ဗမာမင်းတွေဟာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ကျင့်သုံးတာဖြစ်ခြင်းကြောင့်၊ တရားဥပဒေစည်းမျဉ်းစည်းကမ်း သတ်သတ်မှတ်မှတ်ရေးဆွဲပြဌာန်းပြီး အုပ်ချုပ်တာမျိုး မလုပ်ခဲ့ပါဘူး။ ဗမာမင်းတွေဟာ ပြည်သူလူထုကို ရိုးရာဓလေ့ထုံးစံကို အခြေခံပြီး အုပ်ချုပ်ပါတယ်။ ရိုးရာဓလေ့ ထုံးစံဆိုတာလည်း မဖြစ်မနေ လိုက်နာရမယ့် ဥပဒေစည်းမျဉ်းလို မဟုတ်လေတော့၊ ဘုရင့်ရဲ့စိတ်သဘောတော် အတိုင်း ထင်ရာအုပ်ချုပ်တာလို့ပဲ ဆိုလို့ရ မယ်။ အဲသည့်အထဲမှာ ဘုရင်က အမြော်အမြင်ရှိလို့၊ အမြင်ကျယ်လို့၊ စိတ်ထားကောင်းမြတ်လို့ ကရုဏာ အားဖြင့် မင်းလုပ်အုပ်ချုပ်ရင်တော့ ပြည်သူဟာ ချမ်းသာရာရပါတယ်။ သို့မဟုတ်ရင်တော့ မင်း၊ ဘုရင် ရှိနေခြင်းဟာ လူထုအတွက် ငရဲပါပဲ။

တစ်ဖက်မှာလည်း လူ့အဖွဲ့အစည်းအတွင်းမှာ စာပေတတ်သိပညာရှိနဲ့ ကျမ်းဂန်လိုက်စား ဘုန်းကြီးရဟန်းများ ရှိရင် ဘုရင့်ကို ထိန်းဖို့ထေဖို့အတွက်တော့ မျှော်လင့်လို့ ရနိုင်ကောင်းတယ်။ ဒီနေရာမှာလည်း သွယ်ဝိုက်သော နည်းအားဖြင့်သာ ထိန်းလို့ထေလို့ရတယ်။ ဘုရင်က ငါတကောကောရင် ကျမ်းတတ်အကျော် ဆရာတော်တွေ လည်း ဘာမှမလုပ်နိုင်ပါဘူး။ လူထုအကြားမှာလည်း စာတတ်ပေတတ် လူပုဂ္ဂိုလ်ဆိုတာ ထွက်ပေါ်လာဖို့ အခွင့် အရေးသိပ်မပေးပါဘူး။ ဒါ့ကြောင့် ပဒေသရာဇ်ခေတ် တစ်လျှောက်လုံးမှာ ဘုရင့်သဘောဆန္ဒအတိုင်းသာ တိုင်းပြည်ဟာ ဖြစ်ပျက်ရတယ်လို့ ယူဆနိုင်ပါတယ်။ နောက်တစ်ချက်က ဗမာ့စရိုက်ပါ။

ဗမာ့စရိုက်

ဗမာ့စရိုက်၊ ဗမာ့အမူအကျင့်ကို လေ့လာကြည့်တဲ့အခါမှာ ဗမာတွေဟာ အစုအဖွဲ့နဲ့ အလုပ်လုပ်နိုင်စွမ်း အားနည်းတာကိုတွေ့ရပါတယ်။ ဗမာတွေဟာ အစုအဖွဲ့နဲ့တော့ အလုပ်မလုပ်တတ်ဘူး။ ဒါပေမယ့် အုပ်စုတော့ ဖွဲ့တတ်တယ်။ အုပ်စုသာ ဖွဲ့တတ်ပြီး အစုအဖွဲ့နဲ့ အလုပ်မလုပ်တတ်တာကြောင့် ယနေ့အချိန်အထိ ဗမာ့ လူ့အဖွဲ့အစည်းဟာ အားနည်းချိနဲ့နေရတယ်လို့ ဆိုချင်က ဆိုနိုင်တယ်။ အုပ်စုဖွဲ့တာနဲ့ အစုအဖွဲ့နဲ့ အလုပ်လုပ် တတ်တာဟာ မတူပါဘူး။ ကွာခြားပါတယ်။ ကွဲပြားပါတယ်။

ဗမာတွေရဲ့ အုပ်စုဖွဲ့တတ်တဲ့အကျင့်ကြောင့် ဂိုဏ်းဂဏ အုပ်စုကွဲတာတွေဟာ ဘာသာရေးမှာရော၊ တိုင်းပြည် အတွင်းမှာပါ အများအပြားရှိပါတယ်။ ဘုရင်ကို တော်လှန်လိုတဲ့ လူထုဟာ အုပ်စုဖွဲ့ပြီး ပုန်ကန်ခြားနားတယ်လို့ ဆိုပေမယ့် ဗမာ့သမိုင်းက လူထုက ဘုရင်ကို တော်လှန်လို့ ဘုရင်ပြုတ်ကျပြီး လူထုအာဏာရတယ်ဆိုတာ မကြုံခဲ့ဖူးပါ။ နန်းတွင်းအသိုင်းအဝိုင်းထဲမှာပဲ အချင်းချင်း အုပ်စုဖွဲ့ အာဏာလု၊ ပလ္လင်လုတာမျိုးတွေ့ရပါတယ်။ သို့မဟုတ်ရင်လည်း တိတ်တဆိတ် ဂိုဏ်းဂဏဖွဲ့ပြီး တည်ဆဲ ဘုရင်ကို လုပ်ကြံသတ်ဖြတ်ပါတယ်။ ဒီနည်းနဲ့ အာဏာကို ရယူလေ့ရှိပါတယ်။ အာဏာရဘုရင်ကလည်း တိုင်းပြည်ကို အုပ်စုဖွဲ့ပြီးတော့သာ အုပ်ချုပ်ပါတယ်။ အစုအဖွဲ့နဲ့ စနစ်တကျ အုပ်ချုပ်တယ်ဆိုတာ မရှိပါဘူး။

