မန္တလေးနှင့်ပက်သက်လျှင်၊ ကျနော့်မှာ အမှတ်တရတွေများလှပါသည်။ မန္တလေးသည်၊ ကျနော်မွေးဖွားရာ ဇာတိ မြေဖြစ်သည်။ ကျနော့်နှလုံးသားအခြေတည်၊ အစပြုရာလည်းဖြစ်သည်။ မန္တလေးသည်၊ သမိုင်းအစဉ်အလာကြီး သည်။ ယဉ်ကျေးမှု အနုအလှတွေပေါသည်။ ချစ်စရာ လုံမပျိုတွေနှင့်လည်း ပဒေသာစုံလှသည်။ မန္တလေးသည် ကျနော့် အိမ်၊ ကျနော့်နားခိုရာ ရင်ခွင်ဖြစ်သည်။ မန္တလေးနှင့် ကျနော် မခွဲနိုင်။ ကျနော့်စိတ်သည် ဇာတိစွဲစိတ် အားကြီးလှသည်။ ဇနပုဒ်ကို အစွဲပြုသည့် ဥပါဒါန် အားကြီးသည်ဟုပင် ဆိုနိုင်သေးသည်။

မန္တလေးကအချစ်တွေ

မန္တလေးမှာ ချစ်စရာတွေ အများကြီးရှိသည်။ မန္တလေးတောင်ကြီးကို ချစ်လို့ရသည်။ ကျုံးမြို့ရိုးကြီးကို ချစ်လို့ရ သည်။ မြို့မငြိမ်းကို ချစ်လို့ရသည်။ တူးပို့ တူးပို့ကို ချစ်လို့ရသည်။ မန္တလေးမှာ၊ မန္တလေးဘီယာကိုပင် စွဲစွဲမြဲမြဲ ချစ်နိုင်သေးသည်။ မန္တလေးက ချစ်စရာတွေ မကုန်နိုင်သော မြို့ဖြစ်သည်။

မန္တလေးသည် ယခင်က စက်ဘီးမြို့တော် ဖြစ်သည်။ ယခု ဆိုင်ကယ်မြို့တော်ကြီး ဖြစ်နေပြီ။ မန္တလေးကား၊ ပြောင်းလဲလာချေပြီ။ မန္တလေးမှာ၊ လူမျိုးအစုံနေထိုင်သည်။ မန္တလေးမြို့လည်ခေါင်မှာ၊ ဘုန်းကြီးကျောင်းရှိသည်။ ဘုံကျောင်းရှိသည်။ တက္ကသိုလ်ကြီးရှိသည်။ ဘူတာကြီးရှိသည်။ ဆေးရုံကြီးရှိသည်။ ဈေးကြီးရှိသည်။ ကျနော့်မှာ မန္တလေးနှင့် ယှဉ်၍ ပြောစရာ၊ ရေးစရာများက တစ်ပုံတစ်ပင်။

ကျနော့်ကို မန္တလေးမှာ မွေးသည်။ ကျနော် မန္တလေးမှာပဲ ပညာသင်ကြားသည်။ မန္တလေးမှာပဲ အလုပ်လုပ်သည်။ စာသင်သည်။ ကျနော့် မိတ်ဆွေ သူငယ်ချင်းများသည်လည်း၊ မန္တလေးသားတွေ များသည်။ ကျနော့် ပတ်ဝန်း ကျင်မှာ၊ မန္တလေး၏ အမှတ်သရုပ်များ အမြဲလွှမ်းမိုးနေသည်။ ကျနော် လူ့ဘဝက ထွက်ခွာသွားလျှင်တောင်၊ မန္တလေးမြေမှာပဲ ခေါင်းချသွားဖြစ်လိမ့်မည် ထင်သည်။

ဒိတ်ဒိတ်ကြဲတို့ စုဝေးရာ

မန္တလေးသည်၊ အဘိဓမ္မာတို့ ခြေချရာ ဒေသဖြစ်ခဲ့သည်။ မန္တလေးမှာ၊ မဟာဂန္ဓာရုံရှိသည်။ တောင်လေးလုံး ကျောင်းရှိသည်။ ကိုပညာရှိသည်။ ရွှေကိုင်းသားရှိသည်။ အမာရှိသည်။ ဦးလှ ရှိသည်။ နေဝင်းမြင့်နှင့် ခင်ခင်ထူး ရှိသည်။ ဆူးငှက်ရှိသည်။ ကျော်ရင်မြင့်ရှိသည်။ သိုက်ထွန်းသက်ရှိသည်။ ညီပုလေးရှိသည်။ ဦးထွန်းဦး ရှိသည်။ ဦးဝင်းမောင် ရှိသည်။ ဦးစိန်မြင့်ရှိသည်။ မန္တလေးမှာ ထူးခြားသည်။ မန္တလေး၏ ထူးခြားချက်ကို ဘယ်မြို့ ဘယ်နယ်ကမှ မမှီ။

