမ့်မယ်လို့ ကြိုသိလို့ ကူးရေးခဲ့တာ မဟုတ်ပါဘူး။ ကျနော် မှတ်စုတွေ ထုတ်ရင်း ၊ ကြိုက်တဲ့စာတွေ ကို မှတ်စုစာအုပ်ထဲ လက်ရေးလှလှ ကူးရေးနေရင်း နှစ်အတော်ကြာထဲအခါမှ ကျနော်သတိထားမိပြီး သိမြင် လာတာဖြစ်ပါတယ်။

မှတ်စုထုတ်လိုက်ရင် ဖတ်လိုက်တဲ့ စာက ကြေသွားတယ်လို့ ခံစားရတယ်။ အမြင်တွေကို ပိုရှင်းသွားတယ်။ အသိတွေက ပိုနက်သွားတယ်။ မြင်ကွင်းက ပိုကျယ်သွားတယ်။ ဗဟုသုတတွေကို ဆက်စပ်မိသွားတယ်။ ဝိုးတဝါးဖြစ်နေတာတွေက ပုံပေါ်လာတယ်။ ပီပြင်လာတယ်။ သိချင်တာတွေကို အစဆွဲထုတ်မိလာတယ်။ သူများတွေ ဘယ်လို တွေးသလဲ၊ ဘယ်လိုလုပ်သလဲ၊ ဘယ်လိုမြင်သလဲ ဆိုတာကို ချက်ကျလက်ကျ သိလာ ရတယ်။ သိတဲ့အသိဟာ အပေါ်ယံ မဟုတ်တော့ဘူး။ လိုတဲ့အချိန်မှာ တိတိကျကျ ခေါင်းထဲက အလို အလျှောက်ထွက်လာတယ်။ လိုတဲ့အချိန်မှာ ကိုယ်လေ့လာခဲ့တဲ့အကြောင်းအရာက ပြောဖို့၊ ဟောဖို့၊ ငြင်းခုန်ဖို့၊ ဆွေးနွေးဖို့ အရန်သင့် (ရယ်ဒီ) ဖြစ်လာတယ်။ ဒါ့ကြောင့် တတ်ယောင်ကား မြည်တတ်တွန်တတ်ရွတ်တတ် ဖတ်တတ်တဲ့အဆင့်ကို ကျနော် ကျော်နိုင်ခဲ့တယ် ထင်တယ်။ ကျနော် သိပ်အများကြီး မသိပါဘူး။ သို့ပေမယ့် ကျနော် ဖတ်သမျှကိုတော့ ကြေကြေလည်လည် သိနားလည်တယ်လို့ ကျနော်ခံစားလာရတယ်။ ဒါ့ကြောင့် ကျနော် ယုံကြည်မှု ပိုတက်လာတယ်။ သူများတကာက စကားတစ်ခု၊ ဆွေးနွေးချက်တစ်ခုခု ပြောနေရင် နား ထောင်ရင်း လိုရင်းကို ကျနော် အလွယ်တကူ ဖမ်းမိလာတယ်။ ဆိုလိုချက်ကို ချဲ့တွေးနိုင်လာတယ်။ အကယ်၍ ကိုယ်နဲ့ နီးစပ်တဲ့အကြောင်းအရာကို ပြောနေတယ်ဆိုရင် သူ ဘယ်ထောင့်ကနေ ပြောနေတာ၊ ဘယ်ထဲကနေ မိတ္တူပွားပြီး ပြောနေတာ၊ ဘယ်လို သဘောတရားနဲ့ ချည်းကပ်ပြီး တင်ပြနေတယ်ဆိုတာ စိတ်ထဲကနေ အလိုလို သိနေတယ်။

