တကယ်တော့ ကျွန်တော်က တောင်တက်သမား စစ်စစ် မဟုတ်ပါ။ သို့သော် တောင်တက်သမား အတုလည်း မဟုတ်ပါ။ တောင်တက်ခြင်းကို ဝါသနာထုံသော်လည်း အမြဲတမ်း တစ်စိုက်မတ်မတ် မလိုက်စားနိုင်သော ကြောင့်၊ တောက်တက်သမား စစ်စစ် မဟုတ်ဟု ဆိုခြင်းဖြစ်သည်။ ပရော်ဖက်ရှင်နယ် တောင်တက်သမားများ နှင့်ယှဉ်လိုက်လျှင်မူ၊ ကျွန်တော့် စွမ်းရည်မှာ မည်ကာမတ္တအဆင့်သာ။ မည်သို့ပင်ဆိုစေ၊ တောင်တက်ခြင်းကို ကျွန်တော် နှစ်သက်သည်။ တောင်တက်ခြင်းဖြင့်ရသော၊ အတွေးအမြင်များက ကျွန်တော့်လက်တွေ့ဘဝကို ပိုမို အသုံးတည့်စေသည်။

အမြင့်ဆုံးတောင်ထိပ်များအပေါ် အောင်အောင်မြင်မြင်ရောက်မိတိုင်း၊ ကျွန်တော် အမြဲကြုံရသော အဖြစ်တစ်ခု ရှိသည်။ ၎င်းမှာ၊ ကျွန်တော့်အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အား အစွမ်းမြင့်လို့ ရောက်ခဲ့သည်ချည်း မဟုတ်ပါ။ ခွန်အားက ဗလာ၊ စိတ်ဓာတ်က တစ်ရာ ဟူသော ဇွဲနပဲဖြင့် ရောက်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော့်လက်အတွင်း တော်တော်များများသော ဆုပ်ကိုင်မိမှုများသည်၊ ကျွန်တော့် ပင်ကိုယ်ဗီဇအားကောင်းသည်ထက်၊ အငမ်းမရ ရူးရူးမူးမူး ငမ်းငမ်းတက် စွဲလမ်းနှစ်မြုပ်မှုများကြောင့်သာ ရရှိခြင်းက များသည်။ တကယ်တော့ ကျွန်တော်က ခွေးရူးတစ်ကောင်နှင့်ပင် တူနေသေးသည်။ အမြဲ ဂမူးရှုးထိုး နိုင်မှုများက၊ အားသာချက်များဖြစ်သလို ပြင်မရ သော အားနည်းချက်များအဖြစ်လည်း ယခုအချိန်ရှိ ကျန်ရှိနေသေးသည်။

ခွန်အားက ဗလာ

ကျွန်တော် ခန္ဓာကိုယ်က ပိတ်ညှပ်ညှပ်။ လူကောင်ကြီးကြီး ခန္ဓာကိုယ်မဟုတ်။ ယခုနောက်ပိုင်း စာသင်ရင်း၊ သတိထားမိတာက ကျွန်တော်က လူကောင်သေးသလောက် အသံကျယ်သော သူဖြစ်ကြောင်း ကောင်းကောင်း သိနေသည်။ ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားမှု ပြင်းထန်လွန်းသော အားကစားများနှင့် ကျွန်တော် မကိုက်။ ဖြည်း ဖြည်းမှန်မှန်ဖြင့် သက်လုံ နှင့်ဇွဲကို အလေးပေးသော အားကစားမျိုးတွင် ကျွန်တော် လုပ်နိုင်သည်။ နေ့တိုင်း နေ့ တိုင်း တွေးနေမိတာက ကျွန်တော့်ကို စိတ်ဇောတစ်ခုခုက အမြဲ တွန်းအားပေးနေသလို ခံစားနေရသည်။ ဉာဉ့်နက်နက်နှင့် မျက်တွင်းဟောက်ပက်ဖြင့် အိပ်ရေးပျက် ညတွေကလည်း အကြိမ်ကြိမ်။ ဘဝမှာ၊ ကျွန်တော် တက်ရမည့် တောင်အမြင့်များ ကျန်သေးသည်။ ခရီးကလည်း ရှည်သည်။ တောကလည်း နက်သည်။ ထို့ကြောင့် ကျွန်တော့်အတွက် တည်ရာမှီရာ ကိုယ်ပိုင် ဒဿန ရေခံမြေခံ အခိုင်အမာ လိုအပ်သည်။
တရုတ်ပြည်၏ ဥက္ကဌကြီးမော်က၊ သူ့အနာဂတ်စီမံကိန်းများအတွက် သူ့ခန္ဓာနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် သူ့ဇာတိ ချန်ရှားရွာနဘေးက တောင်များပေါ် အပြေးလေ့ကျင့်ခဲ့ဖူးသည်။ တစ်နေ့လုံး ပေါက်စီတစ်လုံးသာ စား ပြီး စာကြည့်တိုက်ထဲမှာ၊ စာတစ်နေကုန်ဖတ်ခဲ့ဖူးသည်… ဟူ၍။
မော်စီတုန်းက လည်း သူ့အထာနဲ့ သူ။ ကျွန်တော်ကလည်း ကျွန်တော့်အထွာနဲ့ ကျွန်တော်။

