ကျွန်တော့်ဘဝမှာ၊ ဆရာတော်ဦးဇောတိကကို အပြင်မှာ တစ်ခါမှ မဆုံဖူးပါ။ မကြုံဖူးပါ။ အမှန်တကယ်တော့ မဖူးဖူးပါလို့ သုံးသင့်သည်။ ကျွန်တော်အနေဖြင့်၊ ဤသို့ မသုံးပါ။ အကြောင်းမှာ၊ ဆရာတော်ဦးဇောတိကကို ဗုဒ္ဓ ဘာသာသံဃာတစ်ပါးကို သာမန်ကြည်ညိုရုံသဘော သက်သက်မျှသာ မဟုတ်၍ ဖြစ်သည်။ ဤထက် ပိုပါ သည်။ ကျွန်တော့်စိတ်ထဲတွင်၊ ဆရာတော် ဦးဇောတိက နှင့်ပက်သက်၍ သတ်မှတ်ပြဌာန်းထားချက်များရှိသည်။

ဆရာတော့်ကို သာမန်သီလသမာဓိ သိက္ခာရှိသော သံဃာ၏ဂုဏ်ပုဒ်များထက် ပို၍ တွက်ဆထားသည်။
ဆရာတော်သည် ကျွန်တော်လေ့လာစရာ၊ ဒဿနပညာရှင်ဖြစ်သည်။
ဆရာတော်သည် ကျွန်တော့်အတွက် ဘဝမီးရှူး တစ်ဆောင်ဖြစ်သည်။
ဆရာတော်သည် ကျွန်တော့်အတွေးအခေါ်များ ကျဉ်လည်ကျက်စားရာ ရေခံမြေခံကောင်းဖြစ်သည်။
ဆရာတော်သည် ကျွန်တော့် ဟီးရိုးဖြစ်သည်။
ဆရာတော်သည် ကျွန်တော့် ကျေးဇူးရှင်ဖြစ်သည်။

ကျွန်တော်သတ်မှတ်သော ဂုဏ်ပုဒ်များ၏ အထောက်အထားများစွာရှိပါသည်။ သာမန် အရမ်းကာရော သူများ လိုက်ကြိုက်၍ ကြိုက်သော သူများထဲတွင် ကျွန်တော် မပါဝင်။ ထေရဝါဒ ဗုဒ္ဓဘာသာအဖြစ်၊ ဆယ်ကျော်သက် ဘဝမှာပင်၊ ကျွန်တော် ကြိုးစားတည်ဆောက်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားကို ဘာ့ကြောင့်ရှိခိုးရသလဲ၊ ဘုရား ကို ဘာ့ကြောင့် ကိုးကွယ်ရသလဲ၊ ဆိုသည့် မေးခွန်းကို ကျွန်တော့်ကိုယ် ကျွန်တော် အကြိမ်ကြိမ်မေးခဲ့သည်။
အဖြေကိုလည်း ပြတ်ပြတ်သားသား တွေ့ရှိထားပြီးဖြစ်သည်။

မျှော်လင့်မထားသော မက်ဆေ့

ဆရာတော်ဦးဇောတိက နှင့်ပက်သက်၍ အဝေးမှသာ အကဲခတ်ခွင့်ရခဲ့သည်က များသည်။ ထူးထူးဆန်းဆန်း အဖြစ်အပျက်က၊ မေလ ၁၁ ရက်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ကြုံသည်။ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုနှင့် တောင်ကြီး မြို့ကို ရောက်နေသည့် အချိန်။ နေ့လည် ၂ း ၀၂ မိနစ်မှာ ဒေါ်ထက်ထက်ထွန်းဆီမှ မက်ဆေ့တစ်စောင်ရောက် လာသည်။ “ကိုမင်းသေ့… အဖေ တောင်ကြီးမှာ ရှိနေတယ်… ဓမ္မရတနာကျောင်းမှာ….”

