မြန်မာ့စာပေသမိုင်းကိုကြည့်ရင်၊ ဆင့်ကဲဆင့်ကဲနဲ့ ဖြစ်ပေါ်တိုးတက်လာတာကို တွေ့ရတယ်။ ဗုဒ္ဓစာပေတွေက နေ အခြေပြုဆင်းသက်လာရင်း၊ ကိုလိုနီခေတ်မှာ အနောက်တိုင်းရဲ့စာပေအနုပညာတွေ ပွားစည်းလာတာတွေ့ ရတယ်။ အနောက်တိုင်းစာပေတွေကို၊ ပြန်သယ်လာတဲ့လူတွေက မြန်မာပညာတတ်စာရေးဆရာတွေဖြစ်တာ တွေ့ရပြန်တယ်။ ယခင်ကတော့ နန်းတွင်း ပညာရှိအမတ် စာသမားတွေကနေ ဆင်းသက်တယ်။ အမတ်တွေ ဟာ စာပေမှာ မွှေ့လျော်တယ်။ ဗုဒ္ဓဒေဿနာတွေမှာ နှံ့စပ်ကျွမ်းကျင်ကြတယ်။ ခေတ်ပညာကို လေ့လာဆည်းပူး ကြတယ်။ အနောက်တိုင်းက လူတွေရဲ့ လောကဓာတ်ပညာကိုလည်း စိတ်ဝင်စားလာကြတယ်။ ဒီလိုနည်းနဲ့ မြန်မာစာပေဟာ ဖြစ်ထွန်းတိုးတက်လာတယ်။ ထိုနည်းလည်းကောင်းပဲ မြန်မာမှုပြုနိုင်တဲ့ စာရေးဆရာတွေ ပေါ် ထွက်လာတယ်။ ဆရာကြီး ပီမိုးနင်းတို့ ဆရာကြီး ရွှေဥဒေါင်းတို့က အထင်ကရတွေ ဖြစ်ပါတယ်။ သူတို့ရှေ့ ကနဦးစာပေမျိုးဆက်မှာလည်း ရှိခဲ့ပါတယ်။ သို့ပေမယ့် ၊ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူနားလည်လွယ်အောင် ဖြစ်ထွန်းတာကတော့ ၁၉၃၀ နောက်ပိုင်း ၊ စာပေမျိုးဆက်ကမှ ပိုပြီး လုပ်နိုင်လာတဲ့ သဘောဖြစ်ပါတယ်။

မျိုးချစ် စာပေ

ဒီနေရာမှာ ရှေးခေတ် ပဒေသရာဇ်ခေတ်က စာပေသမိုင်းကို မပြောဘဲ၊ ကိုလိုနီခေတ်နှောင်း စာပေသမိုင်းကို အနည်းငယ် ပြောချင်ပါတယ်။ ကိုလိုနီခေတ် ၊ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့တဲ့ ၁၉ ရာစု နဲ့ ၂၀ ရာစု အလယ်ပိုင်းအထိ မြန်မာပြည်ရဲ့စာပေဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားရေးစိတ် နှိုးကြားဖို့ လှုံ့ဆော်တဲ့ စာပေတွေသာ ဖြစ်ပါတယ်။ ကဗျာတွေကို ကြည့်မလား။ စကားပြေတွေကို ကြည့်မလား။ ဝတ္ထုတိုတွေကိုကြည့် မလား။ ပြဇာတ်တွေကို ကြည့်မလား။ ဆောင်းပါးတွေကို ကြည့်မလား။ တော်တော်များများဟာ အထွေထွေ ဖိနှိပ်ခံရမှုတွေကနေ ရုန်းထွက်ဖို့ တနည်းနည်းနဲ့ လှုံ့ဆော်ထားတဲ့စာပေတွေဆိုတာ တွေ့နိုင်ပါတယ်။


ကျမ်းကိုးအထောက်အထားတွေကိုလည်း ပြုစုထားတာ ရှိပြီးသားဖြစ်ပါတယ်။ ဆရာကြီး ဦးဖေမောင်တင် ကတော့ ပုဂံခေတ်ကနေ၊ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက် ဖြစ်ထွန်းလာခဲ့တဲ့ မြန်မာစာပေသမိုင်း ကို ပြုစုထားပြီးသားဖြစ်ပါတယ်။ ကိုလိုနီခေတ် မြန်မာစာပေသမိုင်းနဲ့ ပတ်သက်ပြီး ဆရာ မောင်ခင်မင် (ဓနုဖြူ) က ရေးသားပြုစုထားပြီးသားဖြစ်ပါတယ်။