အစုအဖွဲ့ကို တည်ဆောက်ပြီး စည်းမျဉ်းဥပဒေ သတ်သတ်မှတ်မှတ်နဲ့ အုပ်ချုပ်ခြင်းကို ကိုလိုနီခေတ်ရောက်မှ သာ ဗမာတွေဟာ ကြုံဖူးပါတယ်။ အင်္ဂလိပ်က ဗျူရိုကရေစီယန္တရားကို တည်ဆောက်ထားပြီး ဥပဒေစည်းမျဉ်းကို ပြဌာန်းပါတယ်။ ဒီနည်းနဲ့ အစုအဖွဲ့ပြုပြီး တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ အုပ်စုသာ ဖွဲ့တတ်ပြီး အစုအဖွဲ့နဲ့ မအုပ်ချုပ်တတ်တဲ့ ဗမာကို အစုအဖွဲ့၊ စည်းမျဉ်းဥပဒေနဲ့ ထိန်းကျောင်း အုပ်ချုပ်တတ်တဲ့ အင်္ဂလိပ်က နှစ် ၁၀၀ ကျော် အုပ်ချုပ်သွားခဲ့ပါတယ်။ ဒါဆိုရင် စဉ်းစားစရာ ရှိလာပါပြီ။ ဗမာတွေမှာရော စည်းမျဉ်းဥပဒေကဲ့သို့ အလား သဏ္ဍာန်တူတဲ့ ဥပဒေ ပဋိညာဉ်မျိုး မရှိခဲ့လို့လား။ ဒါမှ မဟုတ်….. မရှိလို့လား။

ရှိပါတယ်။ ရှိခဲ့ပါတယ်။

လူမှုပဋိညာဉ်ကဲ့သို့သော စည်းမျဉ်းဥပဒေမျိုးတွေဟာ ရိုးရာဓလေ့ယဉ်ကျေးမှုအတွင်းမှာ ရှိခဲ့ပါတယ်။ ဗမာ့ ရှေးထုံးတွေဟာ ဗုဒ္ဓယဉ်ကျေးမှုအစဉ်အလာ ထုံးတမ်းတွေနဲ့ ဆက်နွှယ်နေလေ့ရှိပါတယ်။ ပထမဗမာနိုင်ငံကို မတည်ထောင်ခင်ကာလတွေကတည်းက ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေဟာ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသမှာ မျိုးစေ့ကျနေခဲ့ပြီးဖြစ်ပါတယ်။ နတ်ကိုးကွယ်မှုနဲ့ အိန္ဒိယဟိန္ဒူယဉ်ကျေးမှုတို့ ရောယှက်နေပေမယ့်၊ ဗုဒ္ဓဓလေ့ ထုံးတမ်းတွေလည်း ပျံ့နှံ့နေခဲ့ပြီးဖြစ်ပါတယ်။ အနိရုဒ္ဓ (အေဒီ ၁၀၄၄ – ၁၀၇၇) လက်ထက်မှာမှ၊ ဗမာမြို့ပြနိုင်ငံ သစ် တည်ထောင်ပြီး ထေရဝါဒဗုဒ္ဓဘာသာကို အာဏာစက်နဲ့ သွတ်သွင်းပြုပြင်ခဲ့တာဖြစ်ပါတယ်။ ဒီတော့ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိခဲ့ဖူးတဲ့ တည်ဆဲဗုဒ္ဓဘာသာဓလေ့ထုံးတမ်းတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ လည်း တစ်စုံတစ်ရာအားဖြင့် ပျံ့နှံ့တည်ရှိခဲ့ပြီးဖြစ်ပါတယ်။ ပျံ့နှံ့တည်ရှိလာတဲ့ ဗုဒ္ဓယဉ်ကျေးမှုဓလေ့ထုံးတမ်း တွေအပေါ် အခြေတည်ပြီး မဟာသမ္မတမင်းမြှောက်ခြင်းဝါဒကိုလည်း ဗမာတွေ လက်ခံလာကြပါတယ်။

မဟာသမ္မတမင်း အယူအဆ

ပုဂံဝန်ထောက်မင်း ဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းပါ မဟာသမ္မတ တင်မြှောက်ပုံကို ကိုးကားတင်ပြချင် ပါတယ်။

“ အသိအလိမ္မာ ဉာဏ်ပညာရှိသူ လူတစ်စုတို့သည် မနုမည်သော သုခမိန်ကို မဟာသမ္မတ တင်မြှောက် ကြသည်။ တင်မြှောက်ပုံမှာ …. ငါတို့အပေးတွင် အရှင် အစိုးရ ပြုလုပ် အုပ်ချုပ်ပါ။ ကဲ့ရဲ့ ရှုတ်ချ နှင်ထုတ်သင့်သူ၊ မ,စ ချီးမြှောက်စောင့်ရှောက်သင့်သူတို့ကို တရားလမ်းရှိသမျှ နိဂ္ဂဟ ပဂ္ဂဟ ပြုလုပ်ပါ။ ထိုကဲ့သို့ ပြုလုပ်အုပ်ချုပ်သည့်အတွက် အုပ်ချုပ်ခံရသူတို့ လုပ်ဆောင်ဖြစ်ထွန်းရရှိသော ပစ္စည်းများမှ ဒသမဘာဂ ဆယ်ဖို့တစ်ဖို့၊ ဆယ်ခိုင်တစ်ခိုင်၊ ဆယ်ဖီးတစ်ဖီး၊ ဆယ်လုံးတစ်လုံး၊ ဆယ်ပွင့်တစ်ပွင့် အချိန်နှင့် အခန့်သင့် ပေးဆက်ကြသည်ကို ခံယူပါဟူ၍ ဝိုင်းဝန်း တိုက်တွန်း ပြောဆိုကြကုန်သည်။ သို့ တင်မြှောက်သူတို့နျင့် မင်းပြုလုပ်မည့်သူတို့သည် အပြန်အလှန် ပဋိညာဉ်ခံဝန် ကတိစကားထားကြပြီး သည့်အခါ မင်းလျာမင်းလောင်းဖြစ်သော သုခမိန်ကို သုံးပါးသော ဘိသိက်သွန်းလောင်းခြင်းနှင့် မင်း မြှောက်ကြကုန်သည်…..”