မန္တလေးသည်၊ ဂန္တဝင်တို့ ပေါက်ဖွားရာ ဘူမိနက်သန်ဖြစ်သည်။ မန္တလေးသည်၊ မြန်မာနိုင်ငံတစ်ခုလုံး၏ ဗုဒ္ဓသာ သနာတော်ကြီး၏ ဗဟိုချက်မဖြစ်ခဲ့သည်။ စာပေနှင့် အနုပညာတို့၏ စင်တာကြီးဖြစ်သည်။ ကွန်မြူနစ်အမာခံ ဒေသကြီးလည်း ဖြစ်ခဲ့သေးသည်။ ကေဒါအပေါင်းတို့ မွေးဖွားသန့်စင်ရာ ရေမြေပင် ဖြစ်ခဲ့သည်လား မပြော တတ်။ မည်မျှပင်ခေတ်တို့ ပြောင်းလဲ တိုးတက်သည်ဖြစ်စေ၊ မန္တလေးက ယဉ်ယဉ်လေးနှင့် လှတုန်း ပတုန်း။ မန္တလေးကျုံးရေသည် အေးတုန်း၊ ကြည့်တုန်း။ ရေနီမြောင်းသည်၊ သူငယ်တို့ ဂျွမ်းထိုး၍ ကောင်းတုန်း။ စိန်ပန်း တွေလည်း၊ ပွင့်လို့ ကောင်းတုန်း။ ရှုမငြီးးး စရာ…. မန္တလေးမှာ ပေါလှချည်ရဲ့….

သူတို့အရင်အတိုင်းပဲ…

ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ စစ်ကိုင်းတောင်ရိုးကြီးက လည်ဆန့်၍ ကောင်းတုန်း။ ကျနော်တို့လည်း၊ အခုထိ ကြည့်လို့ မဝ၊ ရှုလို့ မဝ။ အမြဲလှနေသည့် မန္တလေး၏ အလှ။
ဂေါဝန်ဆိပ်ကနေ ငေးလိုက်မိသည်။ သစ်ဖောင်၊ ဝါးဖောင်တွေ တစ်အိအိ ရွေ့နေသည်။ လှေသင်္ဘောကြီးများ ခုတ်မောင်းနေသေးသည်။ ညောင်အိုပင်တို့က ဧရာ၏ နှုတ်ခမ်းသားတွင် တွဲလွဲခိုလျက် ရှိနေတုန်း။

မင်းကွန်းတောင်ရိုးက၊ လာကြည့်လှည့်ပါအုံး၊ အဘွားအိုနေပါပြီ….ဟု အယုယခံချင်ဇောနှင့် ဖွင့်ဟနေသလို။ မန္တလေးသည် အကျဉ်းမတန်ပါ။ မန္တလေးကို အကျဉ်းတန်အောင် လုပ်နေသူတို့ ပေါ်ပေါက်လာသည့်တိုင် မန္တလေးက အကျဉ်းမတန်နိုင်ပါ။ အလွယ်တကူဖြစ်တည်ခဲ့သော သမိုင်းအမှတ်အသားများမဟုတ်၍ အလွယ် တကူလည်း ယုတ်လျော့ပျက်စီးသွားမည် မဟုတ်ပါ။ မန္တလေးမြို့ကြီးဖောက်ပြန်သွားလျှင်တောင်မှ၊ တစ်စုံတစ်ဦး က ဆက်လက်တည်ဆောက်ထိန်းသိမ်းနေအုံးမည် ဖြစ်ပါသည်။ မန္တလေးသူ၊ မန္တလေးသား တစ်ယောက် ယောက်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော် မန္တလေးသည် ဘယ်သောအခါမှ ဖောက်ပြန်သွားမည့်မြို့ မဟုတ် ပါ။ အကြောင်းမှာ၊ မန္တလေးသားတို့၏ အချစ်မှာ ဧရာရေတွေ မခမ်းသရွေ့တည်ရှိနေခြင်းကြောင့်ဖြစ်သည်။

မန္တလေးမှာရှိသည်

မန္တလေးမှာ မော်မော်စန်းရှိသည်။ တင်တင်အေးရှိသည်။ မြင့်မြင့်ခင်ရှိသည်။ မစီမာရှိသည်။ ဦးကာက, ရှိသည်။ ခိုတောင်ရှိသည်။ မင်းသီဟရှိသည်။ မန်းမြို့တော်ရှိသည်။ ရွှေပြည်မိုးရှိသည်။
မန္တလေးမှာ၊ မဟာမုနိကြီးရှိသည်။ ကျောက်တော်ကြီးရှိသည်။ နန်းတွင်းကြီးရှိသည်။ မန္တလေးဘိုးဘိုးကြီးရှိသည်။ မြွေကြီး နှစ်ကောင်ရှိသည်။ ခြင်္သေ့ကြီး နှစ်ကောင်ရှိသည်။ ဆင်ကြီးနှစ်ကောင်ရှိသည်။ ငွေငန်းကြီးတစ်ကောင် ရှိသည်။ ငါးရံ့မင်းကြီး ရှိသည်။ ဒေါင်းပျိုတို့ရှိသည်။

