ဗမာတွေဟာ အာဏာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ဘယ်လိုတိမ်းညွှတ်ချက်မျိုးတွေ ရှိနေပါသလဲ။ လူ့အဖွဲ့ အစည်းဟာ လူတစ်ဦးချင်းစီနဲ့ စုပေါင်းထားတဲ့ အသိုက်အမြုံကြီးဖြစ်ပါတယ်။ လူတစ်ဦးချင်းစိတ်ရဲ့ စိတ်နေ ဓာတ်ခံအားလုံးရဲ့ အပေါင်းအစုဟာ လူမှုဓလေ့ဖြစ်လာပါတယ်။ နိုင်ငံရေးဓလေ့ဖြစ်လာပါတယ်။ ယဉ်ကျေးမှု ဓလေ့ဖြစ်လာပါတယ်။ ဗမာတွေရဲ့ လူမှုနိုင်ငံရေးယဉ်ကျေးမှုဓလေ့တွေကို နားလည်ဖို့ လိုပါတယ်။ ခေတ်သစ် နိုင်ငံရေးလေ့လာချက်မှာ၊ ဒီအကြောင်းအရာကို အရေးတကြီး နားလည်ဖို့ လိုပါတယ်။ အထူးသဖြင့် နိုင်ငံရေး သတ္တဝါတွေလို့ ခံယူထားတဲ့လူတွေဟာ ပိုနားလည်သင့်ပါတယ်။

ဒီမှာတော့ ဗမာ့အာဏာဓလေ့ ကို ပြောချင်ပါတယ်။

ဗမာတွေဟာ အာဏာနဲ့ပတ်သက်ရင် ဘယ်လိုစိတ်နေသဘောထားမျိုး၊ ဘယ်လို ယူဆချက်မျိုး၊ ဘယ်လို သိမှတ်လက်ခံထားမှုမျိုးတွေကို ကိုင်စွဲထားလေ့ရှိပါသလဲ။ သဘောတရားအားဖြင့် အတိတ်သမိုင်းကို ကြည့်ပြီး ပြန်လည်ချည်းကပ်နိုင်ပါတယ်။

အစွန်းနှစ်ဖက်မှာ နေထိုင်

အထူးသဖြင့် ဗမာတွေဟာ အယူအဆအားဖြင့် အစွန်းနှစ်ဖက်ကို စွဲကိုင်ထားကြတာများပါတယ်။ အစွန်းရောက် အယူအစွဲကို ပူးတွဲကိုင်စွဲထားကြတာများတယ်။ မြန်မာစကားပုံမှာရှိထားပြီးဖြစ်တဲ့၊ “မီးစတစ်ဖက်၊ ရေမှုတ်တစ် ဖက်” ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဗမာ့သမိုင်းဓလေ့တွေကို လေ့လာကြည့်ရင် အစွန်းနှစ်ဖက် ပူးတွဲကိုင်စွဲထားတဲ့ အယူ အဆတွေကို တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အာဏာနဲ့ပတ်သက်တဲ့ မင်းစိုးရာဇာတွေနဲ့ပတ်သက်ရင် ဒီလို အစွန်းနှစ်ဖက်ဆုပ်ကိုင်ထားချက်တွေကို ထင်ထင်ရှားရှားတွေ့နိုင်ပါလိမ့်မယ်။

အစွန်းလို့ ပြောတဲ့နေရာမှာ …..

• တစ်ဖက်မှာ သိပ်ကြောက်ရွံ့နေတတ်ပြီး
• တစ်ဖက်မှာ သိပ်အထင်ကြီးနေတတ်တာမျိုး။
• တစ်ဖက်မှာ သိပ်ရွံမုန်းနေတတ်ပြီး
• တစ်ဖက်မှာ သိပ်အားကျနေတတ်တာမျိုး။
• တစ်ဖက်မှာ မဆက်ဆံချင်လောက်အောင် ဝေးဝေးနေချင်ပြီး
• တစ်ဖက်မှာ နီးစပ်ချင်လွန်းလို့ ဖားယားနေတတ်တာမျိုး။
• တစ်ဖက်မှာ ဝပ်တွားခယနေတတ်ပြီး
• တစ်ဖက်မှာ အာခံပုန်ကန်ချင်စိတ်ဖြစ်နေတာမျိုး။
စတာတွေကို နားလည်စေချင်ပါတယ်။