မှတ်စုထုတ်တာဟာ ဘာနဲ့ တူသလဲဆိုတော့၊ ကိုယ်စားသုံးတဲ့ အစာတွေက အာဟာရတွေအဖြစ် ခန္ဓာထဲကို တဖြည်းဖြည်း စိမ့်ဝင်ပျံ့နှံ့ပြီး သတ္တိပြနေသလိုပဲ။ မှတ်စုထုတ်တာဟာ အချိန်တော့ကုန်တယ်။ စွဲစွဲမြဲမြဲ မလုပ် သူအဖို့ ငြီးငွေ့စရာဖြစ်လိမ့်မယ်။ တစ်ဖက်မှာလည်း များပြားလွန်းတဲ့အသိတွေမှာ အသိအနည်းစုအတွက် အလကားအချိန်ကုန်နေတယ်လို့ ထင်ချင်ထင်လိမ့်မယ်။

ကျနော် တက္ကသိုလ်ကျောင်းသားဘဝတုန်းက အတန်ဖော်သူငယ်ချင်းက ကျနော့်ကို ခပ်ကြောင်ကြောင်ကြည့်ပြီး မေးခွန်းတစ်ခု မေးခဲ့တယ်။ ကျနော်က စာအုပ်တစ်အုပ်ကို ကြည့်ပြီး မှတ်စုစာအုပ်ထဲ လက်ရေးလှလှလေးတွေ နဲ့ ကြည့်ကူးနေတယ်။ သူ့ ပြောတယ်။ “ဒီစာအုပ်က မင်းစာအုပ်ပဲ။ မင်းအပိုင်ပဲ။ ဘာလို့ အဲဒီ့စာအုပ်ထဲက စာတွေကို မင်းစာအုပ်ထဲ ကူးယူနေသလဲ….” လို့ မေးဖူးတယ်။ ကျနော် ပြန်မဖြေလိုက်ပါဘူး။ ကျနော်သူ့ကို ထိုင်ပြီး မှတ်စုတွေ ကူးရေးနေရင်း မော့ကြည့်ပြီး ပြုံးပြလိုက်တယ်။ ဒီအလုပ်က ကျနော့်ကို တခြားသူက ငကြောင်ပဲလို့ ထင်စရာဖြစ်တဲ့ကိစ္စဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ကျကျနန လုပ်ခဲ့တယ်။ ကျနော်ကိုယ်တိုင် မှတ်စုတွေ ကူးယူရေးနေရင်း စိတ်တည်ငြိမ်လာတယ်လို့ ခံစားရတယ်။ တစ်ဖက်မှာလည်း ကျနော့်အာရုံက ဘယ်မှ ရောက်နေဘူး။ စာအုပ်ပါ အကြောင်းအရာဆီမှာပဲ စူးစိုက်နေတယ်။ ရေးကူးနေတဲ့အကြောင်းအရာနဲ့ ဆက်စပ်တဲ့အကြောင်းတရားတွေဆီမှာ အာရုံရောက်တယ်။ တစ်ဖက်မှာလည်း ကျနော့်လက်ရေးကို ခပ်လှလှ ရေးပြီး ကူးရေးနေတာဖြစ်လို့ ကျနော့်စိတ်က လက်ထဲကိုင်ထားတဲ့ ဘောပင်ဆီမှာပဲ စိတ်ရောက်နေတယ်။

