“ဘဝဟာ ဘက်စ်ကားစီးသလိုပါပဲလား…”

ဘားလမ်းတစ်လျှောက် ထီးကောက်ကို လက်မှာကိုင်ရင်း မှတ်တိုင်ရှိရာကိုလာခဲ့သည်။ မိုးကတော့ မအုံ့တအုံ့။ ဘယ်အချိန် ရွာမယ်မှန်း မသိခြင်းများစွားနှင့် အခြေအနေ။ တခါတရံ ကတ္တရာလမ်းမပေါ် ခေါင်းငိုက်ငိုက် လျှောက်မိသည်။ ဘေးဘီဝဲယာကို ကြည့်သည်။ မုန့်ဟင်းခါးဆိုင်လည်း ရှိသည်။ တန်းစီရပ်ထားသော ကားများ ရှိသည်။ ရှေ့က လာနေသော ကားတစ်စီးတွေ့ရသလို၊ နောက်မှ ဟွန်းသံပေးနေသော ကားများလည်း ရှိသည်။ ဘက်စ်ကားမှတ်တိုင် ရှိရာ လျှောက်လာခဲ့သည်။

ဘဝသည် ဘက်စ်ကားစီးနင်းခြင်းနှင့် ဆင်တူလှသည်။ လူများသည် ကိုယ်ရောက်ချင်သည့် နေရာကို ဆုံးဖြတ်ရ သည်။ ကိုယ်ရောက်ချင်သည့်နေရာကို ပို့ပေးမည့် ဘက်စ်ကားကို ရွေးချယ်ရသည်။ တချို့လည်း တိုက်ရိုက် ရောက်သည်။ တချို့လည်း နီးစပ်ရာသာ ရောက်ကြသည်။ နီးစပ်ရာသာ ရောက်လျှင်၊ လမ်းလျှောက်… ဆက်လျှောက်။ နှစ်ဆင့်စီးရတာလည်း ရှိသလို၊ သုံးဆင့်စီးရတာလည်း ရှိသည်။ ဘက်စ်ကားမှားစီးမိလို့ ၊ ရောက်သည့် မှတ်တိုင် ဆင်းလိုက်ရတာလည်း ရှိသည်။

တချို့စီးရတဲ့နေရာတွေက မှတ်တိုင်မှာ။ တချို့စီးရသည့် နေရာတွေက ကားဂိတ်မှာ။ တစ်ရာ ၊ နှစ်ရာ ပေးရ သလို၊ ငါး ရာ၊ တစ်ထောင်ပေးရတာလည်း ရှိသည်။ တစ်သောင်း ၊ တစ်သောင်းခွဲ၊ နှစ်သောင်း။ သုံးသောင်း…၊ သုံးသောင်းခွဲ….။ အစုံစုံ။

“တန်ကြေးတွေ မတူဘူး”
“ရောက်ရာ နေရာတွေ မတူဘူး”
“စီးရမယ့် နေရာတွေ မတူဘူး”
“ကားအမျိုးအစားတွေ မတူဘူး”
“ထိုင်ခုံနေရာတွေ မတူဘူး”
“ယူလာကြတဲ့ အထုပ်အပိုးတွေ မတူဘူး”
“ဟိုရောက်ရင် ဘာလုပ်ကြမယ် မသိဘူး”
“အားလုံးမှာ ရည်ရွယ်ချက် ကိုယ်စီ…”

လမ်းလျှောက်ရင်း ကျနော် သွားခဲ့ဖူးသည့် ခရီးများအကြောင်းတွေးနေမိသည်။ လမ်းဖြတ်ကူးလိုက်သည်။ နီးနီး ဝေးဝေးမှ ကားမျိုးစုံ လမ်းပေါ် ဖြတ်သန်းနေသည်။ သတိထား ဖြတ်ရသည်။ မျက်တောင်ခတ်၍ မရ။ မှေးနေသော မျက်လုံးကို ပြူးထားရသည်။ ရန်ကုန်သည် ကိုယ့်နေရာမှာ၊ ကိုယ်ဘုရင်ဟု သတ်မှတ်ထားကြ သည်။ ကားများ၏ နေရာမှာ လမ်းဖြစ်သည်။ လမ်းပေါ်တွင် ကားများ မင်းမူနေသည်။

မှတ်တိုင်ရောက်ပြီ။ ခါးပိုက်နှိုက်ကြောက်ရသည်။ သတိထားရမည်။ လွယ်ထားသော ကျောပိုးအိတ်ကို နောက် ကျောမှသည် ရင်ဘတ်ဆီသို့ ပို့လိုက်သည်။ နေပွင့်လာပြီ။ ကိုင်ထားသော ထီးကို ဖွင့်လိုက်သည်။ လက်ထဲမှာ အရံသင့်ဆောင်ထားသော တစ်ရာတန်ကို ကျစ်ကျစ် ကိုင်ထားလိုက်သည်။ မေးကို ကော့၍ ခေါင်းကို မော်ကာ နောက်လာမည့် ကားကို ခြေဖျားထောက်၍ ကြည့်လိုက်သည်။ နဘေးမှာ လူတွေအများကြီးမို့၊ ခါးကို ကုန်းလိုက် မတ်လိုက် ခြေဖျားထောက်လိုက်ကြည့်နေရသည်။ မျက်လုံးက ဝါးတားတားမို့ ၊ ၉၃ လား၊ ၅၈ လား မသဲကွဲ။