ဒီနေရာမှာ နားလည်ဖို့က၊ မင်းကို တင်မြှောက်တဲ့အခါမှာ ဘိသိက်သွန်းပြီး မင်းမြှောက်တယ်ဆိုတဲ့ ဖြစ်ရပ်ကို တွေ့ရပါတယ်။ ဗမာမင်းတိုင်းဟာ ဘိသိက်ခံယူပြီး မင်းအဖြစ်ကို မကျင့်ကြပါ။ တချို့သော ကိုယ်ကျင့်အားဖြင့် ရဲရင့်တဲ့ ဗမာမင်းတွေသာ ဘိသိက်အသွန်းခံပြီး မင်းအဖြစ်ကို အုပ်ချုပ်ရဲကြပါတယ်။ ဒီမှာ အကြောင်းရှိပါတယ်။ ဘိသိက်သွန်းခံပြီး မင်းလုပ်အုပ်ချုပ်ခြင်းနဲ့ ဘိသိက်အသွန်းမခံနိုင်တဲ့ ဘုရင်တွေအကြားမှာ ကိုယ်ကျင့်အားဖြင့် ခြားနားမှု ရှိပါတယ်။ အကြောင်းကတော့ ဘိသိက်ပါ အကြောင်းကဏ္ဍတွေကြောင့်ဖြစ်ပါတယ်။

ဘိသိက်ထုံးဓလေ့

သုဓမ္မာဆရာတော်ကြီး ပြုစုရေးသားစီရင်တဲ့ ရာဇသေဝက ဒီပနီကျမ်းပါ “မုဒ္ဓါဘိသိက်” သွန်းပုံကို လေ့လာနိုင် ပါတယ်။

“အရှင်မင်းမြတ်။ ။ အရှင်မင်းမြတ်ကို အလုံးစုံသော မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူဌေးသူကြွယ်မျိုး အပေါင်းတို့သည် မိမိကိုယ်ကို စောင့်ရှောက်ခြင်း အကျိုးငှာ မင်းမြတ်ကို အဘိသိက် သွန်းလောင်းပါ၏။ အရှင်မင်းမြတ်သည် တရားနှင့် အညီ မင်းပြုတော်မူလော့။ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူဌေးသူကြွယ်မျိုး အပေါင်းတို့၌ အရှင်မင်းမြတ်သည် ရွှေရင်တော်နှစ်ကဲ့သို့ ချစ်ခင်သနားတော်မူသဖြင့် စီးပွားစေလိုပါ လော့။ ထိုမင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူဌေးသူကြွယ်မျိုးတို့ကို စောင့်ရှောက်တော်မူပါလော့။ အရှင်မင်းမြတ် သည် အကျွန်ုပ်တို့ ဆိုသည့်အတိုင်း မင်းပြုသည်ရှိသော် ကောင်းမြတ်၏။ ထိုသို့ မပြုခဲ့သော် အရှင်မင်း မြတ်၏ ဦးခေါင်းသည် ခုနှစ်ဆိတ် ခုနှစ်ဖြာ ကွဲစေသတည်း…..”

ရှေးထုံး ဘိသိက်သွန်းတဲ့ပုံစံတွေကို ကြည့်ရင်၊ ဘုရင်နဲ့ တိုင်းသူပြည်သားအကြား ကတိကဝတ်သဘော တွေလည်းပါနေတယ်။ အပြန်အလှန် တာဝန်ယူမှု၊ အပေးအယူသဘောလည်း ပါနေတယ်။ ပဋိညာဉ်သဘော လည်း ပါနေတာတွေ့ရတယ်။ တစ်ဖက်မှာလည်း ဘိသိက်ပါ ကတိသစ္စာပျက်ယွင်းရင်လည်း ကျိန်စာတိုက်တဲ့ သဘော၊ ကျမ်းကျိန်တဲ့သဘော အသွားအလာတွေကိုတွေ့ရတယ်။ ယောမင်းကြီး ဦးဘိုးလှိုင် ရေးသားစီရင်တဲ့ မဟာသမတ ဝိနိစ္ဆယကျမ်းပါ အချက်အလက်တွေနဲ့ ဆက်စပ်ပြီးတော့ မင်းတုန်းမင်းရဲ့ ဘိသိက်ခံယူပုံတွေကို လေ့လာရင်လည်း ထိုနည်းလည်းကောင်းတွေ့နိုင်တယ်။

မင်းကို ရာဇဘိသိက်ဘွဲ့ပေးပြီးတော့…..

• မင်းကျင့်တရားနဲ့အညီ မင်းလုပ်အုပ်ချုပ်ဖို့။
• အမျက်ဒေါသ မလွန်ဖို့။
• တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်သနားဖို့။
• တိုင်းသူပြည်သားရဲ့ စီးပွားချမ်းသာကို ဆောင်ယူစေဖို့။
• ပြည်သူ့အသက်အိုးအိမ်ကို ကိုယ်တော်ရဲ့အသက်အိုးအိမ်ကဲ့သို့ သဘောထားမှတ်ယူဖို့။
• ကျက်သရေရှိသော အမှုကိုသာ ပြုဖို့။
• ကျက်သရေရှိသော အပြောအဆိုကိုသာ ပြောဆိုဖို့။
• ကျက်သရေရှိသော အကျင့်အကြံကိုသာ လုံ့လပြုဖို့။
• တရားစောင့်ဖို့။
• ပညာရှိစကားကို နားလွယ်ဖို့။
• သာသနာပွင့်လင်း ထွန်းကားစေဖို့။
• တိုင်းပြည်အခွန်ဘဏ္ဍာကို တရားနဲ့လျော်စွာ စောင့်ထိန်းဖို့။
• တရားမသိ ပြိန်းဖျင်း သွမ်းသွပ်သူတို့ကို ရှောင်ဖို့။
• ပြည်သူ့လုပ်ခွန် ဆယ်ဖို့တစ်ဖို့ကို ခံယူဖို့။
• တရားနဲ့အညီ မင်းစည်းစိမ်ကို ခံပြီး တရားသဖြင့် အုပ်ချုပ်ဖို့။