လေ့ကျင့်ကွင်း

လူ့ဘဝက တိုတောင်းလှသည်။ လုပ်စရာတွေက များလွန်းလှသည်။ သာမန်လူတို့ထက် ကျွန်တော်က ရည်မှန်း ချက် ထားသည့်နေရာမှာ လောဘကြီးသည်။ အလိုရမ္မက်များပြား လွန်းသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ ညည အိပ်မရအောင် လုပ်သော အတွေးများက ထိုအရင်းအမြစ်ထံမှ ဆင်းသက်လာမည်ထင်သည်။ နောက်ဆုံး တွေးလိုက်မိသေးသည်။ “ငါ့လောဘက ငါ့ကို မောင်းနှင်နေတာပဲ… ခံပေအုံးတော့…” ဆိုပြီး အရေထူအောင် နှလုံးသွင်းမိသည်။

တောင်တက်ခရီးမှာ၊ ကျောပိုးအိတ်ကို တတ်နိုင်သမျှ ဝန်များများ ထည့်သွားလေ့ရှိတာ ကျွန်တော့်အကျင့်။ ဝန်များများပါမှ၊ လူက ကြံ့ခိုင်မည် သန်မာမည်၊ ထုသားပေသားကျမည် ဟု ကျွန်တော်ယူဆထားသည်။ ထုသား ပေသားကျသော ပုခုံးတွေကသာ၊ ဝန်များများကို ထမ်းတင်နိုင်စွမ်းရှိသည်ဟုလည်း ယုံကြည်ထားသည်။ ကျော ဗလာဖြင့် တောင်တက်ခြင်းသည် တောင်တက်သမား မ,မည်။

တကယ့်လူလောကက၊ ကြမ်းတမ်းသည်။ ခက်ထန်သည်။ နိုင်ရာစားစတမ်းဓလေ့တို့ စွဲမြဲနေသည်။ တပ်ထဲတွင် လေ့ကျင့်ရေးနည်းနာများ၌ အမြဲတမ်းသုံးလေ့ရှိသော စကားရှိသည်။ ချွေးထွက်များမှ သွေးထွက်နည်းမယ် ဆို တာ။ ကျွန်တော်တို့က ကိုယ်ကိုယ်ကို ကိုယ် သက်သောင့်သက်သာ အနေအထားမှာ ထားသည်။ အပင်ပန်း မခံ လို။ အကြမ်းပတမ်းနှင့် မတွေ့လို။ အခက်အခဲ၊ စိန်ခေါ်မှုများကို ကြောက်သည်။ ရှောင်သည်။ စွန့်စားမှုများကို လက်မခံ။ ဒီလိုနှင့် ကျွန်တော်တို့ အတွက် သက်သာသော အခြေအနေများကို ရှာကျန်နေထိုင်ရင်း၊ ဘဝက ရေစုန်မျောမှန်းမသိ မျောသွားသည်။ နောက်ဆုံး ဗုဒ္ဓဇာတ်တော်လာထဲက ပုံပြင်တစ်ခုအတိုင်း ကျန်နေခဲ့သည်။ မြစ်အတွင်းမှာ မျောပါနေသည့် ဆင်သေကို အမှီပြုပြီး လိုက်သွားရာက နောက်ဆုံး သမုဒ္ဒရာထဲမှာ ဇာတ်သိမ်း ခန်းမလှသည့် ကျီးမိုက်ကဲ့သို့ အဖြစ်မျိုး။