မန္တလေးကား၊ ဆန်းကြယ်ပေစွ။ မန္တလေးသား၊ မန္တလေးသူတို့သည်လည်း ဆန်းကြယ်ပေစွ။ စာနှင့်ပေနှင့် ဂန္တဝင် တို့နှင့်ပင် ဖက်ပြီး မွေးခဲ့သည်လား မသိ။ မန္တလေးက ရင်ခုန်စရာ။
မန္တလေးမှာ ရင်ခုန်စရာ လမ်းမတွေရှိသည်။ မန္တလေးမှာ ဗိုက်အဝဖြည့်စရာ စြင်္ကတွေ ရှိသည်။ ပွဲတော်တွေ ရှိသည်။ တရားပွဲတွေရှိသည်။ သင်တန်းတွေရှိသည်။ ကြိတ်ဝိုင်းတွေ ရှိသည်။ လေထန်ကုန်းမှာလည်း ကွက်ကြားလေများ တိုက်လေ့ရှိသည်။ မန္တလေးကား၊ ထူးဆန်းပေစွ။


မင်းတုန်း၊ ကနောင်တို့ အတွဲကလည်း သမိုင်းမှာ ပြောစရာ။ ကုသိုလ်တော်နှင့် အတုမရှိတို့က စံထားစရာ။ မယ်နုက အင်းဝမှ စံမြန်းသည်။ ဦးဗုဒ်လည်း ရှိသည်။ ကိုယ်တော်မှိုင်းကြီးက၊ ဘုန်းကျောင်းသား လုပ်ခဲ့သေး သည်။ အချုပ်တန်း၊ ပုည နှင့် နန်းတော်ရှေ့တို့က စာပေနှင့် ဂီတမှာ အမှတ်သရုပ်တွေအဖြစ် ကြွကြွရွရွ။ အဲအဲ… တောင်ပြုံးကို ချန်မထားရ။ မမဥကို ချန်မထားရ။ ကြာနီကန်ကို ချန်မထားရ။ အိမ်ရှေ့မင်းကို ချန်မထားရ။ ငါးရံ မင်းကြီးကလည်း၊ နွေမှာ ကားလမ်းမများအပေါ် စွေ့စွေ့ခုန်လျက်။

အောင်ပင်လယ်ကန်ဘောင်ရိုးကြီးက၊ သူ့ကိုယ်သူ သတိရသတဲ့…။

တောင်သမန်အင်းကြီးက၊ လူတွေ လိုဘတွေဖြည့်ပေးဖို့ အမြဲကြိုးစားခဲ့သည်။ အခုတော့ သူကိုယ်တိုင်တောင် ညစ်ထေးလျက်။ ဦးပိန်ကြီးလည်း အိုပြီ။ သူ့ခြေထောက်တွေ မခိုင်တော့။ အသစ်အသစ်သော သံရိုက်ချက် တွေက သူ့အသားကို နာကျင်စေတယ်လို့ ပြောသည်။
ကိုကြီးငဲက မန္တလေးရဲ့ ညများ သီချင်းကို ဆိုသည်။ မန်းတောင်ရိပ်ကို ခိုပါလို့ ပြောသူကလည်း ပြောသည်။ ရန်ကင်းတောင်ကြီးကတော့… ယခုအချိန်အထိ ထီးထီးကြီး ငေါထွက်နေလျက် ရှိနေသေးသည်။ ၁၉ လမ်းက၊ ကန်လယ်လမ်းနဘေးမှာ စပါးခင်းတွေ မရှိတော့။ သုံးမိုင်နီးပါး ရှည်တဲ့ ကန်လယ်ချောင်းရိုးထဲမှာ၊ ကြာတွေ မပွင့်တော့။ ကြာတွေအစား၊ ဗေဒါတွေ အစားဝင်ရောက်သွားခဲ့ပြီ။ စိန်ပန်းတွေက ညီညွှတ်စွာ ပွင့်လို့ ကောင်း တုန်း။ သူတို့က၊ အချိန်ကိုက် သစ္စာရှိကြဖို့၊ ကတိစကားဆိုကြထားဟန် ရှိသည်။

မန္တလေး၏ အပြောင်းမလဲ အမြဲတည်နေသော၊ သစ္စာစကားမှာ “ဖုံထူ ခြင်ကိုက်၊ ပူအိုက် ချမ်းအေး မန္တလေး” ဟူ သတဲ့….။

မန္တလေးမှာ၊ ပြောစရာကို ဖြစ်လို့။ ဖြစ်လည်း ဖြစ်ထိုက်သည်။
မန္တလေးက ပြောစမှတ်တွင်သည့် မြို့ဖြစ်သည်… မဟုတ်ပါလား။

မင်းသေ့
နံနက် ဝး ၂၃
၁၃ ၊ ဇွန်လ ၊ ၂၀၁၇

Previous post မျှော်လင့်မထားသော နေ့စွဲ
Next post မဒကသ မှ တစ်ဆင့်