တကယ်တော့ ကျွန်တော်က တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝမရခဲ့သူ။ မရခဲ့ဘူးဆိုတာ၊ မယူခဲ့လို့ ဖြစ်ပါသည်။ ယူသော်ရ၏။ သို့သော်…. ကျွန်တော် အကြောင်းကြောင်းကြောင့် မယူဖြစ်ခဲ့ဘူး။ နည်းပညာ တက္ကသိုလ်မှာ၊ ၅ နှစ်တိတိ ကျောင်းတက်ခဲ့သည်။ ကျောင်းပြီးပြီးချင်း၊ စာကြည့်တိုက်မှူးအလုပ်လုပ်ရင်း မန္တလေး တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဘွဲ့လွန် ဒီပလိုမာသင်တန်းတက်သည်။ အိုင်အာ သင်တန်း အပတ်စဉ် (၁) ကျောင်းသား ဖြစ်ခဲ့သည်။ ကျောင်းတက်မှုကာလ တစ်လျှောက်လုံးက ကျွန်တော်အတွက် အမြဲ ပြာယာ ပြာယာ။


အကြောင်းက ဒီလို။ ဒီပလိုမာတန်းက မနက် ၇ နာရီကနေ ၉ နာရီထိ တစ်ရက် နှစ်နာရီ သင်သည်။ သင်တန်းစ တာက ဒီဇင်ဘာ။ တကယ့် ချမ်းချမ်းစီးစီး။ ကျွန်တော်လာတာက ပုသိမ်ကြီးက။ ကန်လည်လမ်းက မြူနှင်းတွေ ကို သုံးမိုင်နီးပါးလောက်ဖောက်ထွက်ပြီး အပြေးနှင်ရသည်။ ၉ နာရီ ဒေါင်ခနဲ ထိုးသင်တန်းပြီးတာနှင့် မနက်စာ မစားနိုင်။ စာကြည့်တိုက်ကို တမ်းပြေးရသည်။ အလုပ်ဆိုတော့ နောက်ကျလို့ မဖြစ်။ သို့သော် ကျွန်တော် အမြဲ နောက်ကျခဲ့ပါသည်။ ၁၅ မိနစ်ပေါ့။
ဘာပဲပြောပြော၊ မန္တလေးတက္ကသိုလ်နဲ့ ကျွန်တော် ထိတွေ့မိသည်နှင့်၊ ကျွန်တော့်မှာ ပြောမပြတတ်သော ခံစားမှု တစ်ခုရသည်။ ဘယ်ရယ်မသိ။ တစ်ခုခုကိုတော့ ကျွန်တော် အမြဲခံစားဖြစ်နေသည်။ ကျွန်တော့်မျက်ခွံလွှာကို မှိတ်လိုက်သည်။ ကျွန်တော်က ဝတ္ထုများများ ဖတ်လေ့မရှိ။ သို့သော် တီဗွီတွေ၊ ရုပ်ရှင်တွေထဲက တက္ကသိုလ် ကျောင်းသားဘဝကို တွေးကြည့်မိခဲ့ဖူးသည်။

အတိတ်လွမ်းဝေဒနာ

နည်းပညာတက္ကသိုလ်တက်တော့၊ ရေနံအင်ဂျင်နီယာဘာသာရပ်ကို ကျွန်တော်ရသည်။ ဖြစ်ချင်တော့၊ ထိုမေဂျာ က မုဆိုးဖိုမေဂျာလို့ အပြောခံရသည့် မေဂျာဖြစ်သည်။ မိန်းကလေးတစ်ယောက်မှ မခေါ်၍ ဖြစ်သည်။ ဟိုးယခင် ကလည်း မိန်းကလေးများကို သင်တန်းသားအဖြစ် မခေါ်ပါ။ ကျောင်း၌ ကျွန်တော်တို့ ရေနံကျောင်းသားအုပ်စု ကို မျက်စိစားပါးမွှေးစူးလို့ ငနဲသားများက မုဆိုးဖိုမေဂျာလို့ သမုတ်ဟန်တူသည်။ သူတို့ ဘာကို ဂျေဝင်နေသည် မသိ။ ၎င်းတို့ ဂျေကပ်ရခြင်း အကြောင်း ရှိလိမ့်မည်။ ဆန်းစစ်ကြအုံးစို့။