ဒီလိုနှင့်ကျွန်တော် ဝမ်းသာသွားသည်။ ကျွန်တော် မထင်မှတ်တာ ဖြစ်သွား၍ မှင်သတ်မိသလို ခံစားမိသည်။ ဆရာတော့်ကို နိုင်ငံခြားမှာပဲ သီတင်းသုံးတယ်လို့ ကျွန်တော် ထင်ထားတာ။ မမျှော်လင့်သော အခွင့်အရေးကို ကျွန်တော် ရလိုက်သည်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များနှင့် တောင်ကြီးဒေသခံ မိတ်ဆွေများကို ခေါ်သည်။ ခင်ဗျားတို့ လိုက်မလား။ ကျုပ်တို့ သွားဖူးရအောင်… ဒါဟာ ဝမ်းမြောက်စရာပဲ။ ၎င်းတို့ကလည်း မငြင်း ဝမ်းသာ အံ့ဩနေကြသည်။ ထို့နောက် တောင်ကြီးမြို့ကို ခေတ္တရောက်နေသည့် ကျွန်တော့်နောင်တော်ကြီးကို သတင်း ပေးသည်။ ဆရာတော်ဦးဇောတိက ရှိတယ်… ညနေ ၆း၀၀ သွားရအောင်…. သူကလည်း အံ့ဩစွာ ဝမ်းသာ လျက်။ ကျွန်တော်တို့ တစ်အုံတစ်မကြီး ဆရာတော့်ထံချီတက်ကြသည်။ ဆရာတော်အတွက် သစ်သီးများ စုံစီနဖာ ဝယ်သွားကြသည်။

ဤအခိုက်အတန့်ကာလကလေးကိုပင်၊ ကျွန်တော် သတိထားကြည့်မိသည်။ ဆရာတော့်ကို ကျွန်တော်တို့အား လုံး ပထမဆုံးအကြိမ်ဖူးရမည့် အခွင့်အရေးကို ထင်မှတ်မထားပဲ ရလိုက်သောကြောင့်၊ ကျွန်တော်တို့ အားလုံးမှာ တက်ကြွစိတ်ကိုယ်စီနှင့်။ ကျွန်တော်တို့အဖွဲ့အပြင်၊ နောင်တော်ကြီး၏ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းများပင် ပါ သည်။ ကျွန်တော် ကြိုက်သော အစားအစာများကို တွေ့လျှင်၊ ချစ်သော ခင်သော၊ ရင်းနှီးကျွမ်းဝင်သူတို့ကို အမြဲ မြည်းစမ်းစေလိုသော စိတ် ကျွန်တော့်မှာ ထက်သန်ပြင်းပြလှသည်။ ဤသို့ဖြင့်၊ ကျွန်တော်တို့ ဓမ္မရတနာ ကျောင်း ကို မော်တော်ကားဖြင့် ချီတက်သွားကြသည်။

မျှော်လင့်မထားသော ခြေလှမ်းများ

ကျွန်တော်တို့ ရောက်သွားတာက၊ နေဝင်ရီတရော။ တောင်ကြီး၏ အအေးဓာတ်နှင့် ပတ်ဝန်းကျင်က မှိုင်းပျပျ။ ဓမ္မရတနာကျောင်းသို့ ဝင်လိုက်ကတည်းက၊ မော်တော်ကား အရှိန်ကို လျော့ပြီး မောင်းဝင်ကြသည်။ ကျွန်တော် တို့၏ အဟုန်ပြင်းသော စိတ်များ အနည်းငယ် သိမ်မွေ့သွားသည့် သဘော။

ဆရာတော် သီတင်းသုံးနိုင်မည့် ကျောင်းအရှေ့ကို မေးစမ်းကြသည်။ ထို့နောက် ကျွန်တော်တို့ ကားပေါ်မှ ဆင်း ကြသည်။ အဲ့အချိန်မှာ သတိထားမိလိုက်သည်။ ကျွန်တော်တို့တတွေ ခြေလှမ်းများ အနည်းငယ် တွန့်ဆုတ်သွား သည်ဟု ယူဆမိသည်။ အထူးသဖြင့်၊ ကျွန်တော့်ကိုယ် ကျွန်တော် သတိထားမိလိုက်သည်။ အမှန်တကယ် ဝန်ခံ ရလျှင်၊ ကျွန်တော် ရင်ခုန်နေပါသည်။ ကျွန်တော် ရင်ခုန်နေပါသည်။ ကျွန်တော့်ဘဝတွင် ထိုသို့သော ရင်ခုန်မှု မျိုးကို ကျွန်တော် ဘယ်သောအခါကမှ မခံစားဖူးပါ။ ကျွန်တော်ထင်သည်၊ ဆရာတော့်၏ အရှိန်အဝါက ကျွန် တော်တို့ကို အတန်ငယ် မှင်သက်မိစေသော သဘောလားမသိ။

