ကျွန်တော် စာအုပ်အများကြီး မဖတ်နိုင်ပါ။ ကျွန်တော်က မှတ်ဉာဏ် သိပ်ကောင်းတဲ့သူထဲမှာ မပါ။ သို့ပေမယ့် စာဖတ်ခြင်းကို ဘိန်းစွဲသလို စွဲခဲ့ဖူးသည့် ကာလရှည်တစ်ခုကို ဖြတ်သန်းခဲ့သည်။ အခုတော့ စာတွေက ကျွန်တော့်ကို ရင်ခုန်အောင် မလုပ်နိုင်တော့။ ဘာ့ကြောင့်လဲ ကျွန်တော် မသိ။ သို့သော်လည်း စာတော့ အမြဲ ဖတ်နေဖြစ်သည်။ စာဖတ်နေရင်းနှင့် ဘယ်စာက ငါ့ကို ရင်ခုန်စေသလဲ ဆိုပြီး၊ စိတ်လှုပ်ရှားစွာ ရှာဖွေနေမိသေး တာလည်း အကြိမ်ကြိမ်။

အကြောမာလာခြင်း

စာတွေက ဘာလို့ ရင်မခုန်စေတော့တာလဲ။ တခါတရံ ကိုယ့်ကိုယ်ကို ကိုယ်မေးသည်။ “ငါ ဘုန်းကြီးတစ္ဆေဖြစ် သွားပြီလား…. သို့တည်းမဟုတ်…. နတ်အိုးကွဲလား…” စသည်ဖြင့် မေးဖြစ်သည့် မေးခွန်းများ။

ကျွန်တော့် စာဖတ်အကျင့်က၊ ကာလ တစ်ခုနှင့် တစ်ခု မတူပါ။ အမြဲလိုလို ပြောင်းလဲလေ့ရှိသည်။ ဒါကို စာဖတ် ခြင်းအပေါ် သစ္စာမရှိဘူးလို့ မဆိုရ။ စာအမြဲဖတ်ဖြစ်နေပေမယ့် စာအပေါ် ရှုမြင်ပုံက အမြဲလိုလို ပြောင်းလဲနေ တာ ကျွန်တော် သတိထားမိသည်။ စာအုပ်များနှင့်ပက်သက်ပြီး ကျွန်တော့်မှာ ပြောစရာ အများများရှိသည်။ စာဖတ်ပုံနှင့်ပက်သက်ပြီးတော့ရော၊ ပြောစရာတွေက အပုံအပင်။

ဖိုးသူတော် မျက်စိလည်တော့ ဆန်ပိုရတယ်… ဆိုသည့် စကားရှိသည် မဟုတ်လား။ စာအုပ်တောထဲမှာ ကျွန်တော်ကာလရှည်စွာ မျက်စိလည်ခဲ့ဖူးသည်။ မျက်လုံးလေး ကလှယ်ကလှယ်နှင့် တောကြီးမျက်မည်းထဲက လမ်းပျောက်နေသည့် ချာတိတ်တစ်ယောက်ကို မြင်ကြည့်စမ်းပါ။ ချာတိတ်လက်ထဲမှာလည်း ဘာမှ အားကိုး အားထားစရာ လက်နက် ရိက္ခာ မရှိ။ လက်ဗလာနှင့် အဖြစ်။ ဒါ ကျွန်တော် တကယ်ကြုံခဲ့ရသည့် အဖြစ်။

စာဖတ်နည်းနှင့် စာအုပ်ရှာဖွေစုဆောင်းသည့် နည်းတွေမှာ၊ မျက်စိလည်တော့ အတော်များများသော စာပေ အရေးအသားများနှင့် မထိတွေ့ချင်ဘဲ ထိတွေ့မိသည်။ ဤအချက်ကပင်၊ စာအုပ်စာပေအပေါ် တစုံတရာ အကဲ ခတ်နိုင်စွမ်းရှိသည့် စွမ်းရည်ကို လေ့ကျင့်ပြီးသား ဖြစ်နေဟန်တူသည်။ စာအုပ်တွေအပေါ်မှာ ထားသည့် ကျွန်တော့်သဘောထားတွေကလည်း အစုံစုံ။ နောင်လည်း ပြောင်းလဲသော သဘောထားအမြင်များ ရှိလာအုံး မည် ထင်သည်။