တကယ်တော့ ရေနံကျောင်းသားတော်တော်များများပင်၊ တက္ကသိုလ်က အလှပဂေးတွေနှင့် ချစ်သူရည်းစားဖြစ် သွားလေ့ရှိသည်။ ထိုအချက်ကြောင့်ပင်၊ သူတို့ မေဂျာမှ အလှပဂေးများကို အခြားမေဂျာမှ အောင်နိုင်လိုက် သည့်အတွက်၊ မနာလိုဝန်တိုစိတ်ပြင်းဟန်တူသည်။ ထို့ကြောင့်ဖြစ်လိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ၊ ကျွန်တော့်အား အဆိုပါ ငနဲသားများ ဂျေမဝင်တာတော့ သေချာသည်။ အကြောင်းမှာ၊ အလှပဂေးများကို ကျွန်တော်ကလွဲလို့ အခြားယောက်ျားသားများက၊ လက်ရဲဇက်ရဲ ကြည့်ရဲသောကြောင့်ဖြစ် သည်။ ကျွန်ုပ်မှာကား၊ တက္ကသိုလ်ကျောင်းသားဘဝ မဟာဆုံးရှုံးမှုကြီးတည်းးးဟု ယခုမှ နောက်တရမိသည်။
တကယ်တော့ ရေနံအင်ဂျင်နီယာသင်တန်းမှာ၊ မုဆိုးဖိုမေဂျာ မဟုတ်ပါ။ တကယ် မဟုတ်ပါ။ မုဆိုးဖိုဆိုသည်မှာ၊ မိန်းမရှိပြီး အဲ့မိန်းမသေသွားပြီးမှ ဖြစ်သော သဘောကို ဆိုလိုပါသည်။ ကျွန်တော်တို့ မေဂျာတွင် အမျိုးသမီး သင်တန်းသူ တစ်ခါမှ မရှိခဲ့ဖူးပါ။ ထို့ကြောင့် ကျွန်တော်က လူပျိုကြီးများမေဂျာဟုသာ ပညတ်လိုပါသည်။

ထားတော့။ မိန်းကလေးများနှင့်ပက်သက်ပြီး တက္ကသိုလ်ကျောင်းသားဘဝမှာ အမှတ်တရတွေက အဖုံဖုံ။ တကယ်တော့ မိန်းကလေးသင်တန်းသူများ မခေါ်ခြင်းသည်ပင်လျှင်၊ ပြောစရာရနေသည့် သဘော။ ထပ်ပြော အုံးမည်။ ဖြစ်ချင်တော့ ကျွန်တော် ကျောင်းပြီးသည့် နှစ် ၂၀၁၂ အကုန်ကျမှ ရေနံဘာသာရပ်၌ အမျိုးသမီးသင် တန်းသူများကို စ၍ ခေါ်ယူသည်။ ကျွန်တော်လည်း တက္ကသိုလ်ပြင်ပရောက်သွားသည်။ စိတ်ထဲထင်လိုက်ပါ သည်။ ေဩာ်… ငါရှိလို့များလားပေါ့… ငါလည်း မရှိရော… ခေါ်လိုက်သည့် အမျိုးသမီးများ…. အင်း ဒုက္ခ ဒုက္ခ။

မှတ်မိသေးသည်။ ကျွန်တော် ကျောင်းပြီးခါနီး ၁ နှစ်ခွဲ အလိုလောက်မှာ၊ ကျွန်တော်တို့ ရေနံမေဂျာမှာ ဘူမိဗေဒသင်ကြားမည့် အမျိုးသမီးဆရာမ တစ်ချို့ရောက်လာကြသည်။ ကံကောင်းပေစွ။ သို့သော် ကံဆိုးပေစွ။ ဆရာမများမှာ၊ အညာသူများချည်းဖြစ်ပေသည်။ ကျွန်တော်ဟာဒယက၊ တောင်ပေါ်သူများကို ခံတွင်းတွေ့လေ့ ရှိသည်။ အဲ့ဒီအချိန်၌ ကျွန်တော်လည်း ကျောင်းသားငယ် မဟုတ်တော့၍ ပထမနှစ်များလောက် မရိုးမယွ မဖြစ်တော့။ အတန်ငယ် တည်ငြိမ်ကာလကို ရောက်နေပြီ ဖြစ်သည်။ ဆရာမများအားလုံးမှာ၊ အပျိုကြီးများ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ၊ ကျွန်တော့်ဆရာမများကို ကျွန်တော် ချစ်ပါသည်။