ဒီလိုနှင့် ဆရာတော် ကျောင်းရှိရာသို့ ခြေများလှမ်းကြသည်။ ကျွန်တော်တို့ ခြေလှမ်းများ အလိုအလျောက် ဖော့ ဖော့ဖိဖိ နင်းလှမ်းကြတာ သတိထားမိသည်။ ခြေလှမ်းလည်း နှေးသွားကြသည်။ ဆရာတော်က ကျောင်းရှေ့မှာ မတ်တပ်ရပ်ပြီး ကျွန်တော်တို့ကို ကြည့်နေသည်။ ကျွန်တော်တို့ မြေကြီးပေါ်မှာပင် ဝပ်တွားလိုက်ကြသည်။ ဆရာ တော် ဓမ္မရတနာကျောင်းမှာ သီတင်းသုံးနေတာ ကြားသိရလို့ ဆရာတော့်ကို လာဖူးတာပါ… ဘုရား… ဒေါ်ထက်ထက်ထွန်းက အသိပေးလို့ လာဖူးခွင့်ရတာပါ ဘုရား… တပည့်တော် မင်းသေ့ပါ ဘုရား… ပေါ့….

ဒီလိုနှင့် ဆရာတော်က ဘာမှ မပြော… ခေါင်းသာ တငြိမ့်ငြိမ့်။ ပိတ်ထားသော ကျောင်းတံခါးကို ဖွင့်လိုက်သည်။ ဆရာတော် ဝင်သွားသည်။ ကျွန်တော်တို့ နည်းနည်း ကြောင်သွားသည်။ ကျွန်တော်တို့ လိုက်သင့် မလိုက်သင့်။ ဆရာတော်က ရိပ်မိဟန်တူသည်။ အသာလက်ယက်ခေါ်သည်။ ကျွန်တော်တို့ ကျောင်းအပေါ်ထပ် ဆရာတော် သီတင်းသုံးရာ ကျောင်းပေါ်သို့ ခြေသံ ဖွဖွနှင့် ကိုယ်စီ လိုက်ပါခဲ့ကြသည်။

မျှော်လင့်မထားသော ခံစားမှု

ပဏာမ စကားတို့ဖြင့်၊ လျှောက်တင်ရင်း ဆရာတော်နှင့် စကားများ ပြောဖြစ်ကြသည်။ တကယ်တော့ ဆရာ တော့် အတွေးအခေါ်များကို ကျွန်တော်တို့ တူးဆွခြင်းသာ။ ဆရာတော်နှင့် တွေ့ရအခိုက်အတန့်ကလေးမှာ၊ ဆရာတော့် အဇ္ဈတနှင့် မူလသဏ္ဍာန်ကို တတ်နိုင်သမျှ ဆုပ်ကိုင်မိအောင် ကျွန်တော် သတိကို အမြဲကပ်ထား သည်။ ဆရာတော့်ကို မိန့်ကြားချက်များကို မျက်တောင် မခတ်တမ်း သတိနှင့် စူးစမ်းမှုက မပြတ်။

အထူးသဖြင့်၊ ဆရာတော်၏ လေ့လာမှုနည်းနာများကို ကျွန်တော်ရချင်သည်။ ဆရာတော်နှင့် စကားများပြော ရင်း၊ ကျွန်တော် သတိထားမိနေသည်က၊ ဆရာတော့်ကို ကျွန်တော့် စိတ်ထဲတွင် ရှိန်နေသည်ဟု ခံစားရသော် လည်း အင်မတန်ရင်းနှီးကျွမ်းဝင်နေသည့်ခဲ့ဖူးသည့် ခံစားမှုကိုလည်း ခံစားမိနေရပြန်သည်။ ထူးဆန်းပေစွ။ ဆရာတော်က မေးလျှောက်သူ၏ မျက်နှာကို တည့်တည့်ကြည့်၍ ပြောသည်။ ကျွန်တော်တို့ အာရုံတစ်ချက်မှ လွတ်မသွားကြ။ သတိတရားက ဆရာတော်မှ တစ်ဆင့် ကျွန်တော်တို့ထံ မပြတ်ကူးလူးနေဟန်ရှိသည်။

လွတ်လပ်မှုအကြောင်း၊
သဘာဝကြီး၏ အကြောင်း၊
ထိုအထဲမှာ၊ သဘာဝဓာတ်တို့၏ ဆန်းကြယ်မှုသဘောများ၊
လူ့စိတ်သဘောနှင့် ရှင်သန်သောဘဝတို့၏ အကြောင်းတရားများကို များစွာ ပြောဖြစ်ကြသည်။ ဆရာတော့် စကားလုံးများကို ပြတ်တောင်းသွားမှာ ကျွန်တော်စိုးရိမ်သည်။ ကျွန်တော်တို့ ၄၅ မိနစ်ခန့်သာကြာလိုက်ပါသည်။