ဓလေ့သဘော

ဓလေ့ဆိုတဲ့ သဘောက၊ နေ့ချင်းညချင်း ချက်ချင်း လက်ငင်း ဖြစ်ပေါ်လာရိုး ထုံးစံ မရှိပါ။ သမိုင်းဖြတ်သန်းမှု အလျောက် တဖြည်းဖြည်းချင်း အုံဖွဲ့ဖြစ်တည် စွဲမြဲလာတဲ့ သဘောရှိပါတယ်။ ဓလေ့အဆင့်ကို ရောက်ရှိဖို့ အတွက် လူ့အဖွဲ့အစည်းအတွင်းက လူတစ်ဦးချင်းစီအပေါ်မှာ စွဲမြဲနှစ်ဝင်နေတဲ့ အယူအဆတွေဟာ ကာလရှည် ကြာတည်နေရပါတယ်။ ဒီလိုတည်နေဖြစ်အောင်လည်း ပံ့ပိုးတဲ့အကြောင်းအခြင်းအရာတွေ ရှိနေရပါတယ်။ ဓလေ့ရဲ့သဘောက ဘုံတူညီချက်တွေနဲ့ ဘုံဖြတ်သန်းမှုတွေအကြားမှာ တစ်ညီတစ်ညွှတ်တည်း စွဲမြဲလာခြင်း စရိုက်အကျင့်တွေ ဖြစ်ပါတယ်။ တွေးခေါ်ပုံ၊ ခံယူပုံ၊ မြင်ပုံ၊ ထင်ပုံ၊ စွဲမှတ်ယူပုံတွေဟာ လူ့အဖွဲ့အစည်းရဲ့ ဓလေ့ အဖြစ် ယေဘုယျအုပ်စုဝင်ထဲမှာ တူညီနေလေ့ရှိပါတယ်။ ဒီအစုအဖွဲ့ထဲမှာ အသွင်ကွဲထွက်နေတဲ့ တစ်ဦး တစ်ယောက်သော စရိုက်သကန်တွေ ရှိနေပေမယ့်၊ အများညီ သိမှတ်လက်ခံ စွဲမှတ်လက်ခံ ကျင့်သုံးနေတဲ့ အယူအဆနဲ့ အကျင့်စရိုက်တွေကိုသာ ဓလေ့အဖြစ် မှတ်ယူရမှာဖြစ်ပါတယ်။

ဓလေ့တစ်ခုဟာ တည်မြဲဖို့၊ စွဲမြဲဖို့ ခက်ခဲသလို၊ အလွယ်တကူ ဖယ်ရှားပစ်ဖို့လည်း ခဲယဉ်းပါတယ်။ ဗမာတွေ ယူဆလက်ခံထားတဲ့ အာဏာဓလေ့တွေဟာ ဘယ်လိုမျိုးဖြစ်နိုင်ပါသလဲ။ သမိုင်းထဲက လူ့အဖွဲ့အစည်းကို ချည်းကပ်လေ့လာဖို့ဖြစ်ပါတယ်။

လေ့လာချက်သဘော

အာဏာဓလေ့ကို လေ့လာတဲ့အခါမှာ၊ အာဏာတည်ရာ သမိုင်းနောက်ခံ အခင်းအကျင်းကို ပြန်ကြည့်ရပါမယ်။ ဗမာ့သမိုင်းမှာ ဖြတ်သန်းခဲ့ရတဲ့ အာဏာတည်ဆောက်ပုံဟာ ဘယ်လိုပုံစံမျိုး ရှိပါသလဲ။ အာဏာအဆောက် အအုံဟာ ဘယ်လိုရေခံမြေခံအပေါ်မှာ တည်ဆောက်ထားခြင်းခံရသလဲ။ ဒီအာဏာအဆောက်အအုံတည်ရှိရာ ဘေးပတ်ဝန်းကျင်မှာ ထောက်ပံ့နေတဲ့ ကျေးဇူးပြုခြင်း အကြောင်းတရားတွေက ဘာတွေဖြစ်ပါသလဲ။