သူခိုးဓားပြရန် နှိမ်နှင်း ငြိမ်းအေးစေပြီး မင်းကျင့်နဲ့အညီ အုပ်ချုပ်ရင် မင်းဟာ ဘုန်းမီးနေလ ထွန်းတောက်ပြီး အသက်ရာကျော်ရှည်စေဖို့ ကောင်းချီးပေး ရေစက်သွန်းချတယ်။ ပြည်သူတွေကလည်း ဆယ်ဖို့တစ်ဖို့ ပေးအပ်ဖို့ သဘောညီကြတယ်။ ဘုရင်နဲ့ ပြည်သူအကြား ထားရှိတဲ့ ပဋိညာဉ်သစ္စာပျက်ယွင်းရင်တော့ ကျိန်စာတိုက်တဲ့ သဘောတွေလည်း တွေ့ရတယ်။

ရှေးဟောင်းကျမ်း အသွားအလာ

မြန်မာ့ရှေးဟောင်းကျမ်းလာ ဘိသိက်ခံခြင်းသဘောဟာ ဘယ်လိုရှိပါသလဲ။ အနည်းငယ် လေ့လာကြည့်ဖို့ လိုပါ တယ်။ မောင်ထင်ပြုစုတဲ့ ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ အတ္ထုပ္ပတ္တိနဲ့ ရာဇဓမ္မသင်္ဂဟကျမ်းပါ မုဒ္ဓါဘိသိက် အခမ်းအနား အချက်အလက်တွေ ကို ကောက်နှုတ်ပြီး တင်ပြချင်ပါတယ်။

ကျိန်စာ သဘော

မင်းကောင်းမင်းမြတ်တို့ ဝန်ခံသော ဘိသိက်သစ္စာပျက်ပချေသော်…..

• ကမ္ဘာဆူဝေ၊
• လေမုန်တိုင်းဆင်၊
• ငလျင်တော်လည်း၊
• မြေကြီးကွဲ၍၊
• ငရဲမီးလျှံ၊
• ဝင်းဝင်းပြောင်ပြောင်၊
• တောက်လောင်ကြေညက်၊
• သူပျက်သူလောင်၊
• ထောင်ထောင်ထားထား၊
• ခိုးသားတန္တ ၊ စသည် ထွေထွေ၊
• နေလတံခွန်၊
• ငှက်ပျံငှက်ယုတ်၊
• စုန်းဘုတ်တစ္ဆေ၊
• နန်းထက်နေ၍၊
• မွှေမွှေလှန့်ခြောက်၊
• မြွေဟောက်ငန်းကျား၊
• တက်၍ စားသည် ဖြစ်စေသောဝ် …. လို့ ဆိုပြီး တင်မြှောက်ကြတယ်။

ကောက်နုတ်ချက်။ ။
ယောမင်းကြီးဦးဘိုးလှိုင် အတ္ထုပ္ပတ္တိ၊ မောင်ထင်၊ ယူနတီစာပေ၊ ၂၀၁၈၊ စာ / ၉၇။

ဗမာမင်းလက်ထက်တွေမှာ ဘိသိက်သွန်းလောင်းပြီး မင်းအဖြစ်ခံယူတဲ့ သဘောရှိတယ်။ ဗမာမင်းအနည်းငယ် ကသာလျှင် ဘိသိက်သွန်းပြီး ဘုရင်အဖြစ်ခံယူခြင်း ဓလေ့ထုံးတမ်းကို ကျင့်သုံးဝံ့တယ်။ ဘာလို့လဲဆိုတော့ ဘိသိက်ပါ ကျိန်စာတွေကို ကြောက်လို့ဖြစ်တယ်။ တနည်း ဘိသိက်သွန်းခြင်းဓလေ့ကို မသိနားမလည်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ မနှစ်မြို့တာလည်းဖြစ်ကောင်းဖြစ်မယ်။

စွဲမြဲစွာ အသက်မဝင်ခဲ့

ဒီအခြင်းအရာကို ကြည့်ရင် ဗမာ့ဓလေ့ထုံးတမ်းမှာ၊ ဗုဒ္ဓယဉ်ကျေးမှုဓလေ့နဲ့ နှီးနွှယ်ပြီးတော့ ဘိသိက်သွန်းပြီး မင်းလုပ်အုပ်ချုပ်တဲ့ဓလေ့ရှိခဲ့တယ်။ ဒါပေမယ့် စွဲစွဲမြဲမြဲ ဖြစ်ထွန်းခဲ့ဟန် မတူဘူး။ ဘာ့ကြောင့်လဲဆိုတော့၊ ပြည်သူဟာ ဘုရင်မင်းမှန်ရင် ဘိသိက်ခံပြီး ပြည်သူကို မင်းလုပ်အုပ်ချုပ်ရမယ်…. ဆိုတဲ့ အသိအမြင်မျိုး မရှိလို့ ဖြစ်တယ်။ ဘာလို့ ပြည်သူမှာ ဒီလိုအသိအမြင်မျိုး မရှိတာလဲဆိုတော့၊ ဒါကလည်း သဘာဝကျတယ်။ ပြည်သူ ဟာ နေ့စဉ် စားဝတ်နေရေးအတွက်ပဲ ရုန်းကန်ကြိုးစားနေရလို့ဖြစ်တယ်။ သူတို့ကို အုပ်ချုပ်နေတဲ့ ဘုရင်ဟာ အဖေဆီက လက်ဆင့်ကမ်းပြီး ဘုရင်ဖြစ်လာတာပဲဖြစ်ဖြစ်၊ လုပ်ကြံသတ်ဖြတ်ပြီး ဘုရင်တက်လုပ်တာပဲဖြစ်ဖြစ် ဘုရင် ဘိသိက်ခံခြင်း မခံခြင်းကိစ္စဟာ ပြည်သူတွေ အလုပ်မဟုတ်ဘူးလို့ ယူဆခဲ့လိမ့်မယ်။ ဒါ့ကြောင့် ဘိသိက် ခံခြင်းဓလေ့ဟာ ဗမာမင်း အုပ်ချုပ်ပုံဓလေ့မှာ မစွဲမြဲခဲ့ဘူးလို့ ကောက်ချက်ချနိုင်တယ်။