ကျွန်တော် သတိထားမိတာရှိသေးသည်။ ကျွန်တော့်မေဂျာဆရာများမှာ၊ အားလုံးလိုလို အိမ်ထောင်ရှင်များဖြစ် ကြပါသည်။ သို့သော် လူပျိုလေးဆရာတစ်ယောက် ရှိသည်။ သူကလည်း ခပ်အေးအေးဆိုတော့၊ အဆိပ် အတောက် သိပ်မရှိ။ အခြားဆရာများက၊ တို့မေဂျာမှာ ဆရာမတွေ ရတော့မယ်ဟု ဆိုကာ ပျော်နေကြသော် လည်း၊ အဆိုပါ ဆရာမများရောက်သောအခါ ၎င်းတို့ သိပ်မတက်ကြွကြ။ ဘာလို့ပါလိမ့်လို့ ကျွန်တော်စဉ်းစား ကြည့်သည်။ ထိုစဉ်အခါက အဖြေမထွက်။ နောက်လည်း အဖြေမထွက်။ အခုတော့ နည်းနည်း ရေးရေးလေး အဖြေတွေ့သလိုလို။ ထားတော့။ ကျွန်တော်တို့ နောက်ထပ်ကူးကြအုံးစို့ရဲ့။

မကျက်သေးသော အနာများ

ကျွန်တော်တို့ ရေနံမေဂျာကျောင်းသားများ အထူးအူမြူးသည့် အချိန်ရှိသည်။ အတန်းအားချိန်၊ အတန်းရှေ့ ကော်ရစ်ဒါမှာ ထိုင်ရင်း၊ တော်ကီပွားသည့် အချိန်ဖြစ်သည်။ ကံဆိုးချင်တော့၊ ကျွန်တော်တို့ အတန်းကြီး လာချိန် ၌ ကျွန်တော်တို့ကို ကျောင်းနောက်ဘေးအဆောင်ကို ပို့ပစ်လိုက်သည်။ ထပ်၍ ကံဆိုးသည်က၊ ကျွန်တော်တို့ ပြောင်းမလာမီ၊ အဆိုပါ အဆောင်နောက်မှာ ကန်တင်းတွေ တစ်ပြုံတစ်ခေါင်းကြီးရှိသည်။ ကျွန်တော်တို့ ပြောင်း သည့် နှစ်ကျမှ၊ ကန်တင်းများကို အနောက်ကနေ အရှေ့ဘက်သို့ ရွှေ့ပစ်လိုက်ကြသည်။ ကံဆိုးပေစွ။

ကျွန်တော်တို့ ငနဲသားလေးများခမြာ အဝေးက လေလွင့်လာသော စံပယ်ပွင့် ခပ်နွမ်းနွမ်းလေးများကိုသာ အတန်းကော်ရစ်ဒါရှေ့က မခွာပဲ အာသာငမ်းငမ်း တောင့်တနေရသည့်အဖြစ်။ သို့သော် ကံကောင်းခြင်းများ နှစ်ခုထပ်ကြုံသည်။ ကျွန်တော်တို့ အဆောင်နောက်၍ ဆရာ/ ဆရာမများအဆောင်တွေရှိသည်။ အဆိုပါ အချက်ကပင်၊ ဖင်လှည့်ခေါင်းလှည့်နှင့် ကျောင်းပြီးသည် မသိ ကျောင်းပြီးခြင်း အကြောင်းဖြစ်လာဟန်ရှိသည်။


ဖြစ်စဉ်က ဒီလို။ အတန်းတစ်ခုအကြား တစ်ခု နားချိန်၊ ထမင်းစားချိန်များ၌ ဆရာမများက ၎င်းတို့ဌာနကနေ သူတို့အဆောင်ကို သွားကြသည်။ ဒီတော့ အတန်းကော်ရစ်ဒါရှေ့ ဖြတ်ရသည်ပေါ့။ သို့သော် ထူးဆန်းသည် က အဆိုပါ ဆရာမလေးများသည် အတန်းကော်ရစ်ဒါရှေ့မှာ ရေနံမုဆိုးဖိုများ ဝိုင်းဖွဲ့နေလျှင်၊ ၎င်းတို့ ကော်ရစ်ဒါကို ကွင်းပြီး၊ အဆောင်ရှေ့ မြေသားလမ်းပေါ်ကနေ ဖြတ်သွားကြသည်။ ဘာရယ်ကြောင့်မှန်း ကျွန်တော်နားမလည်။ ကျွန်တော်က ငယ်သေးသည်ကိုး။ အဲ… အခုလည်း ငယ်တုန်းရွယ်တုန်းရှိပါသေးသည်။