ဒီလိုနဲ့ ဆရာတော်ဦးဇောတိက အတွေးအခေါ်တွေနဲ့ ကွန်ဖြူးရှပ်အတွေးအခေါ်တွေ ကျနော့် ကိုယ်ထဲ စိမ့်ဝင် ပျံ့နှံ့ကုန်တယ်လို့ ကျနော်ထင်တယ်။ ကျောင်းပြီးတော့ အလုပ်လုပ်ဖြစ်တယ်။ တကယ့်လောကထဲ ကျနော် ရောက်လာတယ်။ နိုင်ငံရေးရေးနယ်နဲ့ လူမှုအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ရတယ့်အလုပ်ကို ကျနော်လုပ်ဖြစ်တယ်။ လူတွေနဲ့ ပူးပေါင်းပြီး လုပ်ကြရတော့ လူတွေနဲ့ပတ်သက်တဲ့ အခက်အခဲ ပြဿနာတွေ ကျနော်ကြုံရတယ်။ ကျနော့်ပတ်ဝန်းကျင်မှာ၊ ကျနော့်လုပ်ငန်းခွင်မှာ ကျနော် စိတ်ညစ်ညူးရတဲ့ ကျနော် ဒေါသ ဖြစ်ရတဲ့ ကိစ္စတွေ ကြုံရတယ်။ နောက်ဆုံး ကျနော် လုံးဝ သည်းမခံနိုင်၊ ဒေါသဖြစ်ရတဲ့ကိစ္စတွေ ကြုံရတယ်။ လူတစ်ယောက်အပေါ် ကျနော် မကျေနပ်နိုင်ဖြစ်နေတယ်။ ဒေါသမလျော့နိုင်ဖြစ်နေတယ်။ အဲသည်လို အခြေ အနေမှာ ကျနော်လုပ်တဲ့အရာကတော့ ကျနော့်အတွက် ဒေါသကို ဖောက်ထုတ်တဲ့ နည်းလမ်းဖြစ်လာတယ်။ အဲဒါကတော့ ဆရာတော်ဦးဇောတိကရဲ့ စာအုပ်ထဲက စာတွေကို ကြည့်ပြီး ကျနော့်မှတ်စုထဲ ကြည့်ပြီး လက်ရေးလှလှ ကူးရေးတော့တာပဲ။

အဲသည်လို လုပ်နေရင်း ကျနော် သတိထားမိပါတယ်။ အဲဒါကတော့ ဒေါသဖြစ်နေတဲ့ ကျနော့်စိတ်ဟာ တဖြည်း ဖြည်း ငြိမ်လာတယ်။ ပြီးတော့ အာရုံဟာ မကျေနပ်မှုတွေအပေါ်မှာ ရောက်မနေတော့ဘူး။ ရေးကူးနေတဲ့ အကြောင်းအရာအပေါ်မှာ ရောက်တယ်။ တဖြည်းဖြည်းနဲ့ ရေးကူးနေတဲ့ အကြောင်းအရာထဲက ဘဝအမြင်၊ ဒဿန၊ ရှုထောင်၊ ယူဆချက်တွေက ကျနော့်ကို ပြန်ထိန်းညှိပေးနေတယ်။ အဲသည်လို ရေးကူးနေရင်း ဆရာတော့်စာတွေ၊ အဆိုအမိန့်တွေကို ကြည့်ကူးနေရင်း စာမျက်နှာ (၁၀) မျက်နှာလောက် ရေးအပြီးလောက် မှာ ကျနော့်စိတ်အတော်ကြည်လင်နေတာ သွားတွေ့ရတယ်။ အခုနက ဖြစ်တဲ့ ဒေါသလည်း မရှိတော့ဘူး။ စိတ်တိုတာ၊ မောတာတွေလည်း မရှိတော့ဘူး။ ပြီးတော့ ကိုယ် လုံးဝ သည်းမခံနိုင်အောင် ဒေါသဖြစ်နေတဲ့လူ အပေါ်မှာလည်း ဘာဒေါသမှမဖြစ်တော့ဘူး။

ကျနော် ငြိမ်းချမ်းသွားတယ်။
ကျနော်ကြည်လင်သွားတယ်။
ကျနော် တည်ငြိမ်သွားတယ်။
ကျနော့်စိတ်ဟာ ရှင်းသွားတယ်။
ကျနော့်အသက်ရှုသံက မှန်သွားတယ်။

မင်းသေ့
ည ၉ း ၃၅
၃၀ ၊ နိုဝင်ဘာ ၊ ၂၀၁၉
ပုသိမ် ၊ ငွေဆောင်။

Previous post အခန်း (၃) ဖြတ်သန်းရမှု
Next post စိတ် နေ ဆန္ဒ