ဒေါက်တာတိုးလှ ရေးသားတဲ့ “နှောင်းတွေ့ကျောက်စာများက ပြောသော ဖြည့်စွက်သမိုင်း” စာတမ်းမှာ၊ အခုလို ရေးသားဖော်ပြတာကို တွေ့ရတယ်။

“ပုဂံမင်းတို့အကြောင်း လေ့လာသောအခါ၊ မင်းအဆက်ဆက်တို့ ထီးနန်းရရှိဆက်ခံကြပုံ အမျိုးမျိုးရှိပါ သည်။ အဖအရာ သားဆက်ခံခြင်းသည် ယေဘုယျသဘောထုံးစဉ်လာဖြစ်သော်လည်း နန်းလု၍ အများကသဘောတူညီ၍…. စသည်ဖြင့် မင်းအဖြစ်သို့ ရောက်ရှိလာခဲ့ကြသူများပါရှိသည်။ မည်သို့င် နန်းရသည်ဖြစ်စေ ပုဂံခေတ်က မင်းတို့ည် အဘိသိက်ခံပြီးမှ တရားဝင်မင်း (Legitimate King) ဖြစ်သည်ဟု ယုံကြည်လာခဲ့ကြပြီဟု ထင်ပါသည်။ “သခင်မဟာထီမြေကျွန်ကျောက်စာ” (၂၈ ဒီဇင်ဘာ ၁၂၃၉) တွင် “အဘိသိက်ခံ၍ ပေးတော်မူသော……” ဟူသော အသုံးတွေ့ရသည်။ ထို့ထက်စောသော ကျောက်စာများတွင်မူ ဘိသိက်ခံကြောင်း မတွေ့ရှိရဘူးသေးပါ။ ဖော်ပြပါ အထောက်အထားဖြင့်ပင် ထိုဓလေ့စွဲမြဲနေစပြုလောက်ပြီဟု မှန်းဆရပါသည်။

စင်စစ် ဘိသိက်ခံခြင်းသည် တရားဝင် အုပ်စိုးပိုင်ခွင့်ရှိကြောင်း မင်းနှင့် ပြည်သူတို့ ကတိကဝတ်ပြုခြင်း သဘော (Social Contract) ဖြစ်ပါသည်။ သို့သော် ဖခင်အရိုက်အရာကို သားကဆက်ခံခြင်းသာ ဖြစ် သောကြောင့် ပြည်သူ့သဘောဆန္ဒ မပါဟုပင် ဆိုနိုင်ပေသည်။ ပြည်သူတို့ကလည်း မင်းတစ်ပါး ဘိသိက်ခံခြင်း မခံခြင်းသည် ယင်းတို့ အလုပ်မဟုတ်ဟုပင် ယူဆနေမည်ထင်ပါသည်။ သိပင် သိကြမည် မဟုတ်ဟု ဆိုက ပို၍ မှန်ကန်နိုင်ပါသည်။ အုပ်ချုပ်သူအရာရှိတို့ အခွန်ကောက်ခံလာလျှင် မင်းရှိ၏ဟု သဘောရရုံမျှသာ ရှိကြပေမည်။ အကြောင်းမှာ ယင်းတို့သည် နေ့စဉ် လူမှုဘဝ စားဝတ်နေရေးအတွက် မအားလပ်အောင် လုံးပမ်းနေကြရသောကြောင့် ဖြစ်သည်။”

ကောက်နုတ်ချက်။ ။
မြေပေါ်မြေအောက် ကျောက်စာမှတ်တမ်း များက ပြောသော ရှေးဟောင်းမြန်မာနိုင်ငံသမိုင်း၊ ဒေါက်တာ တိုးလှ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၉၊ စာ/ ၁၈၁ -၂

ရာဇဘိသိက်နှင့် ဆက်နွှယ်သော လူမှုပဋိညာဉ်သဘောတရား။

လူမှုပဋိညာဉ်

နိုင်ငံရေးသိပ္ပံမှာ၊ Social Contract သီအိုရီကို သင်ကြားရပါတယ်။ လူမှုပဋိညာဉ်နဲ့ပတ်သက်ရင် ဂျွန်လော့ခ်၊ သောမတ်ဟာ့ဗ်နဲ့ ရူးဆိုးတို့ကို လူသိများ ပါတယ်။ တကယ်တော့ လူမှုပဋိညာဉ်ဆိုတာ သဘောတူညီချက် တစ်ခုပါပဲ။ အထူးသဖြင့် state and society လို့ ခေါ်တဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြားက သဘောတူညီမှုဖြစ်တယ်။ အလားတူ အုပ်ချုပ်သူ နဲ့ အုပ်ချုပ်ခံအကြားက သဘောတူညီချက်ဖြစ်တယ်။ တနည်း အားဖြင့် အစိုးရနဲ့ ပြည်သူအကြားက သဘောတူညီချက်ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။

အခြေခံ ဥပဒေ / ပဋိညာဉ်သဘော

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ လူမှုပဋိညာဉ်အပေါ် အခြေခံပြီး ထွက်ပေါ်လာတဲ့ အစိုးရနဲ့ ပြည်သူအကြားက နားလည်မှုသဘောတူစာချွန်လွှာကြီးလို့ ပြောရင် မမှားနိုင်ဘူး။ တစ်ဖက်မှာလည်း နိုင်ငံတော်ကို အုပ်ချုပ်စီမံခန့် ခွဲဖို့အတွက် အစိုးရနဲ့ ပြည်သူအကြားက တာဝန်ယူမှု၊ တာဝန်ခံမှု ကိုယ်စီကို ရေးဆွဲပြဌာန်းစီရင်ကြတယ်။ တာဝန်တွေနဲ့တင် မရသေးဘူး၊ အစိုးရမှာလည်း အစိုးရမှာ ရှိတဲ့ အခွင့်အရေးအပြင် လူထုမှာလည်း လူထုရဲ့ အာမခံချက်ရှိတဲ့အခွင့်အရေးတွေကို ထည့်သွင်း ပေါင်းထည့် ချုပ်ဆိုကြတယ်။ ဒီနည်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ဖွံ့ဖြိုးလာရခြင်းဖြစ်ပါတယ်။