ရေနံမေဂျာကျောင်းသား၊ ကျွန်ုပ်တို့မှာ အင်မတန် ယဉ်ကျေးသိမ်မွေ့ကြပါသည်။ ဆရာဆိုလျှင်၊ ဆရာ။ ဆရာမ ဆိုလျှင်လည်း ဆရာမ။ ရိုသေလေးစားကြပါသည်။ ချွင်းချက်တစ်ခုမှာ၊ ဆရာမများအဆောင်ကို ကော်ရစ်ဒါရှေ့ ဖြတ်လျှောက်သည့် ဆရာမ ငယ်ငယ်ချောချောလေးများကိုကား၊ နုတ်မှ တစ်လုံးတစ်ဘာဒမျှ မစနောက်ကြ။ သို့ပေသိ၊ မျက်လုံးများကတော့ စကားပြောကြသည်။ ေဩာ်.. ဒါလည်း လူ့အခွင့်အရေးပေတည်း။
နောက်ဆုံး အကြောင်းတစ်ချက်မှာ၊ အူမြူးရင်ခုန်ဖွယ် အတိ။ ကျွန်တော်တို့ မိုင်နာဘာသာရပ်တူသော ဘာသာ ရပ်နှစ်ခု၌ ဓာတုအင်ဂျင်နီယာအတန်းကို အတန်းပေါင်းတက်ရသည်။ လူနည်းသည်လားပါမည်။ ထို့ကြောင့်ပင် ကျွန်တော်တို့ ထိုအတန်းချိန်က နေ့လည် ထမင်းစားပြီးချိန်ဖြစ်သော်လည်းပဲ၊ မေဂျာနှစ်ခုလုံးမှ အမျိုးသမီးများ ရော၊ ရေနံမေဂျာမှ မုဆိုးအိုကြီးများရော အိပ်မငိုက်ကြ။ ဘယ်ရယ်ကြောင့်မှန်းမသိ။

စိတ်ပညာစာအုပ်များ သည့်နောက်ပိုင်းဖတ်ဖြစ်လာတော့မှ ကျွန်တော် ရေးရေးလေး ရိပ်မိသည်။ ကျွန်တော် အ,ပေစွ။ ဓာတုဆိုသော ဓာတ်တို့၏ သဘောအရ၊ ပရိုတွန် (+) နှင့် အီလက်ထရွန် (-) ဓာတ်တို့၏ ဓာတ်တိုး ဆန့်ကျင်မှုပေတည်း။

အဆိုပါ ဓာတ်ပြုမှုကို ဓာတ်ကူပေးသော မေဂျာတစ်ခုကို တတိယ နှစ်တွင်လည်း မသိ။ ကြုံခဲ့ဖူးသေးသည်။ အဆိုပါ ဓာတ်ကူပစ္စည်းမှာ၊ ဗိသုကာမေဂျာ (အာခီ) ဖြစ်သည်။ ဗိသုကာမေဂျာ၌ မိန်းမချောများ ပေါလှ၏။ ဗိသုကာတို့မှာ စီဗယ်မေဂျာမှ မိန်းမပျိုများနှင့်မတူ။ တစ်မျိုးစီ အဆင်ပြေ၊ ခံတွင်းလိုက်လှသည်။ ထူးခြားသည်က ဗိသုကာမေဂျာမှ မိန်းမပျိုများက စီဗယ်မိန်းမပျိုများထက် ပို ပျော့ပျောင်းဟန်ရှိသည်။ သူတို့ကို ကြည့်လိုက်သည် နှင့် ခေတ်သစ်ဗိသုကာ အဆင်ဒီဇိုင်များနှင့် အမြင်မရိုင်း ယဉ်ယဉ်လေး လှနေသည်။ ေဩာ်… ကံကောင်းပေစွ ရေနံ မုဆိုးအိုများ…။


လွန်ခဲ့သော ၈ နှစ်လောက်က၊ အကြောင်းအချင်းအရာကို ယခုထက်ထိ မှတ်မိနေသေးသည့် ကျွန်တော်လည်း သာမန် မဟုတ်။ တကယ်တော့ ကျွန်တော်က မှတ်ဉာဏ်သိပ်မကောင်း။ ဒါပေသိ၊ ဤကိစ္စများကိုတော့ ဘာလို့ မှတ်မိနေပါလိမ့်။ အင်း… လူဆိုတာလည်း မြင်ချင်ရာ ရွေးကြည့်တတ်သော သဘောပါ့လားဆိုပြီး အတ္တ၏ ဓမ္မ သဘောများကို အောက်မေ့မိပါ၏။ ဆိုလိုရင်းမှာ၊ ကျွန်ုပ်တို့ ငနဲသားလေးများ ဗိသုကာမေဂျာနှင့် အတန်းပေါင်း ပြီး အင်္ဂလိပ်စာ သင်ရသည့် အတန်းကို ယခုထိ အမှတ်ရဆဲ…. လွမ်းနေဆဲ…. တမ်းတနေဆဲ….။