မြန်မာစာပေဟာ ခေတ်အလိုက် အဆင့်ဆင့် ပြောင်းလဲ စီးဆင်းနေတာတွေ့ရပါတယ်။ ပြောင်းလဲလာသလို၊ တဆင့်ဆင့် ပွားစီးလာတဲ့သဘောလည်း ရှိပါတယ်။ တစ်ဆင့်ဆင့် မြင့်တက်လာတဲ့သဘောကိုလည်း တွေ့ရပါ တယ်။ သမားရိုးကျ ဖွဲ့ထုံးစနစ်တွေကနေ ၊ ဖောက်ထွက်ပြီး စာပေတော်လှန်ရေးသစ်တွေ ဖြစ်ထွန်းတာတွေ လည်း တွေ့ရတယ်။ ခေတ်စနစ်အကူးအပြောင်းကာလတွေကို တွန်းတင်တဲ့အထဲမှာ ဖောက်ထွက်တိုးထွက်တဲ့ စာသမား ပညာတတ်တွေ ဦးဆောင်ပါဝင်နေတာတွေ့ရတယ်။

စာပေ နိုင်ငံရေး

လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ၊ နိုင်ငံရေးအဖွဲ့အစည်းဘောင်ထဲရောက်အောင် စာပေနဲ့ လှုံ့ဆော်ခဲ့တာ ရှိတယ်။ ကနဦး အထင်ကရ အမျိုးသားစာရေးဆရာကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ အမျိုးသားရေးစာပေဟာ မြန်မာပြည်သူလူထုတွေရဲ့နှလုံးသည်းပွတ်ကို ကြိတ်ချေ၊ မွှေ နှောက်ပစ်နိုင်စွမ်း ရှိတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ စာပေဩဇာဟာ ကိုလိုနီခေတ် မြန်မာလူထုအပေါ်မှာ ဩဇာ လွှမ်းမိုးမှု အားကြီးခဲ့တယ်။

မြန်မာပြည်လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းက၊ ကြိုးပမ်းပေးခဲ့တယ်။ မြန်မာပြည်လူထုရဲ့နှလုံးသည်း ပွတ်ကို စာပေဩဇာနဲ့ လှုံ့ဆော်ပေးခဲ့သူကတော့၊ သခင်ကိုယ်တော်မှိုင်းဖြစ်ပါတယ်။ အိန္ဒိယပြည်လွတ်လပ် ရေးအတွက် နေရူးက ကြိုးပမ်းပေးခဲ့တယ်။ အိန္ဒိယပြည် လူထုရဲ့ နှလုံးသည်းပွတ်ကို စာပေဩဇာနဲ့ လှုံ့ဆော် ပေးခဲ့သူကတော့ တဂိုး ဖြစ်ပါတယ်။ တရုတ်ပြည် ထူထောင်ရေးအတွက် မော်စီတုန်းက ကြိုးပမ်းပေးခဲ့တယ်။ တရုတ်ပြည် လူထုရဲ့နှလုံးသည်းပွတ်ကို လှုံ့ဆော်ပေးခဲ့သူကတော့၊ လူရွှန်းဖြစ်ပါတယ်။ (ကိုးကား – ဇော်ဂျီ၊ ဇာတိမာန်စာဆို ဦးလွန်း ၊ ၁၉၆၃)

တက္ကသိုလ် ပရဝုဏ်မှ

ကိုလိုနီခေတ် မြန်မာစာပေရဲ့ ဝိသေသလက္ခဏာကတော့၊ မျိုးချစ်စိတ် ထက်သန်ရေး၊ ဇာတိမာန် ထက်သန်ရေး နဲ့ နယ်ချဲ့ဆန့်ကျင်ရေးသာဖြစ်ပါတယ်။ စာပေရဲ့လှုံ့ဆော်မှုဟာ၊ မြန်မာပြည်သူလူထုအပေါ်မှာ ဩဇာကြီးခဲ့ တယ်။ မြန်မာစာပေကို ဂုဏ်အဆင့်အတန်း မြင့်အောင်လုပ်ပေးခဲ့တဲ့အထဲမှာ၊ မျိုးချစ်မြန်မာစာရေးဆရာတွေ၊ ပညာတတ်စာရေးဆရာတွေတင် လုပ်ခဲ့တာ မဟုတ်ဘူး။ တက္ကသိုလ်အသိုင်းအဝိုင်းကလည်း လုပ်ခဲ့တယ်။ အထူးသဖြင့်၊ တက္ကသိုလ်ကျောင်းဆရာ၊ တက္ကသိုလ် ပညာတတ် ပါမောက္ခတွေပါပါတယ်။ အထင်ရှားဆုံးက တော့ ဆရာကြီး ဦးဖေမောင်တင်ဖြစ်ပါတယ်။