၁) အာဏာရဲ့ တည်ဆောက်ပုံ
၂) အာဏာအဆောက်အအုံရဲ့ ရေခံမြေခံ
၃) အာဏာဝန်းကျင်ဓလေ့

ဒီအချက် သုံးချက်ဟာ သမိုင်းမှာ ယှဉ်တွဲပြီး လေ့လာရမယ့် ဗဟိုပြုချက်တွေဖြစ်ပါတယ်။

အာဏာတည်ဆောက်ပုံ

ဗမာ့လူ့အဖွဲ့အစည်းမှာ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကို မြို့ပြနိုင်ငံတည်စကတည်းက အကြီးအမှူးပြု တည်ဆောက်ခံခဲ့ရပါတယ်။ ဗမာ့သမိုင်းတစ်လျှောက်လုံးမှာ၊ အာဏာတည်ရာပုံစံဟာ အထက်မှ အောက်ကိုပဲ လာရိုးထုံးစံ ရှိခဲ့ပါတယ်။ အောက်ခြေကနေ အထက်ကို အာဏာသက်ရောက်မှု မရှိခဲ့ပါဘူး။ “ဖအေသေရင်၊ သား မင်းဖြစ်တယ်” ဆိုတဲ့ အယူအဆစွဲကို လက်ကိုင်ထားပါတယ်။ ဒီမှာ အာဏာပိုင်မှုအတွက် အဓိက စကား လုံးဝေါဟာရ သုံးလုံးပေါ်လာပါတယ်။

• သက်ဦးဆံပိုင်
• အထက်အောက်ပုံစံ
• ဖအေသေရင် သားမင်းဖြစ်…..

သက်ဦးဆံပိုင်

အာဏာရှိသူ ဘုရင်ဟာ တိုင်းပြည်ပြည်သားရဲ့ အသက်ကိုတောင် ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောအယူဖြစ်ပါ တယ်။ အသက်ကို ပိုင်မှတော့၊ တခြားသော စည်းစိမ်ဥစ္စာ ရေမြေ တောတောင်တို့ဆိုတာ ပြောစရာကို မလို တော့ပါဘူး။ ဒါ့ကြောင့် ဗမာရာဇဝင် အသုံးအနှုန်းမှာ ဘုရင်ကို “ဘဝရှင်” “ရေမြေ့ရှင်” လို့ သုံးနှုန်းကြတာတွေ့ ရပါတယ်။ ဒီအယူအဆဟာ ဘယ်က လာပါသလဲ။ နတ်ဘုရားက ပေးတဲ့ အခွင့်အာဏာလား၊ သို့တည်းမဟုတ် ထာဝရဘုရားက ပေးတဲ့ အခွင့်အာဏာလား….။

တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘဝတွေကို ပိုင်ဆိုင်တယ်၊ တိုင်းပြည်ရဲ့ ရေမြေကို ပိုင်စိုး တယ်ဆိုတဲ့ ရှင်ဘုရင်ကို လူထုဟာ ပြန်လှန်မေးခွန်း မထုတ်ရဲပါဘူး။ ထုတ်ခွင့်လည်း မရှိပါဘူး။ ဘုရင့်ရဲ့ အခွင့် အာဏာကို ဘယ်သူက ပေးထားတာလဲ၊ ဘုရင်မှာ ဘာ့ကြောင့် ဒီလိုအခွင့်အာဏာမျိုး ရထားတာလဲ၊ ဘုရင့်ကို ဘာ့ကြောင့် လူထုရဲ့ အသက်အိုးအိမ်ကို ပိုင်ခွင့်ပေးထားသလဲ…. ဆိုတာကို ဘယ်သူမှ မေးခွန်းမထုတ်ခဲ့ပါဘူး။

ဒါ့ကြောင့် ဗမာ့လူ့အဖွဲ့အစည်းမှာ အာဏာရှိနဲ့ အာဏာမဲ့သာ ရှိပါတယ်။ အာဏာမျှခြေကို ထိန်းထားနိုင်တဲ့ အခင်းအကျင်းမျိုး၊ အစုအဖွဲ့မျိုး၊ အလွှာတန်းစားမျိုး မဖွံ့ဖြိုးခဲ့ပါဘူး။ ဘုရင်ဟာ အာဏာကို အကြွင်းမဲ့ ပိုင်စိုးပြီး သက်ဦးဆံပိုင် စနစ်ကို ကျင့်သုံးတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘုရင့်ဆီမှာ အာဏာတွေဟာ အလွန်အကျွံ ပုံအော နေပါတယ်။ အာဏာဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအပေါ်မှာသာ စုပြုံနေပါတယ်။ အာဏာဟာ လူ တစ်ယောက်တည်းအပေါ်မှာသာ ဗဟိုပြုနေပါတယ်။ လူ့အဖွဲ့အစည်းနဲ့ လူထုစီမှာ အာဏာဆိုတာ ယောင်လို့ တောင် ပေါက်ပွားနိုင်ခဲ့ပါ။ ဒါဟာ ဗမာ့အာဏာဓလေ့တစ်ခုဖြစ်ပါတယ်။