လူမှုပဋိညာဉ်ဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတဲ့ သဘောတူညီချက်ဖြစ်တယ်။ အစိုးရဟာ အစိုးရပြုထိုက်တဲ့ အလုပ်ကို လုပ်ပြီး၊ လူထုဟာ လူထုပြုသင့်တဲ့အမှုကို ပြုပြီး လူ့အဖွဲ့အစည်းထဲမှာ တည်ငြိမ်တဲ့ နိုင်ငံတော် အဆောက်အအုံကို လူမှုပဋိညာဉ်အားဖြင့် ဖွဲ့တည်ထားခြင်းဖြစ်တယ်။ လူမှုပဋိညာဉ်မှာ မျှခြေပျက်လို့ မရဘူး။ မျှခြေပျက်ရင် လူ့အဖွဲ့အစည်းဟာ ကသောင်ကနင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို အဓိပ္ပာယ် ဖွင့်ပုံများစွာ ရှိတယ်။ အဲသည့်အထဲက တစ်ခုက ဒီလို။ “contract between government and people” ။ အဖြေက ရှင်းရှင်းလေးဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူအကြားမှာ သဘောတူထားတဲ့ စာချုပ်။ လူမှုပဋိညာဉ်ဟာ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်အကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါတယ်။ တနည်း သဘောတူစာချုပ်ဖြစ်ပါ တယ်။ တစ်ဖက်စောင်းနင်းချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်တယ်ဆိုရင် တိုင်းပြည်အတွင်းမှာ မျှခြေမညီလို့ ပဋိပက္ခ တွေနဲ့ ပြည့်နှက်နေမှာဖြစ်ပါတယ်။

• တိုင်းပြည် မငြိမ်သက်တာ၊
• တိုင်းပြည် မတည်ငြိမ်တာ၊
• တိုင်းပြည်မှာ ဆူပူတာ၊ ပုန်ကန်တာ
• ပြည်တွင်းစစ်မရပ်နိုင်တာ၊
• လူမှုပဋိပက္ခတွေကို အဆုံးမသတ်နိုင်တာတွေဟာ လူမှုပဋိညာဉ်ပျက်လို့ ဖြစ်ပါတယ်။

ဗမာမင်းအုပ်ချုပ်ပုံ

ဗမာ့သမိုင်းကို ကြည့်ရင်၊ အတော်အတန်တည်ငြိမ်ခဲ့တဲ့ ကာလတွေကို ဖြတ်သန်းရတာ နည်းပါးပါတယ်။ စစ်ဓလေ့ကဲတဲ့ ဗမာ့ဓလေ့ဟာ ရှေးဘုရင်မင်းတွေလက်ထက်ကတည်းက စွဲမြဲခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဗမာ မြို့ပြနိုင်ငံတွေဟာ အကွဲကွဲအပြားပြားဖြစ်ပြီး စစ်ပွဲ ပဋိပက္ခတွေနဲ့သာ လုံးချာလိုက်ခဲ့ပါတယ်။ ပြည်သူက ဘုရင် အပေါ်မှာ ယုံကြည်မှုနည်းခဲ့သလို၊ ဘုရင်တွေထဲမှာ မင်းကောင်းမင်းမြတ်ဆိုတာ အရေအတွက်အားဖြင့် ရှားပါး ခဲ့ပါတယ်။ ဗမာဘုရင်တွေဟာ အာဏာစက်နဲ့သာ အုပ်ချုပ်ပြီး၊ ဓမ္မစက်ရဲ့ အခန်းကဏ္ဍကို သေချာထည့်သွင်း တွက်ချက် အုပ်ချုပ်ခဲ့တဲ့ ဗမာဘုရင် အနည်းငယ်သာ ရှိပါတယ်။ သာသနာပြုမင်းအဖြစ် ခံယူစိတ်ထက်သန်ခဲ့တဲ့ ဗမာမင်းတွေကတော့ အာဏာစက်နဲ့ ဓမ္မစက်ကို မျှပြီး အုပ်ချုပ်ခဲ့တာတွေ့နိုင်ပါတယ်။

ဗမာ့သမိုင်းကို စစ်ထုတ်ကြည့်ရင်လည်း၊ ပြည်သူတွေ သဘောဆန္ဒအားဖြင့် ကြည်ဖြူခဲ့တဲ့ ဗမာမင်း အနည်းငယ် သာ ရှိခဲ့ပါတယ်။ ဒါကလည်း ပြည်သူ့သဘောဆန္ဒနဲ့ မင်းလုပ်အုပ်ချုပ်စေခြင်း မဟုတ်ပါဘူး။ ဘုရင့်ရဲ့ပုဂ္ဂိုလ်ရေး စရိုက်ကြောင့်သာ ပြည်သူတွေအပေါ် စာနာငဲ့ညှာခဲ့ခြင်းဖြစ်ပါလိမ့်မယ်။ အတိတ်က ဗမာ့လူ့အဖွဲ့အစည်းဟာ ဘုရင်ဆိုတဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာသာ မူတည်ပြီး တိုင်းပြည် ကောင်းကျိုး ဆိုးပြစ် ကြုံခဲ့ခြင်းသာ ရှိခဲ့ ပါတယ်။ လူ့အဖွဲ့အစည်းထဲက ပြည်သူတွေက ထိန်းကျောင်းပဲ့ပြင်လို့ ဘုရင်စနစ်က ကောင်းမွန်ခဲ့တာ မရှိခဲ့ပါ။


တစ်ဖက်မှာတော့ ဓလေ့ထုံးစံအားဖြင့် ထိန်းကျောင်းခံရတာ ရှိနိုင်ပါတယ်။ ဒါကလည်း သွယ်ဝိုက်သဘောသာ ဖြစ်ပါတယ်။ ဘုရင်ရဲ့ လက်နက်အာဏာကို တိုက်ရိုက်သဘော ထိန်းကျောင်းလို့ မရခဲ့ပါ။ အဲဒါကတော့ နန်းတော်နဲ့ ကျောင်းတော် အကြားက အထိန်းအထေဖြစ်ပါတယ်။ အာဏာစက်နဲ့ ဓမ္မစက်အကြားက မျှခြေဖြစ် ပါတယ်။ ရာဇနဲ့ ဓမ္မအကြားက သွယ်ဝိုက်သော ဆက်နွှယ်မှုဖြစ်ပါတယ်။