ဦးဖေမောင်တင်ရဲ့ ကျေးဇူးပြုမှုနဲ့ မြန်မာစာပေဟာ ပေ ပုရပိုက်ထဲရှိတဲ့အဆင့်ကနေ၊ ပညာရပ်ဘာသာစာပေ အဖြစ် တွန်းတင်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံသုတေသနအသင်းမှာ မြန်မာစာပေကို၊ စနစ်တကျ ရေးသားတည်းဖြတ် ပြီး ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တယ်။ မြန်မာစာပေဟာ ဦးဖေမောင်တင်ရဲ့ ကြိုးပမ်းချက်နဲ့ အကယ်ဒမစ်နယ်ထဲကို ရောက် လာတယ်။ ဒါဟာ အင်္ဂလိပ်ခေတ်၊ ကိုလိုနီခေတ်မှာဖြစ်တာကို သတိချပ်သင့်ပါတယ်။

နဂါးနီ

နိုင်ငံရေးရည်ရွယ်ချက်နဲ့ စာပေကို အသုံးပြုပြီး အမျိုးသားရေးစိတ်ကို တွန်းတင်ခဲ့တဲ့ အထင်ကရကိစ္စကတော့၊ နဂါးနီဖြစ်ပါတယ်။ နဂါးနီစာပေအသင်းဟာ၊ နိုင်ငံရေးအသိအမြင်အားဖြင့်၊ လွတ်လပ်ရေးနှိုးဆော်မှုအားဖြင့်၊ စာပေအဆင့်မြှင့်တင်ခြင်းအားဖြင့် လူထုကို စာပေနဲ့ လှုံ့ဆော်နိုင်ခဲ့တယ်။ နဂါးနီစာပေအသင်းကြောင့် တော်လှန်ရေးအိုင်ဒီယော်လိုဂျီ ဖြစ်ထွန်းပေါ်ပေါက်ခဲ့တယ်။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်စာပေ ဖြစ်ထွန်းလာတယ်။ နောက်ပိုင်းမှာ မြန်မာစာပေမှာ လက်ဝဲဩဇာ လွှမ်းမိုးတဲ့အထိဖြစ်လာတယ်။ တစ်ဖက်မှာလည်း ခေတ်သစ် အနောက်တိုင်း အမြင်အယူအဆတွေ လူထုအကြားမှာ ဖြစ်ထွန်းပေါ်ပေါက်လာတယ်။ မြန်မာလူထုအကြားမှာ နိုင်ငံရေးအသိအမြင်သစ်တွေ ဖြစ်ထွန်းလာခဲ့တာဟာ၊ နဂါးနီရဲ့ ကျေးဇူးဖြစ်ပါတယ်။