ကျွန်တော်တို့အတွက် ဆင်ခြင်စရာ အဖြစ်များကား၊ များလွန်းလှသည်။
ဆင်ခြင်ရကောင်းမှန်း သိဖို့ပင်။

တောင်တက်ခြင်းမှာရသည့် အကျိုးတွေက၊ တွေးနိုင်သလောက် ချဲ့ကားနိုင်သည်။ ပထမဆုံး လေ့ကျင့်ရေးက စိတ်ဓာတ်နှင့် ခန္ဓာကိုယ် ဖြစ်သည်။

• ပူးပေါင်းဆောင်ရွက်တတ်သည့်စိတ်၊
• အရှည် နှင့် အရှေ့ကို အမြဲကြိုကြည့်တတ်သည့် စိတ်၊
• အမြဲ သတိတရား နှင့် လျှောက်နေရသည့် ခြေလှမ်းများ၊
• ပုခုံးသားကို အရေထူဖို့ ကြိတ်မှိတ် မာန်တင်းရသည့် စိတ်ဇော၊
• ပတ်ဝန်းကျင်က ဘာဖြစ်နိုင်သလဲဆိုတာ အမြဲ စူးစမ်းနေရသည့် စိတ်၊
• အများတကာနှင့် သင့်တင့်စေရန် ခန္တီတရားကို လေ့ကျင့်ဖြစ်သည့် ကွင်း၊
• တောင်တက်ခရီးမစခင်၊ ကြိုတင်ပြင်ဆင် ထုတ်ပိုးတတ်သည့် အလေ့၊
• တီးတိုးတိုင်ပင် ဆွေးနွေးပြီး အများသဘောတူ လျှောက်ရသည့် ခရီး၊
• သေချင်လောက်အောင် အားလျော့ချင်စိတ်ကို တိုက်ထုတ်ရသည့် ခွန်အား၊
• သတ်မှတ်ပြဌာန်းထားပြီးသော နေရာဌာနကို အရောက်သွားရမည် ဆိုသည့် သန္နိဌာန်၊
စသည်ဖြင့် များပြားလွန်းလှသည်။ အဆိုပါ စိတ်ဇောစွမ်းအား အားလုံး၏ လေ့ကျင့်ကွင်းအဖြစ် တောင်တက်ခရီး များကို ကျွန်တော် အသုံးချခဲ့သည်။

အနင်းခံ

ကျွန်တော် တောင်တက်ခရီးသက်တမ်းတစ်လျှောက်တွင်၊ မှတ်မှတ်ရရ အဖြစ်တစ်ခု ကြုံခဲ့ဖူးသေးသည်။
ဖိနပ် ဖိနပ်
တောင်တက်ခရီးမှာ စီးသည့် ဖိနပ်။

ကျွန်တော်တို့အကျင့်က ရိက္ခာနှင့် အခြား ဝန်စည်စလွယ်များကို အထူးဂရုစိုက်ပြီး၊ ကိုယ်အမြဲ မှီတည်ထားသည့် အောက်အဆုံးက ဖိနပ်ကို တန်ဖိုးထား မကြည့်တတ်။ ကျွန်တော် ကြုံခဲ့သည်က ထိုနည်းလည်းကောင်း။

ဖြစ်ချင်တော့၊ ကျွန်တော် စီးနေကျ တောစီးဖိနပ်ကို ကျွန်တော် အိမ်မှာ ပစ်ခဲ့လိုက်ပြီး၊ ဈေးခပ်ကြီးကြီး အဆင်ခပ်လှလှ၊ ခပ်ဆန်းဆန်း ဘွတ်ဖိနပ်ကို စီးလာမိလိုက်သည်။ အစပိုင်းတုန်းက၊ ကျွန်တော် တောင်တက် ခရီး တစ်လျှောက်လုံးတွင် မခံစားဖူးသော ခံစားမှုဖြင့် ခပ်ကြွားကြွား တက်ခဲ့သည်။ နောက်တော့ ကိုယ်စီးလာ သည့် ဖိနပ်က ဗီဇ ပြလာသည်။ ကြာရှည်အစီးခံဖို့ သူလိုက်တာ မဟုတ်ကြောင်း ကျွန်တော့်ကို အမူအရာပြ သည်။ ကျွန်တော်ကလည်း ဂရုမစိုက် လျစ်လျှူရှုထားသည်။ ပေ၍ စီးသည်။ ကြာလာတော့ ဖိနပ် နှင့် ကိုယ်နှင့် အားပြိုင်မှု ပြင်းထန်လာသည်။ ဖိနပ်ကလည်း အလျော့မပေး။ ကျွန်တော့်မှာလည်း အရံ ဖိနပ်က မပါ။ နောက် ဆုံး ဒုက္ခရောက်တာက ကိုယ်။ ကျွန်တော့် ဘယ်ဘက် ခြေမ၏ ခြေသည်းခွံ ပုပ်သွားသည် အထိ။