ဗုဒ္ဓယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေ အားကောင်းသန်မာတဲ့ကာလတွေမှာ၊ ကျောင်းတော်က နန်းတော်ကို ရှေးထုံးလာသွန်သင်ချက်များဖြစ်တဲ့ မင်းကျင့်တရား (၁၀) ပါး၊ အပရိဟာနိယတရား (၇) ပါး…. စတဲ့ ထုံးဓလေ့ တွေကို ပြသပြီး ထိန်းကျောင်းပါတယ်။ ဒါကလည်း မင်းလိုက်နာချင်မှဖြစ်တာဖြစ်ပါတယ်။ မရမက အသက်သွင်း သွတ်သွင်းပြီး မဖြစ်မနေ ကျင့်သုံးရတာမျိုး မလုပ်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ ထုံးတမ်းဓလေ့ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဥပဒေလို မဖြစ်မနေ (do and don’t) ဆိုတဲ့ ပြဌာန်းချက်မျိုးကို ဗမာ့လူ့အဖွဲ့အစည်းမှာ အသက် မသွင်းနိုင်ခဲ့ပါဘူး။ လိုချင်ရင် ယူသုံးမယ်၊ မလိုချင်ရင် မယူသုံးဘူးဆိုတဲ့ သဘောအယူတွေဖြစ်ပါတယ်။

ဦးဘိုးလှိုင်

သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်ဖြစ်လာစေဖို့ စွန့်ဦးတီထွင်ခဲ့တဲ့သူကတော့ ယောအတွင်း ဝန် ဦးဘိုးလှိုင်ဖြစ်ပါတယ်။ ယောအတွင်းဝန် ဦးဘိုးလှိုင်က ဗမာ့မင်းတွေရဲ့ ဘုရင်စနစ်ရဲ့ ချွတ်ယွင်းအားနည်း ချက်တွေကို သိမြင်နားလည်ပြီး အနောက်ဥရောပ အိုင်ဒီယာဖြစ်တဲ့ လူမှုပဋိပညာဉ် (social contract) သဘော တရားနဲ့ မြန်မာ့ရှေးထုံးဓလေ့တွေကို ပေါင်းစပ်ကျင့်သုံးဖို့ ပထမဆုံး အစပြုခဲ့တဲ့သူဖြစ်ပါတယ်။ သို့ပေမယ့် ယောအတွင်းဝန်ရဲ့ အိုင်ဒီယာဟာ ရာဇဓမ္မသင်္ဂဟကျမ်းအနေနဲ့သာ ပေါ်ထွက်လာခဲ့ပါတယ်။ လက်တွေ့ကျင့်သုံး ဖို့အတွက် ဗမာ့နန်းတွင်း အသိုင်းအဝိုင်းရဲ့ အသိဉာဏ်ရေချိန်က မမှီခဲ့ပါဘူး။

• လူမှုပဋိညာဉ်သဘောတရားကို စပြီး စဉ်းစားခဲ့တဲ့သူ

• လစ်ဘရယ် အိုင်ဒီယာနဲ့ လွတ်လပ်သောဈေးကွက် (free market) သဘောတရားကို ပထမဆုံး နားလည်သဘော ပေါက်ခဲ့တဲ့သူ

• အနောက်တိုင်းနည်းနာနဲ့ မြန်မာ့ရှေးထုံးတွေကို ပေါင်းစပ်ဖို့ ကြိုးစားခဲ့တဲ့သူ

• ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ အားသာချက်တွေကို ဗမာတွေထဲက ပထမဆုံးနားလည်သဘောပေါက်ခဲ့တဲ့ သူ

• စည်းမျဉ်းခံဘုရင်စနစ်ကို အသွင်ပြောင်းဖို့ လုံ့လထုတ်အားပြုခဲ့တဲ့သူ

• ဘုရင့်အာဏာကို လွှတ်တော်က ထိန်းထေမယ့် ကျင့်ထုံးကို သွတ်သွင်းဖို့ ကြိုးစားခဲ့တဲ့သူ

• မြန်မာပြည်ရဲ့ ပထမဆုံးနိုင်ငံရေးသိပ္ပံကျမ်းကို ရေးခဲ့သူ

• မြန်မာပြည်ရဲ့ အဒမ်စမစ်

• (တနည်း)

• မြန်မာပြည်ရဲ့ ဂျွန်လော့ခ်

• ယောအတွင်းဝန် ဦးဘိုးလှိုင်

မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် အလုံးစုံ မကျရောက်စေဖို့၊ ဗမာမင်းကို ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဦးဘိုးလှိုင်လို ပညာရှိပညာတတ်အရပ်သားတစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်ခဲ့ပါတယ်။ ပ,ပျောက်ခဲ့ပါတယ်။ ဗမာတွေဟာ ကိုယ့်ကိုယ်ကို ဖျက်၊ သံချေးတက် သဘောဖြစ်ခဲ့ပါတယ်။

တစ်ခါက ဗြဲတိုက်အစည်းအဝေးမှာ၊ ဦးဘိုးလှိုင်က…..