မြန်မာ စာနယ်ဇင်း

နောက်ထပ် အရေးကြီးတဲ့ မြန်မာစာပေအတွက် မဏ္ဍိုင်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ မြန်မာစာနယ်ဇင်း တွေရဲ့ကျေးဇူးပြုမှုဖြစ်ပါတယ်။ နဂါးနီသတင်းစာ၊ သူရိယ၊ မြန်မာ့အလင်း၊ ပညာ့အလင်း၊ ဂျာနယ်ကျော်၊ တိုးတက်ရေး စတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေကလည်း မြန်မာစာပေကို ကျေးဇူးပြုထောက်ပံ့နိုင်ခဲ့တယ်။ နိုင်ငံရေးအသိအမြင်အားဖြင့်သော်လည်းကောင်း၊ ကမ္ဘာကြီးနဲ့ ချိတ်ဆက်အမြင်ကျယ်စေဖို့သော်လည်းကောင်း၊ စာပေအဆင့်အတန်း ကျယ်ပြန့်စေဖို့သော်လည်းကောင်း၊ ပြည်သူလူထုဆီကို ဖြန့်ကျက်ထိုးဖောက်နိုင်စွမ်းသော် လည်းကောင်း တွန်းအားပေး လုပ်ဆောင်နိုင်ခဲ့တယ်။ မြန်မာစာနယ်ဇင်းတွေရဲ့အကျိုးကျေးဇူးက ၊ လွတ်လပ် ရေးအတွက်လည်း ကျေးဇူးပြုတယ်။ လူထုအသိအမြင်ကိုလည်း ကျေးဇူးပြုတယ်။ တစ်ဖက်မှာလည်း ကမ္ဘာကြီး နဲ့ ချိတ်ဆက်နိုင်တဲ့ ကျေးဇူးပြုမှုကို ရခဲ့တယ်။ အိုင်ဒီယာလှိုင်းကို ဖြန့်ချိ ပုတ်နှိုးရာသဘောလည်းဖြစ်သလို၊ လူထုကို လမ်းညွှန်ဖို့လည်းဖြစ်ခဲ့တယ်။ စာနယ်ဇင်းတွေရဲ့ အကျိုးကျေးဇူးဟာ မြန်မာစာပေတိုးတက်ရာမှာ လည်း ချိတ်ဆက်လုပ်ဆောင်နိုင်ခဲ့တယ်။

ရဟန်းစာဆို

မြန်မာစာပေအတွက် အထောက်အပံ့ပြုခဲ့တဲ့သူတွေကတော့၊ ရဟန်းစာဆိုတွေ ဖြစ်ပါတယ်။ ရဟန်းစာဆိုတွေ အပြင်၊ နန်းတွင်း ပညာရှိ စာဆိုတွေ၊ အမတ်စာဆိုတွေကလည်း ကျေးဇူးပြုခဲ့ကြတယ်။ ပဒေသရာဇ်ခေတ်မှာ စာပေကို လူတန်းစားတိုင်း လိုက်စားဖို့ မလွယ်ကူပါ။ နန်းတွင်း အသိုင်းအဝိုင်းနဲ့ သာသနာအဝန်းအဝိုင်းမှာသာ လေ့လာလိုက်စားနိုင်တဲ့အခြေအနေမှာ ရှိပါတယ်။ သာမန်အရပ်သားတွေဟာ ဘုန်းတော်ကြီးသင် ပညာရေးနဲ့ နီးစပ်နီးကပ်ပြီး လေ့လာလိုက်စားမှု ဂုဏ်အဆင့်အတန်း တစ်စုံတရာကိုရလာရင်၊ စာပေကို အခြေတကျ ဖန်တီး ရေးသားစီရင်တာတွေ လုပ်နိုင်တယ်။ ဗုဒ္ဓစာပေကျမ်းဂန်တွေကို ရေးသားပြုစုတာအပြင်၊ စာပေနယ်ထဲမှာ အကျုံးဝင်တဲ့ လေးချိုးတွေ၊ ပျို့တွေ၊ အလင်္ကာတွေ၊ ဆုံးမစာတွေ၊ ကဗျာတွေကို ရေးသားစပ်ဆိုကြတာတွေ ရှိ လာတယ်။ ဒါတွေဟာ မြန်မာစာပေကို ထောက်ပံ့ကျေးဇူးပြုခဲ့တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။

ယခုအချိန်ထိ ရဟန်းစာဆိုတွေ စပ်ဆိုခဲ့တဲ့ ကဗျာ၊ အလင်္ကာတွေ၊ လေးချိုးတွေ၊ ပျို့တွေဟာ အထင်အရှား ရှိနေဆဲဖြစ်ပါတယ်။ ကျောင်းပြဌာန်းစာအုပ်မှာ ပြဌာန်းတဲ့ ရှင်မဟာသီလဝံသ နဲ့ ရှင်မဟာရဋ္ဌသာရတို့ရဲ့ စာပေ ရေးသားခဲ့မှုတွေဟာ မြန်မာစာပေကို ကျေးဇူးပြုပါတယ်။ နောက်ထပ် ကျေးဇူးပြုတွေကတော့ နန်းတွင်း ပညာရှိ စာဆိုတွေဖြစ်ပါတယ်။