ဘက်စ်ကား လာပြီ။ လူများသည် ဘက်စ်ကားပေါ်သို့ တိုးဝေ့တက်ကြသည်။ ရှေ့ပေါက်မှာ တက်ကြ၍ နောက် ပေါက်မှာ ဆင်းကြသူတွေလည်း အများအပြား။ ဘက်စ်ကားသည် မြို့လမ်းမထက်တွင် ပတ်နေသည်…

တချို့က တက် ကြသည်…
တချို့က ဆင်းကြသည်…
တချို့က လာကြသည်…
တချို့က သွားကြသည်…
တချို့က ဦးတည်ကြသည်…
တချို့က ကျောခိုင်းကြသည်…
တချို့က လက်ဗလာနှင့်…
တချို့ က အထုပ်အပိုးနှင့်…

တိုးကြသည်။ ဝေ့ကြသည်။
တွန်းကြသည်။ တိုက်ကြသည်။
ကားပေါ်မှာ မျက်နှာချင်းဆိုင်လည်း ရှိရဲ့။
ကျောချင်းလည်း ကပ်ရဲ့။
ထိုင်သူ ထိုင်။ ထသူ ထ။ ရပ်သူ ရပ်။
နေရာ ရှာသူ ရှာ။ နေရာ ရသူရ ။ နေရာ ပေးသူ ပေး။
ငေးသူ ငေး။ ဆွေးသူ ဆွေး။
ဆင်းဖို့ စောင့်သူ စောင့်။ နေရာရဖို့ စောင့်သူ စောင့်။
အနောက်မှာ ထိုင်။ နဘေးခုံမှာ ထိုင်။ ရှေ့ခုံမှာ ထိုင်။

ဘဝသည် ဘက်စ်ကားပေါ်က မြင်ကွင်းနှင့် တူလှသည်။ ကျနော်တို့သည် ခရီးသွားများဖြစ်ကြသည်။ ကိုယ် ရောက်ချင်သည့်နေရာကို ရောက်အောင် သွားရသည်။ ရောက်သည့်နေရာမှာ နေရာ ရှာကြရသည်။ ဘတ်စ် ကားပေါ်မှာ နေရာသည် အရေးကြီးသည်။

“ကိုယ် ဘယ်နေရာ သွားမှာလဲ”
“ဘယ်နေရာမှာ ထိုင်မှာလဲ”

နေရာသည် အရေးကြီးသည်။ ခုံရချင်သည်။ တစ်နေရာစာသည် အရေးကြီးသည်။ ခုံမရလျှင်တောင် ၊ တိုင် နဘေးမှာ ကပ်မှီချင်သည်။ ပါလာသော အိတ်ကို လုံခြုံစွာ သိမ်းရသည်။ မြို့ပြသည် လူနေထူထပ်သည်။ စရိုက် စုံသည်။ နယ်စုံပယ်စုံ ရှိသည်။ နယ်စုံပယ်စုံက လာသည်။ အလွှာစုံသည်။ အလွှာများသည်။ တိုးဝေ့ ကြပ်ညပ် ကြသူများအကြား အခွင့်အရေးယူ ခံရနိုင်ချေ ရှိသေးသည်။
နေရာ လိုသည်။ နေရာ ရချင်သည်။ နေရာ လုရမည်။ နေရာ ရှာရမည်။ နေရာ မပျောက်ဖို့ လိုသည်။ ဆင်းရ တက်ရလွယ်သည့်နေရာဖြစ်ဖို့ လိုသည်။ အခွင့်ရလျှင်၊ လမ်းဘေးမြင်ကွင်းကိုလည်း ငေးချင်သေးသည်။ အဆင် သင့်လျှင် စိတ်ကူးဉာဏ်ကွန့်မြူးမည်။ ရင်ထဲက အပူတွေနှင့် လူတွေလည်း ရှိသည်။

ကြောင့်ကြမှု၊ ပူပန်မှု၊ စိုးရိမ်မှု၊ ထိတ်လန့်မှု၊ ပျံ့လွင့်မှု…များနှင့် လူတွေလည်း ပါလာသည်။ ယခင်ကတော့ ဘက်စ်ကားပေါ် တွဲလောင်း ခိုလိုက်သည်။ ယခုတော့ ယိမ်းထိုး လိုက်ပါကြသည်။

“ဘယ်သူတွေ တွဲလောင်း ခိုကြသလဲ”
“ဘယ်သူတွေ မှီးလိုက်ကြသလဲ”
“ဘယ်သူတွေ ယိမ်းထိုးနေသလဲ”
“ဘယ်သူတွေ နေရာ ရှာနေသလဲ”
“ဘယ်သူတွေ နေရာလိုသေးသလဲ”
“ဘယ်သူတွေ နေရာ လုနေကြသလဲ”

တချို့ကတော့ ပျော်ပျော် ရွှင်ရွှင်။
တချို့ကတော့ မပျော်မရွှင်။
တချို့ကတော့ ကြည်မြမြ။
တချို့ကတော့ မှိုင်းပြပြ။
တချို့က ငေးလို့။ တချို့က ဆွေးလို့။
တချို့က ဘေးဘီကို သံသယရှိလို့။
တချို့က နေရာမှာ ကျောက်ချလို့….။

မင်းသေ့
ညနေ ၅ း ၀၃
၂၃ ၊ ဩဂုတ် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post မြန်မာစာပေဖြတ်သန်းမှု
Next post @ တည်နေရာ ရန်ကုန် မုန့်ဟင်းခါး အက်ဆေး