စာဖတ်နည်းမှာ အစွန်းရောက်ခဲ့ဖူးသည်။ ယခုထိလည်း အစွန်းရောက်နေဆဲ။ ကျွန်တော့်စာဖတ်နည်းက တစ်ယူ သန် ဆန်သည်။ တစ်ဖက်သတ်ဆန်သည်။ ငါတကော ကောသည့် ဝါဒလားတောင် အောက်မေ့ရသည်။ စာအုပ် များကို ဘုရားလို ကိုးကွယ်ဖူးသလို၊ စာရေးဆရာများကိုလည်း ဖန်ဆင်းရှင်များသဖွယ် ယုံကြည်ခဲ့ဖူးသည်။ စာ အပေါ် လွဲမှားစွာ မှတ်ယူမှုကြောင့်၊ ဘဝအမှားတော်တော်များများကို ကျွန်တော် ကျူးလွန်ခဲ့သည်။ စာတွေက ဘဝကို အမြဲ အမိန့်ပေးနေသော ကျွန်တော့်ဘဝ၏ တမန်တော် တစ်ပါး ဖြစ်ခဲ့ဖူးသည်။ အတိတ်က အရာများ ကို တမ်းတကြည့်လိုက်လျှင်၊ လွမ်းမောစရာက အတိ။ ယခု အဲ့လို စိတ်များ ပြန်မဖြစ်တော့။ လူက ရင့်ထော်နေလို့ လား မသိ။ ဖြစ်နိုင်ချေများသည်။

ကျွန်တော်ကြည့်သည့်မှန်

ဆရာတော်ဦးဇောတိက,က မိန့်သည်။ သိမှုဆိုတာ မသိမှုတွေကို တိုးပြီး ရှာဖွေ တွေ့ရှိတာပဲ… တဲ့။ ကျွန်တော့် စိတ်သဏ္ဍာန်မှ၊ မသိခြင်းအကြောင်းတရားများကို ကျွန်တော် အမြဲလိုလို မြင်အောင်ကြည့်ဖြစ်သည်။ နေ့စဉ် မှန် ကြည့်သလို ကြည့်ခြင်းဖြစ်သည်။ ရံဖန်ရံခါ ကျွန်တော့် မှန်သည် မုံသည်။ တခါတရံလည်း မပြတ်သား။ တစ်ချိန် တစ်ချိန်တော့ နည်းနည်းကြည်သည်။ သို့သော် ကြည်ရှင်းတောက်ကြီး မဟုတ်။

ယခင်က စာတွေဖတ်ရင်း၊ ကျွန်တော့်စိတ်အားတွေ တက်ကြွသည်။ ယခုတော့ စာတွေဖတ်ရင်း၊ ကျွန်တော် စိတ် ဓာတ်ကျလာသည်။ စာတွေဖတ်နေရသော်လည်း ကျွန်တော် မပျော်။ စာအုပ်တွေက၊ ယခင်ကလို ကျွန်တော့်ကို ရင်ခုန်အောင် လုပ်မပေးနိုင်တော့သည်လား။ သို့တည်းမဟုတ် ကျွန်တော်ကပဲ ရင်ခုန်စရာ နှလုံးသား မရှိသည် လား ဆိုတာ ဝေခွဲရခက်နေသည်။

ပြဿနာ ဟုတ် / မဟုတ်

စာအုပ်များ ရင်ဘတ်နှင့် ရင်း၍ ဖတ်လာသူအဖို့၊ ရင်ခုန်ခြင်း မခုန်ခြင်းသည် ပြဿနာတစ်ရပ်ဖြစ်လာသည်။ ရင် ဘတ်နှင့် ရင်းသူတိုင်းအတွက် ရင်ခုန်ခြင်းသည် အဓိက ပြဿနာဟုလည်း မှတ်ယူမိသည်။ တကယ်တော့ စာကို ရင်ဘတ်နှင့် ရင်းပြီး ဖတ်စရာ မလိုပါ။ လိုချင်မှလည်း လိုပါလိမ့်မည်။ အခြားသော ရှုထောင့်အမြင်များနှင့် ပြောင်းလဲနိုင်သေးသည်။ ဒါကို ကျွန်တော် တော်တော်နှင့်လက်မခံဘဲ တရားသေစွဲ စွဲခဲ့သည်။ ကိုယ့်အစွဲနှင့် ကိုယ့်ဥပါဒါန်က ကိုယ့်ဆင်းရဲဒုက္ခကို ဖန်တီးသော အကြောင်းဖြစ်ခဲ့သည်။

စာပေါ်စွဲသည့် အစွဲများက၊ ရံဖန်ရံခါ မိစ္ဆာဒိဌိများသို့ အသွင်ပြောင်းသွားသည်လား မသိ။ ဘယ်သူမှ ချွတ်၍ မကျွတ်သော ဂေါတမ, မနိုင်သော ပုဂ္ဂိုလ်များ ဖြစ်သွားတတ်သည်။ ဂေါတမ ဗုဒ္ဓချေချွတ်၍ ကျွတ်သွားသော ဆိုး သွမ်းလူဆိုးများ မြောက်များစွာ ရှိသည်။ အင်္ဂုလိမာလသည် ထင်ရှားသော သာဓကဖြစ်သည်။ သို့သော် လူ အများကိုလည်း သတ်ဖြတ်သူ မဟုတ်သော တိတ္ထိဆရာကြီးများကို ဂေါတမ ချေချွတ်လို့ မနိုင်။ ဘုရားပင် လက် လျော့ရသော လူသားမျိုးစိတ်များဖြစ်သည်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို တွေးကြည့်ဖူးသည်။ “ငါ အဲ့သလို များ ဖြစ်နေရော့သလား….”။