အချိန်ကလည်း နှောင်းသောကြောင့် ဆရာတော့်ကို ကျွန်တော်တို့ အလိုက်သိရမည်ဟူသော အတွေးကြောင့် ကျွန်တော်တို့က စပြီး ပြန်ခွင့်လျှောက်ထားရခြင်း ဖြစ်ပါသည်။ ဆရာတော့်ကို ခွင့်ပန်၍ ည ၈ နာရီ မတ်တင်း အချိန်လောက်မှာ၊ ကျွန်တော်တို့ နုတ်ဆက်ကန်တော့လိုက်ကြသည်။ ကျွန်တော့်စိတ်ထဲတွင်၊ အချိန်က နည်း လွန်းလှသည်ဟု ထင်သည်။

မျှော်လင့်ထားသော မျှော်လင့်ချက်

ကျွန်တော်တွေးလိုက်မိသည်။ ဆရာတော့်ထံပါးတွင်၊ တစ်လ ကိုးသီတင်းလောက် သင်္ကန်းစည်းပြီး နည်းနာများ ခံယူခွင့်ရလျှင် မည်မျှကောင်းလိုက်မည်နည်း။ လက်ရှိ အရာအားလုံးကို ပစ်ပြီး ကျွန်တော် သွားမိ၊ လုပ်မိမှာပဲ။ စိတ်ထဲကလည်း တွေးလိုက်မိသည်။ ေဩာ်…. ပညာရှိ သူတော်ကောင်းတို့ နှင့် ဆုံဆည်းရာတာ၊ အားရှိလိုက် တာ၊ ကြည်နူးလိုက်တာ။ အပြန် ကားပေါ်၌ ကျွန်တော် စကားသံများ ပိုကြွလာသည်။ ပိုကျယ်လာသည်။ စိတ်၏ အဟုန်က ကျွန်တော် အာခံတွင်းက ခွန်အားများကို မြှင့်တင်ပေးနေသယောင်။

ယခုအချိန်အထိ၊ ကျွန်တော် ဤကာလက အဖြစ်အပျက်များကို မမေ့သေး။ နောက်လည်း မေ့မှာလည်း မဟုတ်။ ကျွန်တော်အတွက် မဟာဂျီးနီးယပ် ပုဂ္ဂိုလ်နှင့် ဆုံတွေ့ရသည့် အိပ်မက် အကောင်အထည်ပေါ်ခဲ့ပြီ။ ကျွန်တော့် ကိုးကွယ်ရာ။ ကျွန်တော့်စိတ် အေးငြိမ်းရာတို့ ကျဉ်လည်ကျက်စားရာ ရေခံမြေခံ။

ကျွန်တော့်အတွက် ဆရာတော် ဦးဇောတိက,က၊ မဟာကျမ်းတစ်ဆူဖြစ်ခဲ့သည်။ ဖြစ်နေသည်။ ဖြစ်နေဆဲလည်း ဖြစ်သည်။ ဖြစ်လည်း ဖြစ်လိမ့်အုံးမည်။ ကျမ်းတစ်စောင် မဟုတ်။ တစ်ဆူ ဆိုသော စကားလုံးဖြစ်သည်။

ပြင်ပကမ္ဘာ၌ ကျွန်တော်ကိုယ်တိုင်၊ သဘာဝထဲက လူသားကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ သဘာဝ ထဲ မှ တူးဖော်မှု နိဿယများကို အစအနကလေး မြင်လိုက်မိသည်။ ထို့နောက်၊ သဘာဝထဲမှာ နေထိုင်ချင်စိတ် လွန်လွန်ကဲကဲ ထက်သန်စိတ် ကျွန်တော်ဖြစ်လာသည်။

ကျွန်တော် သဘာဝကို တစ်သက်လုံး ရှာဖွေနေဖြစ်ပါလိမ့်မည်။
သဘာဝနှင့် တစ်သားတည်း နေထိုင်သည့်လူသားအဖြစ် လေ့ကျင့်နေဖြစ်ပါလိမ့်မည်။
သဘာဝထဲမှာ လွတ်လပ်စွာ ကျွန်တော် ပျံသန်းဖြစ်ပါလိမ့်မည်။

မင်းသေ့
ည ၉ း ၄၆
၇ ၊ ဇွန်လ ၊ ၂၀၁၇

Previous post စာဖတ်ကောက်ကြောင်းများ
Next post “ မန္တလေး မန္တလေး မန္တလေး ”