အောင်မြင်လော… နစ်နာမှုများလော…

ဒီလိုနှင့်၊ စာရူးပေရူးဘဝမှ ပစ္စုပ္ပန် တည့်တည့် မကြည့်နိုင်ဘဲ၊ အဆိုပါ ကံကောင်းမှုများနှင့် ကျွန်တော် လွဲချော်ခဲ့ ရသည်။ ထို့ကြောင့်ပင်၊ တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝမရခဲ့ဟု အခုမှ ယူကြုံးမရ ပြောနေခြင်း ဖြစ် ပါလိမ့်မည်။ ကျွန်တော် ထိုသို့သော အရသာများကို တောင့်တခွင့်ရအောင် မန္တလေးတက္ကသိုလ်မှာ အိုင်အာ ဒီပလိုမာတန်းတက်ခဲ့တုန်းကလည်း အမြဲ လောလောလောလော။ ဖြစ်ချင်တော့ အိုင်အာတန်းမှာ နည်းပညာ တုန်းကလို ဗိသုကာမလေးများ မရှိ။ သို့သော်လည်း ပဒေသာစုံသော ဥယျာဉ်ထဲရောက်သွားသလို ပန်းရနံ့များ ကိုကား၊ ရှုရှိုက်မိခဲ့ပါ၏။

စာဖတ်သူကို အခြား မတွေးစေချင်ပါ။ တကယ်တော့ နိုင်ငံတကာဆက်ဆံရေးပညာရပ်ကို ကျွန်တော် လိုလို လားလားရှိလွန်း၍၊ မရမက တက်ခဲ့ခြင်းဖြစ်ပါသည်။ အထက်ပါ အကြောင်းတရားများမှာ ဒုတိယနေရာ၌သာ ရှိနေပါကြောင်း….။

အဲ… ယခုတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား မဟုတ်တော့။ မည်သို့ပင်ဆိုစေကာမူ၊ လောကကြီးကို အမြဲ အကောင်းမြင်စိတ်ဖြင့် နှလုံးသွင်းနိုင်ဖို့ ကျွန်တော် အမြဲကြိုးစားခဲ့ပါသည်။

ဆရာတော် ဦးဇောတိကက မိန့်ဖူးသည်။
“သင်ဟာ… ဘဝဆိုတဲ့ ကျောင်းကြီးမှာ အချိန်ပြည့် ကျောင်းသားအဖြစ် စာရင်းသွင်းထားပြီးပြီ…” ဟူ၍။

ထို့ကြောင့်ပင်၊ ကျွန်တော်ကလည်း ယခု ဘဝကျောင်းတော်ကြီး၌ ကျောင်းပျော်ကြီးအဖြစ် ပညာသင်ကြားရင်း၊ ဗိသုကာမလေးများနှင့် စီဗယ်မလေးများကို နှိုင်းယှဉ်သုံးသပ်သော ဘာသာရပ်ကို အပိုဘာသာရပ်အဖြစ် သင်ကြားရင်း၊ တစ်ဖက်မှာလည်း ဂျူနီယာညီငယ်များအား လက်ချာပေးရင်း ဖြတ်သန်းလျက်ရှိပါသည်။

ထိုကဲ့သို့ပင် ဘဝတက္ကသိုလ်ကြီး၌ နည်းပညာတက္ကသိုလ်လို့ နယ်ပယ် ကန့်သတ်မထား။ သိပ္ပံ၊ ဝိဇ္ဇာ ဘာသာရပ် အစုံစုံမှ မေဂျာပေါင်းစုံမှ ပဒေသာစုံမှုများကို နှိုင်းယှဉ်ခွင့်ရသော ကျောင်းကြီးကို တက်ရောက်နေကြောင်း၊ ဝမ်းမြောက်ဖွယ် ရေးသားလိုက်ရပါသည်။

ဘဝတက္ကသိုလ်မှာ၊ ပဒေသာစုံမှုများကို နှိုင်းယှဉ်လေ့လာချင်သော ဂျူနီယာညီငယ်/ ညီမငယ်များ ကျွန်ုပ်ထံ စာရင်းသွင်းကြပါကုန်။ ထိုမျှမက၊ အဆိုပါ ဘာသာရပ်များကို အပိုဘာသာရပ်အဖြစ် လေ့လာသင်ယူဆည်းပူးကြ ပါကုန်လော့….

မင်းသေ့
စာပြီးချိန် ၁၀း ၂၄ အေအမ်
(၁၈ / မေ / ၂၀၁၇)

Previous post အမျိုးသားရေး… အားကစားနဲ့ မဘသ
Next post ရွှေတောင်တက် ဒဿန