နန်းတွင်း စာဆို

ဘုရင်တွေ၊ အမတ်တွေ၊ ပညာရှိတွေ၊ စစ်သူကြီးတွေဟာ စာပေသမားတွေဖြစ်ရင်၊ စာပေမှာ အာရုံကျတဲ့သူတွေ ဖြစ်ရင် သူတို့တွေဟာ ကဗျာတွေ၊ အလင်္ကာတွေ၊ လေးချိုးတွေ၊ ပျို့တွေ၊ ရတု ရကန်တွေ ကို ရေးစပ်ကြတော့ တာပဲ။ မြန်မာစာပေ မှာ နန်းတွင်းစာဆိုတွေ ရေးစပ်တဲ့စာပေတွေ အမြောက်အမြား ရှိပါတယ်။ အနန္တသူရိယ၊ ဝန်ကြီးပဒေသရာဇာ၊ နတ်ရှင်နောင်၊ ယောမင်းကြီးဦးဘိုးလှိုင် စသူတို့ ထင်ရှားတယ်။ စာပေ အလင်္ကာတွေနဲ့ နီးစပ်တဲ့၊ ခေတ်အမြင်ရှိတဲ့၊ ပညာတတ်တဲ့၊ လူ့အဖွဲ့အစည်းကို ကြည့်မြင်တတ်တဲ့၊ နန်းတွင်း စာဆိုတွေဟာ မြန်မာစာပေသမိုင်းမှာ အထူးပြုလေ့လာရမယ့်အရာတွေ ဖြစ်ပါတယ်။

ပုံနှိပ်စာပေ

မြန်မာပြည်မှာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း ထွန်းကားလာကတည်းက၊ မြန်မာစာပေ တစ်ဆင့်မြင့်ဖို့ ဖြစ်လာခဲ့ပါ တယ်။ ပုံနှိပ်ခဲစာလုံးနဲ့ စက္ကူနဲ့ အသုံးပြုပုံနှိပ်ဖြန့်ချိနိုင်ခြင်းဟာ မြန်မာစာပေတိုးတက်ဖို့ အခရာကျခဲ့တယ်။ နည်း ပညာနဲ့ ခေတ်တွေ ပြောင်းလဲခဲ့ခြင်းဟာ စာပေအသွင်သစ်တွေကို ပေါ်ထွန်းစေခဲ့သလို၊ စာပေအပြန့်ကျယ်မှု အပေါ်မှာလည်း သက်ရောက်မှု ရှိခဲ့တယ်။ ဒီအချက်နှစ်ချက်ဟာ မြန်မာစာပေ တိုးတက်ဖြစ်ထွန်းမှုအတွက် လေ့လာစရာတွေ ဖြစ်ပါတယ်။


စာပေ၊ ပညာရေးနဲ့ နိုင်ငံရေးတွေဟာ ဆက်စပ်နေပါတယ်။ လူ့အဖွဲ့အစည်းကို ပြောင်းလဲပုံသွင်းတဲ့ အရာတွေ ဖြစ်ပါတယ်။ စာပေရဲ့ဩဇာ၊ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပညာရေးဖြစ်ထွန်းပေါ်ပေါက်မှုတွေဟာ လူ့အဖွဲ့အစည်း အပေါ် သက်ရောက်မှု ရှိနေပါတယ်။ စာပေကို ပုံဖော်ထုဆစ်သူတွေရဲ့ အမြော်အမြင်၊ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးကြိုးပမ်းချက်နဲ့ တက္ကသိုလ် ပရဝုဏ်အတွင်းက လုပ်ဆောင်ချက်တွေဟာ လူ့အဖွဲ့အစည်း အရွေ့တစ်ခု ဖြစ်ဖို့ အရေးကြီးတဲ့ အကြောင်းတရားတွေဖြစ်ကြောင်း ဆက်စပ်နားလည်ဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါ တယ်။

စာညွှန်း /
• မောင်ခင်မင် (ဓနုဖြူ) ၊ ကိုလိုနီခေတ် မြန်မာစာပေသမိုင်း ၊ ၂၀၁၄ ။
• ဇော်ဂျီ ၊ ရသစာပေ အဖွင့်နှင့် နိဒါန်း ၊ ၂၀၀၄ ။
• မခင်နူ့ (ဒဿန) ၊ ပုဂံဘုရား ပုဂံစကား ပုဂံစကား ၊ ၂၀၁၈ ။

မင်းသေ့
နံနက် ၁ း ၅၉
၁၂ ၊ ဩဂုတ် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post တတ်ယောင်ကား ဘွဲ့ရ ပညာမတတ်
Next post တည်နေရာ ရန်ကုန်