အထက်အောက်ပုံစံ

အဆင့်ဆင့် အလွှာတွေ ထပ်ပိုးထားတဲ့ အထက်အောက်ပုံစံ အာဏာတည်ဆောက်ပုံဟာ အခုလက်ရှိ အသွင် ကူးပြောင်းရေးကာအထိ အပျောက်ပျက်သေးပါ။ ပျောက်ပျက်အုံးမှာလည်း မဟုတ်ပါ။ အာဏာဟာ အထက်မှာ ပဲ စုပါတယ်။ အာဏာဟာ အထက်ကနေသာ အောက်ကို သက်ဆင်းပါတယ်။ အောက်ကနေ အထက်ကို သက် ဆင်းရိုး မရှိပါ။ အထက်လွှာက အာဏာဟာလည်း လူထုကို ကျေးဇူးပြုဖို့ဆိုတာထက် လူထုအထက်က အခွင့် ထူးခံပုံစံမျိုး ခံယူသဘောထားပါတယ်။ ဒါဟာ ဗမာတွေ စွဲမှတ်ထားတဲ့ အာဏာဓလေ့တစ်ခုဖြစ်ပါတယ်။

လူထုဟာ ခံပြင်းလွန်းမက ခံပြင်းလာတဲ့အခါ အထက်က အာဏာကို ငြင်းဆန်ဖို့အတွက် တစ်ခုတည်းသော နည်းကို ကျင့်သုံးကြပါတယ်။ အဲဒါကတော့ အာခံပုန်ကန်ခြင်းဖြစ်ပါတယ်။ အောက်ခြေကနေ လူသူစုရုံးပြီးတော့ အာခံပုန်ကန်ခြင်းကသာ အထက်လွှာက အာဏာကို ဖြိုဖျက်နိုင်တယ်ဆိုတဲ့အယူအဆကို ဆွဲကိုင်ထားပါတယ်။ ဒါ့ကြောင့် ဗမာလူထုဟာ တတ်နိုင်သမျှ ဘုရင်ရဲ့ အဖိအနှိပ်အညှင်းအဆဲကို အာကြိတ်ခံလေ့ရှိပါတယ်။ မချစ် သော်လည်း အောင့်ခါ နမ်းလေ့ရှိပါတယ်။ မရယ်ချင်ပေမယ့် ပြုံးပြလေ့ရှိပါတယ်။ ပေဖြစ်တုန်း ခံရမှာပဲဆိုတဲ့ စိတ်ရှိပါတယ်။ အခွင့်သင့်တုန်း လုပ်ထားအုံးပေါ့…. ဆိုတဲ့ သဘောရှိပါတယ်။ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်။ သစ်ငုပ်မြင့်တုံ မြက်မြင့်တုံ။ နေသေးသပ ခြုံထဲက ချိုသွေးသပ တမြမြ… စတဲ့ အယူအစွဲတွေကို ခံယူစွဲမြဲထားပါတယ်။ ဒါ့ကြောင့် နောက်ဆုံး မခံ မရပ်နိုင် တဲ့အဆုံး အကြမ်းပတမ်းနည်းနဲ့ တော်လှန်ရမ်းကားတတ်ပါတယ်။ တော်လှန်ပုန်ကန်တဲ့နေရာမှာလည်း “သေရင် မြေကြီး ရှင်ရင် ရွှေထီး” လို့ သဘောယူပြီး စွန့်စားတော်လှန်တတ်ပါတယ်။


တော်လှန်ပုန်ကန်မှု မအောင်မြင်တဲ့အခါမှာ ဦးခေါင်းမြေခ၊ ခန္ဓာမြေဆွေးဖြစ်သွားပေမယ့် တော်လှန်ပုန်ကန်မှု အောင်မြင်တဲ့အခါမှာလည်း အဆုံးမရှိတဲ့ အကြွင်းမဲ့အာဏာကို ပိုင်စိုးပြီး ရွှေထီးဆောင်းနိုင်ရမယ် ဆိုတဲ့ သဘောအယူလည်း ရှိပါတယ်။ ဒီတော့၊ အာဏာအဆောက်အအုံကို တော်လှန်တဲ့အခါမှာ အစွန်းရောက်တဲ့ သဘောအယူအဆကို ဗမာတွေ ကိုင်စွဲလေ့ရှိပါတယ်။