ရှင်ဘုရင်၊ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို လခနှင့် ထားရန်၊
• ဝန်စု၊ မှူးစု၊ မှုထမ်းရာထမ်းတို့ကိုလည်း လခနှင့် ထားရန်၊
• ဥပဒေပြုသင့်ကြောင်း……
• ပိုလျှံသော ငွေကို ဘဏ်တိုက် ဖွင့်၍ ရန်ပုံငွေအဖြစ်ဖြင့် ဆောင်ထားသင့်ကြောင်း၊
• သို့မှသာလျှင်၊
• အရေးကြုံလျှင် အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်ကြောင်း၊
• ထိုငွေတို့ဖြင့် နယ်စပ်ဆိုင်ရာ တပ်ခိုင်ခံရန် လက်နက်များလုပ်ကိုင်၍ စစ်သည်များ စုဆောင်းသင်ကြား ထားသင့်ကြောင်း၊
• လက်နက်အင်အား ပြည့်စုံလျှင် ရန်သူတို့ ကြံဝံ့မည် မဟုတ်၍ တိုင်းပြည် စည်ကားတိုးတက်မည်ဖြစ် ကြောင်း၊
• ဤအကြံအစည်အတိုင်း ညီညွှတ်စွာ လုပ်နိုင်လျှင် ငါးနှစ်အတွင်း မြန်မာနိုင်ငံကို ရှေးကပိုင်သည့်အတိုင်း ဖြစ်အောင် ကြံနိုင်ကြောင်း…..
ပြောပြခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြုံတော့၊ “ငါတို့ဟာ ငလှိုင်ပေးမှ သုံးရစွဲရမှာလား….၊ ဒါဖြင့်ရင် ရှင်ဘုရင်အဖြစ်က ငါတို့ကို ချတာပဲ…” ဆိုတဲ့ မှတ်ချက်နဲ့ ယောအတွင်းဝန်လည်း ရာထူးချခံရတာပါပဲ။

နိဂုံးကောက်ချက်

ဒီတော့ ဗမာမင်းအုပ်ချုပ်ပုံ သမိုင်းကောက်ကြောင်းကို ခပ်သွက်သွက်လှန်ကြည့်လိုက်ရင်၊ ဗမာ့လူ့အဖွဲ့အစည်း မှာ ကောင်းရာကောင်းကျိုး အုပ်ချုပ်မှုပုံစံတွေဖြစ်ဖို့ အကြောင်းကောင်းတွေ ရှိခဲ့ဖူး၊ ကြုံခဲ့ဖူးတယ်။ ဒါပေမယ့် ဗမာမင်းတွေအပါအဝင် ဗမာတွေဟာ ဒီလိုအကြောင်းကောင်းတွေကို ဆုပ်ကိုင်မြဲမြံစေပြီး လူ့အဖွဲ့အစည်းကို စနစ်တကျ တည်ဆောက်ဖို့အတွက် အခွင့်မရခဲ့သလို၊ ဗမာဘုရင်တွေ ကိုယ်တိုင် စနစ်တကျ အုပ်ချုပ်ရေးစနစ် ကို တည်ထောင်ဖို့ တိမ်းညွှတ်လိုလားဟန် မရှိဘူး။ ဘုရင်အဖြစ်ဟာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုတာထက်၊ ပြည်သူ ပြည်သူကို ချမ်းသာအောင် အလုပ်အကျွေးပြုဖို့ ဆိုတာထက်၊ ဘုန်းရှင်ကံရှင်မို့လို့ မင်းစည်းစိမ်ကို ခံစားဖို့ ရာဇပလ္လင်ပေါ် ဘုရင်လုပ်နေရတာလို့ ထင်မှတ်ကြတာများတယ်။ ဒီတော့ ဘုရင်တွေ ဟာ တိုင်းပြည်ကြီးပွား စည်ပင်ဖို့ ဆိုတာထက် မင်းစည်းစိမ်ခံဖို့အတွက် ပြည်သူ ကြည်ဖြူအောင် ချွေးသိပ်ထား လိုက်မယ်ဆိုတဲ့ သဘောအယူပဲ ရှိတာများတယ်။ တကယ် တိုင်းပြည်ကို စနစ်ကောင်းချမှတ်ပြီးတော့ တိုင်းပြည် ထူထောင် အုပ်ချုပ်တာမျိုး မလုပ်နိုင်ခဲ့ကြဘူး။

သမိုင်းသင်ခန်းစာ မယူတတ်ရင်တော့…..

ဒီနေ့ခေတ်မှာ ကျွန် မဖြစ်တော့ပေမယ့်၊ ကျွန် စစ်စစ်ဖြစ်သွားလို့ ဖြစ်သွားမှန်းတောင် သိနိုင်မယ် မထင်ပါ။
အုပ်ချုပ်ရေးစနစ်ကို စနစ်တကျ ပြုပြင်တည်ဆောက်ကြဖို့ ဖြစ်ပါတယ်….။

မင်းသေ့
နံနက် ၃ း ၀၅
၁၈ ၊ အောက်တိုဘာ၊ ၂၀၂၀။
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

ဖတ်ညွှန်းများ

• ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း၊ မောင်ထင်၊ ယူနတီစာပေ၊ ၂၀၁၈။

• ယောမင်းကြီး၏ စီးပွားရေးအတွေးအခေါ်နှင့် ဘောဂဗေဒလက်ရွေးစင်၊ မောင်စူးစမ်း။

• ရာဇသေကဝ ဒီပနီကျမ်း။ သုဓမ္မာဆရာတော်ကြီး၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

• မဟာသမတ ဝိနိစ္ဆယကျမ်း၊ ယောအတွင်းဝန် ဦးဘိုးလှိုင်။

• မြေပေါ်မြေအောက် ကျောက်စာမှတ်တမ်းများက ပြောသော ရှေးဟောင်း မြန်မာနိုင်ငံသမိုင်း၊ ဒေါက်တာတိုးလှ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၉။

• မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ ပုဂံဝန်ထောက် ဦးတင်။

• မြန်မာ့နိုင်ငံရေးအတွေးအခေါ်၊ ဒေါက်တာအောင်ခင်၊ တိုးမြစ်စာပေ၊ ၂၀၁၇။

• မြန်မာရာဇဝင် စစ်ဘုရင်နှင့် စစ်တပ်ရဲ့ကဏ္ဍ (ပ၊ဒုတွဲ)၊ နိုင်ထိုက်၊ စာအုပ်ဈေးစာပေ၊ ၂၀၁၅။

• စာတမ်းနှင့် ဆောင်းပါး ၂၁ စောင်၊ ဒေါက်တာသန်းထွန်း၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၂၀။

Previous post ▄ ဗမာ့အာဏာဓလေ့
Next post ▄ ဒီမိုကရေစီ ကကြီး ခခွေး