ခြေတုံးလုံးလျှောက်လို့ မဖြစ်သည့် ခရီးကို ဤဘွတ်ဖိနပ်နှင့်မှ သွားချင်သည့် အကြောင်းကြောင့်၊ ကျွန်တော့် ဒုက္ခမှာ ခရီးတစ်လျှောက်လုံး အမြဲ တစ်ဆစ်ဆစ် နာကျင်နေသည်။ ခြေချောင်းထိပ်ကလေးများနှင့် ခြေဖဝါး တစ်ခုလုံး နာကျင်သည့် ဝေဒနာက ဘာနဲ့မှ စာဖွဲ့လို့ မရနိုင်။ အသဲကွဲဖူးသူလို့ ခံရဖူးမှ သိနိုင်သည့် သဘော။

ထားတော့။ ကျွန်တော်ကြုံခဲ့ရသည့် တောင်တက် ဒုက္ခများကပင် ကျွန်တော့် ဆင်ခြင်တုံတရားကို မြင့်မားစေ မည့် အကြောင်းများ ဖြစ်လာရန် ကျွန်တော်အားထုတ်ခဲ့သည်။ အမြဲ သုံးပြုနေသည့် တွဲဖက်များကို ကျွန်တော် တို့ သာမန် သဘောဖြင့် မရွေးချယ်အပ်။ သတိထားရမည်။ သတိထားသင့်သည်။ တကယ်တော့ ၎င်းဘွတ်ဖိနပ် က ကျုံးဘေးမှာ သူ့ကို စီးပြီး အပြေးလမ်းလျှောက်ကတည်းက ဗီဇတစ်ချို့ပြထားပြီး ဖြစ်သည်။ ကျွန်တော် ကိုယ်က ညံ့လွန်းလှ၍ ခရီးရှည် တောင်တက်ခရီးမှာ သူ့ကို ရွေးချယ်မိသည် ဖြစ်ခြင်း။

တောင်မွှေးထောက် ဒဿန

ဆရာကြီး နန္ဒာသိန်းဇံ ၏ စာအုပ်ထဲတွင် အမြဲအမှတ်ရနေသော စာတချို့ရှိသည်။ ပင်လယ်ကမ်းစပ်က သဲပြင် မှာ လူတစ်ယောက် ဖြတ်လျှောက်သည်။ သဲပြင်က ရေစိုပြီး အိနေ၍ ခြေထောက်က ကျွံ့နှစ်သွားသည်။ ခြေဖဝါး က စီးထားသည့် ဖိနပ်ပါ နှစ်သွားသည်။ ထို့နောက် ဖိနပ်ကို ချွတ်လိုက်သည်။ သဲပြင်ကို ဖြတ်လျှောက်သည်။ ခြေရာများ ကျန်ခဲ့သည်။ ကိုယ်အားကိုးသည့် ဖိနပ်ကမူ ကိုယ့်မှာ တွဲလျက် လိုက်ပါနေဆဲ။ ကိုယ်က ဖိနပ်ကို စီး တာလား၊ ဖိနပ်က ကိုယ့်ကို စီးနေတာလား၊ ဝေခွဲလို့ မရ။ နောက်ပြန်ကြည့်သည်။ ခြေရာများ ထင်ကျန်မနေ တော့။ လိမ့်လာသည့် ရေလှိုင်းများက ခြေရာများကို ဖျောက်ပစ်လိုက်ပြီ။ မည်သို့ပင် ဆိုစေ လျှောက်သလောက် တော့ ရောက်ခဲ့ပြီ ပဲ မဟုတ်လား။