ဖအေသေ သား မင်းဖြစ်

အဖေ ဘုရင် သေတဲ့အခါ ၊ သားဖြစ်သူက ဘုရင်ဖြစ်လေ့ရှိတယ်ဆိုတဲ့ အာဏာဓလေ့ကို ဗမာတွေ ကျင့်သုံးခဲ့ ပါတယ်။ တစ်ဖက်မှာလည်း အဖေ ဘယ်သားကို အာဏာအပ်မယ် မသေချာလို့ အဖေကို သတ်တာ၊ ညီအစ်ကို တွေကို သတ်တာ…. စတာတွေ လုပ်လေ့ရှိပါတယ်။ တစ်ဖက်မှာလည်း ဘုရင်ကို သတ်နိုင်ရင် ဘုရင်ဖြစ်တယ် ဆိုတဲ့ အယူအဆကိုလည်း လက်ခံထားပါတယ်။ အာဏာအဝန်းအဝိုင်းမှာ နေတဲ့ နန်းတွင်းမှာ အာဏာလုပွဲတွေ၊ လုပ်ကြံသတ်ဖြတ်တာတွေ ရှိသလို၊ အာဏာစက်ကွင်း ဝေးရာဒေသတွေမှာလည်း ပုန်ကန်ခြားနားမှု အရေးတွေ ရှိနေပါတယ်။ ဒီတော့ ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရင်ဟာ သူ့အာဏာတည်မြဲ ကြာရှည်စေရေးအတွက် အမြဲတမ်းလိုလို လုံခြုံရေးအမြင်၊ သံသယအကြည့်နဲ့ ရှုမြင်လေ့ရှိပါတယ်။ ဒီတော့ ဗမာ့အာဏာဓလေ့မှာ အာဏာလုပ်ပိုင်ခွင့် ကြီးကြီးမားမား ရထားလေလေ၊ စိတ်နေအေးချမ်းစွာ မနေရဘဲ အမြဲပူပန်ကြောင့်ကြ သံသယထားရလေလေဖြစ်ပါတယ်။ ဒီစိတ်အခံကြောင့် တော်လှန်မယ်၊ ပုန်ကန်မယ်၊ အာခံတယ်၊ စိုးရိမ်ရတယ်၊ မယုံကြည်ရဘူး….. လို့ ယူဆတဲ့ လူပုဂ္ဂိုလ် (ဒါမှမဟုတ်) အစုအဖွဲ့ကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အပြတ်ဖြိုခွင်းပါတယ်။ ကျူပင်ခုတ် ကျူငုပ်တောင် မကျန်စေရဘူးဆိုတဲ့ သဘောနဲ့ အပြတ်ရှင်းလေ့ရှိပါတယ်။ အာဏာကို ထိပါးစော်ကားတဲ့အပြုအမူမျိုးတွေ့ရင် ဆွေစဉ်မျိုးဆက်သတ်ဖြတ်လေ့ရှိပါတယ်။ ဒါ့ကြောင့် အာဏာအခင်းအကျင်းဟာ အန္တရာယ်လည်း များသလို၊ စက်ဆုပ်မုန်းတီးစရာလည်းကောင်းလှပါတယ်။ အာဏာနဲ့ နီးစပ်တဲ့ မှူးမတ် ဝန်ထမ်းဟာလည်း “မင်းခ ယောက်ျား၊ ကမ်းနားသစ်ပင်” လို့ သဘောထားပြီး အချိန်မရွေး ပျက်သုဉ်းသွားနိုင်ကြောင်း သတိရှိနေကြပါတယ်။ တစ်ဖက်မှာလည်း မင်းကြည်ဖြူလို့၊ ဘုရင်လို လားလို့ သဘောတော်ကျရင်လည်း ချီးမြှောက်ခံရပြီး “အရှင်မွေး၊ နေချင်းကြီး” ဖြစ်နိုင်တာကြောင့်၊ “စိန်နားကပ် ရောင်နဲ့ ပါးပြောင်” နိုင်ဖို့ ကြိုးစားအားထုတ်နေလေ့ရှိပါတယ်။ “ဆင်ဖြူတော်မှီပြီး ကြံစုပ်” ရမယ်လို့ မျှော်လင့် တာကြောင့် အာဏာရှိသူကို ကပ်ဖားရပ်ဖားလုပ်တဲ့ဓလေ့ကလည်း ဗမာတွေမှာ စွဲမြဲနေပါတယ်။