ကျွန်တော့်မှာ ကောင်းသည့် အကျင့်ကလေး တစ်ခုရှိသည်။ ၎င်းမှာ၊ ငါ… ဟုတ်ရော ဟုတ်ရဲ့လား…. ဆိုသည့် သံသယနှင့် ကိုယ့်ကို ကိုယ် အမြဲကြည့်လေ့ရှိသော အကျင့်လေးဖြစ်သည်။ ထိုအကျင့်မှ လွဲလျှင် ကျန်သော အမူအကျင့်အားလုံးသည် တစ်ယူသန်၊ တစ်ဇောက်ကန်း ဆန်သည်ချည်းဖြစ်သည်။ ဆယ်ကျော်သက်လူငယ် ဘဝက ဆိုးသွမ်း/ ရမ်းကား/ သုံးဖြုန်း/ ပေတေ နေသည့် လူတစ်ယောက် မဖြစ်ခဲ့သော်လည်း၊ လူကြီးသူမများ ချီးကျူးမြှောက်စားခြင်း ခံရသော လူငယ်ကား မဟုတ်ခဲ့။ လူကြီးများ နှင့် မိဘ ညီအစ်ကိုမောင်နှမများအကြား မျက်စိစပါးမွှေး စူးချင်စရာ လူတစ်ယောက်သာဖြစ်ခဲ့သည်။ ပြန်မပြော… နားမထောင်… လုပ်ချင်ရာလုပ်တတ် သည့် တော်လှန်ရေးသမား ပေါက်စအဖြစ် ပညတ်ခံရသည်။

ကျွန်တော်ကိုယ်တိုင်၊ ဘာကို မကျေနပ်နေသည် မသိ။ တွေ့သမျှကို ကန့်လန့်တိုက်လိုက်ရမှဟူသော စိတ်က လည်း ကြိမ်ကြိမ်ဖြစ်ခဲ့ဖူးသည်။ စာတိုပေစလေး များများ ဖတ်လာမိတော့ မျက်လုံးက သူများတကာထက် ပိုပြူး လာသည်။ ဤအချက်ကပင်၊ စားပွဲဝိုင်းမှာ လေအိုးတစ်ယောက်လို့ သမုတ်ခြင်း ခံရသည်အထိ ဖြစ်ခဲ့ရသည်။

စာမဖတ်ခြင်းကြောင့်၊ ပြဿနာများ ပိုများရသလို စာဖတ်မှု အလိုင်းမင့်မတည့်သေးသည့် ကာလတစ်လျှောက် တွင်လည်း ပြဿနာများက ခါးခါးသီးသီး ကြုံရသည်။ ဤအချက်ကို ဘယ်သူမှ မသိ။ ခံရဖူးသည့်သူမှ သိသည်။

စာဖတ်ကောက်ကြောင်းများကို ကြုံလျှင် ထပ်၍ ရေးအုံးမည်။
စာဖတ်ခြင်းဟူသော အမျိုးသည် တတ်နိုင်သရွေ့ ကိုယ့်ကိုယ်ကို မြင်အောင် ကြည့်နိုင်မှ တော်ကာကျမည်။ ကိုယ့်စာဖတ်နည်းကို ကိုယ် မမြင်သေးသရွေ့ ကိုယ့်စရိုက်နှင့် ကိုက်သော စာဖတ်နည်းကို မတွေ့။ ဤသို့ မတွေ့လေလေ၊ စာဖတ်ခြင်းမှာ ဟိုစပ်စပ် ဒီစပ်စပ် ဘဝက မလွတ်နိုင်လေလေ။ နတ်အိုးကွဲဖြစ်လေလေ။

နောက်ဆုံး ကုန်ကုန်ပြောရလျှင်၊ မတောက်တစ်ခေါက် စာဖတ်အကျင့်ကပင် ပတ်ဝန်းကျင်မှာ လူ့မျက်စိစပါးမွှေး စူးချင်စရာကောင်းသော လူ့မျိုးစိတ်ဖြစ်လာနိုင်သည်။ ကိုယ်ကသာ မသိတာ။ ဘေးလူများက ကိုယ့်ကြောင့် အတော်ခံရပေစွ။ ဆွေးနွေးပွဲများ၊ စကားဝိုင်းများတွင် နတ်အိုးကွဲများ တွေ့လျှင်ကား၊ သတိချပ်ထားပေစွ။

မင်းသေ့
ညနေ ၄း ၅၀
၂၃ / မေလ / ၂၀၁၇

Previous post ရွှေတောင်တက် ဒဿန
Next post မျှော်လင့်မထားသော နေ့စွဲ