ကျွန်တော်တို့ က လမ်းမှာ၊ တောင်မွှေးလုပ်၍ ကောင်းမည့် ဝါးကောင်းကောင်းကို ရှာလေ့ရှိသည်။ နဂိုမူလရည် ရွယ်ချက်က၊ တောင်မွှေးကို ကိုယ်က အမှီပြုပြီး လှမ်းဖို့။ တကယ်တော့ တောင်မွှေးက ကိုယ့်ကို မှီပြီး တွဲခိုလိုက် လာတာ ကိုယ်ကိုယ်တိုင် သတိမထားမိ။ တောင်မွှေးကိုင်ထားသူအဖို့၊ တောင်မွှေးကို အမြဲ အားပြု၍ မလှမ်း သော်လည်း၊ တောင်မွှေးကိုယ်တိုင်က ကိုယ့်ကို အမြဲတွဲလျက် ခိုနေသည်။ တောင်မွှေး ကိုင်ထားသည့် လက် ကြောင့် စိတ်ကလည်း တောင်တက်ခရီးမှာ သက်သာရာရာနေသည်။ တကယ်တော့ စဉ်းစားကြည့်လေ။ ကျွန်တော်တို့ အမြဲ အားကိုးထိုက်သလား။ မည်သို့ပင် ဆိုစေကာမူ၊ တောင်မွှေးထောက်သူတို့ မြင်တိုင်း ဒီအတွေးက ခေါင်းထဲ ရောက်ရောက်လာသည်။ ဘာရယ်ကြောင့်မှန်းမသိ။

သည့်နောက်ပိုင်း၊ ကျွန်တော် အမြဲ လက်ဗလာနှင့် တောင်တက်ခရီးကို သွားလေ့ရှိသည်။ တောင်မွှေးကို ကျွန်တော်မကူ။ ကျွန်တော့်မှာ ကြံ့ခိုင်သည့် ခြေထောက်များ ကျန်နေသေးသည်။

စိတ်နဲ့ ခန္ဓာကို အစမ်းသပ်ခံဖို့ တောင်တက်ခရီးစဉ်များကို ကျွန်တော် စလေ့ရှိသည်။
နောက်ဆုံး တစ်ကိုယ်တည်း တက်သော တောင်တက်ခရီးများကို ကျွန်တော် ဖန်တီးသည်။
တစ်ကိုယ်တည်းလျှောက်သော ခရီးတစ်လျှောက်၌ သာမန်နှင့်မတူသော အတွေးစများ ကျွန်တော့်ခေါင်းထဲ ဝင်ရောက်လာသည်။

အဖော်မပါရင်၊ မှီတွယ်စရာ မပါသည့်အတွက် ခရီးက အမြန်ရောက်သည်။
သို့သော် ခရီးတစ်လျှောက် ခြောက်ကပ်ကပ် နိုင်လှသည်။
အဖော်များ များလွန်းလျှင်လည်း၊ သတ်မှတ်အချိန်မှာ မရောက်နိုင်။
ခရီးမတွင်သည့် အဖြစ်များလည်း ကြုံရသည်။
သို့သော် မတူညီသော ဖေးမကြင်နာမှုများကိုကား၊ ခံစားထိတွေ့ရသည်။

ကျွန်တော် တွေးမိသည်။
တောင်ထိပ်ရောက်ဖို့ အဓိကလား။ တောင်ထိပ်ရောက်အောင် လျှောက်နေဖို့က အဓိကလား။
တောင်ထိပ်က ရှုခင်းသာလျှင် လှသည်လား။
သို့တည်းမဟုတ် လျှောက်လမ်းနဘေးက ပန်းရိုင်းတွေက မလှဘူးလား။

သစ်တော၏ အလှ နှင့် သစ်ပင်၏ အလှ ဘာခြားသနည်း။
အဟန်ပြင်းပြင်း အာကာခွင်က လေပြင်က အမောပြေစေသလို၊ သစ်ပင်သစ်ခက် သစ်ရွက်အကြားက ဖြတ်တိုက်လာသော မြေသင်းနံ့ အဆစ်ထည့်ထားသည့် လေပြေကရော အမောကို မပြေစေဘူးလား။
ခုန်လွန်းသည့် နှလုံးကို တည်ငြိမ်စွာ အသက်ရှုမှန်စေသည် မဟုတ်လား။

မင်းသေ့
ည ၁၀ း ၂၀
( ၂၁ / မေလ / ၂၀၁၇)

Previous post တက္ကသိုလ်နေ့စွဲများ
Next post စာဖတ်ကောက်ကြောင်းများ