အာဏာရေခံမြေခံ

အာဏာရဲ့ ရေခံမြေခံဟာ အကြောက်တရားဖြစ်ပါတယ်။ အကြောက်တရားကြောင့် မလွန်ဆန်နိုင်ပြီး လုပ်သမျှ ငုံ့ခံနေရတဲ့ အဖိနှိပ်ခံဘဝမျိုးမှာ လူထုဟာ နေထိုင်ရသလို၊ အကြောက်တရားကို ဖီဆန်ဖို့ စွန့်စားပြီး အာခံ တော်လှန်ပုန်ကန်မှုမျိုးလည်း လုပ်တတ်ပါတယ်။ ဒါ့ကြောင့် အာဏာရှိသူ ဘုရင်ဟာ အာဏာရေခံမြေခံတည်မြဲ ဖို့အတွက် အကြောက်တရားကို အခြေခံပြီး အုပ်ချုပ်ပါတယ်။ လူထုကြောက်အောင် ခြောက်ထားပြီး အုပ်ချုပ် မင်း လုပ်ခဲ့တာများပါတယ်။ လူထုကြည်ဖြူအောင် လူထုလိုလားအောင် လုပ်ခဲ့တဲ့ နည်းတွေတော့ ရှိပါတယ်။ အဲဒါကတော့ သာသနာနဲ့ ဆက်နွှယ်နေပါတယ်။

ဗမာမြို့ပြနိုင်ငံ စတင်တည်ထောင်တဲ့ ပုဂံမှာ သာသနာနဲ့ တွဲဖက်ပြီး လူထုကို ဆွဲဆောင်ခဲ့ပါတယ်။ ပုဂံခေတ်က နေ စတင်ပြီး ကုန်းဘောင်ခေတ် အဆုံး ယနေ့ခေတ် ဗမာပြည်အနေအထားအထိ ကောက်ချက်ချကြည့်ရင်၊ ဘုရင်တွေဟာ လက်နက်အားဖြင့် အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်တာလုပ်ခဲ့သလို၊ လူထုကို သိမ်းသွင်းနိုင်တဲ့ သာသနာကို အသုံးချပြီး အာဏာတည်အောင် မပြတ်ကြိုးစားကြတာ ရှိပါတယ်။ လက်ရုံးအားဖြင့် အကြောက် တရားကို ပျံ့နှံ့စေပြီး သာသနာအားဖြင့် ဘုန်းတန်ခိုးဩဇာကို အပြန့်ကျယ်အောင် လုပ်ခဲ့ပါတယ်။


ဗမာနိုင်ငံအစဖြစ်တဲ့ ပုဂံမင်း အနော်ရထာဟာ သထုံကနေ ပိဋကတ်ကို သယ်လာပြီး ပုဂံပြည်မှာ ဗုဒ္ဓဘာသာကို သွတ်သွင်းခဲ့သလို၊ ပဒေသရာဇ်စနစ်ရဲ့နောက်ဆုံး မင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက်။ မင်းတုန်းမင်း လက်ထက်မှာလည်း ပဉ္စမသင်္ဂါယနာတင်မင်းတရားကြီးအဖြစ် ခံယူပြီး ပိဋကတ်ကို သန့်စင်၊ ကျောက်ထက် အက္ခရာရေးထွင်း၊ သာသနာပြုမင်းအဖြစ် ခံယူပြီး အုပ်ချုပ်မင်းလုပ်ခဲ့တာပါပဲ။ ဗမာပြည်လွတ်လပ်ရေးခေတ်ဦး။ အစ ပထမ အစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကလည်း ဆဋ္ဌသင်္ဂါယနာတင်မင်းအရာကို ရောက်ချင်လို့ ပိဋကတ်ကို ထပ်မံသန့်စင်၊ ပါဠိမြန်မာပြန်တွေကို ထုတ်ဝေပြီးတော့ သာသနာကို ချီးမြောက်တဲ့ သာသနာပြုမင်းအဖြစ် ခံယူပြီး အာဏာကို တရားဝင်ဖြစ်အောင် ပြုမူခဲ့တာပါပဲ။

ဒီအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ဘုရင်၊ မင်း၊ အစိုးရတွေဟာ လူထုက အာဏာစက်အောက် ရိုသေဝပ်တွား အောင် ဘုန်းလက်ရုံးအားဖြင့် ကြီးကျယ်စေပြီး လက်နက်နဲ့ ဖိနှိပ်လွှမ်းမိုးခဲ့တာရှိသလို၊ အနည်းငယ် သိမ်မွေ့နိုင် တဲ့နည်းဖြစ်တဲ့ သာသနာကို အသုံးချပြီး လူထုနှလုံးသည်းပွတ်ကို လွှမ်းမိုးအောင်ပြုပြီး အာဏာတည်ဆောက်ခဲ့ တဲ့ ပုံစံကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ အတိတ်သမိုင်းကို လေ့လာကြည့်ရင်လည်း ဗမာဘုရင် အဆက်ဆက်မှာ ဘုရားမတည်ခဲ့တဲ့ ဘုရင်ဆိုတာ ခပ်ရှားရှားဖြစ်ပါတယ်။ ဗမာဘုရင်မှန်ရင် ဘုရားတည်လေ့ရှိပြီး၊ ဘုရင်တွေဟာ သူတို့ ဘုန်းတန်ခိုးကို ကြီးကျယ်ကြောင်း ပြသချင်ရင် တမူထူးခြားတဲ့ စေတီ၊ ပုထိုးတွေကို တည်ပြဖို့ ကြိုးစားကြ တာထုံးစံပဲဖြစ်ပါတယ်။ ဤသည်ပင်လျှင်၊ ဗမာ့အာဏာဓလေ့ကို လေ့လာနိုင်မယ့် အာဏာရေခံမြေခံအကြောင်း အချက်များဖြစ်ပါတယ်။

အာဏာဝန်းကျင် ဓလေ့

ပဒေသရာဇ်သမိုင်းကို ကြည့်ရင် အုပ်ချုပ်ပုံစံနစ်ကို ပြုပြင်ချင်လို့ ဘုရင်ကို အာခံတယ်၊ ပုန်ကန်တယ်ဆိုတာ ရှားပါတယ်။ မရှိပါဘူး။ ဘုရင်ဖြစ်ချင်လို့ ဘုရင်ကို ပုန်ကန်တာပဲ ရှိခဲ့ပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်ကို ဘယ်လိုပဲ မနှစ်သက်ဘူးပြောပြော၊ ကိုယ်ဘုရင်ဖြစ်လာတဲ့အခါမှာလည်း ကိုယ် မနှစ်မြို့ခဲ့တဲ့ ဘုရင်ရဲ့ အချိုးမျိုး ကိုပဲ ပြန်လည် ကျင့်သုံးကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်…. ကျွန်ဖြစ်တုန်းကတော့၊ ကျွန်စနစ် မကောင်းဘူးဆိုပြီး၊ ကိုယ် ဘုရင်ဖြစ်တဲ့အခါ ကျွန်စနစ်က မဆိုးပါဘူး…. ဆိုတဲ့ ကိုယ့်ဘက်ယက်တဲ့ အကျင့်မျိုး ဗမာ့အာဏာဓလေ့ မှာ စွဲကပ်နေပါတယ်။

ကိုလိုနီခေတ်နဲ့ လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှာလည်း အုပ်ချုပ်ပုံစနစ်ကို မကြိုက်လို့ တော်လှန်ပုန်ကန်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေ ရှိခဲ့ပါတယ်။ ၂၀ ရာစုအတွင်းမှာ ထင်ရှားတဲ့ ပုန်ကန်မှုတွေက ဆရာစံတော်လှန် ရေးနဲ့ ရဲဘော်သုံးကျိပ်ရဲ့ လက်နက်ကိုင်ပုန်ကန်မှုတွေက ထင်ရှားပါတယ်။ ထိုနည်းလည်းကောင်း စစ်အာဏာ ရှင်စနစ်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ဆိုပြီး တောခိုသွားတဲ့ လူမျိုးစုတိုင်းရင်းသားတွေ ရှိသလို၊ တက္ကသိုလ် ကျောင်းသားတွေလည်း ၈၈၈၈ အရေးအခင်းမှာ တောခိုခဲ့ကြပါတယ်။ နိုင်ငံရေးနည်းနဲ့တော်လှန်ခဲ့တဲ့ တော်လှန် ရေးအုပ်စုတွေလည်း ရှိခဲ့ပါတယ်။ လက်နက်ကိုင်နည်း၊ နိုင်ငံရေးနည်း ဘယ်လိုပဲ နည်းလမ်းကိုင်စွဲမှု ကွဲပြားပါစေ အစိုးရကို တော်လှန်တဲ့ အစုအဖွဲ့တွေမှာ စွဲထင်နေတဲ့ အာဏာဓလေ့တစ်ခုရှိပါတယ်။ အဲဒါကတော့ အုပ်ချုပ်မှု စနစ်ကို ပြုပြင်ချင်ရင် ကိုယ်တိုင် အစိုးရဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

ပဒေသရာဇ်ခေတ်မှာတော့ ဘုရင်ဖြစ်ချင်လို့ ဘုရင်ကို အာခံပုန်ကန်တော်လှန်တာဖြစ်ပါတယ်။ ခေတ်သစ်မှာ တော့ အုပ်ချုပ်မှုစနစ်ကို ပြုပြင်ချင်လို့ အာခံပုန်ကန်တော်လှန်တာဖြစ်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်မှုစနစ်ကို ပြုပြင်နိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင် နိုင်ငံရေးအာဏာကို ကိုင်စွဲဖို့ လိုတယ်ဆိုတဲ့ အယူအဆကတော့ မူရင်း အတိုင်းရှိနေဆဲပါပဲ။ တော်လှန်ပုန်ကန်သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ကတော့ ကိုယ်တိုင် ဘုရင်ဖြစ်ရေး၊ ကိုယ် တိုင်အစိုးရဖြစ်ရေးအယူအဆပဲဖြစ်ပါတယ်။

တော်လှန်ပုန်ကန်သူတွေဟာ ဘယ်လိုပဲ ရှေ့က ဘုရင်အဆက်ဆက်၊ အစိုးရအဆက်ဆက်ကို မုန်းတီးနာကြည်း နေပါစေ…. ကိုယ်တိုင်ဘုရင်ဖြစ်လာတဲ့အခါမှာ ယခင် ဘုရင်တွေလို အချိုးမျိုးဘဲ ပြန်လည် ပြုမူကြတာတွေ့ရပါ တယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် ဗမာ့ရာဇပလ္လင်ဓာတ်သဘောဟာ ဘယ်လိုခေတ်မှာမဆို မပြောင်းလဲပဲ တည်ရှိနေတဲ့ မူရင်းဇာစ်မြစ်ဖြစ်ကြောင်း ပြနေပါတယ်။

ဗမာဘုရင်တွေဟာ ရာဇပလ္လင်ပေါ် ထိုင်ခွင့်ရတဲ့အခါ ဘုန်းရှင်ကံရှင်မို့ ဒီလိုအခွင့်မျိုးရတာလို့ နားလည်လက်ခံ ထားပြီး၊ တော်လှန်ပုန်ကန်သူတွေဟာ ရာဇပလ္လင်ပေါ်ထိုင်ခွင့်ရတဲ့အခါမှာလည်း ဘုန်းရှင်ကံရှင်မို့ ကိုယ့်ကိုယ်ကို မှတ်ထင်ခံယူသွားကြပါတယ်။ ဤသည်ပင်လျှင်၊ ဗမာ့အာဏာဓလေ့ရဲ့ သဘောတချို့ဖြစ်ပါတယ်။

မင်းသေ့
နံနက် ၁ း ၀၀
၁၃ ၊ အောက်တိုဘာ၊ ၂၀၂၀။
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

ဖတ်ညွှန်းများ

• စိတ်ဓာတ်တော်လှန်ရေး၊ ဒေါက်တာအောင်ခင်၊ တိုးမြစ်စာပေ၊ ၂၀၁၉။

• တပ်မတော်စစ်တမ်း၊ ဒေါက်တာအောင်ခင်။

• မြန်မာ့နိုင်ငံရေးအတွေးအခေါ်၊ ဒေါက်တာအောင်ခင်၊ တိုးမြစ်စာပေ၊ ၂၀၁၇။

• မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် (၁၉၄၈ – ၁၉၈၈)၊ ကျော်ဝင်း၊ ၂၀၁၂။

• ဗမာ၊ တင်ထွေး၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၄။

• ယောမင်းကြီးဦးဘိုးလှိုင်၏ အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း၊ မောင်ထင်၊ ယူနတီစာပေ၊ ၂၀၁၈။

Previous post ▄ လူငယ်တစ်ယောက်၏ အလုပ်
Next post ▄ ဗမာမင်း အုပ်ချုပ်ပုံ စစ်တမ်း